နှစ်ခါပျော်ရ
Vol. 18 Ch. 248
ရန်ကျောက်ကဲက သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်ကို ဖုံးကွယ်ထားလေ့ မရှိပေ။
ထို့ကြောင့် တစ်ချက်ကြည့်ရုံမျှဖြင့် မိုးမြေကိုဆက်သွယ်ထားသော ဝိညာဉ်စွမ်းအားအလင်းရောင်သည် ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း အားဟူ ရိပ်မိလိုက်သည်။ ရန်ကျောက်ကဲသည် သိုင်းပညာရှင်အဆင့်၏ နောက်ဆုံးအဆင့် ၊ အဆင့် (၁၀)ဖြစ်သော ကောင်းကင်ချိတ်ဆက်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
“နှစ်ခါပျော်ရမယ်... ဟုတ်လား”
တစ်ခုက သူ ကောင်းကင်ချိတ်ဆက်အဆင့်သို့ တက်လှမ်းသွားသည့်အတွက် ပျော်ရမည်ဟု ရည်ညွှန်းကြောင်း သိရှိသော်လည်း ကျန်တစ်ခုက ဘာမှန်းမသိသဖြင့် ရန်ကျောက်ကဲ အားဟူကို လှမ်းကြည့်လိုက်သည်။
အားဟူက ဝမ်းသာအားရရယ်မောရင်း...
“တောင်ပေါ်က သတင်းပို့လာတယ် ၊ သခင်လေးရှာဖွေတွေ့ရှိခဲ့တဲ့ ကောင်းကင်ပြောင်းပြန်ဆေးလုံးဖော်ဆပ်နည်းအတိုင်း အိမ်တော်သခင်က အောင်မြင်စွာ ဆေးဖော်ဆပ်ပြီးသွားပါပြီတဲ့”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက အံ့အားသင့်စွာဖြင့်...
“ဟာ... မြန်လိုက်တာ...”
ကောင်းကင်ပြောင်းပြန်ဆေးလုံးကို ဖော်ဆပ်ရန် အတော်လေး ခက်ခဲသည်။ မီးပြင်းဖိုထဲတွင် ဆေးလုံးဖော်ဆပ်ရန် ပါဝင်ပစ္စည်းများကို ကိုးကြိမ်တိတိသန့်စင်ပြီးမှ ဆေးလုံးကို ရရှိမည်ဖြစ်ပြီး တစ်ကြိမ်သန့်စင်ရန် အတော်လေးအချိန်ယူရသည်။
သေးငယ်သည့်အမှားလေးတစ်ခုက ဆေးလုံးအာနိသင်ကို ထိခိုက်ပျက်ဆီးသွားနိုင်လေရာ တစ်ခါမှားရုံဖြင့် အရာအားလုံး အစမှ ပြန်လည်လုပ်ဆောင်ရပေမည်။
ရန်ကျောက်ကဲက ရန်တိ၏ ကျင့်ကြံခြင်းအဆင့်နှင့် အဂ္ဂိရတ်ပညာများကို ကောင်းစွာယုံကြည်မှုရှိသည့်တိုင် ဒီ့ထက်တော့ အချိန်ကြာနိုင်သည်ဟု တွေးထားခဲ့သည်။
ယခုတော့ သူမျှော်လင့်ထားသည်ထက် စောလျှင်စွာ သတင်းကောင်းက ရောက်ရှိလာသည်။
ရန်ကျောက်ကဲက ဆေးလုံးဖော်ဆပ်ရန် ကုန်လွန်သည့်အချိန်ကို တိတ်တဆိတ်တွက်ချက်ပြီးနောက် ရယ်မောလိုက်ရင်း....
“အရမ်းကောင်းတယ် ၊ အဖေက တစ်ခါတည်းနဲ့ အောင်မြင်သွားတာပဲ”
အားဟူက ရိုးရှင်းစွာပင် ရယ်မောရင်း...
“ကျွန်တော်လည်း မယုံနိုင်ဘူးဖြစ်နေတာ ၊ ဒါပေမဲ့ အိမ်တော်သခင်က သခင်လေး စိတ်တစ်ဝက်အေးလို့ရပြီဆိုပြီး သတင်းကောင်းကို တကယ်ပေးပို့ခဲ့တာပါ”
ရန်ကျောက်ကဲ မှောင်မိုက်သည့် ညကောင်းကင်ယံကို မော့ကြည့်ရင်း ပျော်ရွှင်စွာ တစ်ချက်ညည်းညူလိုက်သည်။
“ဟုတ်တယ်... ငါ စိတ်တစ်ဝက်တော့ အေးနိုင်ပြီ”
ကောင်းကင်ပြောင်းပြန်ဆေးလုံးကို အောင်မြင်စွာ ဖော်ဆပ်နိုင်ခဲ့သဖြင့် ရန်ကျောက်ကဲ၏ ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းကို နှစ်ပေါင်းများစွာ ထိခိုက်စေခဲ့သော ဒဏ်ရာဟောင်း (၉၀) ရာနှုန်း ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ထားသည်။
ဒဏ်ရာပျောက်ကင်းသွားသည်နှင့် ယွမ်ကျန်းဖုန်း၏ ခိုင်မာသော ကျင့်ကြံခြင်းအခြေခံ ၊ ထူးချွန်ထက်မြက်သော အရည်အချင်းများ ပေါင်းစပ်လိုက်လျှင် အချိန်ကြာမြင့်စွာ မတက်လှမ်းနိုင်ခဲ့သည့် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ “သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်” ကို ဖြတ်ကျော်ပြီး သူတော်စင်နယ်ပယ်သို့ဝင်ရောက်ကာသိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိမည်မှာ အမှန်တကယ်ပင် သေချာသည်။
ယွမ်ကျန်းဖုန်းသည် ထိုနေ့သို့ ရောက်ရှိလာရန် နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သည်ပင်။
ယွမ်ကျန်းဖုန်း၏ စွမ်းအား ၊ အရည်အချင်းများက ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်ပြီး ဒဏ်ရာကြောင့်သာမဟုတ်ပါက သိုင်းသူတော်စင်အဆင့်သို့ စောစီးစွာ ရောက်ရှိနေမည် ဖြစ်သည်။
ယွမ်ကျန်းဖုန်းသာ သူတော်စင်အဆင့်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါက အစကပင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော “ကြယ်တာရာသန့်စင်ချီဝတ်ရုံ”ကို ပိုင်ဆိုင်ထားသည့် ဝါဒတောင်အနေဖြင့် ကြီးမားပြည့်စုံသည့်စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းမှ အရှေ့အရပ်မှထွက်သောနေ “ဟွမ်ကွမ်လီ” သည်လည်း သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်နိုင်မည်ဆိုပါက နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ဂိုဏ်း၏စွမ်းအားက မျှခြေဖြစ်သွားပေလိမ့်မည်။ ဝါဒတောင်အတွက် ဖိအားများရှိနေသေးသည့်တိုင် အခြေအနေက ယခင်ကလောက် ဆိုးရွားတော့မည် မဟုတ်ပေ။
ရန်ကျောက်ကဲက အဆုံးမဲ့တောင်တန်းကို ဝါဒတောင်နှင့် မဟာမိတ်ပြုနိုင်ခဲ့ခြင်းကြောင့် အခြေအနေက လွန်ခဲ့သည့်နှစ်များထက် ပိုမိုကောင်းမွန်လာသည်မှာ အမှန်ပင်။
ရန်ကျောက်ကဲအတွက် တစ်ဝက်သာစိတ်အေးနိုင်ခြင်းမှာ အနာဂတ်တွင် ပြောင်းလဲနိုင်သည့်အလားအလာများနှင့် အခြေအနေတင်းမာမှုများ ရှိနေသောကြောင့် ဖြစ်သည်။
ကောင်းကင်ပြောင်းပြန်ဆေးလုံးအကူအညီဖြင့် ယွမ်ကျန်းဖုန်း၏ဒဏ်ရာဟောင်း ပြန်လည်ကောင်းမွန်လာမည်ဆိုပါက သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ရန် ကျင့်ကြံခြင်းတစ်ဆို့နေခြင်းကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ သို့သော် သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိရန် အချိန်အနည်းငယ်ပေးကာ လုပ်ငန်းစဉ်တစ်ခု ပြုလုပ်ရပေဦးမည်။
ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံချိန်က ဝါဒတောင်အတွက် ကြီးမားသည့်စမ်းသပ်မှုကြီးတစ်ခု ဖြစ်သည်။
အခြေအနေ ထူးထူးခြားခြားပြောင်းလဲခြင်းမရှိသရွေ့ အဆင်ပြေသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ဝါဒတောင်က ယာယီအားဖြင့် ခံစစ်ကို အပြည့်အဝအာရုံစိုက်ကာ အဓိကဦးစားပေး လုပ်ဆောင်ရပေမည်။
သို့သော် ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံနေစဉ် နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည်ဆိုပါက ဝါဒတောင်အတွက် အတော်လေးအကျိုးယုတ်မည့် အနေအထား ဖြစ်သည်။
အထူးသဖြင့် ဟွမ်ကွမ်လီက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရုံသာမက နောက်ထပ်ခြေတစ်လှမ်း အဆင့်တက်သွားမည်ဆိုလျှင် ဝါဒတောင်အတွက် အခြေအနေမည်မျှဆိုးရွားမည်ဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ပေ။
ဤအချိန်အတောအတွင်းမှာတော့ အခွင့်အရေးများနှင့်အတူ စွန်းစားမှုများစွာ ရှိနေမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်ပြောင်းပြန်ဆေးလုံးကို အောင်မြင်စွာဖော်ဆပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ဝါဒတောင်နှင့် ယွမ်ကျန်းဖုန်းအတွက် အောင်မြင်ရန် အခွင့်အရေးပိုမိုများပြားသည်။
စဉ်းစားရင်း ရန်ကျောက်ကဲက ဖခင်ဖြစ်သူထံ စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။
ရန်တိက ကောင်းကင်ပြောင်းပြန်ဆေးလုံးကို အမှားမရှိ တစ်ကြိမ်တည်းဖြင့် အောင်မြင်စွာဖော်ဆပ်နိုင်ခဲ့သဖြင့် များစွာအချိန်ကုန်သက်သာသွားခဲ့သည်။ ထို့ကြောင့် ယွမ်ကျန်းဖုန်းအနေဖြင့် ကျင့်ကြံခြင်းအဆင့်မတက်မိ ပြင်ဆင်ချိန် ပိုမိုရရှိမည် ဖြစ်သည်။
အချိန်ကုန်သက်သာခြင်းက ဆေးလုံးဖော်ဆပ်အောင်မြင်ခြင်းအတွက်သာမဟုတ် စစ်ပွဲဖြစ်ပွားမည့်အချိန်အတွက်လည်း အရေးပါသည်ကို ငြင်းမရနိင်ပေ။
ရန်ကျောက်ကဲက ခေါင်းတညိတ်ညိတ်လုပ်ရင်း...
“မဆိုးပါဘူး မဆိုးပါဘူး ၊ တကယ့်ကို နှစ်ခါပျော်ရတာပဲ ၊ ဆေးလုံးဖော်ဆပ်အောင်မြင်သွားတာက ငါအဆင့်တက်တာထက်တောင် ပျော်စရာကောင်းသေးတယ်”
ထို့နောက် ရန်ကျောက်ကဲက အားဟူကိုကြည့်ရင်း...
“ဒါနဲ့ ပန်ပန်ရော အခြေအနေဘယ်လိုရှိလဲ”
အားဟူက ရိုးရှင်းစွာပင် ရယ်မောလိုက်သည်။
“ဒီကောင်ကြီးက တစ်နေ့တခြားထွားကျိုင်းလာပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာ ၊ မကြာခင် အဆင့်တောင်ထပ်တက်တော့မယ် ၊ သူသာ မီးနဲ့ရေကို အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်သွားရင် တိုးတက်မှုအများကြီးရှိမယ်လို့ ကျွန်တော် ယုံကြည်တယ်”
ရန်ကျောက်ကဲက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး...
“သူ့ကို ပိုပြီး ဂရုစိုက်ပါ ၊ ဒီ ဝတုတ်ကောင်က အတော်လေးထူးချွန်ပေမယ့် ပြဿနာ (၂)ခု ရှိနေတာ ၊ တစ်ခုက အစားမက်တာ ၊ နောက်တစ်ခုက သောက်ပျင်းထူတာ ၊ မင်း သူ့ကို သေချာမကြပ်မတ်ဘူးဆိုရင် သေချာပေါက် မင်းခေါင်းပေါ်တက်ခုန်လိမ့်မယ်”
ပန်ပန်က ရန်ကျောက်ကဲ ယခင်က သိရှိဖူးသည့် ပန်ဒါကြီးများနှင့် အနည်းငယ်ကွာခြားသည်။ ပန်ပန်က ထိုင်လို့ရလျှင် ထိုင်နေတတ်ပြီး လှဲလို့ရလျှင် လဲအိပ်နေချင်သူဖြစ်သည်။ သူ၏ အပျင်းတစ်မှုက ဂိတ်ဆုံးနေပေပြီ။
ပန်ဒါအများစုက ပျင်းရိဟန်ရှိပြီး လှုပ်ရှားရသည်ကို မနှစ်သက်ကြပေ။ ထိုသို့ဖြစ်ရသည်မှာ သူတို့က ဝါးပင်ကို အဓိကထားပြီး စားသောက်သောကြောင့် ဖြစ်သည်။ ဝါးပင်က အာဟာရနည်းပါးသဖြင့် ကိုယ်ခံအားကိုထိန်းသိမ်းရန် လှုပ်ရှားသွားလာရသည်ကို သဘာဝအလျှောက် သဘောမကျကြခြင်း ဖြစ်သည်။
ပန်ပန်သည်လည်း ဝါးပင်များကို စားသောက်ရသည်ကို သဘောကျလေ၏။ သို့သော သူက အစာငတ်သောကြောင့် စားသောက်ခြင်း မဟုတ်ဘဲ ဝါးပင်၏အရသာကို သဘောကျသောကြောင့် စားသောက်ခြင်း ဖြစ်သည်။ ရန်ကျောက်ကဲ သူ့ကို ကျွေးမွေးသည့်အစားအသောက်အများစုမှာ ဝိညာဉ်စွမ်းအားကြွယ်ဝသော သတ္တုများဖြစ်သည်။
အစားအသောက်လည်း ကောင်းကောင်စားရပါလျှက် သောက်ပျင်းထူလွန်းလှသော ထိုသားရဲက ရန်ကျောက်ကဲကိုပင် ပြောစရာစကားမရှိအောင် ဆွံ့အသွားစေသည်။
ပန်ပန်ကသာ စိတ်အေးလက်အေး အပျင်းထူနိုင်သည် ၊ ရန်ကျောက်ကဲမှာတော့ အပျင်းမထူဝံ့ရှာပေ။
ကောင်းကင်ချိတ်ဆက်အဆင့်သို့ အောင်မြင်စွာအဆင့်တက်ပြီးနောက် အနားမယူနိုင်ဘဲ ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ထပ်မံရောက်ရှိအောင် ဆက်လက်ကြိုးစားနေရသည်။
ကောင်းကင်ချိတ်ဆက်အဆင့်သို့ တက်လှမ်းပြီးနောက် သိုင်းဆရာသခင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် သူ ရှာဖွေထားသော ဘဝအလင်းအမတကျောက်တုံးကို အသုံးပြုရမည် ဖြစ်သည်။
သို့သော် သိုင်းဆရာသခင်အဆင့်သို့ မတက်လှမ်းမီ ရန်ကျောက်ကဲအနေဖြင့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ပိုမိုခိုင်မာအောင် ပေါင်းစည်းရန် လိုအပ်နေသေးသည်။
ပြင်ပလောကမှ လူအများကတော့ ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာမြင့်တက်လာပြီး အရှိန်အဟုန်က အလွန်တရာတုန်လှုပ်ဖွယ်ကောင်းသည်ကို သိရှိကြသော်လည်း သူ၏ ခြေလှမ်းတစ်လှမ်းချင်စီတိုင်းက အလွန်တည်ငြိမ်ပြီး ပေါ့ပေါ့တန်တန် မဟုတ်သည်ကို သတိမပြုမိခဲ့ကြပေ။
“စင်ပေါ်သို့တစ်မိနစ်တက်ရန် စင်နောက်ဘက်တွင် (၁၀)နှစ်ပြင်ဆင်ရသည်” ဆိုသကဲ့သို့ပင်။
ရန်ကျောက်ကဲ အခြားသူများရှေ့တွင် ရောင်ဝါတောက်ပစွာ အောင်မြင်မှုရခဲ့ခြင်းနောက်ကွယ်တွင် သူကိုယ်တိုင် လုံ့လစိုက်ထုတ်ကျင့်ကြံခဲ့ရသည်ကို မည်သူမှ မသိနိုင်ကြပေ။ အခြားသောကျင့်ကြံသူများအားလုံးထက် ရန်ကျောက်ကဲက ပိုမိုကြိုးစားခဲ့ရသည်သာ။
ရန်ကျောက်ကဲနှင့် ရင်းနှီးကြပြီး ကျင့်ကြံခြင်းကို ရူးသွပ်စွဲလန်းကြသူများဖြစ်သော ရွှီဖေးနှင့် ဖန်းယွင်ရှန်းတို့သည်ပင် ရန်ကျောက်ကဲလောက် အပြင်းအထန် ကြိုးစားကြခြင်း မရှိပေ။
ရန်ကျောက်ကဲ ကျင့်ကြံနေရင်းဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
တစ်နေ့တွင်တော့ ရန်ကျောက်ကဲ နေထိုင်ရာနေရာသို့ ရွှီဖေး ရုတ်တရက် ရောက်လာသည်။
ရန်ကျောက်ကဲ တံခါးဖွင့်လိုက်သည့်အခါ တံခါးဝတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေသည့် ရွှီဖေးကို တွေ့ရသည်။
သူက ရန်ကျောက်ကဲကို တွေ့တွေ့ချင်း ပထမဆုံးပြောသည့်စကားမှာ...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း လှုပ်ရှားနေပြီ...”
“ဘယ်နေရာမှာလဲ”
ရန်ကျောက်ကဲက စကားအပိုမပြောဘဲ လိုရင်းကိုသာမေးသည်။
သူတို့နှစ်ယောက် အချိန်မဖြုန်းဘဲ ပခုံးချင်းယှဉ်ကာ ထွက်လာကြရင်း ရွှီဖေးက ဆိုသည်။
“ယွင်ဝူက ‘ဝမ်’ အိမ်တော်မှာ...”
ရန်ကျောက်ကဲ သက်ပြင်းချရင်း ခေါင်းတစ်ချက်ညိတ်လိုက်၏။
ကန္တာဒေသ ၊ ယွင်ဝူစီရင်စုရှိ ‘ဝမ်’ အိမ်တော်သည် လေနယ်မြေတွင် သက်တမ်းရှည်ကြာ ရပ်တည်ခဲ့သည့် အိမ်တော်တစ်ခု ဖြစ်သည်။ သူ၏ သမိုင်းကြောင်းက လေလှိုင်းဓားဂိုဏ်းထက်ပင် ပိုမိုရှည်လျားသည်။
လေလှိုင်းဓားဂိုဏ်းကဲ့သို့ပင် ယွင်ဝူစီရင်စုရှိ ‘ဝမ်’ အိမ်တော်သည် ကန္တာနယ်မြေတွင် ပထမအဆင့် စွမ်းအားစုတစ်ခု ဖြစ်သည်။ သူတို့က ထိုနေရာတွင် နယ်မြေများစွာကို ထိန်းချုပ်ထားပြီး များပြားလှစွာသော ဒုတိယအဆင့်စွမ်းအားစု လက်အောက်ခံများရှိကြသည်။ အချို့သော အိမ်တော်ငယ်များနှင့် ဂိုဏ်းငယ်များသည်လည်း သူတို့နှင့်ဆက်နွယ်လျှက် ရှိကြသည်။
“ဝမ်”အိမ်တော်က ဝါဒတောင်၏ လက်အောက်ခံဖြစ်သော်လည်း သူတို့က လက်ရှိအခြေအနေအဆင့်အတန်းကို ကျေနပ်ကြဟန် မတူပေ။
ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းတစ်ခု အထက်တွင်ရှိနေခြင်းက ‘ဝမ်’ အိမ်တော်ကဲ့သို့ ပထမအဆင့်စွမ်းအားစုများကို လွတ်လပ်စွာလှုပ်ရှားရန် ကန့်သတ်ထားသည်။
ဤကိစ္စတွင် မည်သူ့ကိုမှ အပြစ်မဆိုသာပေ။ လူတိုင်းက ပိုမိုမြင့်မားပြီး ပိုမိုကောင်းမွန်သည့် အနေအထား ရရှိရန် ကြိုးစားခဲ့ကြသော်လည်း ထိပ်ဆုံးအဆင့်ဆိုသည်က အကန့်အသတ် ရှိနေခဲ့သည်။ ထို့ကြောင့် ပထမအဆင့်စွမ်းအားစုများ အထွတ်ထိပ်သို့ရောက်ရှိလိုလျှင် ထိပ်သီးသိုင်းဂိုဏ်းကြီးများကို ဖြုတ်ချရန် နည်းလမ်းတစ်ခုသာ ရှိသည်။
ဤကမ္ဘာ၏ အာဏာချုပ်ကိုင်မှုအနေအထားက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ် ဝင်ရောက်လာစေရန် အခွင့်အရေးပေးနေသကဲ့သို့ ဖြစ်ရသည်။
ယနေ့တွင်တော့...
လေနယ်မြေ ၊ ကန္တာဒေသရှိ ယွင်ဝူစီရင်စုတွင် လေပြင်းများ အော်မြည်တိုက်ခတ်လျှက် အနက်ရောင်တိမ်တိုက်လှိုင်းလုံးကြီးများသည်လည်း မြင့်တက်လျှက် ရှိလေတော့၏။
***