← Chapters

ဝါးတောကိုဖြိုခွင်းသည့်အရှိန်အဟုန်ပမာ

Vol. 18 Ch. 250

ဝါးတောကိုဖြိုခွင်းသည့်အရှိန်အဟုန်ပမာ

Vol. 18 Ch. 250

စကားမပြောနိုင်ဖြစ်သွားသည့် ရှီတိကိုကြည့်ရင်း ရန်ကျောက်ကဲ တိတ်ဆိတ်သွားသည်။ ထို့နောက် အသံမထွက်ဘဲ သက်ပြင်းတစ်ချက်ချမိသည်။

သူတို့ (၂)ယောက်က အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုနေသည့်အတွက် သူတို့ပြောသည့်စကားများကို အခြားသူများ ကြားသိနိုင်ခြင်း မရှိပေ။

ရန်ကျောက်ကဲနောက်တွင်ရပ်နေသည့် ဖန်းယွင်ရှန်းက ဘာဖြစ်မှန်းမသိသည့်တိုင် စိတ်ရှုတ်ထွေးလျှက်ရှိသည်။

ကောင်းကင်ထက်တိုင်မြင့်မားသည့် တောင်ထွတ်တစ်ခုပမာ အစဉ်အမြဲ မားမားမတ်မတ်ရပ်တည်လေ့ရှိသူ သူမတို့၏ ပထမဆရာဦးလေး”ရှီတိ”သည် ယခုတော့ အနည်းငယ် ဝမ်းနည်းစိတ်မကောင်းဖြစ်နေဟန်ရှိသည်။

သူ့ကိုကြည့်ရသည်မှာ မြင့်မားသည့်တောင်တန်းကြီးထက် ဆည်းဆာရောင်ခြုံလွှမ်းနေသည့်အလားပင်။

သို့သော် ရှီတိ အလွန်လျှင်မြန်စွာပင် မျက်လုံးပြန်ဖွင့်လိုက်သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် အိပ်ပျော်နေသည့် ခြင်္သေ့တစ်ကောင် နိုးထလာသည့်ပမာ စောစောက စိတ်ပျက်ဝမ်းနည်းမှုများက သဲလွန်စမကျန် ပျောက်ကွယ်သွားပြီး သြဇာလွှမ်းမိုးနိုင်စွမ်းရှိသော ခြင်္သေ့ဘုရင်ကြီးတစ်ပါး သူတို့ရှေ့တွင် မားမားရပ်တည်နေသကဲ့သို့ ထင်မှတ်ရသည်။

ထိုမြင်ကွင်းကိုတွေ့လိုက်တော့ စောစောက ပထမဆရာဦးလေး’ရှီတိ’ စိတ်မကောင်းဖြစ်နေသည်ဟု ထင်မြင်မိသည်မှာ ဟုတ်ရောဟုတ်ရဲ့လားဟု ဖန်းယွင်ရှန်း ပြန်စဉ်းစားမိသည်။

အဝေးဆီမှ ‘ဝမ်’ အိမ်တော် ဘိုးဘွားပိုင်မြေကို လှမ်းကြည့်ရင်း ရှီတိက တည်ငြိမ်စွာ စကားဆိုသည်။

“မိစ္ဆာနယ်မြေမဟာအစီအရင်ကို လုံးဝ တည်ဆောက်ခွင့်မပြုနဲ့ ၊ ချက်ချင်းဖျက်ဆီးပစ်...”

သူက ဆက်ပြောသည်။

“ကျောက်ကဲ... မင်းက အပြင်ကနေ အထဲကို အရှိန်အဟုန်နဲ့ဝင်သွားပါ ၊ အဲဒီအချိန် ငါက တိုက်စစ်ဆင်မယ် ၊ ဖြစ်နိုင်ခြေရှိတဲ့ အရာအားလုံးကို သတိနဲ့စောင့်ကြည့်နေပါ”

သူ့အသံက အဝေးသို့ပျံလွင့်သွားခြင်း မရှိသော်လည်း အနီးပတ်ဝန်းကျင်မှ ဝါဒတောင်သိုင်းသမားများအားလုံးကြားသိနိုင်သည်။ သူ့စကားသံထဲတွင်  လေးနက်ခြင်းနှင့် ဆုံးဖြတ်ချက်ပြတ်သားခြင်းတို့ကို တွေ့မြင်နိုင်သည်။

ရန်ကျောက်ကဲနှင့် အခြားသူများ တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ ထို့နောက် ရှီတိက တောင်ကုန်းအမြင့်ထက်မှ ပျံသန်းထွက်ခွာသွား၏။

သူ့ခန္ဓာကိုယ်အတွင်းမှ ကြည်လင်တောက်ပသည် ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ရွှေဖြင့်သွန်းလုပ်ထားသည့် နတ်ဘုရားရုပ်တုတစ်ခုအလား ပြောင်းလဲသွားသည်။

ရှီတိ ရှေ့သို့ခုန်ဝင်သွားသည်နှင့် အနက်ရောင်မိစ္ဆာအခိုးအငွေ့များဖြင့် ပြည့်နက်နေသည့် ကောင်းကင်တစ်ခွင်လုံး ပေါက်ကွဲထွက်သွားပြီး မိစ္ဆာနယ်မြေ ဆက်လက်ကျယ်ပြန့်ရန် အဟန့်အတား ဖြစ်သွားသည်။

ယခုတော့ ရှီတိသည် ‘ဝမ်’ အိမ်တော် ဘိုးဘွားပိုင်နယ်မြေတည်ရှိရာ ကောင်းကင်ထက်သို့ ရောက်ရှိနေပေပြီ။

တစ်ချိန်တည်းမှာပင် ‘ဝမ်’ အိမ်တော် ဘိုးဘွားပိုင်နယ်မြေထက်ရှိ လေထုထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတပုံစံများ တောက်ပစွာ ထွက်ပေါ်လာပြီး ရှီတိ၏ပြင်းထန်သောတိုက်ခိုက်မှုကို တွန်းလှန်ရန် လေထုအလယ်တွင် ကြီးမားသော စစ်အစီအရင်ကြီးတစ်ခု ထွက်ပေါ်လာသည်။

သို့သော် ရှီတိ၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်နှင့် ၎င်းခံစစ်အစီအရင်ကြီးသည် ကျောက်သားနှင့်ရိုက်ခတ်မိသော ကြွေသားပမာ အစိတ်စိတ်အမွှာမွှာအက်ကွဲသွားသည်။ ရှီတိကို အနည်းငယ်မျှပင် ဟန့်တားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရှီတိက တည်ငြိမ်စွာပင် မြေပြင်ထက်သို့ဆင်းသက်လာသည်။

‘ဝမ်’ အိမ်တော် ဘိုးဘွားပိုင်နယ်မြေ၏ ခံစစ်အစီအရင်က ရှိတိကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။

ထိုအစီအရင်က “ဝမ်”အိမ်တော်၏ အခြေခံအုတ်မြစ်တည်ရှိရာနေရာမှ ကြီးမားသောစွမ်းအားများကို စုစည်းထားခြင်းဖြစ်ရာ တိုက်ပွဲအတွက် များစွာသောအားသာချက်ကို ပေးစွမ်းသည်။

ဝါဒတောင်ပိုင်နက် ၊ ကန္တာဒေသရှိ ပထမအဆင့်ထိပ်တန်းအကြီးအကဲသည်ပင်လျှင် ထိုအစီအရင်ကို ဖျက်ဆီးရန် အချိန်အတန်ကြာမည် ဖြစ်သည်။

ထို့ကြောင့် အစီအရင်ဖျက်ဆီးခံရသည့်တိုင် ခံစစ်ပြင်ဆင်ရန်အတွက် “ဝမ်” အိမ်တော်အတွက် အချိန်တစ်ခု ရယူနိုင်မည် ဖြစ်သည်။

သို့သော် စိတ်မကောင်းစရာမှာ ထိုအစီအရင်က အမတလက်ဖွဲ့ကနဦးအဆင့်ရှိသော ကန္တာဒေသ၏ ထိပ်တန်းအကြီးအကဲကို တားဆီးထားနိုင်မည်ဖြစ်ပြီး အမတလက်ဖွဲ့နှောင်းပိုင်းအဆင့်ရှိသော ရှီတိကိုတော့ မတားဆီးနိုင်ခဲ့ပေ။ အစီအရင်သည် ရှီတိ၏လက်တွင် စက္ကူတစ်ရွက်ပမာ စုတ်ဖြဲခံလိုက်ရသည်။

ထိုအချိန် အနက်ရောင်မြူခိုးများထဲမှ စူးရှပြင်းထန်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“သံမဏိခြင်္သေ့ဘုရင်”

“ဝမ်” အိမ်တော်၏ ဘိုးဘွားပိုင်နယ်မြေမှ မရေမတွက်နိုင်သော အနက်ရောင်အင်းသင်္ကေတများနှင့် မှောင်မိုက်သည့်အလင်းတန်းများ မြင့်တက်လာပြီး နက်ရှိုင်းထူးဆန်းသည့် ဝိညာဉ်အစီအရင်တစ်ခုက ကြောက်မက်ဖွယ်ရာ အငွေ့အသက်များဖြင့် လျှင်မြန်စွာ ဖြစ်တည်လာသည်။

ဝိညာဉ်သင်္ကေတများက တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ အစီအရင်အလယ်တွင် ပလ္လင်တစ်ခုနှင့်ဆင်တူသည့် မြင့်မားသောမျှော်စင်တစ်ခု ဖြစ်ပေါ်လာသည်။

ပလ္လင်ထက်တွင် အနက်ရောင်လှံရှည်ကိုကိုင်ဆောင်ထားသည့် မသဲမကွဲ ပုံရိပ်တစ်ခုက ရှီတိကို လှမ်းကြည့်နေသည်။

ထိုသူက အံ့သြစရာကောင်းစွာပင် အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး အမတလက်ဖွဲ့ကောင်းကင်ပလ္လင်တစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်သည်။

ရှီတိမျက်နှာက ခံစားချက်ကင်းမဲ့ပြီး တည်ငြိမ်နေသည်။ သူ့ပုံစံက ထာဝရမပြောင်းလဲသည့် ကျောက်ဆောင်ပမာ ဖြစ်သည်။

“အကြွေးခွံနဂါးပလ္လင် စီးမာချွေ ၊ မင်းက ငရဲကိုးထပ်နဲံ ပူးပေါင်းလိုက်တာလား”

တစ်ဖက်လူက မည်သည့်စကားမှ မဆိုဘဲ အနက်ရောင်လှံရှည်ဖြင့် ထိုးစိုက်ချလိုက်သည်။ လှံရှည်က အကြေးခွံနဂါးတစ်ကောင်ပမာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ကျုံးဝါးသံများ ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းတန်းက မိုးမြေကြားတွင်ထွင်းထုထားသည့် အနက်ရောင်နဂါးတစ်ကောင်ပမာ ရှီတိထံသို့ ဝင်ရောက်လာသည်။

ရှီတိ၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်က ဖန်သားပမာကြည်လင်သည့် ဝိညာဉ်ပလ္လင်တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး ဖျက်ဆီးမရနိုင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

သူက လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် လက်သီးချက်တစ်ချက် ထုတ်ဖော်လိုက်ပြီး ရန်သူ၏ လှံရှည်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ပြင်းထန်သည့် စွမ်းအားရိုက်ခတ်မှုကြီးတစ်ခု ဖြစ်သွားပြီး အဝေးဆီမှ ရန်ကျောက်ကဲတို့အုပ်စုသည်မှာ မိုးမြေတစ်ခုလုံး တုန်လှုပ်သွားကြောင်း ခံစားလိုက်ရသည်။

ဖန်းယွင်ရှန်းမျက်လုံးထဲ ထူးဆန်းသည့်အလင်းရောင်တစ်ချက် ဖျတ်ခနဲ လင်းလက်သွားသည်။

“အကြေးခွံနဂါးဘုရင် စီးမာချွေအကြောင်း ကျွန်မ ကြားဖူးတယ်  ၊ သူက အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် တစ်ယောက်ပဲ ၊ တံခါးပိတ်ကျင့်ကြံနေတဲ့ သိုင်းဆရာသခင်အဆင့် (၉) ရှိတဲ့သူတွေထဲမှာ အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုကို ရှားရှားပါးပါး ပိုင်ဆိုင်ထားသူတစ်ယော်ကလည်းဖြစ်တယ်လို့ ပြောကြတယ်”

သူမက ဆက်ပြောသည်။

“ကြည့်ရတာ... အဲဒီ အနက်ရောင်လှံရှည်ကက သူပိုင်ဆိုင်ထားတဲ့ အဆင့်မြင့်မှော်ဝင်ပစ္စည်းပဲ ဖြစ်ရမယ် ၊ ဒါပေမဲ့ ပထမဆရာဦးလေးကလည်း သူနဲ့ ကျင့်ကြံခြင်းအဆင့်တူညီသလို အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားတာပဲ မဟုတ်ဘူးလား”

ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားလာသည်နှင့်အမျှ အားကောင်းသောရန်သူများကို အနိုင်ယူနိုင်ပြီး ကျင့်ကြံခြင်းအဆင့်တူညီသူများကြားမှ ကွာဟချက်သည်လည်း နည်းပါးသွားမည် ဖြစ်သည်။

သိုင်းဆရာသခင် အဆင့် (၉) ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့ကြသူများကို မည်သူက လွယ်လွယ်နှင့် ယှဉ်ပြိုင်နိုင်ပါမည်နည်း။

အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များကြားတွင် အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု ပိုင်ဆိုင်ထားခြင်းက အောင်ပွဲကိုဆုံးဖြတ်ရန် လုံလောက်သည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါပေါ့ ၊ မဟုတ်ရင် သူ့ကို သံမဏိခြင်္သေ့ဘုရင်လို့ ဘယ်ခေါ်တော့မလဲ ၊ သူကတစ်ချက်တည်းနဲ့ တိုက်စစ်ရောခံစစ်ရော လုပ်နိုင်စွမ်းရှိတယ်”

***

ရှီတိက ရန်သူကို အေးစက်စွာကြည့်နေသည်။

သူ့ ခါးတွင်ပတ်ထားသောခါးပါတ်မှ အလင်းရောင်များတောက်ပလာပြီး နက်ရှိုင်းသည့် မှော်ဝင်သံချပ်ကာတစ်ခု အသက်ဝင်လာသည်။ ထို့နောက် အင်္သေချေသော အနက်ရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရှီတိ၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။ ထိုသံချပ်ကာမှာ အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ကြောင်း ငြင်းမရနိုင်ပေ။

အဆင့်မြင့်မှော်ဝင်ပစ္စည်း၏စွမ်းအားနှင့် သိုင်းစွမ်း ပေါင်းစပ်လိုက်သည့်အခါ ရှီတိ၏ စွမ်းအားက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ သူ၏လက်သီးချက်က အကြေးခွံနဂါးဘုရင် စီးမာချွေကို နောက်ဆုတ်သွားစေသည်။

လက်သီးဖြင့်ထိုးနှက်ပြီးသည်နှင့် ရှီတိက ရန်သူကို အလျှင်စလိုဆက်လက်တိုက်ခိုက်ခြင်းမရှိဘဲ မြေပြင်ထက်သို့ အရှိန်ပြင်းပြင်း ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။

ထိုအခါ “ဝမ်”အိမ်တော်၏ ဘိုးဘွားပိုင်မြေတစ်ခုလုံးကိုကာကွယ်ထားသည့် ခံစစ်အစီအရင်များအားလုံး ပြိုကျပျက်စီးသွားသည်။

စီးမာချွေ၏ မျက်နှာအမူအရာက အလွန်ရက်စက်ကြမ်းတမ်းသွားသည်။ သူက လှံရှည်ကိုဝှေ့ယမ်းလိုက်ရာ မိုးမြေတစ်ခွင် ရွေ့လျားနေသည့် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက ရှီတိနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုတော့ဘဲ ရန်သူကို နှောက်ယှက်တိုက်ခိုက်သည့်နည်းလမ်းကို ပြောင်းလဲလိုက်သည်။

စီးမာချွေသည် ရှီတိကို မယှဉ်နိုင်သည့်တိုင် “ဝမ်” အိမ်တော်ဘိုးဘွားပိုင်နယ်မြေအတွင်းသို့ ရှီတိ ဝင်ရောက်နိုင်ခြင်း မရှိစေရန် ဟန့်တားထားနိုင်၏။

“ဝမ်” အိမ်တော်၏ ဘိုးဘွားပိုင်မြေတည်ရှိရာ စိမ့်စမ်းမြေသည် အနက်ရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းလျှက် သွေးနီရောင်လျှပ်စီးများက တိမ်တိုက်များကြား တဖျတ်ဖျတ်လင်းလက်လျှက် ရှိသည်။

အနက်ရောင်မြူခိုးများကြားတွင် ကြီးမားသောဝိညာဉ်အစီအရင်ကြီးတစ်ခုကို ယောင်ဝါးဝါးတွေ့မြင်ရသည်။

ရန်ကျောက်ကဲသည် ကြည်လင်လျှို့ဝှက်ရေကန်တွင် တွေ့ခဲ့ဖူးသော မဟာငရဲကိုးထပ်တံခါး၏ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ အငွေ့အသက်ကို တစ်ဖန်ပြန်လည် ခံစားမိသည်။

"သွားကြစို့"

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက “ဝမ်” အိမ်‌တော်ဘိုးဘွားပိုင်နယ်မြေအတါင်းသို့ လျှင်မြန်စွာထွက်ခွာသွားသည်။ ဖန်းယွင်ရှန်းနှင့် ပန်ပန်တို့ကလည်း သူ့နောက် လျှပ်စီးလက်သည့်ပမာ တပ်ကြပ်မကွာ လိုက်ပါလာသည်။

တစ်ချိန်တည်းမှာပင် အရပ်မျက်နှာအသီးသီးမှ ဝါဒတောင်သိုင်းသမားများ ထွက်ပေါ်လာပြီး “ဝမ်” အိမ်တော် ဘိုးဘွားပိုင်မြေကို ဝန်းရံထားရန် လျှင်မြန်စွာ ထွက်ပေါ်လာကြသည်။ ဝါဒတောင်သိုင်းသမားအုပ်စုတစ်စုလျှင် သိုင်းဆရာသခင်တစ်ယောက်က ဦးဆောင်သည်။

ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး ပြင်းထန်သည့်အရှိန်အဟုန်ဖြင့် “ဝမ်” အိမ်တော်ဘိုးဘွားပိုင်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။

ရှီတိက ပတ်ဝန်းကျင်တစ်ခုလုံးမှ ခံစစ်အစီအရင်ကို ဖျက်ဆီးလိုက်ပြီဖြစ်သောကြောင့် “ဝမ်” အိမ်တော်မှလူများကိုယ်တိုင် ဝါဒတောင်သိုင်းသမားများကို ခုခံရတော့သည်။

ဝါဒတောင်သိုင်းသမားများ “ဝမ်”အိမ်တော်နားသို့ ရောက်လာသည်နှင့် အနက်ရောင်မြူခိုးများအတွင်းမှ   မှောင်မိုက်သောအလင်းတန်းများက လှိုင်းထန်သည့်မုန်တိုင်းတစ်ခုပမာ ချက်ချင်းထွက်ပေါ်လာသည်။

အားလုံးက နည်းလမ်းပေါင်းစုံဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြသည်။

ရန်ကျောက်ကဲက လုံးဝတုံ့ဆိုင်းမသွားဘဲ သူ့ပခုံထက်မှ ငှက်မွှေးများအား အရှေ့ဆီမှာရန်သူရှိရာသို့ မိုးစက်ဓားသွားများပမာပစ်လွှတ်လိုက်သည်။

ရွှေရောင်ကြိုးကြာငှက်မွှေးများက မှောင်မိုက်သည့်အလင်းတန်းများအလယ်သို့ ဝင်ရောက်သွားပြီး လေထုအလယ်တွင် စွမ်းအား (၂)ခု ရိုက်ခတ်မိသွားသည်။

များစွာသော ငှက်မွှေးအလင်းတန်းများက လေထုအလယ်တွင် ပျောက်ကွယ်သွားပြီး အမှောင်ထုအလင်းတန်းများအတွင်းမှ သံမဏိမြှားတံများက ပုံပျက်သွားကာ မြေပြင်ထက်သို့ အပိုင်းပိုင်ပြတ် ပြုတ်ကျသွားသည်။

ကျန်ရှိသည့် သံမဏိမြှားတံအနည်းငယ်က ရန်ကျောက်ကဲထံ ဝင်ရောက်လာသည့်အခါ သူက မြင့်မားတောင်တန်း မှော်ဝင်သံချပ်ကာဝတ်စုံဖြင့် ကာကွယ်လိုက်သည်။

ထို့နောက် ရန်ကျောက်ကဲ မြေပြင်ထက်သို့ ဆင်းသက်လိုက်ပြီး ခမ်းနားလှသော “ဝမ်” အိမ်တော် ရှေ့သို့ ရောက်ရှိသွားကာ အိမ်ကိုကာရံထားသည့် တံတိုင်းကြီးအား ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။

ပြင်းထန်လှသည့်စွမ်းအားကြောင့် တံတိုင်းကြီးထက်တွင် အ‌ပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်သွားပြီး ပြိုကျပျက်ဆီးသွားလေတော့သည်။

***

All Chapters