အောင်မြင်မှုနှင့်ခမ်းနားသည့်အပြန်ခရီး
Vol. 18 Ch. 245
အားဟူက ရန်ကျောက်ကဲကို တက်ကြွမှုအပြည့်ဖြင့် ကြည့်ရင်း...
“ဘာပဲဖြစ်ဖြစ် သခင်လေးရာ... သခင်လေးက စောက်ရမ်းလန်းတယ်နော် ၊ ဟိုလူကြီး ရန်ရှုကို တိုက်ခိုက်တုန်းက သူက ဒဏ်ရာအပြင်းအထန် ရထားတာ ၊ အခုအခြေအနေက အဲဒီလိုလုံးဝမဟုတ်ဘူး ၊ သွေးနီရောင်အလံသခင်ရဲ့ သိုင်းစွမ်းက အထွတ်ထိပ်အခြေအနေမှာ ရှိနေတာ ၊ သခင်လေး ဘယ်လိုနည်းလမ်းကိုပဲ အသုံးပြုပါစေ... အမတဝိညာဉ်ကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်ကို အသေသတ်နိုင်ဖို့ဆိုတာကတော့... သခင်လေးက သမိုင်းမှာ ပထမဆုံးဖြစ်မယ်ထင်တာပဲ”
ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းခါယမ်းသည်။
“အဲဒီတုန်းက ရန်ရှုက ပထမဆရာဦးလေးကြောင့် ဒဏ်ရာရထားတာလေ ၊ ဒီတစ်ခါက အဲဒီလိုမဟုတ်ဘူး ၊ ဒါပေမဲ့ ဟိုးအရင်တုန်းက အဖေက သွေးနီရောင်အလံသခင်ကို အရှင်ဖမ်းမိတော့ သူ့ရဲ့သိုင်းပညာကို ချိတ်ပိတ်ထားခဲ့တယ် ၊ ဒါကြောင့် ငါ ဒီလောက် တောင့်ခံနိုင်တာပေါ့ ၊ မဟုတ်လို့ကတော့ သေတဲ့သူက ငါ ဖြစ်သွားမှာ ၊ အဲဒါ ဘာဂုဏ်ယူစရာ ရှိလို့လဲ ၊ ငါတော့ သိသိသာသာ ဂုဏ်ယူစရာလို့ မထင်ပါဘူး”
ဖန်းယွင်ရှန်းက သူ့ကို မျက်လုံးတစ်ချက် စွေကြည့်ရင်း...
“ဟန်ဆောင်နေလိုက် ၊ အဲဒီမှာ ဟန်ဆောင်နေလိုက်... ရှင့်ရင်ထဲ ဘယ်လောက်မာန်တက်နေလဲဆိုတာ ဘယ်သူသိနိုင်မလဲ”
ရန်ကျောက်ကဲက မည်သည့်စကားမှ မဆိုဘဲ ရယ်မောနေ၏။
ရွှီဖေးက ရယ်မောရင်း ရန်ကျောက်ကဲ ပခုံးကို ပုတ်လိုက်သည်။
“မင်း အန္တရယ်မရှိဘူးဆိုရင် ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်ကွာ ၊ မင်းသာ တစ်ခုခုဖြစ်သွားရင် ဆရာဦးလေး’ရန်’ အရမ်းစိတ်မကောင်းဖြစ်ရမှာ”
သူ့စကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးရင်း မတ်တတ်ထရပ်သည်။
“အင်း... ဂိုဏ်းတူအစ်ကို’ရွှီ’ ပြောတာ မှန်ပါတယ်”
ရွှီဖေးဆိုသည်က သူကိုယ်တိုင် အန္တရယ်နှင့်ရင်ဆိုင်ရပြီး အသက်ရှင်ရန် အခွင့်အရေးနည်းပါးသည့်တိုင် ရယ်မောနေမည့်သူမျိုးဖြစ်သည်။ သူက သဘောထားကြီးပြီး အကြောက်တရားကင်းမဲ့သူဖြစ်သော်လည်း သူ၏ဂိုဏ်းတူညီအစ်ကိုများ အန္တရယ်ရင်ဆိုင်ရမည်ကိုတော့ မဖြစ်စေချင်ပေ။
ဆရာဖြစ်သူ “ရှီတိ” ၏ သားသမီးမြေးမြစ်များအား အချိန်တန်ခင် လက်လွှတ်လိုက်ရခြင်းဝေဒနာကို တွေးမိသည့်အခါ ရွှီဖေး၏မျက်နှာ ညှိုးနွမ်းသွားသည်။
ရွှီဖေးနှင့် ရှီတိတို့က ဆရာတပည့်ဆိုသော်လည်း သားအဖအရင်းများပမာ သံယောဇဉ်ရှိသူများ ဖြစ်ကြသည်။ ယခင်ကဆိုလျှင် ရွှီဖေးက ရှီစုန်းထောင်းကို အစ်ကိုရင်းတစ်ယောက်ပမာ သဘောထားသူပင်။
ထိုစဉ်က ရှီစုန်းထောင်းတို့မိသားစု ရင်ဆိုင်ရသည့် အဖြစ်အပျက်ကြောင့် ရှီတိဘဝတစ်ခုလုံး နောင်တတရားကို ရင်ဝယ်ပိုက်ခဲ့ရသလို ရွှီဖေးသည်လည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ရသည်။
ရွှီဖေး၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် ရှီတိနှင့်ရှီစုန်းထောင်းတို့အကြောင်း တွေးနေခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။
ရွှီဖေးကိုကြည့်ရင်း ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အားဟူနှင့် ဖန်းယွင်ရှန်းတို့က ရွှီဖေး၏အတွေးများကို နားမလည်ကြသော်လည်း အလိုက်တသိဖြင့် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြသည်။
အားလုံး အမူအရာပြောင်းလဲသွားကြောင်း သတိပြုမိသည့်အခါ ရွှီဖေးက ချက်ချင်းပင် စိတ်ကိုစုစည်းပြီး လက်ခုပ်တစ်ချက် တီးလိုက်သည်။
သူက ပြုံးလိုက်ရင်း...
“ပြောရမယ်ဆိုရင်တော့... သွေးနီရောင်အလံသခင်က ဝိညာဉ်အလံငါးပါးဂိုဏ်းမှာ စွမ်းအားအမြင့်မားဆုံးတစ်ယောက်ပါပဲ ၊ ကျောက်ကဲ... မင်းက အခု သူ့ကိုသတ်လိုက်တော့ ဝိညာဉ်အလံငါးပါးဂိုဏ်း လေထဲမှာပျောက်ကွယ်သွားသလိုမျိုး မဖြစ်နိုင်သေးပေမယ့် ပြင်းပြင်းထန်ထန်တော့ ထိခိုက်သွားမှာပဲ ၊ သူတို့အတွက် လှုပ်ရှားဖို့ အရမ်းခက်ခဲသွားလိမ့်မယ် ၊ မင်းကတော့ ငါတို့ဝါဒတောင်ကို နောက်တစ်ကြိမ် ကြီးကြီးမားမား အကျိုးပြုလိုက်ပြန်ပြီကွာ”
ရန်ကျောက်ကဲက...
“စိတ်မကောင်းစရာက... ငါ သူ့ကိုသတ်လိုက်တာ မျက်မြင်သက်သေ မရှိဘူးလေ ၊ ဒီတော့ ဂိုဏ်းကငါ့ကို ဘာဆုမှပေးမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အတွင်း သွေးနီရောင်အလံသခင် ပြန်ပေါ်မလာတော့ဘူးဆိုရင်တော့ သက်သေပြနိုင်မယ်ထင်တယ်”
ရွှီဖေးက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...
“မင်းကလည်းကွာ... သွေးနီရောင်အလံသခင်ကို သတ်လိုက်တာက သေးငယ်တဲ့အောင်မြင်မှုတစ်ခု မဟုတ်ပေမယ့် မင်း အခုလုပ်လာတဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး ၊ ပြီးတော့ ဂိုဏ်းမှာလည်း မင်းကို ဆုချီးမြှင့်စရာ သိပ်မကျန်လောက်တော့ဘူးဆိုတော့ ဆုချီးမြှင့်မယ်ဆိုရင်လည်း အဓိပ္ပါယ် မရှိနိုင်တော့ပါဘူး”
ရန်ကျောက်ကဲက လက်တစ်ဖက်ကာပြရင်း...
“ခြင်သေးသေးလေးတွေမှာတောင် အသားရှိတာပဲလေ...”
ရွှီဖေးက ရယ်မောရင်း ဖန်းယွင်ရှန်းကို လှည့်ကြည့်သည်။
“သူပြောတာကို နားထောင်စမ်း ၊ သူပြောတာကို နားထောင်စမ်း ၊ အမလေး... အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်က သူ့ပါးစပ်ထဲမှာ ခြင်တစ်ကောင်ဖြစ်သွားတာနော်... ဒါက ဘယ်လိုတောင် ဂုဏ်ဆာနေတာလဲ... ၊ တကယ်တော့ ဂိုဏ်းတူညီမလေး’ဖန်း’က သူ့အကြောင်းအစကတည်းက သိနေတာပဲ ၊ ဟုတ်ပကွာ... သူ့စိတ်ထဲ ဘယ်လောက်တောင် မာန်တက်နေမလဲ... ဟားဟား...”
သူ့စကားကြောင့် ဖန်းယွင်ရှန်းနှင့် အားဟူတို့နှစ်ယောက်လုံး အော်ဟစ်ရယ်မောလိုက်ကြသည်။ ရန်ကျောက်ကဲကတော့ ပြုံးရုံသာပြုံးရင်း ပခုံးတစ်ချက်တွန့်ပြ၏။
သွေးနီရောင်အလံသခင်ကို သုတ်သင်နိုင်ခဲ့သောကြောင့် ဂိုဏ်းက သူ့ကို ဆုချီးမြှင့်သည်ဖြစ်စေ ၊ မချီးမြှင့်သည်ဖြစ်စေ ကိစ္စမရှိပေ။ ထိုပုဂ္ဂိုလ် မရှိတော့သည်က သူ့ကိုစိတ်အေးသွားစေသည်က အမှန်ပင် ဖြစ်သည်။
သွေးနီရောင်အလံသခင်က ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်ရန် အချိန်ပြည့် ချောင်းမြောင်းနေသူ ဖြစ်၏။ သို့သော် ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းက အဆက်မပြတ်တိုးတက်လာလေရာ တစ်နေ့တွင် သွေးနီရောင်အလံသခင်က သူ့အတွက် ခြိမ်းခြောက်မှု ရှိတော့မည် မဟုတ်ပေ။
သို့သော် ထိုအမတဝိညာဉ်အဆင့် သိုင်းဆရာသခင်က သူ့ကိုလက်စားချေရန် တစ်ချိန်လုံး ကြံစည်နေသည်က အလွန် မသက်မသာခံစားရသည့်ကိစ္စတစ်ခုပင်။
ထိုပြင် သွေးနီရောင်အလံသခင်က အတော်လေး လက်တွေ့ဆန်သည်။ သူ အမုန်းဆုံးသူက ရန်ကျောက်ကဲ၏ဖခင် ရန်တိ ဖြစ်သည်။
သို့ရာတွင် ရန်တိကို ပြဿနာသွားရှာပါက တစ်ချက်တည်းဖြင့် အသက်ပျောက်မည်ကို သိရှိလေရာ အဖေကိုမနိုင်သဖြင့် သားကိုမဲကာ ရန်ကျောက်ကဲကို ပစ်မှတ်ထားခြင်းဖြစ်၏။
ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့် တဖြည်းဖြည်းမြင့်တက်လာပြီး သွေးနီရောင်အလံသခင်ကို အနိုင်ယူနိုင်သည့်တစ်နေ့သို့ ရောက်လာပါက ထိုသူက ရန်ကျောက်ကဲရှေ့တွင် ပေါ်လာတော့မည် မဟုတ်ပေ။
ထိုအစား သူ့ထက်ငယ်ရွယ်သည့် ဝါဒတောင်မှ တပည့်တစ်ယောက်ထံသို့ အာရုံပြောင်းသွားပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ရန်ကျောက်ကဲအနေဖြင့် စိတ်ပူပန်စရာ မရှိတော့သော်လည်း ဝါဒတောင်မှတပည့်တစ်ယောက်ကတော့ အမြဲတမ်း ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်နေရပေမည်။
ရက်ပေါင်း (၁၀၀၀) ခိုးနေမည့်သူခိုးကို မည်သူက ရက်ပေါင်း (၁၀၀၀) စောင့်ကြည့်နေနိုင်ပါမည်နည်း။
ထို့ကြောင့် သွေးနီရောင်အလံသခင်ကို သုတ်သင်နိုင်ခဲ့ခြင်းက အနာဂတ်ပြဿတနာတစ်ခုကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်ရာ ရန်ကျောက်ကဲ အတော်လေး ကျေနပ်လျှက် ရှိသည်။ လွတ်လပ်သမားတော် နေထိုင်သည့် သီးခြားကမ္ဘာသို့သွားရောက်ရင်း မမျှော်လင့်ဘဲ ထိုအခွင့်အရေးရရှိသည်မှာ ကံကောင်းသည်ဟုပင် ဆိုနိုင်သည်။
ကံအကောင်းဆုံးကတော့ လွတ်လပ်သမားတော်ချန်ထားခဲ့သည့် ရတနာပစ္စည်းများ ၊ ဆေးပင်များနှင့် ဆေးဝါးများ ရရှိခဲ့သောကြောင့် အတော်လေး အကျိုးအမြတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရန်ကျောက်ကဲက ရွှီဖေးနှင့် ဖန်းယွင်ရှန်းတို့ကိုနှုတ်ဆက်ပြီး သူနေထိုင်ရာခန်းဆောင်သို့ ပြန်သွားပြီး ရရှိခဲ့သောပစ္စည်းများကို စတင်စစ်ဆေးကြည့်သည်။
ပထမဦးစားပေး အရေးကြီးသည့်ပစ္စည်းမှာ ရန်ကျောက်ကဲ၏ မူလပထမပစ်မှတ်ဖြစ်သော “ဘဝအလင်းအမတကျောက်တုံး” ဖြစ်သည်။
လွတ်လပ်သမားတော်ထံတွင် ထိုကျောက်တုံးတစ်တုံးရှိကြောင်း သိရှိထားသည့်တိုင် ထိုသီးခြားကမ္ဘာထဲတွင် အမှန်တကယ် ရှိသည်လား ၊ မရှိသည်လား မသေချာခဲ့ပေ။
သူက ဘဝအလင်းအမတကျောက်တုံးကို လက်ထဲတွင်လှည့်ပတ်ဆော့ကစားနေရင်း နှုတ်ခမ်းများတွန့်ကွေးပြီး ပြုံးလိုက်သည်။
“ကြည့်ရတာ... ငါ့ကံက ဒီလောက်လည်းမဆိုးလှပါဘူး”
ဘဝအလင်းအမတကျောက်တုံးကို ရရှိပြီဆိုမှတော့ အစားထိုးပစ္စည်းနောက်တစ်ခု ထပ်မံရှာဖွေရန် မလိုအပ်တော့ပေ။
ကောင်းကင်ချိတ်ဆက်အဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် ကျင့်ကြံခြင်းအခြေခံအနည်းငယ်ကို စုစည်းပြီးလျှင် သိုင်းဆရာသခင်အဆင့်သို့ စတင်ခြေလှမ်းရန် ကြိုးစားနိုင်မည် ဖြစ်သည်။
ဟုတ်ပေ၏။ ထိုကိစ္စများက ဝေးကွာသေးသည့်အရာများဖြစ်ပြီး သူ့အနေဖြင့် ကောင်းကင်ချိတ်ဆက်အဆင့်သို့ ပထမဆုံး အဆင့်တက်နိုင်ရန် ခြေလှမ်းရပေမည်။
သို့သော် ရန်ကျောက်ကဲ၏ လက်ရှိအခြေအနေအရ ထိုအဆင့်သို့တက်ရောက်ရန် ကြီးကြီးမားမား အခက်အခဲ မရှိပေ။
ဘဝအလင်းအမတကျောက်တုံးအပြင် အလွန်ထူးခြားသော ရတနာပစ္စည်းတစ်ခု ဖြစ်သည့် အမတကြိုးကြာတောင်ပံကို ရရှိလာသည်မှာလည်း မျှော်လင့်မထားလောက်အောင် အံ့သြစရာကောင်းလှသည်။
ယခုတော့ သွေးနီရောင်အလံသခင်နှင့် တိုက်ပွဲတွင် အမတကြိုးကြာတောင်ပံကို အသုံးပြုခဲ့ရသဖြင့် ထိုပစ္စည်း၏ဝိညာဉ်စွမ်းအားများ အလွန်အမင်း ကုန်ခမ်းသွားပြီ ဖြစ်သည်။ ထိုပစ္စည်းကိုရော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကိုပါ အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ထိုပစ္စည်းများကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်သူဖြစ်ရာ မကြာမီ ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဝလာပြီး အစစ်အမှန်တန်ခိုးစွမ်းအားများကို ထပ်မံပြသနိုင်ပေလိမ့်မည်။
သက်ကယ်မိုးတဲငယ်လေးထဲမှ စားပွဲတိုလေးထက်မှ ဘဝအလင်းအမတကျောက်တုံးအပါအဝင် အခြားပစ္စည်းများကိုလည်း ရန်ကျောက်ကဲ ယူလာသေးသည်။
ထိုပစ္စည်းများထဲတွင် ဆေးပုလင်းတစ်လုံးပါရှိပြီး ရှေးယခင်အချိန်က လွတ်လပ်သမားတော်ကိုယ်တိုင် ဖော်ဆပ်ထားသည့် ဆေးလုံးများစွာ ထည့်သွင်းထားသည်။ မဟာကပ်ဘေးကြီးမတိုင်မီ ကာလမှ ယခုအချိန်ထိ အချိန်ကာလကြာမြင့်လှပြီဖြစ်သောကြောင့် ဆေးလုံးအချို့က ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်းပျောက်ကွယ်နေပြီဖြစ်သော်လည်း အာနိသင်ထက်မြက်နေသေးကြောင်း တွေ့ရသည်။
ရန်ကျောက်ကဲက ထိုဆေးလုံးများကို သိပ်အရေးမစိုက်ဘဲ နောက်ထပ်ပစ္စည်းတစ်ခုကို အာရုံစိုက်လိုက်သည်။
ထိုပစ္စည်းမှာ သားရဲအရေခွံတစ်ခုဖြင့် ပြုလုပ်ထားသည့် စာလိပ်တစ်လိပ်ဖြစ်သည်။ သားရဲအရေခွံမှာ မည်သည့်သားရဲ၏ အရေခွံဖြစ်ကြောင်း မသိရှိရပေ။
စာလိပ်ကိုဖွင့်လိုက်သည့်အခါ အလယ်ဗဟိုတွင် စတုရန်းပုံသဏ္ဌန်တစ်ခု ရေးခြစ်ထားပြီး ကျန်နေရာများက ဗလာဖြစ်ကြောင်း တွေ့မြင်ရသည်။
ကြည့်ရသည်မှာ ထိုပုံသဏ္ဌန်၏နောက်ကွယ်တွင် တစ်စုံတစ်ခုကို ချိတ်ပိတ်ထားဟန် ရှိ၏။
သေသေချာချာ လေ့လာကြည့်သည့်အခါ ထိုပုံသဏ္ဌန်က နေတစ်စင်းနှင့်ဆင်တူသည်ကို သိလိုက်ရသည်။
အလွန်ရှေးကျပြီး ရန်ကျောက်ကဲ ထိုပုံသဏ္ဌန်ကို အာရုံစူးစိုက်ကြည့်နေချိန် နေတစ်စင်းအားကြည့်နေရသလို မျက်လုံးများ စူးရှနာကျင်လာခဲ့သည်။
ဤသရေစာလိပ်သည် သီးခြားကမ္ဘငယ်ထဲတွင် လွတ်လပ်သမားတော် သိမ်းဆည်းထားသည့် ပစ္စည်းဖြစ်သည်။ ရန်ကျောက်ကဲနှင့် လင်ကျိုးတို့ ထိုနေရာသို့ ယနေ့မဝင်ရောက်မီ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိနေသည့် ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် နေပုံသဏ္ဌန်ဆိုသော်လည်း နေသူတော်စင်ဂိုဏ်းနှင့် မည်သို့မှ မပတ်သက်ပေ။
သို့ပေသိ ရန်ကျောက်ကဲသိရှိသည်မှာ နေသူတော်စင်ဂိုဏ်းသည် မဟာကပ်ဘေးကြီးမတိုင်ခင်ကာလက သိုင်းကျမ်းအချို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ထိုသိုင်းကျမ်းများကို အခြေခံကာ သိုင်းပညာရပ်များကို ဆင့်ကဲတီထွင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်း၏ကိုယ်ပိုင်သိုင်းပညာများသည် မဟာကပ်ဘေးမတိုင်ခင်က ဇစ်မြစ်အချို့နှင့် ဆက်စပ်နေသည်မှာ သေချာသည်။
ရန်ကျောက်ကဲက မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း...
“ဒီဟာက ဒဏ္ဍာရီထဲက နေမင်းကျမ်းဂန်အမွေအနှစ်နဲ့ ဆက်စပ်နေနိုင်တယ် ၊ ဒီပစ္စည်းက လွတ်လပ်သမားတော်လက်ထဲ ဘယ်လိုရောက်သွားလဲဆိုတာတော့ ဘယ်သူသိနိုင်မလဲ”
***