← Chapters

အသက်ရှင်သန်ရန်

Vol. 18 Ch. 244

အသက်ရှင်သန်ရန်

Vol. 18 Ch. 244

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် ခရမ်းရောင်အလုံးအဝန်းတစ်ခုအဖြစ် သဏ္ဌန်ပြောင်းလဲသွားပြီး ခရမ်းစိမ်းရောင်မိုးကြိုးများဖြင့် လင်းထိန်တောက်ပနေသည်။

အလင်းရောင်များတောက်ပနေသည့် ဝိညာဉ်အစီအရင်တံခါးရှေ့တွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲက ဘယ်ဘက်လက်ဖြင့် ကျောက်တိုင်ကြီးကို ကိုင်ထားပြီး ညာဘက်လက်က သွေးနီရောင်အလံသခင်ရှိရာသို့ ထိုးညွှန်လိုက်သည်။

သူက လက်မကိုအသာအယာထောင်မတ်ထားပြီး လက်ညိုးကိုလှဲလျှက် သေနတ်ဖြင့် ပစ်ခတ်သည့်သဏ္ဌန် ပြုလုပ်လိုက်သည်။

ရန်ကျောက်ကဲ ထိုသို့လှုပ်ရှားလိုက်သည်နှင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ဆတ်ခနဲ တုန်ခါသွားသည်။

တစ်ချိန်တည်းပင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ တောက်ပသည့် လျှပ်စီးကြောင်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။

ထို့နောက် သီးခြားကမ္ဘာငယ်၏ ကမ္ဘာပျက်ကပ်မြင်ကွင်းများအလယ်တွင် ပြင်းထန်လှသောစွမ်းအားများ ပြည့်နက်နေသည့် လျှပ်စီးမိုးကြိုးသွားတစ်ချက် ရုတ်တရက် လင်းလက်သွားသည်။

ထိုလျှပ်စီးမိုးကြိုးသွားက လေထဲသို့ တည့်မတ်စွာဖြတ်သန်းသွားပြီး သွေးနီရောင်အလံသခင်ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

ပြိုကျပျက်စီးနေသည့် သီးခြားကမ္ဘာငယ်ကြောင့် သွေးနီရောင်အလံသခင်က အခြားအရာများကို အရေးမစိုက်နိုင်ဘဲ ဝိညာဉ်အစီအရင်တံခါးဆီသို့ အပြေးအလွှားသွားရောက်ရန် အာရုံစိုက်နေသည်။

သူက ရန်ကျောက်ကဲကို အရေးစိုက်ရန်လည်း အချိန်မရှိတော့ပေ။ တံခါးကိုဖြတ်ကျော်ကာ ဤကမ္ဘာငယ်မှ အမြန်ဆုံး ထွက်ခွာသွားရမည် ဖြစ်သည်။ နောက်မှ ရန်ကျောက်ကဲကို ဖြည်းဖြည်းချင်း ရှင်းပစ်နိုင်သည်ပင်။

ယခုတစ်ကြိမ် မအောင်မြင်ခဲ့လျှင် နောက်တစ်ကြိမ် ၊ နောက်တစ်ကြိမ်မအောင်မြင်ခဲ့လျှင်လည်း နောက်ထပ်တစ်ကြိမ် အခွင့်အရေး ရှိပေသေးသည်။

အမတဝိညာဉ် သိုင်းဆရာသခင်တစ်ယောက်အနေဖြင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်ရန် အခွင့်အရေးက အမြဲတမ်း ရှိနေမည်ပင်။

သို့ပေသိ သွေးနီရောင်အလံသခင် ဝိညာဉ်အစီအရင်တံခါးဆီသို့ အရှိန်မြှင့်ကာ ပျံသန်းထွက်ခွာသွားစဉ် ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ထိန်းချုပ်လိုက်ပြီး ထိုသိုင်းဆရာသခင်ထံသို့ မိုးကြိုးတစ်ချက် ပစ်ချလိုက်သည်။

ထို မိုးကြိုးတစ်ချက်ထိမှန်သည်နှင့် လူတစ်ယောက်၏ သိုင်းစွမ်းအားမျး လောင်ကျွမ်းသွားနိုင်သည်။ မိုးကြိုးစွမ်းအားက အစွန်းရောက် ကြောက်မက်ဖွယ်ရာ ဖြစ်လေရာ လူတစ်ယောက်၏ အထွတ်ထိပ် စွမ်းအားကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။

သွေးနီရောင်အလံသခင်က ပြုးကျယ်သည့်မျက်လုံးများဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း ရူးသွပ်သူတစ်ယောက်ပမာ ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။ သူ့ထံမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရထွက်ပေါ်လာပြီး မိုးကြိုးသွားကို လက်သီးဖြင့် ထိုးနှက်ရင်ဆိုင်လိုက်သည်။

မိုးခြိမ်းသံနှင့် မီးတောက်လွင်ပြင် ကောင်းကင်ကြီး ရောနှောသွားကာ ပေါက်ကွဲသံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အခြားအချိန်များတွင် ရန်ကျောက်ကဲ၏ မိုးကြိုးစွမ်းအားက သွေးနီရောင်အလံသခင်အပေါ် သက်ရောက်မှုရှိပါမည်လားဟု မေးခွန်းထုတ်စရာ ရှိသည်။

သို့သော် ယခုကဲ့သို့ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရချိန် သွေးနီရောင်အလံသခင်သည်လည်း အသက်ရှင်သန်ရန် အသဲအသန် ကြိုးစားနေရသည်။

ဝိညာဉ်အစီအရင်တံခါးသို့ လျှင်မြန်စွာသွားရောက်နေသည့် သွေးနီရောင်အလံသခင်မှာ ရန်ကျောက်ကဲပစ်လွှတ်လိုက်သည့် မိုးကြိုးစွမ်းအားကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့လွင့်ထွက်သွားသည်။

ယခင်ကပင်ပျက်ဆီးနေပြီဖြစ်သော မိုးမြေတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး လုံးဝအက်ကွဲသွားကာ ထာဝရပျက်ဆီးခြင်းသို့ ဦးတည်သွားသည်။

သွေးနီရောင်အလံသခင် စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း နောက်မဆုတ်ဘဲ ဒေါသတကြီး ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။

ထိုခဏတွင် သူသည် အခြေအနေကို ကူရာကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။ သူ၏ အသွေးအသားခန္ဓာသည် လေထဲတွင် တစ်စစီပြိုကွဲနေသည်။ ဖြည်းညင်းစွာ ပြိုကွဲနေသည်ထင်မှတ်ရသော်လည်း အမှန်တကယ်တော့ လျှင်မြန်လွန်းလှသည်။

သူ့မှာ ရုန်းကန်နိုင်ခြင်း မရှိသလို နောက်ပြန်လှည့်ရန်လည်း ခက်ခဲသည်။

သွေးနီရောင်အလံသခင်သည် အလင်းရောင်မှေးမှိန်သွားပြီး ဖြေးညင်းစွာပျောက်ကွယ်သွားသည့် အဝေးတစ်နေရာသို့ ဒေါသတကြီး စိုက်ကြည့်နေသည်။

ဝိညာဉ်အစီအရင်တံခါးအတွင်းတွင် ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ညာဘက်မျက်လုံးထဲတွင် သိမ်းဆည်းထားပြီး ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို လက်ထဲတွင်ကိုင်ဆောင်ကာ အမတကြိုးကြာငှက်မွှေးဝတ်ရုံကို ပခုံးထက် ခြုံလွှမ်းထားသည်။

သူ့ကိုကြည့်ရသည်မှာ အနည်းငယ်အားနည်းနေသည့်တိုင် သူ၏လက်ရှိပုံစံနှင့် ဆံပင်ဆင်ယင်မှု ပေါင်းစပ်လိုက်သည့်အခါ ပြီးပြည့်စုံစွာ ချောမောလှပသော မင်းသားတစ်ပါးပမာ ခန့်ညားလျှက်ရှိသည်။

သီးခြားကမ္ဘာနှင့်အတူ ပျက်ဆီးခြင်းကို ရင်ဆိုင်ရတော့မည့် သွေးနီရောင်အလံသခင်ကို ရန်ကျောက်ကဲက ပြုံးရယ်ပြရင်း လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။

“ငါတို့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး ၊ ထာဝရနှုတ်ဆက်လိုက်ပါတယ်ကွာ ၊ တာ့တာ....”

သွေးနီရောင်အလံသခင်က ဒေါသတကြီး‌အော်ဟစ်လိုက်ချင်သည့်တိုင် အသံတစ်စက်မှ ထွက်မလာတော့ပေ။

သေဆုံးသွားချိန်အထိ သူ့ကဲ့သို့ ထိပ်တန်းအဆင့် အမတဝိညာဉ်ကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်က သိုင်းပညာရှင်လူငယ်တစ်ယောက်လက်ထဲ အမှန်တကယ်သေဆုံးသွားရသည်ကို နားလည်နိုင်ခြင်း မရှိခဲ့ပေ။

ကျောက်တိုင်ကြီးက သူ့အားဖိနှိပ်ထားသည့်တိုင် အနည်းငယ် အချိန်ပိုမိုရရှိလျှင် ရန်ကျောက်ကဲ စွမ်းအားများ ကုန်ဆုံးသွားပြီး သူ့ကို ရှုံးနိမ့်ကာ အသက်သေဆုံးရမည် ဖြစ်သည်။

ထို့ပြင် ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ပိုင်ဆိုင်ထားသဖြင့် ကြီးမားသည့် ခြိမ်းခြောက်မှု ရှီနေသည့်တိုင် တစ်ချက်တည်းသာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထိုတစ်ချက်တည်း တိုက်ခိုက်မှုကို သူက သတိရှိနေမည်ဆိုလျှင် အချိန်မီရှောင်တိမ်းနိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲတွင် အမတကြိုးကြာတောင်ပံများ ရှိစေဦးတော့ သူက လေကိုထိုးခွင်းပျံသန်းရန်သာ အသုံးပြုနိုင်ပေမည်။ အချိန်အနည်းငယ်သာ ရမည်ဆိုပါက သူက ရန်ကျောက်ကဲသွားမည့်လမ်းကို ပိတ်ဆို့ပြီး လွတ်မြောက်မသွားအောင် တားဆီးနိုင်မည် ဖြစ်သည်။

ရှင်းနေသည်မှာ -

သူက ရန်ကျောက်ကဲထက် စွမ်းအားရော ကျင့်ကြံခြင်းအဆင့်ပါ များစွာသာလွန်သည်။

ရန်ကျောက်ကဲတွင် ထူးခြားသည့်ရတနာပစ္စည်းများ ရှိနေသည့်တိုင် သူသည်လည်း ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်ရန် အခွင့်အရေး ရခဲ့သည်ပင်။

သူက ဝိညာဉ်အစီအရင်တံခါးရှိရာသို့ ဦးစွာရောက်အောင် သွားနိုင်ခဲ့သည်မှာလည်း ထင်ရှားသည်။

ထို့ပြင် ရန်ကျောက်ကဲတွင် သူ့ကို သတ်ဖြတ်နိုင်သည့် သိုင်းစွမ်းလည်းမရှိသလို ရတနာပစ္စည်းများလည်း မရှိခဲ့ပေ။

သို့သော် နောက်ဆုံးရလဒ်ကတော့ သူသာလျှင် ဤသီးခြားကမ္ဘာနှင့်အတူ အပြီးသတ်ချုပ်ငြိမ်းသွားရခြင်း ဖြစ်သည်။

ရန်ကျောက်ကဲနှင့်အတူ ပျောက်ကွယ်သွားသည့် ဝိညာဉ်အစီအရင်တံခါးကိုကြည့်ရင်း သွေးနီရောင်အလံသခင်သည် နေရာမှာပင် ကျောက်ရုပ်တစ်ရုပ်ပမာ ရှိနေခဲ့သည်။

“သင့်ကိုယ်သင် သိပါ ၊ သင့်ရန်သူကိုလည်း သိပါ”

ဟုတ်ပေ၏။

သူကတော့ ရန်သူကို သိရှိနားလည်ခဲ့ခြင်း မရှိပေ။

လက်ရှိတွင် ရန်ကျောက်ကဲသည် တစ်မိုးအောက်တွင် နာမည်ကြီးတစ်ယောက်ဖြစ်နေခဲ့ပြီး သွေးနီရောင်အလံသခင်ကတော့ ထိုလူငယ်လေးအပေါ် နားလည်ခြင်းတွင် အကန့်အသတ်ရှိနေခဲ့သည်။

ရန်ကျောက်ကဲကို သတ်ဖြတ်ရန်အတွက် ပျက်ဆီးခါနီးကမ္ဘာတစ်ခုအတွင်းသို့ စွန့်စားဝင်ရောက်လာကတည်းက အမှားအယွင်းတစ်ခု ဖြစ်ခဲ့ပါသလား။

ထိုအတွေးနှင့်အတူ သွေးနီရောင်အလံသခင်သည် လေထဲတွင် အသွေးအသားများ တစ်စစီကွဲကြေသွားသည်။ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်သည် သို့နှယ်ပင် သေဆုံးသွားခဲ့ရသည်။

ဝိညာဉ်အစီအရင်တံခါးကို ဖြတ်သန်းလာရင်း ရန်ကျောက်ကဲခန္ဓာကိုယ်က ဆုတ်ဖြဲလိုက်သည့်အလား နာကျင်မှုကို ခံစားလိုက်ရသည်။ သီးခြားကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်စဉ်ကလည်း အနည်းငယ် ထိုသို့ခံစားရသော်လည်း ယခုတစ်ကြိမ်က ပိုမိုသိသာသည်။

ဝိညာဉ်အစီအရင်တံခါးကို ဖြတ်ကျော်ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရန်ကျောက်ကဲ ပြန်လည်ရောက်ရှိလာသည်။ သူက တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ဝိညာဉ်အစီအရင်တံခါးကို လည်ပြန်လှည့်ကြည့်ရင်း နှုတ်ခမ်းများကို လက်ဖြင့်ပွတ်သပ်လိုက်သည်။

“ဒီခရီးက... တကယ်တော့...”

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ဆက်တိုက်အသုံးပြုလိုက်ရသည့်အတွက် ရန်ကျောက်ကဲအလွန်အားနည်းသွာခဲ့သည်။ ကြည်လင်လျှို့ဝှက်ရေကန်တွင် ရင်ဆိုင်ရသော တိုက်ပွဲထက်ပင် ပို၍အားနည်းသွားခဲ့သည်။

သို့ပေသိ လွတ်လပ်သမားတော် ကျန်ရစ်ခဲ့သည့် များပြားလှစွာသော ဆေးဝါးများနှင့် ရတနာပစ္စည်းများကို ရရှိခဲ့သည့်အတွက် အတော်လေး စိတ်ကောင်းဝင်လျှက် ရှိသည်။

မြေပြင်ထက်သို့ဆင်းသက်လိုက်ချိန် ဝိညာဉ်အစီအရင်တံခါးက လုံးလုးလျားလျား ပျောက်ကွယ်သွားပြီး ကျောက်စိမ်းဒင်္ဂါးပြားလေးသည်လည်း ပြာမှုန့်အဖြစ်သို့ ကူးပြောင်းသွားသည်။

ဝိညာဉ်အစီအရင်တံခါးနားတွင်ရှိနေသည့် အားဟူနှင့် ရွှီဖေးက ချက်ချင်း သူ့အနားရောက်လာပြီး...

“အကုန်လုံး အဆင်ပြေခဲ့ရဲ့လား”

ဟု ပြိုင်တူမေးလိုက်သည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဒီနေ့ကစပြီး သွေးနီရောင်အလံသခင်ကို ငါတို့ ဘယ်တော့မှ ပြန်မတွေ့ရလောက်တော့ဘူး”

ယခုမှ အားဟူက ပင့်သက်တစ်ချက်ရှိုက်ရင်း ဘာပြောရမှန်းမသိသဖြင့် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

ရွှီဖေးကတော့ ရှားရှားပါးပါး အံ့အားသင့်သွားဟန်ဖြင့် ခဏမျှ မှင်တက်သွားသည်။

ပြီးမှ...

“နေဦး... ငါ ဂိုဏ်းတူညီမလေး’ဖန်း’ကို အမြန်သွားပြန်ခေါ်လိုက်ဦးမယ်”

ဝိညာဉ်အစီအရင်တံခါးမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်ရောက်လာသော အားဟူက ရွှီဖေးနှင့် ဖန်းယွင်ရှန်းကို အခြေအနေကို အကျဉ်းချုံးပြီး ပြောပြလိုက်သည်။ ထိုအခါ ရွှီဖေးက ဝါဒတောင်မှ အမတဝိညာဉ်သိုင်းဆရာသခင် အကြီးအကဲတစ်ယောက်ကို သွားရောက်အကူအညီတောင်းရန် ဖန်းယွင်ရှန်းကို အမြန်စေလွှတ်လိုက်၏။

သူကိုယ်တိုင်ကတော့ ရန်ကျောက်ကဲကိုကူညီရန် အားဟူနှင့်အတူ ဝိညာဉ်အစီအရင်တံခါးကို ဖြတ်ကျော်ပြီး သီးခြားကမ္ဘာငယ်သို့ လိုက်သွားရန် ဟန်ပြင်နေစဉ် တံခါးဝမှ အေးအေးဆေးဆေး ပြန်ထွက်လာသည့် ရန်ကျောက်ကဲကို တွေ့မြင်လိုက်ရခြင်းပင်။

ယခုတော့ သွေးနီရောင်အလံသခင် အသက်ရှင်နေသေးလျှင်ပင် ပျက်စီးသွားသည့် သီးခြားကမ္ဘာငယ်နှင့်အတူ ပျောက်ကွယ်သွားမည် ဖြစ်သည်။ အသားတစ်စကို လိုက်ရှာရန်ပင် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အခြားသော အကြီးအကဲများကို အကူအညီတောင်းနေစရာ မလိုတော့ပေ။

ရွှီဖေးက ဖန်းယွင်ရှန်းကို ပြန်ခေါ်လာခဲ့သည်။ အခြေအနေများကို ကြားသိရသည့်အခါ ဖန်းယွင်ရှန်းမျက်နှာအမူအရာကလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်နေသည်။

သွေးနီရောင်အလံသခင်မှာ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး စစ်မှန်သည့်သိုင်းစွမ်းဖြင့် ကြယ်တာရာချီစွမ်းအားကို သန့်စင်အောင် ကျင့်ကြံထားသူ ဖြစ်သည်။

ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်နှင့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက်လုံးသည် သိုင်းဆရာသခင်များ ဖြစ်ကြသော်လည်း မတူကွဲပြားသည့် အခြေအနေကို ပိုင်ဆိုင်ကြသည်။

ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ့အခြေအနေကို ပြန်လည်ထိန်းညှိလိုက်သည်။

စွမ်းအားများ ပြန်လည်ပြည့်ဝလာတော့မှ သူက ပြုံးလိုက်ရင်း...

“ဒါက အခွင့်အရေးပဲလေ ၊ သွေးနီရောင်အလံသခင်ကို တခြားကမ္ဘာမှာ သတ်ဖြတ်ပစ်နိုင်ခဲ့တယ် ၊ သူမသေလည်း အဲဒီနေရာပျက်ဆီးသွားရင် အတူတူပါသွားမှာပဲ ၊ ငါတောင် မနည်းရုန်းထွက်လာခဲ့ရတာ ၊ ပြီးတော့ ငါတိုက်ခိုက်တာကို သူ နည်းနည်းလောက် ထပ်ပြီးတောင့်ခံမယ်ဆိုရင် သေတဲ့သူက သူမဟုတ်ဘဲ သေချာပေါက် ငါ ဖြစ်သွားမှာ”

ရွှီဖေးက ရန်ကျောက်ကဲကို ကြည့်ရင်း...

“ဟူထင်ပြောတော့ မင်းက အဲဒီတခြားကမ္ဘာပြိုမကျခင် သွေးနီရောင်အလံသခင်ကို သတ်ဖို့စီစဉ်ထားတာဆို ၊ မင်း ဒီဘက်ရောက်မလာခင် ကိစ္စတွေအကုန် ရှင်းခဲ့တာလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ငါ ခန့်မှန်းထားတာထက် နည်းနည်းနောက်ကျပြီးမှ အဲဒီကမ္ဘာက ပြိုကျတယ်ကွာ ၊ ဒီတော့ အစီအစဉ်က နည်းနည်းတော့လွဲသွားတာပေါ့ ၊ ဒါပေမဲ့ နည်းနည်းလောက်လွဲလည်း အခြေအနေတွေက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်တာဆိုတော့ အတော်လေး ကြိုးစားလိုက်ရတယ် ၊ တော်သေးတာပေါ့ နောက်ဆုံးတော့ အောင်မြင်ခဲ့လို့...”

ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရွှီဖေးတို့က ရန်ကျောက်ကဲကို တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။

“အခြေအနေတွေကို ခန့်မှန်းတွက်ချက်ခဲ့တာ... ဟုတ်လား ၊ ဒီလိုကိစ္စမျိုးက အတိအကျတွက်ချက်လို့ရလို့လား...”

***

All Chapters