အောင်မြင်ဖို့အရမ်းလွယ်နေတယ်
Vol. 18 Ch. 252
ကျင့်ကြံခြင်းအဆင့်အရဆိုရသော် ဝါဒတောင်သိုင်းသမားများအားလုံးထဲတွင် ရန်ကျောက်ကဲက စွမ်းအားအမြင့်မားဆုံး မဟုတ်ပေ။
သို့သော် သူတို့ရှေ့မှ မိစ္ဆာနယ်မြေမဟာအစီအရင်ကြီးကိုတော့ ရန်ကျောက်ကဲလောက် မည်သူမှ နားလည်နိုင်စွမ်း မရှိကြပေ။
ရန်ကျောက်ကဲက လမ်းလျှော်ကလာရင်း မိစ္ဆာနယ်မြေမဟာအစီအရင် အလယ်ဗဟိုရှိ ရွှေရောင်မျှော်စင်ကြီးအနားသို့ ချဉ်းကပ်လာသည်။
၎င်းမျှော်စင်ကြီးထက်မှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး အောက်ဘက်ရှိ မြေပြင်ထက်သို့ တံခါးတစ်ချပ်အသွင်က အရိပ်ထိုးကျလျှက် ရှိသည်။
ရွှေရောင်မျှော်စင်ပတ်ပတ်လည်တွင် အနက်ရောင်ကြိုးများနှင့် ဆင်တူသည့် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက ရစ်ပတ်လျှက် မိစ္ဆာချီစွမ်းအားများကလည်း ပျံ့နှံ့နေသည်။
သို့သော် အစီအရင်က အပြည့်အဝ မတည်ဆောက်ရသေးသည့်အတွက် ဖျက်ဆီးပစ်ရန် အခက်အခဲ မရှိပေ။
ရန်ကျောက်ကဲနှင့် ဝါဒတောင်မှသိုင်းသမားရောက်လာချိန်တွင် မိစ္ဆာနယ်မြေအစီအရင်က စတင်လှည့်ပတ်နေပြီ ဖြစ်သည်။
ရွှေရောင်မျှော်စင်ပတ်ပတ်လည်တွင် ရစ်ပတ်နေသည့် ဝိညာဉ်သင်္ကေတများက အပြည့်အဝခိုင်မာခြင်း မရှိသေးဘဲ ပုံရိပ်ယောင်အသွင်ဖြင့်သာ ဖြစ်တည်နေသည်။ သွေးနီရောင်အလင်းတန်းများ ဖြာလင်းနေသည့် တံခါးကလည်း အတော်လေး အားနည်းနေသေးသည်။ ထိုတံခါးမှတစ်ဆင့် မြေပြင်ထက်အရိပ်ထင်ရောင်ပြန်ဟပ်နေသည့် မဟာငရဲကိုးထပ်တံခါးကတော့ ယခုမှ သန္ဓေတည်အစပြုသည့်အဆင့်တွင်သာ ရှိနေသေး၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတို့၏စိတ်နှလုံးကို လှည့်ဖြားနိုင်သော ငရဲကိုးထပ်မှ ကြောက်မက်ဖွယ်ရောင်ဝါက အားကောင်းသည်ထက်အားကောင်းလာမည် ဖြစ်သည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ အားဟူ ၊ ပန်ပန်နှင့် အခြားသော ဝါဒတောင်မှသိုင်းသမားအချို့နှင့်အတူ မြင့်မားသောမျှော်စင်ကြီးရှိရာသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။
ဖန်းယွင်ရှန်းက ပန်ပန်ထက်မှ ဆင်းသက်လိုက်ပြီး သူမ၏ တောက်ပမှုမရှိသောအနက်ရောင်ဓားကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သူမ ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အမှော်ငကျင့်ကြံသူများ လျှင်မြန်စွာ အသက်ပျောက်ကုန်ကြသည်။
ထိုအချိန်...
အဝေးတစ်နေရာမှ ရန်သူတစ်ယောက် ထွက်ပေါ်လာသည်။
ထိုသူက အချင်းနှစ်မီတာနီးပါးရှိသော လှည်းဘီးကြီးပမာကြီးမားသည့် စက်သွားဘီးကြီးတစ်ခုကို ယူဆောင်လာသည်။
ဘီးပတ်ပတ်လည်တွင် ဓားသွားချွန်ချွန်များက စက်သွားများပမာ ဖုံးအုပ်ထားသည်။
ထိုသူကကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ကြယ်တာရာချီစွမ်းအားများကို ထုတ်လွှတ်ကာ စက်သွားဘီးကြီးကို မ လိုက်ပြီး ဖန်းယွင်ရှန်းနှင့် အခြားသူများထံသို့ ပစ်လွှတ်လိုက်သည်။
စက်သွားဘီးကြီးက ချွန်ထက်သောဓားသွားများ ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်အထိ မွတ်နေအောင် လည်ပတ်ရင်း ဖန်းယွင်ရှန်းနှင့် အခြားသောဝါဒတောင်သိုင်းသမားများထံသို့ ဝင်ရောက်လာသည်။
စက်သွားဘီးတစ်ခုလုံးမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများက အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လျှက် ရှိသည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင်မှ လူ (၁၀)ယောက်ခန့်ကို အသာလေး သတ်ဖြတ်ပစ်နိုင်သည်။
ဝါဒတောင်သိုင်းသမားများက ထိုစက်သွားဘီးကြီးကို ကမန်းကတန်း ရှောင်တိမ်းလိုက်ကြသည်။
ဖန်းယွင်ရှန်းထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ဝါဒတောင်သိုင်းသမားတစ်ယောက်က လေထဲသို့ ခုန်ဝင်သွားပြီး စက်သွားဘီးကြီး၏အလယ်ဗဟိုတွင် ခြေဖျားထောက်ရပ်လိုက်သည်။
ထို့နောက် စက်သွားဘီးကြီးထက်မှ လေထဲသို့ ဆက်တိုက်ခုန်ဝင်သွားပြီး ထိုဘီးကြီး ပစ်လွှတ်လိုက်သူကို ဦးတည်တိုက်ခိုက်လိုက်သည်။
ဂိုဏ်းတူညအီအစ်ကိုတစ်ယောက်က ရန်သူ၏ တိုက်ခိုက်မှုကို တစ်ချက်တည်းရှောင်တိမ်းလိုက်နိုင်သဖြင့် ဝါဒတောင်သိုင်းသမားများ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ဖန်းယွင်ရှန်းကတော့ ထိုစက်သွားဘီးကြီးကို ရှောင်တိမ်းခြင်း မပြုဘဲ နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။
ဂိုဏ်းသားတစ်ယောက်က သူမအတွက် စိုးရိမ်ပြီး လန့်ဖျတ်ကာ အော်ဟစ်လိုက်ချိန် ဖန်းယွင်ရှန်းက လက်ကိုမြှောက်ကာ သူမ၏အနက်ရောင်ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
သံမဏိချင်းထိခတ်သံ စူးရှကျယ်လောင်စွာ ထွက်ပေါ်လာပြီး စက်သွားဘီးကြီးမှာ နှစ်ခြမ်းကွဲကာ မြေပြင်ထက်လွင့်စင်ကျသွားသည်။
ထို့နောက် သူမက ဓားချက်ကို ရုတ်သိမ်းလိုက်ပြီး မြေပြင်ထက် ခြေတစ်ချက်ဆောင့်ကာ လေထဲသို့ ခုန်ဝင်သွားပြီး ဥက္ကာပျံတစ်စင်းပမာ စက်သွားဘီးကြီးသယ်ဆောင်လာသော ရန်သူရှေ့သို့ ရောက်ရှိသွားသည်။
သူမ၏ ကြမ်းတမ်းထက်ရှသော ဓားချက်အောက်တွင် ရန်သူမှာ ဝါးလုံးနှစ်ခြမ်းကွဲသွားသည့်အလား ဦးခေါင်းမှ ခန္ဓာကိုယ်အောက်ပိုင်းအထိ တိတိရိရိ နှစ်ခြမ်းကွဲသွားသည်။
ချောမောလှပသော မိန်းမပျိုလေးတစ်ဘောက်က ထိုမျှ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တိုက်ကွက်ကို ထုတ်ဖော်လိုက်သည့်အတွက် လူတိုင်းပင် နှစ်ခါပြန်ကြည့်ရသည်အထိ အံ့အားသင့်သွားကြသည်။
ဖန်းယွင်ရှန်းကတော့ သူမ၏ဓားချက်ဖြင့် ရန်သူကို သတ်ဖြတ်လိုက်ခြင်းအတွက် ထူးဆန်းဟန် အနည်းငယ်ပင် မပြပေ။ သူမအတွက် ထမင်းစားရေသောက်အလုပ်တစ်ခုပမာသာ ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် နောက်ထပ်ရန်သူတစ်ယောက်ဆီသို့ ဝင်ရောက်သွားပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဖန်ယွင်ရှန်းနောက်မှ ကပ်လိုက်လာသည့် သူမထက်စွမ်းအားမြင့်မားသည့် ပန်ပန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်တောင်များပုတ်ခတ်ပုတ်လုပ်ကာ လည်ဆံမွှေးများကို လှုပ်ခါလိုက်သည်။
ရန်သူများကို သုတ်သင်ပြီးနောက် အားလုံး ရန်ကျောက်ကဲနောက်သို့ လိုက်သွားကြသည်။ ရန်ကျောက်ကဲကလည်း သူ့နောက်မှအမီလိုက်လာသူများအတွက် ရှေ့ဆုံးမှ မရပ်မနားတိုက်ခိုက်ပေးရင်း ချီတက်လျှက်ရှိသည်။
ရန်ကျောက်ကဲက ရန်သူများကို စူးစမ်းအာရုံခံရင်း သူ့ပခုံးထက်မှ အမတကြိုးကြတောင်ပံများကို ဖြန့်ကားလိုက်ပြီး ကြိုးကြာငှက်မွှေးများကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။ ဓားသွားများပမာထက်ရှသည့် ငှက်မွှေးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရန်သူများ၏ခန္ဓာကိုယ်များထက် အပေါက်ပေါင်းများစွာ ထိုးဖောက်ဖြစ်ပေါ်သွားစေသည်။
မိစ္ဆာနယ်မြေမဟာအစီအရင် ဗဟိုချက်မှ မြင့်မားသောမျှော်စင်ကြီးအနားသို့ ရန်ကျောက်ကဲ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အနက်ရောင်မိစ္ဆာအငွေ့များဖုံးလွှမ်းလျှက် ပို၍အက်ကွဲကြမ်းတမ်းလာသည်။ မျှော်စင်ထိပ်မှ ဖြာကျနေသည့် သွေးနီရောင်အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းလျှက် သွေးနီရောင်သီးခြားကမ္ဘာတစ်ခုအဖြစ် ပုံဖော်ထားသည်။
ရွှေရောင်မျှော်စင်ကြီးကို သံကြိုးများပမာ ရစ်ပတ်ထားသည့် မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သင်္ကေတများကို တစ်ချက်မော့ကြည့်လိုက်ပြီး မျှော်စင်ထိပ်သို့ ပျံသန်းထွက်ခွာသွားသည်။
ထို့နောက် သူ့လက်ထဲတွင် ကျောက်သားတုတ်တိုင်အတိုလေးပေါ်လာပြီး ကြီးမားလှသော ကျောက်တိုင်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
ထို့နောက် လက်ကိုလွှတ်လိုက်ပြီး ကျောက်တိုင်ကြီးဖြင့် အောက်ဘက်သို့ ရိုက်ချလိုက်သည်။
ထိုအခါ မျှော်စင်ကိုရစ်မှတ်နေသည့် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ တစ်ခုပြီးတစ်ခု အက်ကွဲသွားသည်။
ဝိညာဉ်သင်္ကေတများ ပြိုကျပျက်စီးသွားသည်နှင့် အစကပင် အခြေမခိုင်သေးသော ရွှေရောင်မျှော်စင်ကြီးမှ စတင်တုန်လှုပ်လာသည်။
မိုးမြေတစ်ခွင်ထွက်ပေါ်နေသည့် သွေးနီရောင်အလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားပြီး မိစ္ဆာချီစွမ်းအားများလည်း လွင့်ပြယ်သွားသည်။
မိစ္ဆာနယ်မြေမဟာအစီအရင်၏စွမ်းအားများ ရုတ်တရက် အားနည်းသွားသည့်အခါ ဝါဒတောင်သိုင်းသမားများမှာလည်း ရန်သူများကို သုတ်သင်ပြီး အနှောက်အယှက်မရှိ ရှေ့ဆက်လာနိုင်ကြသည်။
အထူးသဖြင့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များ ဦးဆောင်သော အုပ်စုအနည်းငယ်က ဝါးတောကို ရိုက်ချိုးသည့် အရှိန်အဟုန်ဖြင့် လမ်းတစ်လျှောက် ရန်သူများအားလုံးကို သုတ်သင်ကာ မဟာအစီအရင်၏ဗဟိုချက်ဆီသို့ ရောက်ရှိလာကြသည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးဖြင့် ဝိညာဉ်သင်္ကေတများစွာကို ဖျက်ဆီးပြီးနောက် မြေပြင်ထက်သို့ ပြန်လည်ဆင်းသက်ရန် ဟန်ပြင်နေသူ ရန်ကျောက်ကဲသည် သူ့ဦးခေါင်းထက်မှ ဓားအလင်းရောင်တစ်ချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ခေါင်းမော့ကြည့်လိုက်တော့ သူ့ကို ဓားတစ်လက်ဖြင့်တိုက်ခိက်လာသည့် အဘိုးအိုတစ်ယောက်ကို တွေ့ရသည်။ ဓားရှည်၏စွမ်းအားက တောင်တန်းများပြိုကျလာသည့်အလား စွမ်းအားပြင်းထန်လွန်းသည်။ “တောင်တန်းဆက်နွယ်” ဓားသိုင်းပင် ဖြစ်၏။
ထိုအဘိုးအို၏ ကြယ်တာရာချီစွမ်းအား အနှစ်သာရသည် ပုံရိပ်ရောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော တောင်တန်းများ အမှန်တကယ် ပြိုကျလာသည့်အလား ထင်မှတ်ရသည်။
ထိုအဘိုးအိုသည်ကား...
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော “ဝမ်” အိမ်တော်သခင်ပင် ဖြစ်သည်။
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ ညာဘက်မျက်လုံးအတွင်းမှ လျှပ်စီးအလင်းရောင်များ ထွက်ပေါ်လာပြီး မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အဝန်းအဝိုင်းတစ်ခုအသွင် ထွက်ပေါ်လာသည်။
ကျယ်လောင်သည့် မိုးခြိမ်းသံနှင့်အတူ ခရမ်းရောင်လျှပ်စီးကြောင်းများက သူ့အရှေ့မှ တောင်တန်းများပမာ ဓားအလင်းတန်းကို ချေဖျက်ပစ်လိုက်သည်။
“ဝမ်” အိမ်တော်အကြီးအကဲက ရန်ကျောက်ကဲကို ဆက်လက်တိုက်ခိုက်ချင်နေသေးသည့်တိုင် သူ့နားထဲတွင် လေတိုးသံတစ်ချက်ကြားလိုက်ရပြီး ဗလာနယ်ကိုပင် ခုတ်ပိုင်းဖြတ်လုမတတ် ကြောက်မက်ဖွယ်ရာဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုဓားက သူ့နားရွက်တစ်ဖက်ကို ဖြတ်တောက်သွားသည်။
ဝါဒတောင်၏ ကိုယ်ပိုင်သိုင်းပညာတစ်ခုဖြစ်သော ၊ အစွန်းရောက်ရှစ်ပါးသိုင်းပညာ (၈)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် “ခရုနွယ်လိမ်” ဓားသိုင်းဖြစ်သည်။
ဝါဒတောင်၏ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် ရောက်ရှိလာခြင်းပင်။
ရန်ကျောက်ကဲ အနည်းငယ် ပြုံးလိုက်သည်။ ယခုတစ်ကြိမ် မိစ္ဆာနယ်မြေမဟာအစီအရင်ကိုဖျက်ဆီးရန် ရောက်ရှိလာသူမှာ သူတစ်ယောက်တည်း မဟုတ်ခဲ့ပေ။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ကိုင်ထားရင်း ရန်ကျောက်ကဲ နေရာရွှေ့ပြောင်းလိုက်သည်။ ဝိညာဉ်သင်္ကေတများကို ချိုးဖျက်လိုက်ပြီဖြစ်သောကြောင့် မိစ္ဆာနယ်မြေမဟာအစီအရင်က တဖြည်းဖြည်း ယိုယွင်းလာပြီး ရွှေရောင်မျှော်စင်ကြီး လှုပ်လှုပ်ရွရွဖြင့် ပြိုကျလာသည်။ ထို့နောက် သွေးနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး သွေးနီရောင်တံခါးသည်လည်း ပျက်စီးသွားသည်။
ဝါဒတောင်သိုင်းသမားများ တိုက်ပွဲတွင် အသာစီးရနေပြီး အောင်ပွဲခံရန် အသင့်ဖြစ်နေကြပေပြီ။
ကောင်းကင်ထက်မှ ရှီတိနှင့် အကြေးခွံနဂါးဘုရင် စီးမာချွေ၏တိုက်ပွဲတွင်လည်း ရှီတိက စီးမာချွေကို ဆက်တိုက်နောက်ဆုတ်သွားရန် ဖိအားပေးလျှက် ရှိသည်။
ဝိညာဉ်သင်္ကေတများကို နောက်တစ်ကြိမ်ရိုက်ချလိုက်ပြီးနောက် ရန်ကျောက်ကဲ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးထက်သို့ ခုန်တက်လိုက်ပြီး မြင့်မားလှသည့် ရွှေရောင်မျှော်စင်ကြီးကို လှမ်းကြည့်လိုက်သည်။
ထိုအချိန် အားဟူက လေထဲခုန်ဝင်ကာ သူ့နံဘေးသို့ ရောက်ရှိလာပြီး...
“သခင်လေး... ဘာဖြစ်လို့လဲ”
ရန်ကျောက်ကဲက မျက်လုံးများကို မှေးစင်းလိုက်ရင်း...
“တစ်ခုခုတော့ လွဲနေပြီ ၊ အောင်မြင်ဖို့ အရမ်းလွယ်နေတယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...
“ကျွန်တော်တို့ ဝါဒတောင်မှာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျှိုတွေ မရှိတော့လို့ အစီအစဉ်တွေချောမွေ့ပြီး တစ်ချက်တည်းအောင်မြင်သွားတာ ဖြစ်နိုင်မလား”
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေနဲ့ ‘ဝမ်’ အိမ်တော်က သိုင်းသမားတွေပဲ ဒီအစီအရင်ဗဟိုချက်မှာ ရှိနေကြတယ် ၊ အနက်ရောင်အိပ်မက်ဆိုးတောင်တန်းက သိုင်းသမားတွေကို မတွေ့ရဘူး ၊ စောစောက ငါသတ်ပစ်လိုက်တဲ့ ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်တစ်ယောက်ကိုပဲ တွေ့သေးတယ်”
အားဟူက အံ့အားသင့်သွားပြီး...
“ဒါဆို သူတို့က ဘာဖြစ်ချင်တာလဲ ၊ အပြင်ကနေ ကျွန်တော်တို့ကို ဝိုင်းထားပြီး အလစ်ချောင်း တိုက်ခိုက်ချင်တာလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ငါတို့ဂိုဏ်းက ထိပ်တန်းအဆင့်သိုင်းသမားတွေလည်း ရှိနေတယ် ၊ ကန္တာဒေသက ပထမအဆင့်ထိပ်တန်းအကြီးအကဲကလည်း ဒီနေရာကို အထူးစောင့်ကြည့်နေတယ် ၊ ဒီတော့ ငါတို့ကို အဲဒီလိုအလစ်တိုက်ခိုက်ဖို့ မလွယ်လောက်ဘူး”
ရန်ကျောက်ကဲ ခဏမျှစဉ်းစားနေရင်း သူ့အကြည့်က မြင့်မားသည့် ရွှေရောင်မျှော်စင်ကြီးဆီသို့ ထပ်မံကျရောက်သွားလေ၏။
***