← Chapters

နှုတ်ဆက်ခဲ့ပါတယ် ၊ တီကောင်အိုကြီး

Vol. 18 Ch. 243

နှုတ်ဆက်ခဲ့ပါတယ် ၊ တီကောင်အိုကြီး

Vol. 18 Ch. 243

ကျားတစ်ကောင်က သားရဲကိုချောင်းနေသည့်အလား သွေးနီရောင်အလံသခင်က ရန်ကျောက်ကဲကို ကြည့်နေသည်။ သူက နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ရန်ကျောက်ကဲနှင့်အားဟူတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ မပြန်နိုင်ရန်အတွက် သူက ဝိညာဉ်အစီအရင်တံခါးရှေ့တွင် မတ်တတ်ရပ်လျှက် ပိတ်ဆို့ထားသည်။

တစ်ချိန်တည်းမှာပင် သီးခြားကမ္ဘာငယ်သည်လည်း မရပ်မနားလှုပ်ခါလျှက် ရှိသည်။ အခြေအနေများက မောက်ကမဖြင့် ကောင်းကင်ပြိုကျလျှက် မြေကြီးများအက်ကွဲကာ နောက်ဆုံးသောကမ္ဘာပျက်ကပ် မြင်ကွင်မျိုး တွေ့ကြုံနေရသည်။

မရေမတွက်နိုင်သည့် အနက်ရောင်က်ကွဲကြောင်းများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေပြီး မြေပြင်သည်လည်း အက်ကွဲလျှက်ရှိသည်။

ရန်ကျောက်ကဲက မီးအလင်းရောင်ကို ခုန်ရှောင်လိုက်ပြီး ဝိညာဉ်အစီအရင်တံခါးအတွင်းသို့ ဝင်ရောက်သွားသည်။

သူခေါင်းငုံ့ကြည့်လိုက်တော့ တံခါးပတ်ပတ်လည်တွင် မီးပင်လယ်ကြီး ဝိုင်းရံထားသည်ကို တွေ့ရသည်။

သွေးနီရောင်အလံသခင်က ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်ပြီး အေးစက်စွာ ပြုံးသည်။ အနေအထားအရ ရန်ကျောက်ကဲက သူ့ထက်မြင့်သည့်နေရာတါင် ရှိနေသော်လည်း သွေးနီရောင်အလံသခင်သည် ရန်ကျောက်ကဲအား ငုံ့ကြည့်နေသည့်အလား ထင်မှတ်ရသည်။

သူက အလျှင်စလို တိုက်ခိုက်ခြင်း မရှိဘဲ ဝိညာဉ်အစီအရင်တံခါး တည်ရှိရာနေရာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားသည်။

ဤသီးခြားကမ္ဘာသို့ဝင်ရောက်ရန် တံခါးတစ်ပေါက်တည်းရှိသည်မဟုတ်ပေ။ လင်ကျိုးဖွင့်ထားခဲ့သည့် တံခါးတစ်ခုလည်း ရှိနေသေးသည်။ သွေးနီရောင်အလံသခင်က ထိုတံခါးမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

သို့သော် မျက်စိတစ်မှိတ်အတွင်း ပြိုကျတော့မည့် ကမ္ဘာငယ်ကြောင့် လင်ကျိုးဖွင့်ထားသည့် တံခါးဆီသို့ ဦးတည်သွားရန် ရန်ကျောက်ကဲအတွက် မဖြစ်နိုင်ပေ။ အရှိန်အဟုန် မည်မျှလျှင်မြန်ပါစေ ထိုတံခါးဆီသို့ သွားရောက်ရန် အချိန်မီမည် မဟုတ်ပေ။

သွေးနီရောင်အလံသခင်သည်လည်း ထိုနည်း၎င်းပင် ဖြစ်၏။

သူတို့ နှစ်ယောက်လုံး ရန်ကျောက်ကဲဝင်ရောက်လာသည့် ဝိညာဉ်အစီအရင်တံခါးမှ ထွက်ခွာမသွားနိုင်လျှင် ဤကမ္ဘာငယ်နှင့်အတူ စကြာဝဠာထဲတွင် အသက်ဆုံးရမည်ဖြစ်သည်။

သွေးနီရောင်အလံသခင်က အေးစက်စွာ ပြုံးရင်း...

“’ရန်’ မျိုးနွယ်ကောင် ၊ ဒီပျက်ဆီးသွားတဲ့ကမ္ဘာနဲ့အတူ အသေခံမလား ၊ ဒီအဘိုးကြီးရဲ့ လက်သီးချက်နဲ့ အသေခံမလား”

သူက လက်ကိုရှေ့သို့ဆန့်ထုတ်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

လက်သီးချက် ထွက်ပေါ်လာသည်နှင့် အဆုံးမရှိတောက်လောင်နေသည့် မီးတောက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သူ့အောက်ဘက်မှ တံခါးကို ပိတ်ဆို့ထားသည့် သွေးနီရောင်အလံသခင်ကိုကြည့်ရင်း ရန်ကျောက်ကဲမျက်နှာထက် အပြုံးတစ်စ ထွက်ပေါ်လာသည်။

“တီကောင်အိုကြီး... ၊ မင်းတော့ သွားပြီ ၊ မင်းရဲ့အနေအထားအရ ကံဆိုးပြီလို့ ပြောလို့ရတယ်”

ရန်ကျောက်ကဲ၏ လက်တစ်ဖက်က အားဟူကို ဖမ်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က အရှည် (၁)ပေခန့် ရှိသော ကျောက်သားဖြင့် ပြုလုပ်ထားသည့် တုတ်တိုတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ထိုကျောက်သားတုတ်ချောင်းကိုတွေ့သည်နှင့် သွေးနီရောင်အလံသခင်၏ စိတ်နှလုံးတစ်ခုလုံး တုန်လှုပ်သွားကာ ထူးဆန်းသည့်ခံစားချက်တစ်ခု ရုတ်ချည်း သူ့စိတ်ထဲ ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး အမတကြိုးကြာတောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း သွေးနီရောင်အလံသခင်ရှိရာသို့ အရှိန်မြှင့်ကာ ပျံသန်းလာသည်။

ထို့နောက် ရန်ကျောက်ကဲလက်ထဲမှ ကျောက်သားတုတ်ချောင်းက တဖြည်းဖြည်း ကြီးမားလပြီး ကျောက်တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သူက ကျောက်တိုင်ကြီးဖြင့် အပေါ်မှဆောင့်ချလိုက်လေရာ သွေးနီရောင်အလံသခင်မှာ ခဏမျှ အံ့သြတုန်လှုပ်သွားသည်။

“စောက်ချီးစားလေး...”

သွေးနီရောင်အလံသခင်က ကျောက်တိုင်ကြီးကို ရှောင်တိမ်းခြင်း မပြုဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ရှောင်တိမ်းလိုက်ပါက ဝိညာဉ်အစီအရင်တံခါးအတွင်းသို့ ရန်ကျောက်ကဲ ဝင်ခွင့်ရသွားပေလိမ့်မည်။

အဘိုးကြီးက နေရာတွင်ပင် မတ်တတ်ရပ်နေသည်။ သူ၏ အနီရောင်ဆံပင်များက လေထဲတွင်လွင့်မျောနေပြီး မီးတောက်များအလား ထင်မှတ်ရသည်။ သူ့ ဦးခေါင်းထက် ကျရောက်လာသည့် ဧရာမကျောက်တိုင်ကြီးကို သူက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

သို့သော် သူ့လက်ဝါးက ကျောက်တိုင်ကြီးကို ထိလိုက်သည်နှင့် ထိုကျောက်တိုင်ကြီး၏ အလေးချိန်ကို ထိန်းမရဘဲ လက်တစ်ခုလုံး အဆစ်လည်ကာ နာကျင်သွားသည့် ဝေဒနာကို ခံစားလိုက်ရသည်။

လေထဲတွင် မတ်တတ်ရပ်နေသည့် သူ့ပုံရိပ်က ဟန်ချက်ပျက်ကာ မတည်မငြိမ်ဖြစ်သွားပြီး အောက်ဘက်သို့ ထိန်းမနိုင်သိမ်းမရ ကျဆင်းသွားသည်။

သွေးနီရောင်အလံသခင် ထိတ်လန့်သွားပြီး...

“ဒီကျောက်တိုင်ကြီးက ဒီလောက်တောင်လေးတာလား”

ယခင်က အားဟူ ကျောက်တိုင်ကြီးကို မ လိုက်စဉ်ကလည်း အတော်လေး နာကျင်ခံစားခဲ့ရသည်။ ယခု အားဟူထက် အစ‌ပေါင်များစွာ ပိုမိစွမ်းအားကြီးသည့် သွေးနီရောင်အလံသခင်သည်ပင် ကျောက်တိုင်ကြီး၏ ဖိအားကို ကြောက်မက်ဖွယ်ရာ ခံစားလိုက်ရသည်။

ကျောက်တိုင်ကြီး၏ ထုထည်နှင့် ခိုင်ခန့်မှု (၂)ခုလုံးက သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။

သူက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ကျောက်တိုင်ကြီးကို ဖြိုခွဲပစ်ကာ ရန်ကျောက်ကဲကိုပင် လွင့်ထွက်သွားစေမည်ဟု တွေးထားသော်လည်း ရလဒ်က ထိုသို့ ဖြစ်မလာခဲ့ပေ။ သူသာလျှင် အောက်ဘက်သို့ တဖြည်းဖြည်း ဖိနှိပ်ခံနေရသည်။

ထို့ပြင် ဘေးဘက်သို့ ရှောင်တိမ်းမည်ဆိုလျှင်လည်း သူစိတ်ရှိတိုင်း လှုပ်ရှန်းရန် မတတ်နိုင်လောက်အောင် ကျောက်တိုင်ကြီးတွင် ထူးခြားသည့် ဖိအားတစ်ခု ပါရှိနေသည်။ ထို့ကြောင့် ရှောင်တိမ်းခြင်းငှာမစွမ်းသာ ဖြစ်ရသည်။

ကျောက်တိုင်ကြီးအောက်ဘက်ရှိ လေထုက အချိန်နှင့်နေရာအားလုံးကို ဘောင်ခတ်လိုက်သည့်အလား ဖြစ်ပြီး ချက်ချင်းပင် အေးခဲသွားကာ သွေးနီရောင်အလံသခင်ကို မလှုပ်နိုင်အောင် ထိန်းချုပ်ထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ကျောက်တိုင်ကြီး၏ဖိအားကို တောင့်ခံရုံသာ ရှိသည်။

“ဒီ အယုတ်တမာလေးက အနောက်ဘက်သဲကန္တာရကြီးမှာ ရှေးဟောင်းပစ္စည်းတစ်ခု တူးဖော်ရရှိထားတယ်လို့ သတင်းကြားတာ ၊ ဒီကျောက်တိုင်ကြီးများ ဖြစ်နေမလား”

ယခင်ကကြားခဲ့သည့် ကောလဟလသတင်းများကို ပြန်လည်စဉ်းစားရင်း သွေးနီရောင်အလံသခင် စိတ်ထဲက ကျိန်ဆဲလိုက်သည်။

“သောက်ပြဿနာကောင်... မသာလေး...”

စိတ်ထဲမှ မကျေနပ်သော်လည်း ကျိန်ဆဲရန်သာ တတ်နိုင်သည်။

သူက ကျယ်‌လောင်စွာ ကြုံးဝါးအော်ဟစ်ရင်း ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်ဖော်လိုက်ရာ ကြီးမားပြင်းထန်သည့်စွမ်းအားများ ထွက်ပေါ်လာသည်။

(၃)ပေခန့် အောက်သို့ကျသွားပြီးသည့်နောက် သွေးနီရောင်အလံသခင် အနည်းငယ် ပြန်လည်တည်ငြိမ်သွားပြီး မြေပြင်ထက် မတ်တတ်ရပ်နေသည့်အလား လေထုထဲတွင် မတ်တတ်ရပ်နေသည်။

သူက သူ့ထံသို့ဖိကျလာသော ကျောက်တိုင်ကြီးကို အတင်းအကျပ် တွန်းလှန်ထားသည်။ သို့သော် ကောင်းကင်ဘုံနန်းတော် ထောက်တိုင်ကြီးဖြစ်နေသဖြင့် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားအောင် ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။

သွေးနီရောင်အလံသခင်က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး စွမ်းအားပြင်းထန်စွာ ဆင်းသက်လာသည့် ကျောက်တိုင်ကြီးကို နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ရိုက်ချလိုက်ပြီး သူ့ပုံရိပ်က အထက်သို့ ဖြည်းညင်းစွာ ပြန်တက်လာသည်။

သွေးနီရောင်အလံသခင်က အေးစက်စွာရယ်မောရင်း ရန်ကျောက်ကဲနှင့် ကျောက်စာတိုင်ကို အတူတကွ လွင့်ထွက်သွားစေရန် လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။

ရန်ကျောက်ကဲက မျက်နှာပျက်သွားခြင်းမရှိဘဲ တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် သူက ခြေထောက်တစ်ဖက်ကို ပင့်ကြွပြီး ကျောက်တိုင်ကြီးကို ဆောင့်နင်းလိုက်သည်။

ထိုအခါ ကျောက်တိုင်ကြီးအတွင်းသို့ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ ဝင်ရောက်သွားပြီး ကျောက်စာတိုင်မျက်နှာပြင်ထက်ရှိ သင်္ကေတများမှ တောက်ပသောရောင်ဝါများ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို ဖိအားများ များပြားလာကြောင်း သွေးနီရောင်အလံသခင် ခံစားလိုက်ရသည်။ ကျောက်တိုင်ကြီး၏ အလေးချိန်သာမက ထိုအရာမှထွက်ပေါ်နေသော ထူးဆန်းသည့် ဖိအားကလည်း ရုတ်တရက် အားကောင်းလာသည်။

သူက ကျောက်တိုင်ကြီးကို တွန်းထုတ်ဖို့နေနေသာသာ လေထဲမှာပင် တည်ငြိမ်စွာ မတ်တတ်ရပ်နိုင်ခြင်း မရှိတော့ဘဲ အောက်သို့ပြန်လည်ကျဆင်းသွားရန် ဖိအားပေးခံရသည်။

သွေးနီရောင်အလံသခင်က ဖိကျလာသည့် ကျောက်တိုင်ကြီးအန္တရယ်မှ လွတ်ကင်းရန် ဘေးသို့ကွေ့ပတ်ရှောင်ရန် စဉ်းစားရသည်။

သူ့အနေဖြင့် ဝိညာဉ်အစီအရင်တံခါးကို ဆက်လက်ပိတ်ဆို့ထားရန် မဖြစ်နိုင်တော့ပေ။

ကျောက်တိုင်ကြီး၏ဖိအားက ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး သူ့ခြေထောက်အောက်မှ လေထုကလည်း အေးခဲသွားသည်။

သူ့တစ်ကိုယ်လုံးကို ပုံသဏ္ဍာန်မရှိသောသေတ္တာတစ်ခုထဲတွင် ပိတ်မိနေသည့်အလားခံစားရပြီး အပေါ်ဘက်မှ ကျောက်တိုင်ကြီး ဖိကျလာရာလမ်းကြောင်းတစ်ခုသာ ဖွင့်လှစ်ထားသည်။

သွေးနီရောင်အလံသခင်မှာ သေတ္တာတစ်လုံးထဲအထည့်ခံရပြီး အောက်သို့ မရပ်မနား ဖိချခံနေရသည့်အလား သူ့အတွက် ကျန်ရှိသည့်နေရာက တဖြည်းဖြည်း ကျုံ့ဝင်လာသည်။

“ဒါက ဘယ်လိုရတနာပစ္စည်းမျိုးလဲ ၊ ဒီလို အဖိုးတန်ရတနာပစ္စည်းမျိုးကို သိုင်းပညာရှင်တစ်ယောက်က တကယ်ပဲ သန့်စင်ထားနိုင်တာလား”

သွေးနီရောင်အလံသခင် တွေးလိုက်သည်။

ကျောက်တိုင်ကြီးက သူ့ကို အောက်ဖက်သို့ အဆက်မပြတ်ဖိချနေသဖြင့် ဒေါသများလည်း ထွက်လာသည်။

သူထုတ်လွှတ်ထားသည့် မီးတောက်လှိုင်းများမှာ ပတ်ဝန်းကျင်လေထုထဲသို့ လွင့်ပျံကာ ငြိမ်းသတ်ပျက်စီးသွားပြီ ဖြစ်သည်။

သွေးနီရောင်အလံသခင်က အောက်သို့ကျမသွားစေရန် ရုန်းကန်နေရသဖြင့် ဝိညာဉ်အစီအရင်တံခါးကို ဆက်လက်ပိတ်ဆို့ထားရန် မတတ်နိုင်တော့ပေ။

ရန်ကျောက်ကဲက ဝိညာဉ်အစီအရင်တံခါးရှေ့ရောက်လာပြီး မည်သည့်စကားမှမဆိုဘဲ အားဟူကို တံခါးအတွင်းသို့ အရင်ဆုံး ပစ်သွင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် အောက်ဘက်သို့ထိုးချခံနေရသည့် သွေးနီရောင်အလံသခင်၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထက်တွင် အနက်ရောင်ဝတ်ရုံတစ်ခု ပေါ်လာပြီး ဝတ်ရုံမျက်နှာပြင်က တောက်ပနေသည်။  အဆင့်နိမ့်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သည်မှာ ထင်ရှားသည်။

ယခင်က သွေးနီရောင်အလံသခင်တွင် ကိုယ်ပိုင်မှော်ဝင်ပစ္စည်းတစ်ခုရှိခဲ့သော်လည်း ဤနှစ်များအတွင်း ထွက်ပြေးတိမ်းရှောင်ရင်း ပျက်ဆီးသွားသည်မှာ ကြာခဲ့ပေပြီ။ ယခု သူ အသုံးပြုလိုက်သည့် အဆင့်နိမ့်မှော်ဝင်ပစ္စည်းမှာ အခြားသူထံမှ လုယူထားခြင်းပင်။

ထိုပစ္စည်းကို အသုံးပြုရသည်မှာ မကျွမ်းကျင်သည့်တိုင် မည်သည့်မှော်ဝင်ပစ္စည်းမှ အသုံးမပြုခြင်းထက်တော့ ကောင်းသည်ဟုဆိုရမည်။

မှော်ဝင်ပစ္စည်း၏စွမ်းအားဖြင့် သွေးနီရောင်အလံသခင် ပြန်လည်စွမ်းအားပြည့်လာပြီး အောက်ဘက်သို့ ဆက်လက်ကျဆင်းခြင်းမရှိတော့ဘဲ ကျောက်တိုင်ကြီးကို တားဆီးထားလိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် မည်သူမှနောက်မဆုတ်ဘဲ တင်းခံလျှက် ရှိကြ၏။

သို့တိုင် သွေးနီရောင်အလံသခင်က ကျောက်တိုင်ကြီး၏ ဖိနှိပ်မှုကို ခံစားနေရဆဲ ဖြစ်သည်။

ကျောက်တိုင်ကြီးကို ထိန်းချုပ်ထားသည့် ရန်ကျောက်ကဲမှာလည်း တကယ်တော့ အခြေအနေမဟန်လှပေ။ ရန်သူကို ဖိနှိပ်ရန်အတွက် သူအသုံးပြုနေသည့် သိုင်းစွမ်းအားက အကန့်အသတ်ရှိလေသည်။

ရုတ်တရက် သွေးနီရောင်အလံသခင်၏ မျက်နှာက နီရဲသွားပြီး သိုင်းစွမ်းပိုမိုမြင့်မာလာစေရန် တားမြစ်ထားသည့်ပညာတစ်ခုကို ထုတ်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်မှစွမ်းအားများ နောက်တစ်ဆင့်တက်သွားပြီး ပိုမိုမြင့်မားလာသည်။

သို့ပေသိ သီးခြားကမ္ဘာငယ် ပျက်ဆီးနေခြင်းက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မိုးမြေတစ်ခွင် အဆက်မပြတ်အက်ကွဲလျှက် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုများ ဖုံးလွှမ်းလာသည်။

အသံတစ်စက်မှမထွက်ဘဲ ကောင်းကင်ကြီးအက်ကွဲသွားပြီး ကမ္ဘာငယ်တစ်ခုလုံး နှစ်ပိုင်းကွဲသွားသည်။

မြင်ကွင်းကြောင့် သွေးနီရောင်အလံသခင် အလွန်ထိတ်လန့်သွားသည်။ ကမ္ဘာပျက်ဆီးခြင်းက ဖင်နားကပ်နေပြီဖြစ်ပြီး ယခုအချိန်ထွက်ခွာမသွားပါက ဤကမ္ဘာငယ်ထဲတွင် အသက်ပျောက်ရပေမည်။

ကမ္ဘာတစ်ခုပျက်ဆီးခြင်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို သူသည်လည်း မည်သို့မှ တားဆီးနိုင်မည် မဟုတ်ပေ။ လွတ်အောင်မပြေးနိုင်ပါက ကမ္ဘာပျက်ကိန်းနှင့်အတူ ဖျက်ဆီးခံရမည် ဖြစ်သည်။

ထိုအချိန်မှာပင် ကျောက်တိုင်ကြီးက လျှင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားပြီး ကျောက်သားတုတ်ချောင်းငယ်အဖြစ် ရန်ကျောက်ကဲလက်ထဲ ပြန်ရောက်သွားသည်။ သွေးနီရောင်အလံသခင် ခံစားနေရသည့် ဖိအားများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက ခေါင်းမော့ကြည့်လိုက်တော့ ဝိညာဉ်အစီအရင်တံခါးနားတွင် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲကို တွေ့ရသည်။ ရန်ကျောက်ကဲက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ထူးဆန်းသည့် လက်ဟန်တစ်ခုပြုလုပ်လိုက်၏။

ရန်ကျောက်ကဲက ညာဘက်လက်ကိုဆန့်ထုတ်လိုက်ပြီး လက်မကိုထောင်ကာ လက်ညှိုးကိုတော့ သွေးနီရောင်အလံသခင်ထံ ထိုးညွှန်လိုက်ပြီး ကျန်လက်သုံးချောင်းကိုကွေးကာ သေနတ်ပစ်သကဲ့သို့ လက်ဟန် ပြုလုပ်လိုက်ခြင်းပင်။

“နှုတ်ဆက်ခဲ့ပါတယ် ၊ တီကောင်အိုကြီး”

ထို့နောက် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ကျယ်လောင်သည့် မိုးကြိုးပစ်သံတစ်ချက်နှင့်အတူ ပေါက်ကွဲထွက်သွားလေ၏။

***

All Chapters