ပုံမှန်မဟုတ်သည့်ရန်ကျောက်ကဲ
Vol. 18 Ch. 253
“ဒီတိုက်ပွဲမှာ ရန်သူ့ဘက်က ထိပ်တန်းအဆင့်သိုင်းသမားတွေနည်းတယ် ၊ ပြီးတော့ အကြေးခွံနဂါးဘုရင် စီးမာချွေကလွဲရင် တခြား အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တွေ မရှိဘူး”
ရွှေရောင်မျှော်စင်ကိုကြည့်ရင်း ရန်ကျောက်ကဲ အတွေးနက်လျှက် ရှိသည်။
အားဟူက ပြုံးလိုက်ရင်း...
“အလစ်ချောင်းတိုက်ခိုက်မယ်ဆိုရင်တောင် ဒီ မိစ္ဆာနယ်မြေမဟာအစီအရင်ကို အရင်ဆုံးဖျက်ဆီးတာက မမှားလောက်ဘူး မဟုတ်လား ၊ အနည်းဆုံးတော့ ကျွန်တော်တို့ ဒီနေရာမှာ ငရဲကိုးထပ်ကနတ်ဆိုးတွေ ဝင်ရောက်ခွင့်မရအောင် တားဆီးနိုင်ခဲ့တာပဲလေ”
သူက ဆက်ပြောသည်။
“မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖျက်ဆီးလိုက်ရင် ရန်သူ့ဘက်က အားနည်းသွားမှာပဲ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက စကားပြန်မပြောပေ။
သူက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း ပျက်စီးရောယှက်နေသည့် ဝိညာဉ်သင်္ကေတများကို စိတ်ထဲမှ အဆက်မပြတ်ခွဲခြမ်းစိတ်ဖြာရင်း ပုံဖော်ကြသည့်နေသည်။
ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲပြီးဆုံးသည့်နောက် ရန်ကျောက်ကဲ အတွေ့အကြုံများစွာရရှိခဲ့ပြီး အစီအရင်ပညာကို အပြင်းအထန် ကြိုးစားလေ့လာခဲ့သည်။
အချိန်အကန့်အသတ်ရှိသောကြောင့် မိုးမြေကို တုန်လှုပ်စေကာ ကမ္ဘာကိုပြောင်းပြန်လှန်ပစ်ရလောက်အောင် ကျွမ်းကျင်မှု မရှိခဲ့သော်လည်း သိသိသာသာတိုးတက်လာအောင် လေ့လာနိုင်ခဲ့သည်။
“မူလအကြောင်းရင်းခံကိုစဉ်းစားကြည့်ရင်... မိစ္ဆာနယ်မြေမဟာအစီအရင်ရဲ့ နောက်ဆုံးပန်းတိုင်က ငရဲကိုးထပ် ဒီနေရာကို ရောက်လာနိုင်ဖို့ပဲ ၊ ဒီအစီအရင်က အာကာသဗလာနယ်နဲ့ အချိန်ကာလအပိုင်းအခြားကို ကျော်ဖြတ်နိုင်စွမ်း ရှိတယ်...”
ရန်ကျောက်ကဲ စဉ်းစားနေသည်။
“ဆိုတော့... တစ်ယောက်ယောက်က လှည့်ကွက်အသုံးပြုချင်တယ်ဆိုရင် အချိန်နဲ့အာကာသအပိုင်းအခြားမှာပဲ ဖြစ်သင့်တယ်”
“ဒါဆို... မဟာငရဲကိုးထပ်တံခါးရဲ့ ဦးတည်ချက်ကို ပြေင်းပြန်လှန်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကနေ ငရဲကိုးထပ်ဆီကို ပြန်ပို့လိုက်မယ်ဆိုရင်ရော... အဲဒီလို ဖြစ်နိုင်မလား”
ရန်ကျောက်ကဲ ဖြစ်နိုင်ခြေများကို စဉ်ဆက်မပြတ် စဉ်းစားရင်း မရေမတွက်နိုင်သော အတွေးများက သူ့စိတ်ထဲ လျှပ်စီးလက်သလို လင်းလက်နေသည်။
သူနှင့် အားဟူ ငြိမ်သက်စဉ်းစားနေချိန် ဝါဒတောင်မှ သိုင်းသမားများ၏တိုက်ပွဲကတော့ ရပ်တန့်မသွားခဲ့ပေ။
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်က မျက်နှာပြင်ရှစ်ပါး ဝိညာဉ်ဓာဖြင့် ရွှေရောင်မျှော်စင်ကြီးကို ခုတ်ပိုင်းချလိုက်သည်။ ပါးလွှာသည့် အလင်းရောင် (၈)ခုထွက်ပေါ်လာပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရပြောင်းလဲသွားကာ အလင်းရောင်က မိစ္ဆာနယ်မြေမဟာအစီအရင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထို့နောက် အလင်းမျက်နှာပြင် (၈)ခုနှင့်အတူ ရွှေရောင်မျှော်စင်ကြီးသည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကျလာသည်။
ရန်ကျောက်ကဲက ပြိုကျလာသည့် ရွှေရောင်မျှော်စင်ကြီးကိုကြည့်ရင်း မိစ္ဆာနယ်မြမဟာအစီအရင်၏ အပြောင်းအလဲများကို စေ့စေ့စပ်စပ် အာရုံခံကြည့်နေသည်။
ရုတ်တရက်...
ပြဿနာရှိနေသည့် နေရာတစ်ခုကို ရန်ကျောက်ကဲ တွေ့လိုက်ရသည်။
ယခင်က ဤနေရာမှ မိစ္ဆာနယ်မြေအစိအရင်လည်ပတ်နေမှုသည် ကြည်လင်လျှို့ဝှက်ရေကန်တွင် သူဖျက်ဆီးခဲ့သည့် အစီအရင်နှင့် လုံးဝကွာခြားခြင်း မရှိပေ။
သို့သော် ရွှေရောင်မျှော်စင်ကြီး ပြိုကျလာသည်နှင့် အစီအရင်ကပြောင်းပြန်လည်ပတ်သွားပြီး မိနစ်ပိုင်းအတွင်း ခြားနားချက်က ထင်သာမြင်သာဖြစ်လာသည်။
ရွှေရောင်မျှော်စင်ကြီးပြိုကျလာပြီးနောက် သွေးနီရောင်အလင်းတံခါးက လုံးဝ ပျောက်ကွယ်သွားသည်။ သံကြိုးများပမာ ချိတ်ဆက်ထားသည့် မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သင်္ကေတများကလည်း ချက်ချင်း ပျက်ဆီးသွား၏။
ထူထပ်သော အနက်ရောင်မိစ္ဆာချီစွမ်းအားများသည် ယခုအခါ ဤနေရာတွင်ရှိသော အမှောင်ဘက်ခြမ်းကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းသို့ ပြောင်းပြန်စီးဆင်းဝင်ရောက်သွားကာ သေသည်ထက်ဆိုးသော ဝေဒနာများကို ခံစားရစေသည်။
အဖြစ်အပျက်များအားလုံးက ကြည်လင်လျှို့ဝှက်ရေကန်မှ ဖြစ်ရပ်များ ပြန်လည်အသက်သွင်းလိုက်သလို အလွန်ဆင်တူလှသည်။
သို့သော် ရန်ကျောက်ကဲ စိတ်ထဲတွင်တော့ သံသယများ ပြည့်နက်နေသည်။
မြင့်မားသော ရွှေရောင်မျှော်စင်ကြီး ပြိုကျလာသည်နှင့် ဤနေရာမှ မိစ္ဆာနယ်မြေမဟာအစီအရင်ကြီး၏ စွမ်းအားက အခြားနေရာတစ်ခုသို့ လျှို့ဝှက်စွာရွှေ့ပြောင်းသွားသလို ယောင်ဝါးဝါး ခံစားနေရသည်။
ရန်ကျောက်ကဲ စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးထက်မှ ခုန်ဆင်းလိုက်ပြီး ပြိုကျနေပြီဖြစ်သော ရွှေရောင်မျှော်စင်ကြီးထံသို့ လျှင်မြန်စွာ ထွက်ခွာသွားသည်။
ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို ရုတ်သိမ်းလိုက်ပြီး ရွှေရောင်မျှော်စင်ကြီးထံ ထွက်ခွာသွားသည်ကို တွေ့ရသည့်အခါ ဝါဒတောင်သိုင်းသမားများ အနည်းငယ် အံ့အားသင့်သွားကြသည်။
“အစီအရင်ဗဟိုချက်က ပျက်စီးနေပြီ မဟုတ်ဘူးလား ၊ သူက ဆုလာဘ်တွေလိုချင်လို့ လောဘတကြီး ထ လုပ် နေတာလား”
“သူက အစကတည်းက ဆုလာဘ်တွေ အများကြီးရမယ့်သူပါကွာ ၊ ငါတို့အားလုံးအမြင်ပဲလေ ၊ အစီအရင်ကို ချိုးဖျက်တာလည်း သူပဲ ဦးဆောင်ခဲ့တာ ၊ ဒီနေရာကို ငါတို့အားလုံးဝင်ရောက်နိုင်ဖို့လည်း သူပဲကူညီပေးတာ ၊ ဘာပဲဖြစ်ဖြစ် သူရမယ့်ဆုလာဘ်တွေက မနည်းလောက်ပါဘူး”
ရွှေရောင်မျှော်စင်ကြီးနှင့် အနီးဆုံးတွင်ရှိနေသာ သိုင်းဆရာသခင်က ရန်ကျောက်ကဲကို အံ့အားသင့်စွာကြည့်လိုက်သည်။
သူက မျက်မှောင်တစ်ချက်ကြုံ့ရင်း...
“ကျောက်ကဲ... မင်း စိတ်ပူစရာ မလိုဘူး ၊ ငါ့ရဲ့ဓားချက်က ဒီမျှော်စင်ကြီးကို သေချာပေါက် ဖျက်ဆီးပစ်နိုင်ပါတယ်...”
ရန်ကျောက်ကဲက သူ့စကားကို ဆုံးအောင်နားမထောင်ဘဲ ဖြတ်ပြောလိုက်သည်။
“အကြီးအကဲ’ချုန်း’ ၊ ဒီမျှော်စင်ကြီးကို ပြိုမကျစေနဲ့...”
ရန်ကျောက်ကဲနှုတ်မှထွက်လာသည့်စကားကြောင့် အားလုံး ဆွံ့အသွားကြသည်။
အမှောင်ကျင့်ကြံသူများနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများသည်ပင် ရန်ကျောက်ကဲကို ကြည့်ရင်း မှင်တက်သွားကြသည်။
ရန်ကျောက်ကဲထံမှ ထိုသို့သောစကားထွက်လာမည်ဟု အကြီးအကဲ’ချုန်း’ အိပ်မက်ပင် မမက်ခဲ့ပေ။
သူက ရန်ကျောက်ကဲကို ဇဝေဇဝါဖြင့်ကြည့်ရင်း...
“ဘာဖြစ်လို့...”
သူ့စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွားပြီး ရန်ကျောက်ကဲကို အနီးကပ် သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။
ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးလိုက်မိသည်။ ထိုဖြစ်နိုင်ခြေက အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်သော်လည်း ရန်ကျောက်ကဲ၏ ပုံမှန်မဟုတ်သည့် အပြုအမူက ပိုပြီးကြောင်တောင်တောင်နိုင်လှသည်။ ရန်ကျောက်ကဲ၏ အပြုအမူများက အရင်ကနှင့်မတူဘဲ အခြားတစ်ယောက်ကဲ့သို့ ဖြစ်နေသည် မဟုတ်လား။
ထိုလူငယ်လေး အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားခဲ့ပြီလား။
အခြားဝါဒတောင်သိုင်းသမားများသည်လည်း ရန်ကျောက်ကဲကို သံသယစိတ်ဖြင့် ကြည့်နေကြသည်။
ရန်ကျောက်ကဲ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသည်ဟု တစ်စုံတစ်ယောက်က ပြောလာလျှင် သူတို့ ယုံကြည်မည် မဟုတ်ပေ။ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် ရန်ကျောက်ကဲက မိစ္ဆာနယ်မြေအစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။ ယခုလည်း “ဝမ်” အိမ်တော်ဘိုးဘွားပိုင်မြေကို ထိုးဖောက်ဝင်ရောက်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။
အကယ်၍ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်ကို သုတ်သင်သူများထဲတွင် ရန်ကျောက်ကဲကို ဒုတိယဟု သတ်မှတ်မည်ဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မည်သူမှ ပထမနေရာကို ယူဝံ့ကြမည် မဟုတ်ပေ။
ထိုသို့သောလူတစ်ယောက်က အမှောင်ဘက်ခြမ်းသို့ကျရောက်သွားသည်မှာ မည်သည့်နည်းနှင့်မှ ယုံနိုင်စရာ မရှိပေ။
သို့သော် ရန်ကျောက်ကဲ၏ ပုံမှန်မဟုတ်သောလုပ်ရပ်များကတော့ အမှန်တကယ်ပင် နားလည်ရခက်လွန်းလှသည်။
စောစောက မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖြိုခွင်းလိုက်ချိန် သူ့စိတ်နှလုံးအတွင်းသို့ မိစ္ဆာစိတ်များ ဝင်ရောက်သွားခြင်းလေလား။
ငရဲကိုးထပ်သည် လူသားတို့၏ စိတ်နှလုံးအတွင်းသို့ မိစ္ဆာစိတ်များဝင်ရောက်စေရန် စွမ်းဆောင်နိုင်လေရာ မည်သူက မည်သည့်အချိန်တွင် အမှောင်ဘက်ခြမ်းကျရောက်သွားမည်ကို မသိရှိနိုင်ပေ။ ထို့ကြောင့် အချိန်တိုင်း သတိရှိရှိဖြင့် နေထိုင်သင့်သည်။
ထိုအချိန် ရွှေရောင်မျှော်စင်ကြီးမှာ အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး အောက်ဘက်သို့ ပြိုကျလာသည်။
ရန်ကျောက်ကဲမှာ ရှင်းပြချိန်ပင် မရှိတော့ဘဲ လေထဲသို့ ခုန်ဝင်သွားပြီး ပြိုကျလာသည့်မျှော်စင်ကြီးကို ပြန်လည်တည်ငြိမ်သွားအောင် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
ကံကောင်းသည်မှာ ရန်ကျောက်ကဲ၏ နာမည်ကျော်ကြားမှုနှင့် အရှိန်အဝါကြောင့် လူအများက သူ့ကို အထင်ကြီးလေးစားကြသဖြင့် သံသယများရှိနေသည့်တိုင် မည်သူမှ သူ့ကို မတားဆီးခဲ့ကြပေ။
မြင့်မားသည့်မျှော်စင်ကြီးကို တည်ငြိမ်အောင်ထိန်းချုပ်ရင်း စိတ်အာရုံစူးစိုက်ထားသည့်အလျှောက် ရန်ကျောက်ကဲ၏ အမူအရာက တည်ကြည်လေးနက်လျှက် ရှိသည်။ သူ့ခေါင်းထဲတွင် အစီအရင်နှင့်ပတ်သက်သည့် အခြေခံအချက်များကို စဉ်ဆက်မပြတ် တွေးတောနေသည်။
ရန်ကျောက်ကဲ စကားမပြောအားကြောင်း တွေ့ရသည့်အခါ အားဟူက အကြီးအကဲ’ချုန်း’ကို ရှင်းပြသည်။
“အကြီးအကဲ’ချုန်း’ ၊ ဒီတစ်ခေါက် ဝင်ရောက်စီးနင်းတာ အရမ်းလွယ်နေလို့ သခင်လေးက ထောင်ချောက်တစ်ခုဖြစ်မယ်လို့ စိုးရမ်နေတာပါ”
အကြီးအကဲ’ချုန်း’က ခေါင်းညိတ်ရင်း...
“ဟုတ်တယ် ၊ ငါလည်း အဲဒီလို ခံစားရတယ် ၊ ဒါပေမဲ့ အလစ်တိုက်ခိုက်ခံရတာပဲဖြစ်ဖြစ် ၊ တခြားကိစ္စပဲဖြစ်ဖြစ် ငရဲကိုးထပ်ကို ငါတို့ဆီအလာမခံနိုင်ဘူး ၊ မိစ္ဆာနယ်မြေမဟာအစီအရင်ကို အရင်ဆုံးဖျက်ဆီးလိုက်တာက အမှားမရှိနိုင်ဘူးမဟုတ်လား ၊ တကယ်တော့ သူတို့ရည်ရွယ်ချက်ကလည်း ငရဲကိုးထပ်ကို ဒီကမ္ဘာထဲ ဆွဲခေါ်ချင်တာ မဟုတ်လား”
သူက ဆက်ပြောသည်။
“မဟာငရဲကိုးထပ်တံခါးပွင့်လာတာနဲ့ အကျိုးဆက်က ကပ်ဘေးကြီးကျရောက်မှာပဲ ၊ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်ပါစေ အဲဒီကပ်ဘေးထက် ဆိုးရွားနိုင်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားတော့ ဝါဒတောင်မှ ထိပ်တန်းသိုင်းသမားအချို့က ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
အစီအရင်အတွင်းမှ အပြောင်းအလဲများကို အဖြေရှာပြီးနောက် ရန်ကျောက်ကဲက စကားဆိုလာသည်။
“ဒီနေရာမှာ မဟာငရဲကိုးထပ်တံခါးပွင့်လာမယ်ဆိုရင် တကယ့်ကို ကြောက်စရာဖြစ်ရပ်ပါပဲ ၊ ဒါပေမဲ့ အဆိုးဆုံး မဟုတ်သေးဘူး”
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း ခေါင်းမော့လိုက်သည်။
“ငရဲကိုးထပ် ဒီနေရာကိုရောက်လာခဲ့ရင် အနည်းဆုံးတော့ ကျွန်တော်တို့ တိုက်ပွဲအတွက် ပြင်ဆင်နိုင်သေးတယ် ၊ အနည်းဆုံးတော့ ဒီနေရာမှာ ပထမဆရာဦးလေး ရှိတယ်လေ ၊ ဆိုတော့... ငရဲကိုးထပ်တံခါးပွင့်လာဦးတော့... ကျွန်တော်တို့အသက်စတေးရမယ်ဆိုရင်တောင် နတ်ဆိုးတွေကို သတ်ဖြတ်ပစ်နိုင်တယ် ၊ ပြီးတော့ ဂိုဏ်းက စစ်ကူတွေရောက်လာရင် သာမန်လူတွေကိုလည်း ကယ်ထုတ်ပေးနိုင်တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မဟာငရဲကိုးထပ်တံခါးက ထင်မှတ်မထားတဲ့ အခြားနေရာတစ်ခုမှာ ရုတ်တရက် ပွင့်လာခဲ့ရင် ဘာမှမသိရသလို ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်မထားတဲ့အတွက် နတ်ဆိုးတွေ ကျွန်တော်တို့ကမ္ဘာပေါ်ကို အလုံးအရင်းနဲ့ ဝင်ရောက်လာလိမ့်မယ်”
ထိုစကားကိုကြားတာ့ ဝါဒတောင်မှ သိုင်းသမားများအားလုံး တုန်လှုပ်သွားကြသည်။
ကြည်လင်လျှို့ဝှက်ရေကန်တွင်ဖြစ်စေ ၊ ယခု “ဝမ်” အိမ်တော်ဘိုးဘွားပိုင်မြေတွင်ဖြစ်စေ ငရဲကိုးထပ်၏ ကျူးကျော်လာမှုကို တားဆီးနိုင်ခဲ့သည့်အကြောင်းရင်းမှာ မိစ္ဆာနယ်မြေမဟာအစီအရင် တည်ဆောက်ရန် အချိန်တစ်ခု လိုအပ်သောကြောင့် ဖြစ်သည်။ ထိုအစီအရင် တည်ဆောက်ပြီးမှသာ မဟာငရဲကိုးထပ်တံခါးကို ဖွင့်နိုင်မည် ဖြစ်သည်။
ထို့ပြင် ကြီးမားသည့်အစီအရင်ကြီးတစ်ခု တည်ဆောက်ရန်အတွက် အချိန်နှင့်ငွေကြေးအင်အား များစွာလိုအပ်သည်။ ထိုအစီအရင် မတည်ဆောက်နိုင်မီ အခြားသူများ ရှာဖွေတွေ့ရှိသွားပါက အရာအားလုံး အဆုံးသတ်သွားမည် ဖြစ်သည်။
ထိုအချက်များကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများသည် ငရဲကိုးထပ်ဝင်ရောက်လာမည့်အန္တရယ်ကို တားဆီးရန် အခွင့်အရေး ရရှိခဲ့ကြခြင်းပင်။
သို့သော်...
မည်သည့်ပြင်ဆင်မှုမှ လုပ်မထားသလို ကြိုတင်သိရှိခြင်းလည်းမရှိသော နေရာတစ်ခုတွင် မဟာငရဲကိုးထပ်တံခါး ရုတ်တရက် ပေါ်လာမည်ဆိုလျှင်တော့...။
ထိုသို့တွေးမိသည်နှင့် လူတိုင်းစိတ်ထဲ အေးစိမ့်စွာ ခံစားလိုက်ကြရသည်။
***