← Chapters

အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ပိရမစ်ပုံစံစွမ်းအားစုစည်းမှု

Vol. 18 Ch. 246

အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ပိရမစ်ပုံစံစွမ်းအားစုစည်းမှု

Vol. 18 Ch. 246

သားရဲအရေခွံစာလိပ်ကို လက်ဖြင့်ပွတ်သပ်ကာ ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ထိုပစ္စည်းကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ထို့နောက် များပြားလှစွာသော ဆေးပင်များကို စတင်စစ်ဆေးကြည့်သည်။

ဆေးဖက်ဝင်အပင်များအားလုံးက သက်ကယ်မိုးတဲငယ်အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် လွတ်လပ်သမားတော်’ဟယ်’က စိုက်ပျိုးထားခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ အချို့ဆေးပင်များက ညှိုးနွမ်းသေဆုံးသွားကြသော်လည်း ကျန်ရှိနေဆဲအပင်များအားလုံးကတော့ အဖိုးတန်ဝိညာဉ်ဆေးပင်များဖြစ်ပြီး အစွမ်းထက်သောဆေးဖက်ဝင် အာနိသင်များ ပိုင်ဆိုင်ထားဆဲပင်။

ရန်ကျောက်ကဲကို အပျော်လွန်သွားစေသည့်အချက်မှာ ဤဆေးပင်များထဲမှအများစုက မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သော ဆေးပင်များ ဖြစ်နေခြင်းပင်။

ရန်ကျောက်ကဲ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ လွတ်လပ်သမားတော်နေထိုင်ရာ အခြားကမ္ဘာငယ်မှ အဖိုးတန်ဝိညာဉ်ဆေးပင်များကို ကြည့်ရှုရင်း ရှေ့လျှောက်အလုပ်များစွာလုပ်ရပေဦးမည်ဟု တွေးမိသည်။

မည်သို့ပင်ဖြစ်စေ မူလက “မဖြစ်နိုင်” ဟု တွေးထားသည်များက ယခု လက်တွေ့အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေရှိလာလေပြီ။

သူ အလွန်ပျော်ရွှင်မိသည်ကတော အသေအချာပင်။

ဝိညာဉ်ဆေးပင်များနှင့် ဆေးဝါးအမျိုးမျိုးကို သေသေချာချာ သိမ်းဆည်းပြီးနောက် ရန်ကျောက်ကဲ ပျင်းကြောတစ်ချက်ဆန့်လိုက်သည်။ ယနေ့ သူ အလွန်ပင် စိတ်ကောင်းဝင်လျှက် ရှိသည်။

သို့သော် ရန်ကျောက်ကဲမျက်နှာထက်မှ အပြုံးက တဖြည်းဖြည်းမှိန်ဖျော့သွားပြီး သူ့မျက်နှာက တည်ကြည်လေးနက်သွားသည်။

ထို့နောက် သိမ်းဆည်းထားသည့် အနက်ရောင်သတ္တုအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်၏။ ထိုပစ္စည်းကိုကြည့်ရင်း သူ့အကြည့်များက တဖြည်းဖြည်းနက်ရှိုင်းသွားသည်။

သတ္တုအပိုင်းအစထက်တွင် လူတစ်ယောက်၏ မျက်နှာထက်မှ အရေးအကြောင်းပုံစံများ ထင်ဟပ်နေသည်။

သီးခြားကမ္ဘာငယ်လေးထဲတွင် ရန်ကျောက်ကဲဓားဖြင့်ခုတ်ပိုင်းလိုက်သည့် အနက်ရောင်ဝတ်သိုင်းသမား၏ မျက်နှာဖုံးအပိုင်းအစပင် ဖြစ်၏။

မျက်နှာဖုံးအပိုင်းအစကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ရှုထွေးသွားသည်။ သူတို့ (၂)ယောက်တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများက သူ့စိတ်အာရုံထဲ အဆက်မပြတ်ထွက်ပေါ်လာသည်။

ထိုသူ၏ မျက်နှာတစ်ခြမ်းကို ရုတ်တရက် တွေ့မြင်လိုက်ရစဉ်က ရင်းနှီးနေသည်ဟု ခံစားခဲ့ရသည်။ ယခုတော့ ထိုသူ၏ အသွင်အပြင်သည် ရန်ကျောက်ကဲ၏ မှတ်ဉာဏ်များထဲမှ တစ်စုံတစ်ယောက်နှင့် တူညီနေကြောင်း သတိပြုမိလာသည်။

“ငါ အမှတ်မှားတာဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်”

ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချရင်း မျက်နှာဖုံးသတ္တုအပိုင်းအစကို သိမ်းဆည်းလိုက်သည်။

ထို့နောက် တင်ပျဉ်ခွေထိုင်ရင်း ငြိမ်သက်စွာ ကျင့်ကြံနေပြီး အတန်ကြာမှ မျက်လုံးဖွင့်ကြည့်လိုက်သည်။

ထိုအချိန် အပြင်ဘက်မှ အားဟူ၏အသံ ထွက်ပေါ်လာသည်။

“သခင်လေး... လေလှိုင်းဓားဂိုဏ်းက အကြီးအကဲ’ကျွင်း’ ရောက်လာပါတယ်”

“ဟုတ်လား... အမြန်ဆုံးသူ့ကို ကြိုဆိုရမယ်”

ပြောရင်း ရန်ကျောက်ကဲက မတ်တတ်ထရပ်ကာ တံခါးကိုဖွင့်ပြီး ထွက်ခွာသွားသည်။

ဧည့်ခန်းမဆောင်ထဲတွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ထိုင်နေသည်။ သူ့နောက်တွင်တော့ ကျွင်းလော့နှင့်အတူ လူငယ်အချို့နှင့် မိန်းကလေးငယ်အချို့ မတ်တတ်ရပ်လျှက် ရှိကြသည်။

ရန်ကျောက်ကဲက ဧည့်ခန်းမထဲရောက်သည်နှင့် လူရွယ်ကို ဦးညွှတ်ရင်း နှုတ်ဆက်စကားဆိုသည်။

“ဦးလေး’ကျွင်း’ ၊ ကန္တာဒေသကို ပြန်ရောက်ပြီလား ၊ ကျွန်တော်လည်း အခုပဲ ခရီးတစ်ခုကနေပြန်လာလို့ ဦးလေး ပြန်ရောက်လာတာကို မသိလိုက်ဘူး ၊ မဟုတ်ရင်... ဦးလေးကို သေချာပေါက် လာရောက်တွေ့ဆုံမှာပါ”

ရန်ကျောက်ကဲရှေ့မှလူရွယ်မှာ ကျွင်းလော့၏ ဖခင်ဖြစ်ပြီး ရန်ကျောက်ကဲ၏ဖခင်ဖ ရန်တိနှင့် မိတ်ဆွေများဖြစ်သော လေလှိုင်းဓားဂိုဏ်းမှ “ကျွင်းကျိယွမ်” ၊ အကြီးအကဲ’ကျွင်း’ ပင် ဖြစ်သည်။

အရှေ့ထန်နိုင်ငံဘုရင်ကျောက်ရှီချန်းကဲ့သို့ပင် ကျွင်းကျိယွမ်က ဝါဒတောင်မှ ‘ရန်’ အိမ်တော်နှင့် အတော်လေး ဆက်ဆံရေးကောင်းမွန်သလို ရန်တိနှင့်လည်း နှစ်ရှည်လများ ခင်မင်ခဲ့ကြသည့် မိတ်ဆွေများ ဖြစ်ကြသည်။

ရန်ကျောက်ကဲကို စိတ်ဝင်စားမှု ဖြစ်စေသည်က သူ့ဖခင်၏ မိတ်ဆွေများအားလုံးမှာ ဖခင်ဖြစ်သူထက် အသက်အရွယ် ပိုမိုကြီးရင့်ကြသည်။

ထို့ကြောင့် ရန်ကျောက်ကဲတွင် ဦးလေးများစွာ ရှိသော်လည်း ငယ်ရွယ်သည့်ဦးလေး လုံးဝ မရှိပေ။

ကျွင်းကျိယွမ်က အနည်းငယ် ပြုံးလိုက်ရင်း...

“ငါတို့အိမ်တော်က သမီးငယ်လေးကို ကျောက်ကဲက စောင့်ရှောက်ကယ်တင်ပေးလို့ ကျေးဇူးတင်စကားဆိုဖို့ လာခဲ့တာ ၊ မင်းကြောင့်သာ မဟုတ်ရင်တော့ ကျောက်ကဲရာ... ၊ ငါ သမီးလေးကို ပြန်တွေ့ရမှာ မဟုတ်တော့ဘူး”

ကျွင်းကျိယွမ်နောက်တွင် မတ်တတ်ရပ်နေသည့် ကျွင်းလော့သည် ယခုတော့ ခေါင်းကိုတွင်တွင်ငုံ့လျှက် အလွန်နူးညံ့သိမ်မွေ့ပြီး နာခံမှုအပြည့်ရှိသော သမီးမိန်းကလေးတစ်ယောက်ပမာ ဖြစ်သည်။ သဲကန္တာရထဲတွင် ဆတ်ဆလူးခါ သွက်လက်နေသည့် ကောင်မလေး မဟုတ်တော့ပေ။

ရန်ကျောက်ကဲက...

“ဦလေး’ကျွင်း’ကလည်း... မဟုတ်တာဗျာ ၊ အနက်ရောင်အိပ်မက်ဆိုးတောင်က လူတွေက ကျွန်တော့်ကိုလုပ်ကြံဖို့အတွက် ‘လျန်’အိမ်တော်က လျန်ယင်းဆိုတဲ့ လူငယ်လေးကို အသုံးချခဲ့တာ ၊ ဒီတော့ လော့လော့လည်း ကြားညပ်ပြီး အချောင်ပါသွားတာပေါ့ ၊ ဒီတော့ သူ့ကိုကယ်ဖို့က ကျွန်တော့်မှာ တာဝန်ရှိတယ်လေ”

သူက ဆက်ပြောသည်။

“အခု လော့လော့ ဘာမှမဖြစ်ပေမယ့် ၊ ဒီကိစ္စကိုတွေးမိတိုင်း စိတ်မကောင်းဖြစ်နေရဆဲပဲ”

ရန်ကျောက်ကဲစကားကိုကြားတော့ ကျွင်းကျိယွမ်က ခေါင်းခါယမ်းရင်း...

“အဲဒီကိစ္စမှာ မင်းက  သမီးလေးကို ကယ်ခဲ့တာအပြင်... အရင်ဆုံး အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းထဲမှာ ပိတ်မိနေတဲ့ လော့လော့တို့ (၃)ယောက်လုံးကို မင်းနဲ့ ဝါဒတောင်ကလူတွေ ကယ်တင်ခဲ့ကြတာလေ ၊ မဟုတ်ရင် (၃)ယောက်လုံး အသက်ပျောက်နေလောက်ပြီ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကျွန်တော်တို့ အိမ်တော် (၂)ခု ခင်မင်ရင်းနှီးတာကို ဘေးဖယ်ထားမယ်ဆိုရင်တောင်မှ လေလှိုင်းဓားဂိုဏ်းနဲ့ ကျွန်တော်တို့ ဝါဒတောင်က အကျိုးတူမိတ်ဖက်တွေပါဗျာ ၊ လေလှိုင်းဓားဂိုဏ်းကလူတွေ ဒုက္ခရောက်နေချိန် ကူညီပေးတာ သဘာဝကျပါတယ်”

ရန်ကျောက်ကဲပြောသည့်စကားများက အမှန်ပင် ဖြစ်သော်လည်း ကျွင်းကျိယွမ်က ထိုင်ရာမှထကာ ကျွင်းလော့ကို ရှေ့တိုးလာစေရန် လှမ်းခေါ်ပြီး ရန်ကျောက်ကဲကို အတင်းကျေးဇူးတင်ခိုင်းနေသဖြင့် ရန်ကျောက်ကဲမှာ သူတို့ကို အလျှင်အမြန် တားဆီးရသည်။

သူက ကျွင်းကျိယွမ်နောက်မှ လူငယ်များနှင့် မိန်းကလေးငယ်များကို လှမ်းကြည့်ရင်း...

“သူတို့က ဦးလေး’ကျွင်း’ရဲ့ တပည့်တွေလား”

ကျွင်းကျိယွမ်က...

“အမှန်ပဲ ၊ ငါ ခရီးထွက်တော့ သူတို့ကို အတွေ့အကြုံရအောင်ဆိုပြီး ခေါ်သွားတာ ၊ ဂိုဏ်းကိုတောင် ပြန်မရောက်သေးဘူး လော့လော့သတင်းကြားတာနဲ့ပဲ သူတို့ကိုပါခေါ်ပြီး မင်းဆီတန်းလာခဲ့တာ”

သူ့စကားဆုံးသွားသည်နှင့် ကျွင်းကျိယွမ်နောက်မှ လူငယ်အုပ်စုက ရန်ကျောက်ကဲကို ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

အသက်အရွယ်အရဆိုလျှင် ရန်ကျောက်ကဲနှင့် သူတို့က မျိုးဆက်တူညီကြသည်။ ရန်ကျောက်ကဲက ကျွင်းကျိယွမ်ကို ယခင်မျိုးဆက်တစ်ယောက်ပမာ လေးစားမှုရှိပြီး ကျွင်းလော့ကလည်း ရန်ကျောက်ကဲကို အစ်ကိုကြီးတစ်ယောက်လို သဘောထားသည်။

သို့ပေသိ လူတိုင်းက သူ့ကို အစ်ကိုကြီး’ရန်’ ဟု ခေါ်ကြသည့်တိုင် သူ့ကို ကျွင်းကျိယွမ်နှင် မျိုးဆက်တူညီသူတစ်ယောက်ပမာ လေးစားသမှု ရှိကြလေသည်။

ကျွင်းကျိယွမ်ကိုယ်တိုင်ကလည်း ရန်ကျောက်ကဲအပေါ် လေးစားသမှုဖြစ် ဆက်ဆံသူ ဖြစ်သည်။

ဤသည်က သဘာဝကျသည်ဟု ဆိုနိုင်သည်။

သူတို့ အိမ်တော် (၂)ခုသာ ခင်မင်ရင်းနှီးခြင်း မရှိပါက အကြီးအကဲ’ကျွင်း’ အနေဖြင့် အကြီးအကဲ’ဟုန်’ နှင့် အကြီးအကဲ’ပိုင်’ တို့ကဲ့သို့ပင် ရန်ကျာက်ကဲကို တွေ့ဆုံခွင့်ရရှိရန်ပင် ခဲယင်းပေမည်။

ရန်ကျောက်ကဲက အသက် (၂၀) ဝန်းကျင်ခန့်သာ ရှိသေးသည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး သူတို့အားလုံးကတော့ သိုင်းဆရာသခင်များ ဖြစ်ကြသည်။ သို့တိုင် ဝါဒတောင်သခင်လေး ရန်ကျောက်ကဲကို သူတို့အားလုံး မလေးမစား မပြုဝံ့ကြပေ။

သူ့အရှေ့မှ လူငယ်အုပ်စုကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ ခံစားချက်အချို့ ပေါ်ထွက်လာသည်။

တကယ်တော့ ထိုလူငယ်များအားလုံးက အသက် (၁၆)နှစ် ၊ (၁၇)နှစ်များဖြစ်ကြသည်။ ရန်ကျောက်ကဲက သူတို့ထက် အသက်အနည်းငယ်ကြီးသည့်တိုင် တူညီသည့် ကျင့်ကြံသူမျိုးဆက် ဖြစ်သည်။

သို့ပေသိ ကျင့်ကြံခြင်းအခြေခံအရ ကြည့်မည်ဆိုလျှင် သူတို့အားလုံးက ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သော ဝါဒတောင်မှ တပည့်များနှင့် မိုးမြေပမာ ကွာခြားလွန်းသည်။

လေလှိုင်းဓားဂိုဏ်းဆိုသည်က ပထမအဆင့်စွမ်းအားစုတစ်ခုဖြစ်ပြီး ရှည်လျားသည့်သမိုင်းကြောင်းကိုလည်း ပိုင်ဆိုင်ထားသည်။ အနက်ရောင်အိပ်မက်ဆိုးတောင်က လေနယ်မြေကို အုပ်စိုးစဉ်အချိန်ကပင် လေလှိုင်းဓားဂိုဏ်းက ကန္တာဒေသတွင် ခြေကုပ်ရယူထားပြီးဖြစ်ကာ ယခုအချိန်ထိ သက်တမ်းရှည်ကြာ ရပ်တည်နေခဲ့သည်။

လေလှိုင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ပြီးလျှင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သော အကြီးအကဲ’ကျွင်း’က တပည့်များကို သင်ပြပေးရာတွင် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်သည်။

သမီးဖြစ်သူ လော့လော့အပါအဝင် သူ၏တပည့်များအားလုံးသည် လေလှိုင်းဓားဂိုဏ်း၏ လူငယ်မျိုးဆက်များ ဖြစ်ကြပြီး ကန္တာဒေသတစ်ခုလုံးရှိ ပထမအဆင့်စွမ်းအားစုများ၏ လူငယ်မျိုးဆက်များထဲတွင် အထူးချွန်ဆုံးသူများ ဖြစ်ကြသည်။

သို့ပေသိ ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းတို့ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ သက်တူရွယ်တူ တပည့်များနှင့် နှိုင်းယှဉ်မည်ဆိုပါက သိုင်းစွမ်းရည်က သိသိသာသာ နိမ့်ကျလွန်းသည်။

လေလှိုင်းဓားဂိုဏ်းမှ အတော်ဆုံးဆိုသည့် တပည့်များသည်ပင် ဝါဒတောင်မှ သက်တူရွယ်တူတပည့်များနှင့်ယှဉ်လျှင် အရည်အချင်း လုံးဝ ပျောက်ကွယ်သွားကြရသည်။ ဝါဒတောင်မှ မျိုးဆက်တူတပည့်များ၏ အောက်ဆုံးအဆင့်တပည့်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်ရန်ပင် သူတို့အတွက် အတော်လေး ခက်ခဲကြသည်။

ဟုတ်ပေ၏။ ဝါဒတောင်ကလည်း သူတို့အုပ်ချုပ်သည့် နယ်မြေဒေသအသီးသီးမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များကို လက်ဝါးကြီးအုပ် ခေါ်ယူသွားစမြဲဖြစ်သည်။ ဝါဒတောင် သြဇာဖြန့်ကျက်ထားသည့် ကန္တာဒေသတွင် အလားအလာအကောင်းဆုံး ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်နှင့် ဝါဒတောင်က ပထမဦးစားပေးအနေဖြင့် ခေါ်ယူသွားမည် ဖြစ်သည်။

လေလှိုင်းဓားဂိုဏ်းကဲ့သို့သော စွမ်းအားစုများကတော့ ထိပ်သီးသိုင်းဂိုဏ်းကြီးများ မရွေးချယ်ဘဲ ချန်ထားခဲ့သည့်သူများမှ အရည်အချင်းရှိသူများကို ထပ်မံရွေးချယ်ကာ တပည့်အဖြစ် လက်ခံကြရသည်။

ဝါဒတောင်နှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများက ပါရမီရှင်များအားလုံးကို ပိုက်ကွန်ဖြင့် ထောင်ဖမ်းလေ့ရှိကြသည်။ လူအများကလည်း စွမ်းအားကြီးမားသည့် နေရာများသို့သာ သွားရောက်လိုကြသည်။ သို့ဖြစ်ရာ ငါးများက ရေဆန်သို့ကူးခတ်ကာ ပိုက်ကွန်ထဲဝင်တိုးကြပြီး စွမ်းအားနည်းပါးသည့် အနိမ့်ပိုင်းစွမ်းအားစုများတွင်တော့ ရေများသာ ကျန်ရစ်ခဲ့သည်။ မည်သည့်ပါရမီရှင်မဆို ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများဆီသို့သာ သွားရောက်ချင်ကြသည်မှာ သဘာဝပင်။

ကြီးမြတ်လှသည့် ဝါဒတောင်၏အမည်နာမကို မသိရလောက်အောင် ဗဟုသုတနည်းပါးသည့် ပါရမီရှင်တစ်ယောက် ရှိနေမည်ဆိုပါက လေလှိုင်းဓားသိုင်းကဲ့သို့ ပထမအဆင့်စွမ်းအားစုတစ်ခုက ရတနာတစ်ပါးတွေ့သည့်အလား ဝမ်းသာအားရ တပည့်အဖြစ် ခေါ်ယူမည်မှာ အသေအချာပင်။

အလွန်တရာ သဘောဝကျစွာပင် စွမ်းအားအမြင့်မားဆုံးနေရာတွင် အစပြုပြီး စွမ်းအားအနည်းဆုံးနေရာတွင် အဆုံးသတ်မည် ဖြစ်သည်။ ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများက အရင်ဆုံး ပါရမီရှင်များကို ရွေးချယ်ခေါ်ယူသွားပြီးမှ ပထမအဆင့်စွမ်းအားစုဖြစ်သော လေလှိုင်းဓားဂိုဏ်း ၊ ဒုတိယအဆင့်စွမ်းအားစုဖြစ်သော ‘လျန်’အိမ်တော်ခံတပ်နှင့် လေဝါတောင်အိမ်တော်တို့က ကျန်ရှိသူများကို အစဉ်လိုက် ရွေးချယ်ခေါ်ယူခွင့်ရှိကြသည်။

ဤသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့် လက်ရှိသိုင်းကျင့်ကြံသူလောက၏ ပိရမစ်ပုံစံ စွမ်းအားစုစည်းမှုပင် ဖြစ်လေတော့၏။

***

All Chapters