သိုင်းဆရာသခင်မဟုတ်ဘဲ ငါ့ကိုလာမတိုက်နဲ့
Vol. 18 Ch. 251
ရန်ကျောက်ကဲ “ဝမ်” အိမ်တော် ဘေးဘက်ရှိ တံတိုင်းကြီးကို ခြေထောက်ဖြင့်ဆောင့်ကန်ကာ ဖြိုချလိုက်သည်။
ကျောက်မှုံများနှင့် မီးခိုးငွေ့များလွင့်ပျံလာပြီး တောက်ပသည့်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာကာ ရန်ကျောက်ကဲဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသည့် ဓားအလင်းတန်းများက အဆက်မပြတ်ထွက်ပေါ်လာပြီး တောင်တန်းများအလားစွမ်းအားပြင်းထန်လှသော ဓားချက်များက ရန်ကျောက်ကဲကို ပတ်ပတ်လည်တွင် ဝန်းရံသွားသည်။
ရန်ကျောက်ကဲက အရေးပင်မစိုက်ဘဲ လက်သီးတစ်ချက် ထိုးစိုက်ချလိုက်ရာ သူ၏လက်သီးသိုင်းဝိညာဉ်က ဓားအလင်းရောင်များကြား ဖြတ်သန်းဝင်ရောက်သွားပြီး ရန်သူကို လွင့်ထွက်သွားစေသည်။
ရန်သူက နောက်သို့လွင့်ထွက်သွားသော်လည်း သူ့အရှေ့မှ ဓားအလင်းရောင်များက ပိုမိုကြီးထွားလာသည်။
ရန်သူက နောက်သို့လွင့်ထွက်သွားသည့်တိုင် သူ့အရှေ့မှဓားအလင်းရောင်က ပိုမိုကြီးထွားလာသည်။ ထိုဓားသိုင်းမှာ “ဝမ်” အိမ်တော်မှ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော တောင်းတန်းဆက်နွယ်ဓားသိုင်းပညာပင် ဖြစ်သည်။ မိုးမြေတစ်ခွင်လုံး ဓားဝိညာဉ်ဖုံးလွှမ်းသွားပြီး ရန်ကျောက်ကဲကို ဝပ်တွားသွားစေရန် ရန်သူက တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တောင်တန်းဆက်နွယ်ဓားအလင်းတန်းများကြားမှ မှောင်မိုက်စူးရှသည့် လေပြင်းတစ်ချက်က ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။
ထိုဓားသိုင်းက အနက်ရောင်အိပ်မက်ဆိုးတောင်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော “လေအသွင်ဓားသိုင်း” နှင့် ဆင်တူသည်။
ထိုဓားသိုင်းက အမှန်တကယ်ပင် “လေအသွင်ဓားသိုင်း” ဖြစ်ပြီး မိုးအောက်မြေပြင်တွင် အလျှင်မြန်ဆုံး ဓားသိုင်းပညာတစ်ခုဖြစ်ကာ လေတိုက်ခတ်ခြင်းထက်ပင်လျှင်မြန်သည်ဟု ဆိုကြသည်။ ကောင်းကင်မိုးကြိုးခန်းမ၏ လျှပ်စီးဓားသိုင်း (၇၂)ကွက်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်၏။
ဓားအလင်းရောင်က မှေးမှိန်ပြီး နောက်ဆုံးမှ ထွက်ပေါ်လာခြင်း ဖြစ်သည့်တိုင် ရန်ကျောက်ကဲထံ အလျှင်မြန်ဆုံး ဝင်ရောက်လာသည်။ အခြားသူဆိုလျှင် ထိုဓားကွက်ကို တားဆီးရန် ခဲယဉ်းပေမည်။
သို့သော် ရန်ကျောက်ကဲကတော့ လက်တစ်ဖက်ကိုဆန့်ထုတ်ကာ လက်ညှိုးနှင့်လက်ခလယ်အသုံးပြုပြီး သူ့ထံဝင်ရောက်လာသည့် ဓားကို ဖမ်းထားလိုက်သည်။
ချက်ချင်းပင် ဓားအလင်းရောင်ပျောက်ကွယ်သွားပြီး ဓားသွားကငြိမ်သက်သွားသည်။ ရန်ကျောက်ကဲ၏လက်နှစ်ချောင်းဖြင့် ဖမ်းချုပ်ခံလိုက်ရသောဓားသွားက လုံးဝလှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက နေရာမှတစ်လက်မပင်မရွေ့လျားဘဲ မတ်တတ်ရပ်နေရင်း ကြယ်တာရာချီစွမ်းအားများကိုကို ထုတ်ဖော်လိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားများက မုန်တိုင်းတစ်ခုပမာ ပြောင်းလဲသွားပြီး မိုးမြေတစ်ခွင်ပျံ့နှံ့သွားကာ သူ့ထံဝင်ရောက်လာသော ဓားအလင်းတန်းများအားလုံးကို ပျောက်ကွယ်သွားစေသည်။
ရန်ကျောက်ကဲကို တိုက်ခိုက်သည့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းသမားကလည်း အလွန်လျှင်မြန်သူ ဖြစ်သည်။ ရန်ကျောက်ကဲက သူ၏ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ထိုသူက ချက်ချင်းပင် ဓားကိုလက်လွှတ်လိုက်သည်။
သို့သော် သူ ဆုတ်ခွာမည်လား ၊ ဆက်လက်တိုက်ခိုက်မည်လား နောက်ထပ်လှုပ်ရှားမှုတစ်ခု မပြုလုပ်နိုင်ခင်မှာပင် ရန်ကျောက်ကဲလက်ထဲမှ သူ့ဓားက သူ့ထံသို့ လွင့်ပျံလာသည်ကို တွေ့လိုက်ရသည်။
“ဝှစ်...”
“ဗြိ”
ချွန်ထက်သည့်ဓားဦးချွန်က အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းသမား၏ ခန္ဓာကိုယ်တည့်တည့်ဝင်ရောက်သွားပြီး ရင်ဝကို ထုတ်ချင်းပေါက်သွားသည်။
အနီးပတ်ဝန်းကျင်မှလူများအားလုံး ရန်ကျောက်ကဲကို ထိတ်လန့်စွာ ကြည့်မိကြသည်။
ဓားသွားကို လက်နှစ်ချောင်းဖြင့် ဖမ်းချုပ်ထားပြီး ရှေ့သို့အနည်းငယ်တွန်းလွှတ်လိုက်ရုံဖြင့် ဓားက အရှေ့ဆီမှ အနက်ရောင်အိမ်မက်ဆိုးတောင် သိုင်းသမားကို အသက်ပျောက်သွားစေသည် မဟုတ်လား။
ရန်ကျောက်ကဲက ပုံမှန်အတိုင်း တည်ငြိမ်စွာပင် ရန်သူ့ရင်ဝမှဓားကို ဆွဲထုတ်လိုက်ပြီး လက်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။
အနေအထားတစ်ချက်မပြောင်းလဲဘဲ ယခုကဲ့သို့ လက်နှစ်ချောင်းဖြင့် ဓားကိုထိန်းချုပ်ကာ ရန်သူကို ချက်ချင်းသတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲ၏ ဓားသိုင်းပညာက မိုးအောက်မြေပြင်တွင် ပြိုင်ဘက်ကင်းများထဲမှ တစ်ယောက်ဖြစ်နေသည်မှာ ထင်ရှားသည်။
တံတိုင်းတစ်ခုကို ဖြတ်ကျော်ကာ ရန်ကျောက်ကဲက ခြံဝင်းအလယ်ဗဟိုသို့ ဝင်ရောက်လာခဲ့ပြီး သူ့ကိုတိုက်ခိုက်လာသည့် ရန်သူများအားလုံးကို ရှင်းလင်းပစ်လိုက်သည်။ ထိုနေရာတွင် သူမှလွဲပြီး အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပေ။
သူ့အကြည့်များက လှိုင်းတစ်ချက်ပင်မထဘဲ တည်ငြိမ်နေပြီး သူ့လက်ထဲမှဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်နှင့် လျှပ်စီးကြောင်းများပမာ ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
အနက်ရောင်မြူခိုးများကြားမှ ရန်ကျောက်ကဲကို အလစ်ချောင်းတိုက်ခိုက်ရန် ချဉ်းကပ်လာသော သိုင်းသမားတစ်ဘောက်မှာ ဓားချက်ဖြင့်ထိုးနှက်ခံရပြီး မြေပြင်ထက်လဲကျ အသက်ပျောက်သွားသည်။
ရန်သူ့ဘက်မှ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများစွာ လျှင်မြန်စွာ ချဉ်းကပ်လာကြသည်။ ရန်ကျောက်ကဲ၏ ဓားချက်များ သူတို့ထံကျရောက်မလာစေရန် ချိတ်ပိတ်တားဆီးလိုက်ကြသည်။
အရင်ဆုံးဝင်ရောက်လာသည့် ရှန်ထျန်းနှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ရန်ကျောက်ကဲက လက်ဝါးရိုက်ချက်ဖြင့် အသေရိုက်ချလိုက်ပြီးနောက် သူက ခေါင်းခါယမ်းလိုက်သည်။
“သိုင်းဆရာသခင်အဆင့်မဟုတ်ဘဲ ငါ့လာတိုက်လို့ကတော့ အကုန်သေမှာပဲ”
ပြောပြီးသည်နှင့် သူက ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ဝင်ရောက်လာသည့် လက်သီးချက်တစ်ချက်ကို ရင်ဆိုင်လိုက်သည်။
သူ့ကိုတိုက်ခိုက်လာသူက မြင်းတစ်ကောင်နှင့်ဆင်တူသောမျက်နှာရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ပြင်းထန်စွာထွက်ပေါ်နေသည်။ သူ့ဦးခေါင်းထက်တွင် မိုးကုတ်စက်ဝိုင်းနှင့်ချိတ်ဆက်နေသည့် ပုံရိပ်ယောင်အလင်းတန်းထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ချိတ်ဆက်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်သည်။
ထိုသူက အသက်အရွယ်လည်း ငယ်ရွယ်သေးပြီး အသက် (၃၀)ပင် မကျော်သေးပေ။ သူက ကြယ်တာရာချီစွမ်းအားများကို ဖြန့်ကျက်လိုက်သည့်အခါ အနက်ရောင်အိပ်မက်ဆိုးတောင်၏ ကိုယ်ပိုင်သိုင်းပညာထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့် အနက်ရောင်လေများ စတင်ဖြစ်တည်လာသည်။
သူ့မျက်လုံးများက အဝါရောင်ပြောင်းနေပြီး အနီရောင်သွေးကြောများ ထင်ရှားနေသည်။ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသည့် ကျင့်ကြံသူတစ်ယောက်ပင်။ ရန်ကျောက်ကဲကို ကြည့်နေသည့် သူ၏မျက်ဝန်းများက နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နက်နေသည်။
“ဝါဒတောင်ကလူတွေ... အကုန်သေသင့်တယ်”
မြင်းမျက်နှာနှင့်လူထံမှ ကြယ်တာရာချီစွမ်းအားများ တဟုန်ထိုးထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံး အနက်ရောင် ချီစွမ်းအားများဖြင့် ပြည့်နက်သွားသည်။
အနက်ရောင်မုန်တိုင်းများက သိပ်သည်းသွားပြီး အနက်ရောင်လှံရှည်များပမာ ရန်ကျောက်ကဲထံသို့ ဦးတည်ဝင်ရောက်လာသည်။
သို့သော် ရန်ကျောက်ကဲ၏ သွေးကြောဆုံချက်များမှ မရေမတွက်နိုင်သည့် ကြည်လင်သောချီစွမ်းအားများထွက်ပေါ်လာလေရ ရန်သူ့ထံမှ အနက်ရောင်လှံရှည်များက သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
တစ်ဆက်တည်းပင် မြင်းမျက်နှာနှင့်လူက ရန်ကျောက်ကဲကို လက်သီးချက်ဖြင့် ထိုးစိုက်ချလိုက်သည်။ ရန်ကျောက်ကဲက လက်သီးချက်ကို ကြောက်မက်ဖွယ်ရာ လက်ဝါးရိုက်ချက်ဖြင့် တုံပြန်လိုက်သည်။
ရန်ကျောက်ကဲ၏ မီးနဂါးများပမာ ပူလောင်သည့် ကြယ်တာရာချီစွမ်းအားများက မြင်းမျက်နှာနှင့်လူ၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားလေရာ ထိုသူမှာ တစ်ကိုယ်လုံး မီးရှို့ခံရသည့်ပမာ နာကျင်ခံစားလိုက်ရသည်။
သူ၏ ကြယ်တာရာချီစွမ်းအားများက ရန်ကျောက်ကဲ၏ မီးနဂါးများပမာ ကြယ်တာရာချီစွမ်းအားကို ခံနိုင်ရည် မရှိခဲ့ပေ။
မြင့်မျက်နှာနှင့်ဆင်တူသောလူ၏ ခန္ဓာကိုယ်အတွင်းမှ အသွေးအသားနှင့် အရိုးများ တောက်လောင်ပေါက်ကွဲသွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အဝတ်အစားဖုံးကွယ်ထားခြင်းမရှိသည့် မျက်နှာ ၊ လက်နှစ်ဖက်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး နီရဲလောင်ကျွမ်းနေသည်ကို တွေ့မြင်ရသည်။
သူ့ကိုကြည့်ရသည်မှာ ဆီအိုးထဲတွင် နီရဲလာသည်အထိ အကြော်ခံရသော ဂဏန်းတစ်ကောင်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲက လက်ဝါးရိုက်ချက်ကို ရုတ်သိမ်းလိုက်သည်နှင့် ထိုသူမှာ ရွှံ့လုံးကြီးတစ်လုံးပမာ မြေပြင်ထက်သို့ မှောက်လျှက်ကျသွားသည်။
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ဒီလိုအသက်အရွယ်ငယ်ငယ်နဲ့ ကောင်းကင်ချိတ်ဆက်အဆင့်ကိုရောက်နေတာ ထိပ်သီးသိုင်းဂိုဏ်းကြီးတွေမှာသာဆိုရင် ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်နေလောက်ပြီ ၊ တကယ့်ကို ရှားပါးတဲ့ပါရမီရှင်လို့ ပြောလို့ရတယ် ၊ အနက်ရောင်အိပ်မက်ဆိုးတောင်မှာ ဒီလိုလူငယ်တွေရှိနေတာ အံ့သြစရာပဲ ၊ စိတ်မကောင်းစရာက ဒီလူက အမှောင်ဘက်ခြမ်းကို ကျရောက်နေပြီ”
အမတကြိုးကြာတောင်ပံဖြင့် ပျံသန်းဝင်ရောက်လာသည့်အတွက် ရန်ကျောက်ကဲ၏ အရှိန်အဟုန်က အလွန်လျှင်မြန်သည်။ အားဟူနှင့် အခြားသူများက ယခုမှ ရန်ကျောက်ကဲအနားသို့ ရောက်လာကြသည်။
ရောက်ရောက်ချင်းမှာပင် အားဟူ၏လက်ချောင်းများက ဝင်ရောက်လာသည့် ရန်သူတစ်ဘောက်၏ ဦးခေါင်းအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။
“ဝမ်” အိမ်တော် အခြားနေရာများသို့လည်း ဝါဒတောင်မှ သိုင်းသမားများက အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လာကာ အိမ်တော်အတွင်းထဲအထိ ရောက်ရှိလာကြသည်။
ဝါဒတောင်က ယနေ့ စစ်ဆင်ရေးအတွက် ထိပ်တန်းအဆင့် တပ်ဖွဲ့တစ်ခုကို ဤနေရာတွင် ဖြန့်ကျက်ထားခဲ့ပြီး တိုက်ခိုက်မှုအရှိန်အဟုန်ကို ခိုင်ခံ့စေခဲ့သည်။
ထို့ကြောင့် “ဝမ်” အိမ်တော်မှ သိုင်းသမားများ မဆိုထားနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများသည်ပင် ဝါဒတောင်၏ ထိုးစစ်ဆင်မှုကို ခက်ခက်ခဲခဲ ဆန့်ကျင်နေကြရသည်။
ဝါဒတောင်သိုင်းသမားများအနေဖြင့် သူတို့ရှေ့မှ ရန်သူများထက် ရှီတိနှင့် စီးမာချွေတို့၏တိုက်ပွဲနောက်ဆက်တွဲ စွမ်းအားလှိုင်းလုံးများကို ပိုပြီးသတိထားနေရသည်။ မဟုတ်ပါက တိုက်ဖွန်းမုန်တိုင်းပမာပြင်းထန်သော စွမ်းအားလှိုင်းလုံးများဖြင့် ရိုက်ခတ်မိကာ ဘာမှန်းမသိလိုက်ဘဲ သေဆုံးရမည် ဖြစ်သည်။
တိုက်ပွဲတွင်တော့ ရှီတိဘက်မှ အသာစီးရနေပြီး စီးမာချွေက နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရသည်။ ထို့ကြောင့် ရန်ကျောက်ကဲနှင့် အခြားသူများအနေဖြင့် ပိုပြီးလွတ်လပ်စွာ လှုပ်ရှားနိုင်ကြသည်။
ပတ်ဝန်းကျင်တွင် အနက်ရောင်မိစ္ဆာမြူခိုးများ ပိုမိုထူထပ်လာပြီး အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင် (၂)ယောက်၏တိုက်ပွဲမှ ထွက်ပေါ်လာသည့် ငလျှင်လှိုင်းများကို တားဆီးထားသည်။
ထို့ကြောင့် ရန်ကျောက်ကဲနှင့် အခြားသူများ မိစ္ဆာနယ်မြေမဟာအစီအရင်၏ အဓိကဗဟိုချက်ဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားနိုင်ခဲ့သည်။
ကြည်လင်လျှို့ဝှက်ရေကန် တိုက်ပွဲ ပြီးဆုံးသည့်နောက် ရန်ကျောက်ကဲက အစီအရင်ပညာကို ဆက်တိုက်လေ့လာခဲ့သည်။ ထို့ကြောင့် ယခု တွေ့မြင်ရသည့် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ပိုပြီးနားလည်လာသည်။
သူတို့မျက်စိရှေ့မှ မဟာအစီအရင်ကြီးမှာ အပြည့်အဝတည်ဆောက်ရခြင်းမရှိသေးသလို မိစ္ဆာနယ်မြေသည်လည်း တည်ငြိမ်ခြင်း မရှိသေးပေ။
ထို့ကြောင့် မိစ္ဆာရောင်ဝါက ရန်ကျောက်ကဲနှင့် အခြားသူများအပေါ် သက်ရောက်ခြင်းမရှိဘဲ လှုပ်ရှားမှုများက အရာရာ ချောမွေ့နေခဲ့သည်။
သို့သော် မိစ္ဆာရောင်ဝါက တဖြည်းဖြည်းအားကောင်းလာပြီး လူတို့၏စိတ်နှလုံးကို ပျက်ပြားစေသည့် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ထုတ်လွှတ်လာသည်။
ရန်ကျောက်ကဲ သူ့အရှေ့မှ ရန်သူများကို တိုက်ခိုက်နေစဉ် သူ့စိတ်ထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ အဆက်မပြတ်အားကောင်းလာသည်ကို ခံစားရသည်။ သူ့စိတ်ထဲ မိတ်ဆွေ ၊ ရန်သူ မခွဲခြားဘဲ အရာအားလုံးကို သတ်ဖြတ်ပစ်ရန် အသံတစ်သံက ညွှန်ကြားနေသည့်အလား ဖြစ်သည်။
“ဟာ...”
ရန်ကျောက်ကဲ၏မျက်ဝန်းများ ချက်ချင်းနက်ရှိုင်းသွားပြီး ချက်ချင်းပင် စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်သည်။
ထို့နောက် မနီးမဝေးမှ သူနှင့်ရင်းနှီးနေပြီးသား ရွှေရောင်မျှော်စင်ကြီး၏ အထွတ်ထိပ်ကို လှမ်းမျှော်ကြည့်လိုက်သည်။ ထိုနေရာတွင် သွေးနီရောင်အလင်းတံခါးကြီးတစ်ခု ရှိနေပြီး အောက်ဘက်ရှိမြေပြင်ထက်တွင်တော့ အလားတူတံခါးသဏ္ဌန်တစ်ခု အရိပ်ထင်လျှက် ရှိသည်။
ရန်ကျောက်ကဲက ကြီးမားသည့် ဂဠုန်ငှက်ကြီးတစ်ကောင်အလား အမတကြိုးကြာတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး ရွှေရောင်မျှော်စင်ကြီးထက်သို့ လျှင်မြန်စွာ ပျံသန်းသွားသည်။
***