← Chapters

ပြောင်းပြန်

Vol. 18 Ch. 254

ပြောင်းပြန်

Vol. 18 Ch. 254

ရန်ကျောက်ကဲ၏စကားက ဝါဒတောင်မှသိုင်းသမားများအားလုံးကို အေးစိမ့်သွားစေသည်။

“ဝမ်” အိမ်တော်သခင်နှင့် တိုက်ခိုက်နေသော ဝါဒတောင်မှ သိုင်းဆရာသခင်က ရန်သူကို စူးစိုက်ကြည့်နေရင်းမှ...

“ဒီကိစ္စမျိုး ရှိသလား”

“ဝမ်” အိမ်တော်အကြီးအကဲမှာ ရန်ကျောက်ကဲစကားကိုနားထောင်ရင်း မှင်တက်နေရာမှ သတိပြန်ဝင်လာသည်။ သူ့မျက်ဝန်းများက နာကျည်းမှု ၊ ရက်စက်မှုများဖြင့် တောက်ပနေသည်။

ဝါဒတောင်ကို မြှားခေါ်ရန်အတွက် သူတို့ကိုယ်သူတို့ ငါးစာအဖြစ် အသုံးပြုခဲ့သလို ရှေ့တန်းတိုက်စစ်လည်းဆင်နွှဲခဲ့ရသည်။

အဘိုးအိုက လျှင်မြန်စွာပင် သူ့စိတ်ခံစားချက်များကို ရုတ်သိမ်းလိုက်ပြီး နားမလည်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

“မင်းတို့ ဘာတွေပြောနေတာလဲ ငါ မသိဘူး”

သူ၏တုံ့ပြန်မှုက လျှင်မြန်သော်လည်း သူ့မျက်ဝန်းဆီမှ မိနစ်ပိုင်းအတွင်း အပြောင်းအလဲများကို ဂရုတစိုက်အကဲခတ်နေသည့် ဝါဒတောင်မှ သိုင်းဆရာသခင်ကတော့ တွေ့မြင်သွားခဲ့သည်။

ဝါဒတောင်မှအကြီးအကဲ၏စိတ်ထဲတွင် ချက်ချင်းအေးစက်သွားပြီး ရန်သူနောက်သို့ဆုတ်သွားစေရန် ဓားကွက်ထုတ်ဖော်တိုက်ခိုက်လိုက်သည်။

ထို့နောက် သူ၏ဂိုဏ်းသားများရှိရာသို့ လှည့်ကြည့်ကာ ခေါင်းခါယမ်းရင်း...

“အဲဒါ တကယ်ဖြစ်လာမှာ ငါစိုးရိမ်မိတယ်”

အကြီးအကဲ’ချုန်း’နှင့် အခြားသူများအားလုံး အေးစိမ့်သည့်လေထုကို ခံစားရပြီး ပင့်သက်ရှိုက်လိုက်မိကြသည်။ ထို့နောက် မြင့်မားသည့် ရွှေရောင်မျှော်စင်ကြီးကို လှမ်းကြည့်လိုက်ကြ၏။

ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးထက်မှ ခုန်ဆင်းလိုက်ပြီး ရွှေရောင်မျှော်စင်အပျက်အဆီးများထက်တွင် မတ်တတ်ရပ်နေသည်။ သူက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး မျှောင်စင်ကြီးထက်သို့ လက်ကိုတင်ရင်း အတွင်းထဲမှ မိစ္ဆာချီစွမ်းအားလည်ပတ်မှုနှင့် အပြောင်းအလဲများကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာနေသည်။

ခဏကြာမှ ရန်ကျောက်ကဲက စကားဆိုသည်။

“အခု နည်းနည်းနောက်ကျသွားပြီ ၊ မိစ္ဆာနယ်မြေမဟာအစီအရင်က အခုချိန်ကစပြီး ပြောင်းပြန်လည်ပတ်နေပြီ ၊ အစီအရင်ထဲက မိစ္ဆာချီစွမ်းအားတွေကို အဝေးတစ်နေရာကို ပို့ဆောင်ပေးနေပြီ ၊ ဒါပေမဲ့ ဒီမျှော်စင်ကြီးပြိုကျတာကို ထိန်းထားနိုင်ဦးမယ်ဆိုရင်တော့ အဲဒီလုပ်ငန်းစဉ်ကို နှောင့်နှေးအောင် ထိန်းထားလို့ရသေးတယ်”

အကြီးအကဲ’ချုန်း’ မှာ ပါးဖြတ်ရိုက်သလို ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။

ဝါဒတောင်မှ သိုင်းဆရာသခင်တစ်ယောက်က အဝေးမှ လှမ်းပြောသည်။

“ဂိုဏ်းတူအစ်ကို’ချုန်း’ ၊ စိတ်ကိုတည်ငြိမ်အောင်ထားပါ ၊ စိတ်မကောင်းဒေါသဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို မိစ္ဆာစိတ်တွေ ဝင်ရောက်နိုင်စေတယ်”

ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“မဟာငရဲကိုးထပ်တံခါး ဘယ်နေရာမှာ အသစ်ထပ်ဖွင့်လှစ်မလဲဆိုတာ မင်း သိနိုင်မလား”

ရန်ကျောက်ကဲက...

“တောင်ကောင်းကင်ဒေသ...”

ဟု လေးလံသည့်လေသံဖြင့် ဆိုသည်။

အတန်ကြာပြီးမှ သူက မှေးမှိတ်ထားသည့်မျက်ဝန်းများကို ပြန်ဖွင့်လိုက်သည်။

ရန်ကျောက်ကဲစကားကြောင့် ဤနေရာတွင်ရှိနေသည့် ဝါဒတောင်သိုင်းသမားများအားလုံး ခါးသီးစွာ ခံစားလိုက်ကြရသည်။

တောင်ကောင်းကင်ဒေသဆိုသည်က နေသူတော်စင်ဂိုဏ်းတည်ရှိရာ မီးနယ်မြေနှင့် နယ်နိမိတ်ဖြစ်သည်။ နယ်စပ်တိုက်ပွဲများ ဆင်နွှဲနေသည့်အတွက် ဝါဒတောင်မှ ထိပ်တန်းသိုင်းသမားအများအပြား ထိုနေရာသို့ စေလွှတ်ထားသည်။

ဝါဒတောင်ဌာနချုပ်တည်ရှိရာ အလယ်ပိုင်းကောင်းကင်ဒေသမှလွဲပြီး အခြားဒေသ (၆)ခု ဖြစ်သော မြောက်ကောင်းကင်ဒေသ ၊ တောင်ကောင်းကင်ဒေသ ၊ အရှေ့ကောင်းကင်ဒေသနှင့် အနောက်ကောင်းကင်ဒေသများအပြင် ကန္တာဒေသနှင့် ကန်းဒေသများရှိ ပထမအဆင့် ထိပ်တန်းအကြီးအကဲများအနက် တောင်ကောင်းကင်ဒေသမှ အကြီးအကဲက စွမ်းအားအမြင့်မားဆုံး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တောင်ကောင်းကင်ဒေသက နေသူတော်စင်ဂိုဏ်းနှင့် နယ်စပ်စစ်ပွဲတိုက်ခိုက်နေရသောကြောင့် ဖြစ်သည်။

‌ဝါဒတောင်၏ တောင်ကောင်းကင်ဒေသနှင့် မြောက်ကောင်းကင်ဒေသက ဆန့်ကျင်ဘက် ဖြစ်သည်။  မြောက်ကောင်းကင်ဒေသက အလယပ်ပိုင်းကောင်းကင်ဒေသ နယ်နိမိတ်ထဲတွင် ရှိပြီး တောင်ကောင်းကင်ဒေသကတော့ ပင်မဂိုဏ်းဌာနချုပ်နှင့် အလွန်တရာ ဝေးကွာသည်။

ထို့ကြောင့် တောင်ကောင်းကင်ဒေသတွင် မဟာငရဲကိုးထပ်တံခါးပွင့်သွားပါက ဝါဒတောင်မှ တပ်ဖွဲ့များအနေဖြင့် အချိန်မီ မတုံ့ပြန်နိုင်ဘဲ ကြီးမားသည့်ပျက်ဆီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်ရပေလိမ့်မည်။

ဂိုဏ်းဌာနချုပ်မှ စစ်ကူသာမရရှိပါက တောင်ကောင်းကင်ဒေသအနေဖြင့် ခံစစ်အင်အားအလွန်တရာ နည်းပါးနေမည် ဖြစ်သည်။

အထူးသဖြင့် နေသူတော်စင်ဂိုဏ်း၏လှုပ်ရှားမှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သလို ဂိုဏ်းဌာနချုပ်မှ တောင်ကောင်းကင်ဒေသသို့ အကူအညီရောက်ရှိရန်က အဆမတန် အချိန်ကြာညောာင်းမည်ဖြစ်ရာ ငရဲကိုးထပ်ကျူးကျော်လာမှုကို အချိန်မီကာကွယ်ရန် အလွန်ခဲယဉ်းပေမည်။

နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း ဂိုဏ်းသားတစ်ယောက်က ရန်ကျောက်ကဲကို မေးခွန်းထုတ်သည်။

“ရန်သူ့ဘက်က တကယ်ပဲ အဲဒီလိုစီစဉ်ထားတယ်ဆိုရင်...  ငါတို့ကို ဘာလို့ ထောင်ချောက်ထဲဆွဲသွင်းဖို့ စောင့်နေမလဲ ၊ သူတို့ကိုယ်ပိုင်အကျိုးစီးပွားအတွက် မိစ္ဆာနယ်မြေမဟာအစီအရင်ကို သူတို့ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်လို့ မရဘူးလား ၊ ဒါဆိုရင် အခြားနေရာမှာ မဟာငရဲကိုးထပ်တံခါးက အလိုလိုပွင့်သွားမှာပေါ့”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ငါလည်း ငါခန့်မှန်းတာ မှားပါစေလို့ မျှော်လင့်နေတာပါ ၊ ဒါပေမဲ့ မဟုတ်ခဲ့ဘူး”

သူက ဆက်ပြောသည်။

“အမှောင်ဘက်ခြမ်းကျရောက်သွားတဲ့ ကျင့်ကြံသူတွေပဲဖြစ်ဖြစ် ၊ မိစ္ဆာစိတ်ဝင်နေတဲ့ သိုင်းသမားတွေပဲဖြစ်ဖြစ် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖျက်ဆီးနိုင်စွမ်း မရှိကြဘူး ၊ အစီအရင်ကိုပဲ တည်ဆောက်နိုင်စွမ်း ရှိကြတယ် ၊ ဒါကြောင့် သူတို့အစီအစဉ်ပြီးမြောက်ဖို့ ငါတို့ကို အသုံးချခဲ့တာပဲ”

ရန်ကျောက်ကဲက အနည်းငယ် ရယ်မောလိုက်ရင်း...

“ဒီလိုအခြေအနေမျိုးမှာ ဘယ်သူ့မှာ မိစ္ဆာစိတ်ဝင်နေပြီလဲဆိုတာ အတိအကျဖော်ထုတ်ဖို့ အကောင်းဆုံးပဲ ၊ ဒီနည်းလမ်းက အလုပ်ဖြစ်တယ် မဟုတ်လား”

ယခုလိုအချိန်မျိုးမှာပင် ရန်ကျောက်ကဲက ရယ်မောနောက်ပြောင်နိုင်သေးသည့်အတွက် အားလုံးက သူ၏တည်ငြိမ်မှုကို လေးစားသွားကြသည်။

အများစုက ရန်ကျောက်ကဲကဲ့သို့ ရယ်မောနိုင်ခြင်း မရှိကြတော့ပေ။

အကြီးအကဲ’ချုန်း’ က စိတ်တည်ငြိမ်စေရန် ခေါင်းကိုခါယမ်းလိုက်ပြီး အတွေးများကို မောင်းထုတ်လိုက်သည်။

ထို့နောက် မျက်နှာပြင်ရှစ်ပါးဝိညာဉ်ဓားကို ဝှေ့ယမ်းကာ သူ့ရှေ့မှ ရန်သူကို ဆက်လက်တိုက်ခိုက်လိုက်ရင်း...

“ဒီကိစ္စ အကြီးအကဲ’ရှီ’ ကို အမြန်အကြောင်းကြားပါ ၊ ပြီးတော့ ငါတို့ဂိုဏ်းဌာနချုပ်ကိုရော တောင်ကောင်းကင်ဒေသကိုပါ ချက်ချင်း သတင်းပို့ ၊ ဒီကလူတွေအားလုံးက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေကို အကုန်သတ်ပစ်”

ထိုစကားကိုကြားတော့ “ဝမ်” အိမ်တော်အကြီးအကဲက ရူးသွပ်သူတစ်ဘောက်ပမာ ဟားတိုက်ရယ်မောလိုက်သည်။

“ဒီနေ့ မင်းတို့ ဝါဒတောင် ဒီလောက်သွေးပျက်သွားတာကို တွေ့မြင်ရတာ... ဒီအဘိုးကြီး အသက်ပေးရတာ အလကားမဖြစ်ဘူးပဲ... ဟားဟားဟား...”

ထိုစကားကိုကြားတော့ အကြီးအကဲ’ချုန်း’ နှင့် အခြားသူများ၏ မျက်နှာများ အလွန်အရုပ်ဆိုးသွားကြသည်။

တစ်ဖက်လူက သူတို့ခုန်ချစေရန် တွင်းတူးခဲ့ပြီး သူတို့အနေဖြင့်လည်း ရွေးချယ်စရာမရှိဘဲ တွင်းထဲခုန်ချရန်သာ ရှိတော့သည်။

ဤနေရာမှ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ယွင်ဝူစီရင်စုသို့ ငရဲကိုးထပ်မှ ကျူးကျော်လာမည်ကို တားဆီးနိုင်မည် ဖြစ်သော်လည်း မဟာငရဲကိုးထပ်တံခါးက အခြားနေရာတွင် ချက်ချင်းပွင့်သွားမည် ဖြစ်သည်။

ဤနေရာမှ မိစ္ဆာနယ်မြေမဟာအစီအရင်ကို မဖျက်ဆီးဘဲထားမည်ဆိုပါက မျက်စိရှေ့တွင် ငရဲကိုးထပ်မှ ကျူးကျော်ဝင်ရောက်လာသည်ကို ဤအတိုင်းထိုင်စောင့်နေရပေမည်။

ပထမတစ်ချက်က အန္တရယ်ပိုများသော်လည်း ဒုတိယအချက်သည်လည်း ဆိုးရွားသည့်အချက်တစ်ချက်သာ ဖြစ်သည်။

ယနေ့တိုက်ပွဲအတွက် အလွန်ကြိုးစားခဲ့ကြပြီးမှ နောက်ဆုံးတော့ အဆိုးနှင့်အဆိုးကြား ရွေးချယ်မှုပြုလုပ်ရသည့် အခြေအနေတစ်ခုကို ကြုံတွေ့ရခြင်းမှာ အားလုံးကို စိတ်မချမ်းမသာ ဖြစ်စေသည် အမှန်ပင်။

အားဟူက မချိပြုံးတစ်ချက်ပြုံးရင်း ရန်ကျောက်ကဲကိုကြည့်လိုက်သည်။

“သခင်လေး”

သူက ရန်ကျောက်ကဲကိုကူညီပြီး ရွှေရောင်မျှော်စင်အပျက်အဆီးများကို ကူညီပြီး ထိန်းသိမ်းပေးထားသည်။

ရန်ကျောက်ကဲက...

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှာ ထိပ်တန်းပညာရှင်တစ်ယောက်ရှိနေတယ် ၊ သူက အချိန်တိုအတွင်းမှာပဲ မဟာငရဲကိုးထပ်တံခါးကို ဖွင့်လှစ်နိုင်စွမ်း ရှိတယ် ၊ မိစ္ဆာနယ်မြေမဟာအစီအရင်ကို အခုလို ပြောင်းပြန်လှန် ရှုတ်ထွေးသွားအောင် လုပ်လိုက်တာလည်း သူပဲလုပ်တာ ၊ ဒါကြောင့် အခု မဟာငရဲကိုးထပ်တံခါးက တောင်ကောင်းကင်ဒေသရဲ့ ဘယ်နေရာမှာပွင့်လာမလဲဆိုတာ အတိအကျသိပါ့မလား မပြောနိုင်သေးဘူး”

သူက ဆက်ပြောသည်။

“အဲဒါက ကျပမ်းနေရာတစ်ခုမှာ ပွင့်ချင်သလို ပွင့်သွားတလည်း ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ သူတို့လိုချင်တဲ့နေရာမှာ အတိအကျ ပွင့်သွားအောင် လုပ်နိုင်မယ်ဆိုရင်တော့ တကယ့် ရှားပါးဖြစ်ရပ်ပဲ”

ထို့နောက် ရန်ကျောက်ကဲက စကားဆက်မပြောတော့ဘဲ မိစ္ဆာနယ်မြေမဟာအစီအရင်ကို စိတ်နှစ်မြှုပ်လေ့လာနေသည်။ သူ့နားထဲတွင် တွင်းနက်ကြီးတစ်ခုအတွင်းမှ ကျယ်လောင်သည့် အော်ဟစ်သံများ ၊ စူးရှသည့် ငိုညည်းသံများကဲ့သို့သော အသံများကို ပဲ့တင်ထပ် ကြားလိုက်ရသည်။

ထို့နောက် သူ့စိတ်အာရုံထဲတွင် မြင်ကွင်းများပေါ်လာပြီး တောင်ကောင်းကင်ဒေသ၏ လွင်ပြင်တစ်ခုနေရာကို တွေ့ရှိရသည်။

နေရာတိုင်းတွင် တောင်သူလယ်သမားများ၏ သီးနှံစိုက်ခင်းများ ကျယ်ပြန့်စွာရှိနေပြီး ထိုနေရာက လူနေထူထပ်သည့် မြို့ကြီးများနှင့် နီးကပ်သည်။

ကြီးမားသည့် မြစ်ကြီးတစ်စင်းက သာယာစွာ စီးဆင်းလျှက် ကမ်းနှစ်ဖက်ရှိ လယ်ကွင်းများကို အာဟာရဖြည့်ပေးကာ သာယာသည့်မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

ထိုမြင်ကွင်းကိုတွေ့လိုက်ရသည့်အခါ ရန်ကျောက်ကဲ စကားမပြောနိုင်ဖြစ်သွားသည်။

ထိုမျှသာယာသည့်နေရာတွင် မဟာငရဲကိုးထပ်တံခါး ဖွင့်လှစ်ခံလို်ကရပါက မည်မျှ အဖြစ်ဆိုးမည်ကို သူ ခန့်မှန်းကြည့်နိုင်ပြီ ဖြစ်သည်။

ထိုအချိန်...

လေထုထဲမှ အနက်ရောင်မိစ္ဆာချီစွမ်းအားများ လွင့်ပျံသွားပြီး နတ်ဘုရားတစ်ပါးနှင့်ဆင်တူသည့် ရွှေရောင်ရုပ်သွင်တစ်ခု မြေပြင်ထက်သို့ ဆင်းသက်လာသည်။ သံမဏိခြင်္သေ့ဘုရင် “ရှီတိ” ပင် ဖြစ်၏။

စီးမာချွေကို သတ်ဖြတ်ပစ်နိုင်လောက်သည်အထိ အခွင့်ကောင်းကို ရရှိထားသည့်တိုင် အကြီးအကဲ’ချုန်း’ ပေးပို့သည့်သတင်းကို ရရှိပြီးနောက် ရွေးချယ်စရာမရှိတော့ဘဲ ရန်သူကိုလက်လွှတ်ကာ အခင်းဖြစ်ပွားရာသို့ ချက်ချင်းရောက်ရှိလာခြင်းပင်။

ရှီတိက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ငါတို့ဂိုဏ်းဌာနချုပ်နဲ့ တောင်ကောင်းကင်ဒေသကို မြန်နိုင်သမျှမြန်မြန် အကြောင်းကြားထားတယ်”

ခဏနားပြီးမှ ရှီတိက...

“အခု ငါတို့မှာ အချိန်ဘယ်လောက်ကျန်သေးလဲ”

ရန်ကျောက်ကဲက...

“အမွှေးတိုင်တစ်တိုင်စာအချိန်ကျန်သေးတယ်...”

ရှီတိက ချက်ချင်းပင် အချိန်ကို တွက်ချက်ကြည့်သည်။

“ဂိုဏ်းချုပ်ကိုယ်တိုင် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို အသုံးပြုပြီးသွားမယ်ဆိုရင်တောင်မှ တောင်ကောင်းကင်ဒေသကို အချိန်မီ မရောက်နိုင်ဘူး”

ဝါဒတောင်ဂိုဏ်းမှ သိုင်းသမားများအားလုံး နာကျင်ခံခက်စွာဖြင့် မျက်လုံးများမှိတ်ထားလိုက်ကြသည်။ ဝါဒတောင်ဂိုဏ်းချုပ်နှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ကြယ်တာရာသန့်စင်ချီဝတ်ရုံ ပေါင်းစပ်လျှင်ပင် အချိန်မီ မဆောင်ရွက်နိုင်ပါက ဝါဒတောင်အတွက် ဖြေရှင်းစရာ နည်းလမ်းမကျန်တော့ပေ။

ယခု သူတို့လုပ်နိုင်သည့်အရာ ဘာမှမရှိတော့ဘဲ ဒီအတိုင်း ထိုင်စောင့်နေကြရုံသာ ရှိတော့သည်။

ထိုခံစားချက်က မျက်လုံးမှိတ်ပြီး သေဖို့ထိုင်စောင့်နေရသည့်ပမာ သည်းမခံနိုင်လောက်အောင် ခံရခက်လှသည်။

ချွင်းချက်အနေဖြင့် ရန်ကျောက်ကဲကတော့ သူ့အရှေ့မှ ပျက်ဆီးနေသည့် ရွှေရောင်မျှော်စင်ကြီးကို စူးစိုက်ကြည့်လျှက် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား မျက်ဝန်းများက တောက်လျှက်ရှိသည်။

ရှီတိက ရန်ကျောက်ကဲအမူအရာကို သတိထားမိသွားပြီး...

“မင်းမှာ အစီအစဉ် ရှိလို့လား”

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက ရှီတိကို လှမ်းကြည့်သည်။

“ဒီအစီအစဉ်က အန္တရယ်တော့များတယ် ၊ ပြီးတော့ ပထမဆရာဦးလေးရဲ့ အကူအညီလည်း လိုအပ်တယ်”

ထိုစကားကိုကြားသည်နှင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည့် ဝါဒတောင်သိုင်းသမားများ ချက်ချင်းပြန်လည် နိုးကြားတက်ကြွလာကြသည်။

ရှီတိက တည်ငြိမ်စွာဖြင့်ပင်...

“စိတ်မပူနဲ့... မင်းရဲ့ အစီအစဉ်ကိုသာ ပြောပြပါ...”

***

All Chapters