ကောင်းကင်ချိတ်ဆက်အဆင့်သို့တက်ရောက်ခြင်း
Vol. 18 Ch. 247
ဒုတိယအဆင့်စွမ်းအားစုတွင် မွေးဖွားလာကြသည့် လျန်ချန်နှင့် လျန်ယင်းတို့ဆိုလျှင် လေလှိုင်းဓားဂိုဏ်း၏အကြီးအကဲဖြစ်သော ‘ကျွင်းကျိယွမ်’ ၏ တပည့်များထက်ပင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးကြသည်။
ဝါဒတောင်က သူတို့ကို တပည့်အဖြစ်လက်ခံရန်ဆိုသည်မှာ အိပ်မက်ပင်မမက်ရဲကြသည့် ကိစ္စမျိုးဖြစ်သည်။ ဝါဒတောင်ကို မဆိုနှင့် လှိုင်းလေဓားဂိုဏ်းသည်ပင် သူတို့ကို တပည့်အဖြစ် ရွေးချယ်မည် မဟုတ်ပေ။
“လျန်” အိမ်တော်ကတော့ လူငယ်မျိုးဆက်များကြားတွင် ထိုက်တန်သည့် ဆက်ခံသူကို ရှာတွေ့နိုင်ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် ထိုက်တန်သည့်ဆက်ခံသူထက် ပထမအဆင့်စွမ်းအားစုများနှင့် ချိတ်ဆက်နိုင်မည့် အရည်အချင်းရှိသူများထွက်ပေါ်လာရန် ပိုပြီးမျှော်လင့်သည်ကတော့ အမှန်ပင်။
ထို့ကြောင့် ဒေသတွင်း စွမ်းအားစုများထံ ဝင်ရောက်ရန် ကြိုးစားလိုပါက နောက်ကွယ်မှ လှည့်စားမှုများကိုသာ အသုံးပြုပြီး ဝင်ရောက်ရန် စိတ်ကူးနိုင်ပေမည်။
သို့ပေမဲ့ ဤသည်ကလည်း အခြေအနေအရသာ မျှော်လင့်ချက်ချက်ရှိနိုင်သည့်ကိစ္စ ဖြစ်သည်။ အရှေ့ထန်နိုင်ငံနှင့် သွေးနီသက်တံ့ဂိုဏ်းများကဲ့သို့ ပထမအဆင့်စွမ်းအားစုများကလည်း ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများသို့ ပို့ဆောင်ရန် ထက်မြက်သည့် ပါရမီရှင်မျိုးဆက်များကို အမြဲတမ်း မျှော်လင့်နေကြသည်ပဲ မဟုတ်ပါလား။
လက်ရှိတွင်တော့ လေလှိုင်းဓားဂိုဏ်းချုပ်၏ မြေးဖြစ်သူက ဝါဒတောင်မှ တပည့်တစ်ယောက်ဖြစ်သည်။ ထိုလူငယ်က ရန်ကျောက်ကဲနှင့်လည်း မကြာခဏတွေ့ဆုံဖူးပြီး အကြီးအကဲ’ကျွင်း’ သူ့ကိုစောင့်ရှောက်ပေးပါရန် တောင်းဆိုထားသည်။
ဤစနစ်က လက်အောက်ခံအဖွဲ့အစည်းများအပေါ် ထိန်းချုပ်နိုင်စွမ်း အားကောင်းစေသောကြောင့် ဝါဒတောင်အတွက်တော့ အကျိုးရှိသည်။
ဝါဒတောင်သာမက နေသူတော်စင်ဂိုဏ်း ၊ အဆုံးမဲ့တောင်တန်းနှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများအားလုံးက ဤစနစ်ကို ကျင့်သုံးကြသည်ပင်။
ထိပ်သီးသိုင်းဂိုဏ်းကြီးများအောက်တွင် လေလှိုင်းဓားဂိုဏ်းကဲ့သို့ ပထမအဆင့် စွမ်းအားစုများ တည်ရှိသည်။ ‘လျန်’ အိမ်တော်ခံတပ်နှင့် လေဝါတောင်အိမ်တော်များကဲ့သို့ ဒုတိယအဆင့်စွမ်းအားစုများကတော့ ပထမအဆင့်စွမ်းအားစုများလက်အောက်မှ အားနည်းသည့်သိုင်းဂိုဏ်းများပင် ဖြစ်သည်။
အတွေအကြုံအရဆိုရသော် အားနည်းလေ ဖိအားများစွာခံရလေဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စွမ်းအားကို အဓိကထားသည့် ဓလေ့ယဉ်ကျေးမှု ထွန်းကားသည်။ အောက်ပိုင်းအဆင့်ကို ကြည့်မည်ဆိုလျှင် ဒေသတွင်းသိုင်းဂိုဏ်းများ ၊ အိမ်တော်ငယ်များက နွားတစ်ကောင်၏ခန္ဓာကိုယ်ထက်မှအမွှေးများကဲ့သို့ များပြားလှသည်။
ဒုတိယအဆင့်စွမ်းအားစုများနှင့် အောက်ပိုင်းစွမ်းအားစုများမှ မွေးဖွားလာကြသော သိုင်းကျင့်ကြံသူများသည် လောကအလယ်မျက်နှာမရှိသူများ ဖြစ်လာမည်ကို စိုးရိမ်ပူပန်ကြပြီး ပိုမိုကြီးမားသော စွမ်းအားစုများရှိရာသို့ ဆက်တိုက်တက်လှမ်းကြရသည်။
သိုင်းလေ့ကျင့်ခြင်းဆိုသည်ကလည်း အစွန်းရောက်ရှစ်ပါးကမ္ဘ၏ လူနေမှုဘဝပုံစံတစ်ခု ဖြစ်သည်။ သိုင်းတာအိုကို စိတ်ဝင်စား ၊ ဝါသနာပါသောကြောင့် စူးစမ်းလေ့လာခြင်းထက် မိမိကိုယ်ကိုကာကွယ်ရန် သိုင်းပညာသင်ယူကြခြင်း ဖြစ်သည်။ ထို့ပြင် သိုင်းပညာလေ့ကျင့်ထားမှသာ အသက်မွေးဝမ်းကျောင်းပြုရတွင်လည်း လွယ်ကူမည် ဖြစ်၏။
ရန်ကျောက်ကဲက...
“ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲအကြောင်း ဦးလေး သတင်းကြားတယ် မဟုတ်လား”
သူက ဆက်ပြောသည်။
“ငရဲကိုးထပ်ကနတ်ဆိုးတွေနဲ့ မီးတောက်မိစ္ဆာတွေက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ရန်သူတွေပါ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ကျင့်ကြံသူတွေက ငရဲကိုးထပ်ကို ကျွန်တော်တို့ ကမ္ဘာဆီကို ခေါ်သွင်းဖို့ တွန်းအားပေးချင်နေကြတယ် ၊ ဒီတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာက လူတွေအကုန်လုံးက အဲဒီရန်ကို ကာကွယ်ကြရမယ်”
ကျွင်းကျိယွမ် ခေါင်းညိတ်လိုက်သည်။
“ဒါက သဘာဝပါပဲ ၊ ကြည်လင်လျှို့ဝှက်ရေကန်အကြောင်း သတင်းကြားပြီးတဲ့နောက် ငါတို့ဂိုဏ်းထဲကို ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျှိုတွေ စိမ့်မဝင်နိုင်အောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့တယ်”
ရန်ကျောက်ကဲက...
“ဦးလေးရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျောက်ကဲက ကျေးဇူးတင်ပါတယ် ၊ ဒီတစ်ခါလည်း ကျွန်တော် ဦးလေး’ကျွင်း’ကိုပဲ ဒုက္ခပေးရဦးမယ်”
“မိစ္ဆာစိတ်” ဆိုသည်က လူတစ်ယောက်၏ အဆိုးမြင်ခံစားချက်များ ၊ အထူးသဖြင့် မကောင်းသောအတွေးများ ၊ စိတ်ဆန္ဒများနှင့် စွဲလန်းမှုများကို ပိုမိုများပြားလာစေရန် အထောက်အကူပြုသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်း၏ အင်အားကြီးမားသောအနေအထားကို မကျေနပ်သော တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းကဲ့သို့ တစ်ကိုယ်တော်သိုင်းသမားများက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ပူးပေါင်းရန် အလားအလာများသည်။
ထိုသူများက...
“ထိပ်သီးသိုင်းဂိုဏ်းကြီးများမပျက်ဆီးသရွေ့ သူတို့ကြီးပွားတိုးတက်ခြင်းမရှိနိုင်” ဟု ခံယူထားကြပြီး မိုးမြေတစ်ခုလုံးကို ပြောင်းပြန်လှန် ပြောင်းလဲပစ်ချင်ကြသည်။
အမှန်တော့ တိကျသောအမြင်ဖြင့်ကြည့်လျှင် ထိပ်သီးသိုင်းဂိုဏ်းကြီးများ ၊ ပထမအဆင့်စွမ်းအားစုများနှင့် ဒုတိယအဆင့်စွမ်းအားစုများအားလုံး ထိုပြဿနာကို ခံစားကြရသည်ပင်။
အဆင့်နိမ့်အင်အားစုများအားလုံးက လက်ရှိထိပ်သီးသိုင်းဂိုဏ်းများနေရာကို ရယူလိုကြသည်။ သူတို့၏သိုင်းဂိုဏ်းများကို အသစ်သောထိပ်သီးသိုင်းဂိုဏ်းတစ်ခုအဖြစ်ပြောင်းလဲချင်ပြီး အကြွင်းမဲ့အာဏာနှင့် အမြင့်မားဆုံးအဆင့်အတန်းကို လိုချင်ကြသည်။
အဆင့်နိမ့်အင်အားစုများ၏ ထိုသို့သော အတွေးခေါ်များ ၊ အစီအစဉ်များနှင့် အလျှော့မပေးခြင်းများက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအတွက် လမ်းကြောင်းများ ဖြစ်လာသည်။
ဟုတ်ပေ၏။ ဤသို့သောအတွေးအခေါ်ရှိသူတိုင်း ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ပူးပေါင်းခြင်းမရှိသလို မိစ္ဆာစိတ်ဖုံးလွှမ်းသွားခြင်းလည်း မရှိပေ။
မိစ္ဆာစိတ်ဖုံးလွှမ်းခြင်းနှင့် ငရဲကိုးထပ်နှင့် ပူးပေါင်းခြင်းဆိုသည်က လူတစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းအား ၊ ခံယူချက်နှင့် ဉာဏ်ရည်ဉာဏ်သွေးအပေါ် မူတည်သည်။
သို့သော် ပထမအဆင့်နှင့် ဒုတိယအဆင့် စွမ်းအားစုအချို့သည် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ လွှမ်းမိုးမှုကို တောင့်မခံနိုင်ဘဲ မိစ္ဆာစိတ်များ လွှမ်းမိုးခဲ့ကြသည်ကိုတော့ ငြင်းမရနိုင်ပေ။
ပထမအဆင့်စွမ်းအားစုများနှင့် ဒုတိယအဆင့်စွမ်အားစု အများစုက သူတို့၏မကျေနပ်မှုများကို ဖုံးကွယ်ထားကြပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ဆန့်ကျင်ခဲ့ကြသည်။
သိုင်းကျင့်ကြံသူများသည် သာမန်လူများထက် မာနကြီးပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားသူများ ဖြစ်ကြသည်။ အရှက်ကင်းမဲ့ပြီး သူရဲဘောကြောင်သော လျိုရှန်းဖုန်းလို သိုင်းသမားမျိုးက လူနည်းစုသာ ဖြစ်သည်။
အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ကြသော သိုင်းကျင့်ကြံသူများအတွက် သာန်အလယ်အလတ်အဆင့်တွင်နေထိုင်ရန် ဆန္ဒမရှိသည်ကတော့ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် အချို့သူများက ထိပ်သီးသိုင်းဂိုဏ်းကြီးများကို ယှဉ်ပြိုင်ရန် အခြားသောစွမ်းအားစုများနှင့် ရတနာပစ္စည်းများကို ရှာဖွေကြသည်။
သူတို့ကိုယ်ပိုင်စွမ်းရည်ဖြင့် ရင်ဆိုင်ရန်ခက်ခဲသည့်အခါ ပြင်ပစွမ်းအားစုများကို ရှာဖွေကြသည်။
ထိုအချက်ကို အပြည့်အဝ နားလည်နိုင်သော်ငြား သူတို့ရှာဖွေသည့် ပြင်ပစွမ်းအားစုကို သေသေချာချာ လေ့လာစစ်ဆေးရမည် ဖြစ်သည်။
ငရဲကိုးထပ် ၊ သို့မဟုတ် မီးတောက်မိစ္ဆာများကဲ့သို့သော ပြင်ပစွမ်းအားများနှင့် ပူးပေါင်းမည်ဆိုပါက သေချာပေါက် တားမြစ်ရမည် ဖြစ်သည်။
ကျင့်ကြံသူအများစုက ထိပ်သီးသိုင်းဂိုဏ်းကြီးများကို မကျေနပ်ကြသော်လည်း ငရဲကိုးထပ်နှင့် မီးတောက်မိစ္ဆာများကိုတော့ လက်မခံကြပေ။
ထို ပြင်ပစွမ်းအားစုများက အခြားကမ္ဘာမှစွမ်းအားစုများဖြစ်ပြီး လူသားများ၏ အသားကိုမြို ၊ အသွေးကိုသောက်သုံးကာ လူသားမျိုးနွယ်တစ်ခုလုံးကို အပြတ်ရှင်းပစ်မည့်သူများ ဖြစ်ကြသည်။ အထူးသဖြင့် ငရဲကိုးထပ်မှ နတ်ဆိုးများက လူသားမျိုးနွယ်များကို လမ်းလွဲသွားအောင် သွေးဆောင်နိုင်ကြလေရာ ကမ္ဘာရန်အဖြစ် တွန်းလှံရန် ကျင့်ကြံသူတိုင်းက သစ္စာဆိုထားကြသည်။ ထိုသူများနှင့်ပူးပေါင်းရန် ကျင့်ကြံသူအများစုက ငြင်းဆိုကြမည်သာပင်။
သို့ရာတွင် နတ်ဆိုးများ၏သွေးဆောင်မှုကို ခံရသူများက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ အဖွဲ့ဝင်များ ဖြစ်လာကြသည်။
ကြမ်းတမ်းသွေးဆာသည့် မီးတောက်မိစ္ဆာများနှင့်ယှဉ်လျှင် ငရဲကိုးထပ်မှ မိစ္ဆာနတ်ဆိုးများက ပိုပြီးလှည့်စားတတ်ကြသည်။
ရန်ကျောက်ကဲနှင့် အကြီးအကဲ’ကျွင်း’တို့က ထိုအကြောင်းအရာများကို ပြောဆိုဆွေးနွေးနေကြသည်။
အနက်ရောင်အိပ်မက်ဆိုးတောင်တန်းမှ အကြွင်းအကျန်အချို့က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့ပြီး လေနယ်မြေတွင်ကျက်စားနေသည်ကို သိရသည့်အခါ မိုးကုတ်စက်ဝိုင်းဆီတွင် မုန်တိုင်းအငွေ့အသက်များ ရှိနေပြီဖြစ်ကြောင်း အားလုံး ခံစားကြရသည်။
“ဦးလေး’ကျွင်း’က တကယ်ပဲ ဂိုဏ်းချုပ်နေရာ မယူတော့ဘူးလား”
အကြီးအကဲ’ကျွင်း’ မပြန်ခင် ရန်ကျောက်ကဲက တည်ငြိမ်အေးဆေးသည့်အမူအရာဖြင့် မေးမြန်းသည်။
“အခု အခြေအနေက အတော်လေး ရှုတ်ထွေးနေတယ် ၊ မုန်တိုင်းထန်တော့မယ့်အရိပ်အယောင်တွေလည်း ပြနေတယ် ၊ ဆိုတော့... စွမ်းအားမြင့်မားတဲ့ခေါင်းဆောင်တစ်ယောက်ကသာ လေလှိုင်းဓားဂိုဏ်းကိုကာကွယ်နိုင်လိမ့်မယ်”
ထိုစကားကိုကြားတော့ ကျွင်းကျိယွမ် လေးလေးနက်နက်တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူက ဂိုဏ်းချုပ်ရာထူးအတွက် အာဏာလွန်ဆွဲပွဲတွင် ပါဝင်ရန်ဆန္ဒမရှိသော်လည်း လေလှိုင်းဓားဂိုဏ်းကိုတော့ အတော်လေး ချစ်ခင်ပြီး စိုးရိမ်ပူပန်လေသည်။
ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း ကျွင်းကျိယွမ်ထွက်ခွာသွားသည်ကို ငေးကြည့်ကျန်ရစ်ခဲ့သည်။ သူပြောလိုက်သည့်စကားကြောင့် ကျွင်းကျိယွမ်က သူ၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး လေလှိုင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ရယူမည်ဆိုလျှင် ရန်ကျောက်ကဲ စိတ်အေးရပေမည်။
ကျန်းကျိယွမ်သာ လေလှိုင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်မလာလျှင် ရန်ကျောက်ကဲ အမှန်တကယ်ပင် စိတ်ပူပန်ရမည် ဖြစ်သည်။
ကျွင်းကျိယွမ်စိတ်ပြောင်းသွားလျှင် အကြီးအကဲ’ဟုန်’နှင့် အကြီးအကဲ’ပိုင်’ တို့အတွက် စိုးရိမ်စရာဖြစ်လာသည့်တိုင် ရန်ကျောက်ကဲကတော့ စိတ်အနှောက်အယှက်ဖြစ်မည် မဟုတ်ပေ။
တကယ်တော့ ရန်ကျောက်ကဲက အကြီးအကဲ’ကျွင်း’ တစ်ယောက်တည်းကိုသာ တွေ့ဆုံခဲ့ပြီး အခြားသူများကို တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်သာပင်။
ထို့နောက်တွင်တော့ ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် ဝါဒတောင်မှ သိုင်းသမားများအားလုံး ပုံမှန်အတိုင်းပင် အေးအေးဆေးဆေး နေထိုင်နေကြသည်။ တကယ်တမ်းတွင်တော့ သူတို့အားလုံး သဲကန္တာရပြိုကျမည့်အခြေအနေအတွက် တိုက်ခတ်လာသည့် လေပြင်းနှင့် မြက်ပင်တစ်ပင်၏ လှုပ်ရှားမှုကိုပင် အနီးကပ်စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
အကြီးအကဲ’ကျွင်း’ လာရောက်လည်ပတ်ပြီးနောက်ပိုင်း ရန်ကျောက်ကဲက တံခါးပိတ်ကျင့်ကြံခြင်း စတင်ခဲ့သည်။
ယခုတစ်ကြိမ် တံခါးပိတ်ကျင့်ကြံရသည့် ရည်ရွယ်ချက်မှာ ရှန်ထျန်းအဆင့်မှ ကောင်းကင်ချိတ်ဆက်အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်း အနုစိတ်အဆင့် ၊ ကောင်းကင်ချိတ်ဆက်အဆင့် ၊ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်။
ဤအဆင့် (၃)ဆင့်လုံးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၊ သိုင်းပညာရှင်အဆင့်နှင့် သိုင်းဆရာသခင်အဆင့်ဆို၏ အထွတ်ထိပ်အဆင့်များဖြစ်ကြသည်။
ထိုအဆင့်များက ကျင့်ကြံခြင်းအဆင့်တိုင်း၏ နယ်နိမိတ်များ ဖြစ်သည်။ မတူညီသည့် ကျင့်ကြံခြင်းအဆင့်များ၏ ပင်လယ်ကွေ့များပမာ ဖြစ်လေရာ ထိုအဆင့်များကို ကျော်ဖြတ်ရန်အတွက် သိုင်းသမားအများစုက ကြီးမားသည့် ပြင်ဆင်မှုများကို ပြုလုပ်ကြရသည်။
ရန်ကျောက်ကဲက ယခု ပထမဆုံးတောင်ထွတ်သို့ တက်လှမ်းရတော့မည်ဖြစ်ပြီး ပိုမိုခမ်းနားသည့် ရှုခင်းများကို တွေ့ကြုံခံစားနိုင်ပြီ ဖြစ်သည်။
အချိန်က ရေပမာစီးဆင်းသွားပြီး ရန်ကျောက်ကဲကတော့ ပြင်ပလော၏ ဆူညံမှုများနှင့် ကင်းဝေးစွာ တစ်ယောက်တည်း အခန်းထဲတွင် ကျင့်ကြံနေခဲ့သည်။
တစ်ညတွင်တော့...
ရန်ကျောက်ကဲမျက်ဝန်းများက ခါတိုင်းလိုပင် မှေးမှိတ်ထားစဉ် သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်က ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်အဖြစ်သို့ ခိုင်မာလာသည်။
ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ မှောင်မဲတိတ်ဆိတ်နေသည့်အခန်းက နေ့ခင်းဘက်ပမာ ရုတ်တရက် လင်းလက်သွားသည်။
ရန်ကျောက်ကဲ ကောင်းကင်ချိတ်ဆက်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ ခပ်ဖျော့ဖျော့တစ်ချက်ပြုံးရင်း ထိုင်ရာမှထကာ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
တိုက်ဆိုင်စွာပင် အားဟူက ခြံဝန်းထဲဝင်လာသည်နှင့် ဆုံလေသည်။ သူက ရန်ကျောက်ကဲကိုကြည့်ရင်း ခဏမျှ အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
“သခင်လေးရေ... တကယ့်ကို နှစ်ခါပျော်ရတာပဲဗျို့”
***