ဖခင်တစ်ယောက်အနေနဲ့
Vol. 18 Ch. 249
“ယွင်ဝူ” စီရင်စုဆိုသည်က “ဝမ်” အိမ်တော်ထိန်းချုပ်ထားသည့် ဘိုးဘေးနယ်မြေ ဖြစ်သည်။ ယွင်ဝူစီရင်စုသာမက “ဝမ်” အိမ်တော်က ပတ်ဝန်းကျင်နယ်မြေများစွာကိုလည်း ထိန်းချုပ်ထားသေးသည်။
“ဝမ်”အိမ်တော်၏ထိန်းချုပ်နယ်မြေများက လေလှိုင်းဓားဂိုဏ်း၏ ထိန်းချုပ်နယ်မြေများနှင့် အိမ်နီးချင်းများ ဖြစ်ကြပြီး နယ်မြေများအားလုံးက အနောက်ဘက်သဲန္တာရကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေကာ စုကျိုးမြို့နှင့်လည်း အတော်လေး နီးကပ်သည်။
ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့ကို စုကျိုးမြို့တံခါးအထိ ရွှီဖေးက လိုက်ပို့သည်။
သူက...
“ငါက စုကျိုးမြို့ရဲ့ လက်ရှိတာဝန်ရှိသူဖြစ်နေလို့ မင်းတို့နဲ့ လိုက်လို့မရဘူး ၊ အစစအရာ သတိထားပြီး အန္တရယ်ကင်းအောင် လှုပ်ရှားနော်”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါဟန်ဖြင့် ရွှီဖေးပခုံးကိုပုတ်လိုက်ရင်း...
“စိတ်ချပါ ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ငါတို့ သေချာဂရုစိုက်ပါ့မယ် ၊ မင်းလည်း ဒီမှာ သတိထားပြီးနေပါ ၊ ရန်သူက ပြင်ပ တစ်နေရာကို ပစ်မှတ်ထားပေမယ့် တကယ်တမ်းမှာ တခြားနေရာကို ဦးတည်နေတာလည်း ဖြစ်နိုင်တယ်”
စုကျိုးမြို့မှထွက်လာပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု “ဝမ်”အိမ်တော် အုပ်ချုပ်ရာဒေသဆီသို့ အလျှင်အမြန် ခရီးနှင်ခဲ့ကြသည်။
ဖန်းယွင်ရှန်းက ပန်ပန်ထက်တွင်ထိုင်ကာ သူမ၏ဓားကို သန့်စင်ပေးနေရင်း ရန်ကျောက်ကဲကို မေးခွန်းထုတ်သည်။
“အမှောင်ဘက်ခြမ်းက ကျင့်ကြံသူတွေဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး ၊ သတ်ပစ်လိုက်ရုံပဲပေါ့ ၊ ဒါပေမဲ့... နတ်ဆိုးလက်ထဲမကျရောက်သေးဘဲ တောင့်ခံထားနိုင်တဲ့ အမှောင်ဘက်တော်သားတွေကျတော့ ဘယ်လိုလုပ်ရမလဲ”
ပန်ပန်ကို အတူတူစီးနှင်ရင်း ခရီးထွက်လာသည့် ဖန်းယွင်ရှန်းနှင့်အားဟူကို ရန်ကျောက်ကဲ တစ်ချက်ဝေ့ကြည့်လိုက်သည်။
ပန်ပန်ကတော့ အလျှင်အမြန်ပြေးလွှားကာ ခရီးနှင်လျှက် ရှိသည်။
ရန်ကျောက်ကဲက...
“အခုဖြစ်တဲ့ပြဿနာကတော့... ကြည့်ရတာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ကြည်လင်လျှို့ဝှက်ရေကန်မှာလိုပဲ မိစ္ဆာနယ်မြေမဟာအစီအရင်တစ်ခု တည်ဆောက်ပြီး ငရဲကိုးထပ်ကို ငါတို့ကမ္ဘာဆီ ဆွဲခေါ်ချင်တာ ဖြစ်နိုင်ပါတယ် ၊ ဒီတော့ အမှောင်ဘက်ခြမ်းကျရောက်သွားတဲ့ ကျင့်ကြံသူပဲဖြစ်ဖြစ် ၊ မကျရောက်သေးတဲ့သူပဲဖြစ်ဖြစ် ငရဲကိုးထပ်အတွက် လမ်းကြောင်းဖွင့်ပေးနေတဲ့သူဆိုရင် သတ်သာပစ်လိုက် ၊ ငါတို့က သူတို့ကိုလွှတ်ပေးလိုက်လို့ မဟာငရဲကိုးထပ်တံခါးပွင့်သွားပြီး နတ်ဆိုးတွေငါတို့ကမ္ဘာကိုရောက်လာရင် အဲဒီမကောင်းဆိုးဝါးတွေက ငါတို့ကို ညှာမှာမဟုတ်ဘူး ၊ ဒီတော့ ငါတို့ဘက်ကလည်း ညှာနေစရာ မလိုဘူး”
ရန်ကျောက်ကဲက အဝေးတစ်နေရာသို့ စူးစိုက်ကြည့်ရင်း...
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ စွမ်းအားတွေက လူသားတွေရဲ့ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် ပျက်ပြားစေနိုင်စွမ်းရှိတယ် ၊ လူတစ်ယောက်က စိတ်ဓာတ်ခိုင်မာပြီး ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်တယ်ဆိုရင်တော့ ကျရှုံးသွားမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ပြောရတော့ခပ်ခက်ခက်ပဲ ၊ ‘လူတွေရဲ့မျက်နှာတွေကို သိနိုင်ပေမယ့် ၊ စိတ်နှလုံးကိုတော့ ဘယ်တော့မှသိနိုင်မှာမဟုတ်ဘူး’ ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်မဟုတ်လား”
ရန်ကျောက်ကဲက မျက်ခုံးများကို တွန့်ချိုးထားရင်း...
“ငါတို့တွေ မကြာခင်ကပဲ ဆက်တိုက်စုံစမ်းစစ်ဆေးရေးတွေလုပ်ပြီး သူလျှိုတွေကို ရှင်းလင်းခဲ့ကြတယ် ၊ အဲဒါက အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိပေမယ့် သူလျှိုတွေအားလုံးရှင်းပစ်နိုင်ခဲ့တယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး ၊ ပြောလို့တော့မကောင်းပေမယ့် သိုင်းကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းအဆင့်မြင့်မားလေ မိစ္ဆာစိတ်ဝင်ရောက်ဖို့ အခွင့်အရေးပိုမိုများပြားလေပဲ ၊ ဘာလို့လဲဆိုတော့ သူတို့စိတ်ကို တခြားသူတွေခန့်မှန်းနိုင်ဖို့ဆိုတာ ခက်တယ်လေ ၊ သူတို့တွေက စိတ်ဓာတ်ခိုင်မာလို့ အမှောင်ဘက်ခြမ်းကျရောက်ဖို့ မလွယ်ကြပေမယ့် မိစ္ဆာစိတ်ဝင်သွားရင်တော့ ခေါင်းမာတဲ့သူတွေဖြစ်တာမို့ အခြားသူတွေထက် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်သွားတတ်တယ်”
အားဟူနှင့်ဖန်းယွင်ရှန်းတို့ ခေါင်းညိတ်လိုက်ကြသည်။
အားဟူက တိုးလျသည့်လေသံဖြင့်...
“ကြည်လင်လျှို့ဝှက်ရေကန်တုန်းက ကျွန်တော်တို့ပြင်ဆင်ထားတဲ့ အစီအစဉ်တွေအားလုံးကို ရန်သူ့ဘက်က သိနေတာမဟုတ်လား ၊ အခု ‘ဝမ်’ အိမ်တော်ကလည်း အတုအယောင်ဟန်ပြသက်သက် ဒါမှမဟုတ် ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက...
“အမှန်ပဲ... ဒါကြောင့် ငါတို့သတိရှိရှိနဲ့ ရန်သူ့အမှားကိုရှာဖွေပြီး အခြေအနေကို လိုက်လျောညီထွေ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်”
အားဟူက ခေါင်းခါယမ်းရင်း...
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက အတော်ဒုက္ခပေးတာပဲဗျာ...”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ဘယ်တတ်နိုင်မလဲကွာ ၊ ငါတို့က သံသယနဲ့ လူတိုင်းကိုလိုက်ပြီး ထိန်းသိမ်းနေလို့လည်း မရပြန်ဘူး ၊ လူတွေကို ဘောင်ခတ်လိုက်မယ်ဆိုရင် အမှားအယွင်းတွေက မရေမတွက်နိုင်အောင် ဖြစ်လာမှာလေ ၊ အဲဒါဆိုရင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ပိုတောင်ပျော်နေဦးမယ် ၊ ငါတို့ အခြေခိုင်ခိုင်နဲ့ အစီအစဉ်အတိုင်း လှုပ်ရှားရမယ် ၊ အမှန်တော့ သိုင်းကျင့်ကြံသူအများစုက ငရဲကိုးထပ်နဲ့ မကောင်းဆိုးဝါးနတ်ဆိုးတွေကို သဘောမကျကြပါဘူး ၊ နတ်ဆိုးတွေလှည့်စားခံရပြီး မိစ္ဆာစိတ်ဝင်သွားတဲ့သူက လူနည်းစုပဲ ရှိတာပါ”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“အရေးကြီးဆုံးက ငါတို့ဘက်က ထိပ်သီးသိုင်းကျင့်ကြံသူတွေ သူတို့ကို စောင့်ကြည့်နေတာပဲလေ”
အားဟူက ပြုံးလိုက်ရင်း...
“အကြီးအကဲ’ရှီ’လည်း အဲဒီထဲက တစ်ယောက်မဟုတ်လား”
ယခုတစ်ကြိမ် လေနယ်မြေတွင် ဖြစ်ပွားသည့်အဖြစ်အပျက်များကို ကိုင်တွယ်ရန် ဝါဒတောင်က ရန်ကျောက်ကဲ၏ ပထမဆရာဦးလေးဖြစ်သော “သံမဏိခြင်္သေ့ဘုရင်” ရှီတိကို အလျှင်အမြန် စေလွှတ်လိုက်သည်။ သူက ဤကိစ္စကြီးအား ကိုင်တွယ်ရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားခဲ့သည်။
ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်ရင်း...
“အင်း... ဟုတ်တယ်”
စကားပြောရင်းဆိုရင်း “ယွင်ဝူ” စီရင်စုအနီးသို့ သူတို့အားလုံး လျှင်မြန်စွာ ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက ရရှိထားသည့် ညွှန်ကြားချက်အတိုင်း တောင်ကတုံးတစ်ခုထက်သို့ တက်လာသည်။
ထိုတောင်ထိပ်တွင် မြင့်မားသော တောင်တစ်တောင်အလား လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။ ထိုသူက အတိအကျ “ရှီတိ” ပင် ဖြစ်သည်။
“ကျောက်ကဲ ရောက်လာပြီလား”
ရှီတိက နောက်လှည့်မကြည့်ဘဲ မေးသည်။
သူ့အကြည့်များက အဝေးတစ်နေရာမှ စိမ့်စမ်းနယ်မြေတစ်ခုဖြစ်သော “ဝမ်” အိမ်တော်၏ ဘိုးဘွားပိုင်နယ်မြေကို စူးစိုက်ကြည့်နေသည်။
ယွင်ဝူစီရင်စုတွင် “ဝမ်” အိမ်တော် ခြေကုတ်ရယူထားနိုင်ခြင်း အဓိကအချက်မှာ ၌ စိမ့်စမ်းနယ်မြေကြောင့်ပင် ဖြစ်သည်။
ယခုတော့ ထိုစိမ့်စမ်းနယ်မြေထက်ရှိ ကောင်းကင်ပြင်တွင် အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရသည်။
အနက်ရောင်တိမ်တိုက်များကြားတွင် သွေးနီရောင်လျှပ်စီးကြောင်းများ တဖျတ်ဖျတ်တောက်ပနေပြီး ကြောက်မက်ဖွယ်ရာ အော်ညည်းသံကြီးများလည်း ထွက်ပေါ်နေသည်။
တဖြည်းဖြည်းကျယ်ပြန့်လာနေသည့် အနက်ရောင်တိမ်တိုက်များနှင့် တိမ်လွှာများကြားမှ သွေးနီရောင်လျှပ်စီးကြောင်းများကို ရန်ကျောက်ကဲက ခေါင်းမော့ကြည့်လိုက်သည်။ အရင် ကြည်လင်လျှို့ဝှက်ရေကန် တိုက်ပွဲသို့ ပြန်ရောက်သွားသည့်အလားပင် ထင်မှတ်ရသည်။
ရှီတိက အဝေးဆီမှ စိမ်းစမ်းနယ်မြေကို စိုက်ကြည့်နေသည်။ ရန်ကျောက်ကဲက ရှီတိ၏ နောက်ကျောပြင်ကိုကြည့်ရင်း အနည်းငယ် စိတ်ရှုတ်ထွေးလျှက် ရှိသည်။
“ကျောက်ကဲ... မင်း ငါ့ကိုပြောစရာရှိနေတယ်မလား”
ရှီတိက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို လှမ်းမေးလိုက်ပြီး သူကိုယ်တိုင်ကတော့ လှည့်ကြည့်လာခြင်း မရှိပေ။
ရန်ကျောက်ကဲ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပွင့်ပွင့်လင်းလင်းပြောရန် ဆုံးဖြတ်လိုက်သည်။
“လောလောဆယ်တော့ ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ သံသယသာဖြစ်ပြီး အတည်မပြုနိုင်သေးပါဘူး ၊ အခု တိုက်ပွဲကလည်းဖြစ်တော့မယ်ဆိုတော့ ပထမဆရာဦးလေး စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ အဲဒီအကြောင်းကို မပြောချင်ပါဘူး”
ရှီတိ ခဏမျှတိတ်ဆိတ်သွားသည်။
ပြီးမှ...
“ငါ့စိတ်ကိုနှောက်ယှက်နိုင်တဲ့အရာ သိပ်မရှိပါဘူး ၊ ဝါဒတောင်အန္တရယ်ကင်းဖို့နဲ့... ဒါမှမဟုတ်...”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ကျွန်တော် သေချာတော့ မပြောနိုင်ပေမယ့်... ဂိုဏ်းတူအစ်ကို ‘ရှီစုန်းထောင်း’ ဒီနေ့အထိ အသက်ရှင်နေသေးတယ်ထင်တယ်”
ရှီတိ အသက်ရှူရပ်သွားသည့်အလား ခဏမျှ တိတ်ဆိတ်သွားပြီးမှ မေးခွန်းထုတ်သည်။
“မင်း သူ့ကိုတွေ့ခဲ့လို့လား”
ရန်ကျောက်ကဲက...
“ကျွန်တော် အရင်ပေးပို့ခဲ့တဲ့ အစီရင်ခံစာထဲမှာ ကြည်လင်လျှို့ဝှက်ရေကန် မိစ္ဆာနယ်မြေမှာ လူတစ်ယောက်က ကျွန်တော်နဲ့ ဂိုဏ်းတူအစ်ကို’ရွှီဖေး’ကို သိုင်းသမားတစ်ယောက်က အလစ်ဖမ်းတိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့တယ်လေ ၊ အခု မဟာကပ်ဘေးမတိုင်ခင်က လွတ်လပ်သမားတော်ချန်ထားခဲ့တဲ့ အခြားကမ္ဘာမှာ အဲဒီလူက ကျွန်တော့်ကို ထပ်ပြီး တိုက်ခိုက်ခဲ့တယ် ၊ တိုက်ခိုက်နေရင်း ကျွန်တော် သူ့မျက်နှာဖုံးကို ခုတ်ဖြတ်လိုက်မိတော့ သူ့မျက်နှာတစ်ဝက်ကို တွေ့လိုက်ရတယ် ၊ အတိအကျတော့ မပြောနိုင်ပေမယ့်... အဲဒီလူက ဂိုဏ်းတူအစ်ကို’ရှီစုန်းထောင်း’ပဲ”
ရှီတိက အချိန်တစ်ခုကြာအောင် နှုတ်ဆိတ်နေပြီးမှ...
“တခြားသက်သေရော ရှိလား”
ရန်ကျောက်ကဲက...
“သူက အမှောင်မရဏဓားသိုင်းကို ကျင့်ကြံထားတယ် ၊ ဒါပေမဲ့ အဲဒီဓားသိုင်းက သူလေ့ကျင့်ခဲ့တဲ့အဓိကသိုင်းပညာမဟုတ်သလို ဖြည့်စွက်အနေနဲ့ လေ့ကျင့်ခဲ့တဲ့ ဓားသိုင်းလည်း မဟုတ်ဘူး ၊ သူက အမှောင်မရဏဓားသိုင်းကို အတော်လေး ကျွမ်းကျင်နေပြီဆိုပေမယ့် ဒီနှစ်အနည်းငယ်အတွင်း လေ့ကျင့်ခဲ့တာ ဖြစ်နိုင်တယ် ၊ ဂိုဏ်းတူအစ်ကို ရှီစုန်းထောင်းပျောက်ဆုံးသွားတဲ့အချိန်ထက် နည်းနည်းနောက်ကျလောက်တယ်”
ရှီတိက...
“သူက ဝိညာဉ်ခန္ဓာကနဦးအဆင့် သိုင်းဆရာသခင်လို့ မင်း ပြောခဲ့တယ်နော်”
ရန်ကျောက်ကဲက...
“ဟုတ်ကဲ့... ဂိုဏ်းတူအစ်ကို’ရှီစုန်းထောင်း’ ပျောက်ဆုံးသွားတဲ့အချိန်မှာ ကောင်းကင်ချိတ်ဆက်အဆင့်ရောက်နေပြီ ဆိုတော့... သူ့အရည်အချင်းနဲ့ဆိုရင် ကောင်းကင်ချိတ်ဆက်အဆင့်မှာ အကြာကြီးကျင့်ကြံခြင်းတစ်ဆို့နေခဲ့မယ်ဆိုရင်တောင်မှ အခုလောက်ဆိုရင် ဝိညာဉ်ခန္ဓာအလယ်ဆင့် သိုင်းဆရာသခင် ဖြစ်နေသင့်ပြီ မဟုတ်လား ၊ ဒါကြောင့် ကျွန်တော့်စိတ်ထဲ သိပ်တော့မသေချာသေးဘူး”
ရှီတိက ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး...”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“သူ ဒဏ်ရာပြန်ကောင်းလာဖို့ ဆေးကုသရတဲ့အချိန်ကို ဖယ်လိုက်မယ်ဆိုရင် ဝိညာဉ်ခန္ဓာကနဦးအဆင့်က ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်”
ထိုစကားကို ကြားတော့ ရန်ကျောက်ကဲ ဘာမှမပြောနိုင်တော့ပေ။
အချိန်အတန်ကြာပြီးမှ ရန်ကျောက်ကဲက ခပ်ဖျော့ဖျော့လေသံဖြင့်...
“တောင်းပန်ပါတယ် ပထမဆရာဦးလေး”
ရှီတိက မျက်လုံးများကို မှေးမှိတ်လိုက်ရင်း...
“မဟုတ်ဘူး ၊ မင်းပြောလိုက်တာ ကောင်းပါတယ် ၊ အဲဒီအတွက် ငါ ကြိုတင်ပြင်ဆင်ထားနိုင်တော့ ကောင်းတာပေါ့ ၊ ကျောက်ကဲ လူမှားတာဖြစ်ဖို့ ငါ တကယ်မျှော်လင့်မိပါတယ် ၊ ဒါပေမဲ့ သူက စုန်းထောင်းဖြစ်နေမယ်ဆိုရင်လည်း ငါ ခံနိုင်ရည်ရှိအောင် လုပ်ရမှာပါပဲ”
ရှီတိ သက်ပြင်းချလိုက်ရင်း...
“တကယ်တော့ ငါကလည်း ဖခင်ကောင်းတစ်ယော်က မဟုတ်ခဲ့ပါဘူးလေ”
***