အနာဂတ်တစ်ခုကိုတိုက်ထုတ်ခြင်း
Vol. 18 Ch. 255
အားလုံး၏ အကြည့်များက ရန်ကျောက်ကဲထံသို့ ကျရောက်သွားသည်။
ရန်ကျောက်ကဲမျက်နှာက တည်ငြိမ်နေပြီး...
“ကျွန်တော် ဒီနေရာမှာ မိစ္ဆာနယ်မြေအစီအရင်ကို ပြန်တည်ဆောက်ချင်ပါတယ်”
သူ့ပါးစပ်မှထွက်လာသည့် စကားလုံးများကြောင့် အားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရှီတိ၏မျက်ဝန်းထဲတွင် အံ့သြမှုအနည်းငယ်ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွား၏။
“အင်း... စောစောက မင်းပြောသလိုပဲ အန္တရယ်တော့များတယ် ၊ ဒါမေမဲ့ မင်းက ငါ့ကို ဘာကူညီစေချင်တာလဲ”
ရန်ကျောက်ကဲက...
“မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဒီနေရာမှာ ပြန်လည်တည်ဆောက်မယ်ဆိုရင် တောင်ကောင်းကင်ဒေသကို ဆွဲယူခံလိုက်ရတဲ့ မိစ္ဆာချီစွမ်းအားတွေကို ဒီနေရာကို ပြန်ရောက်လာအောင် ကျွန်တော် ကြိုးစားနိုင်ပါတယ်”
ရှီတိက တိတ်ဆိတ်စွာပင် ရန်ကျောက်ကဲ ဆက်ပြောမည့်စကားကို နားထောင်နေသည်။
ရန်ကျောက်ကဲက...
“အဲဒီလိုဆိုရင်... ကျွန်တော်တို့ရင်ဆိုင်ရမယ့် ပြဿနာကိုအသာထား ၊ တောင်ကောင်းကင်ဒေသရဲ့ပြဿနာကို အရင်ဆုံး ဖြေရှင်းပြီးသားဖြစ်သွားလိမ်မယ် ၊ ကျွန်တော်က အစီအရင်ကို ထိန်းချုပ်နိုင်ပေမယ့် ဒီနေရာမှာပွင့်လာမယ့် မဟာငရဲကိုးထပ်တံခါးကိုထိန်းချုပ်ဖို့အတွက် ပထမဆရာဦးလေးလိုမျိုး အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက်ရဲ့ လက်သီးသိုင်းဝိညာဉ်လိုအပ်ပါတယ်”
သူက ဆက်ပြောသည်။
“ဘာလို့လဲဆိုတော့ မိစ္ဆာနယ်မြေမဟာအစီအရင် အပြည့်အဝတည်ဆောက်ပြီးသွားတဲ့အချိန် အစီအရင်ဗဟိုချက်ကို မဖျက်ဆီးပစ်နိုင်ရင် အရမ်းအန္တရယ်များတယ် ၊ မဟာငရဲကိုးထပ်တံခါး တကယ်ပွင့်လာတဲ့အချိန် အချိန်မီ ချိတ်ပိတ်ပြီးမတားဆီးနိုင်ဘူးဆိုရင် ကျွန်တော်တို့ကမ္ဘာထဲကို ငရဲကိုးထပ်က နတ်ဆိုးတွေ ဝင်လာလိမ့်မယ် ၊ အဲဒီလိုသာ ဖြစ်လာခဲ့ရင် အဆိုးထဲကအဆိုးကိုပဲ ကျွန်တော်တို့ ရွေးချယ်ရလိမ့်မယ် ၊ ငရဲကိုးထပ်ကကျူးကျော်လာသူတွေနဲ့ သူသေကိုယ်သေတိုက်ရင်း ဂိုဏ်းဌာနချုပ်က စစ်ကူပို့တဲ့အထိ အချိန်ဆွဲထားရလိမ့်မယ်”
ရှီတိက ရန်ကျောက်ကဲကို လေးနက်စွာကြည့်ရင်း...
“အင်း... ငါ့ရဲ့လက်သီးသိုင်းဝိညာဉ်အသုံးပြုပေးဖို့က အခက်အခဲ မရှိပါဘူး ၊ ဒါပေမဲ့ အစီအရင်ကို ထိန်းချုပ်တာကျတော့ မင်းအပေါ် မူတည်တယ် ကျောက်ကဲ ၊ ပြီးတော့ အဲဒီအပိုင်းက ခက်ခဲတဲ့အပိုင်းလည်းဖြစ်တယ် ၊ ဒီတော့ မင်း အောင်မြင်နိုင်ခြေ ဘယ်လောက်ခန့်မှန်းထာလဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကျွန်တော် (၇၀)ရာနှုန်းအောင်မြင်နိုင်ခြေရှိတယ်လို့ ယုံကြည်ပါတယ်”
“(၇၀)ရာနှုန်း...”
ရှီတိ တစ်ခဏမျှ စဉ်းစားလိုက်သည်။
“တကယ်ပဲ (၇၀)ရာနှုန်းအောင်မြင်နိုင်ခြေရှိတယ်ဆိုရင် လုံလောက်ပါတယ် ၊ ငါတို့ စမ်းကြည့်ကြတာပေါ့”
ရန်ကျောက်ကဲက သူ့ဘေးနားမှလူများကို တစ်ချက်ဝေ့ကြည့်ရင်း...
“အကြီးအကဲတို့... ကျွန်တော့်ညွှန်ကြားချက်အတိုင်း ဒီနေရာကို တည်ဆောက်ပေးပါ ၊ အစီအရင်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ထူထောင်ရမယ် ၊ ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး”
ဝါဒတေင်မှ သိုင်းဆရာသခင်များ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြပြီး သူတို့အကြည့်များက ရှီတိဆီသို့ ကျရောက်သွားသည်။ နောက်ဆုံးတော့ သူတို့အားလုံး ရန်ကျောက်ကဲ၏စကားကို ခံစားချက်အပြည့်ဖြင့် အသိအမှတ်ပြု လက်ခံလိုက်ကြ၏။
အားလုံးစိုးရိမ်ပူပန်နေကြသည့်တိုင် အချိန်အနည်းငယ်သာကျန်တော့သဖြင့် တုံ့ဆိုင်းနေရန် မဖြစ်တော့ပေ။
အနည်းငယ်မျှ နှောင့်နှေးသည်နှင့် တောင်ကောင်းကင်ဒေသရှိ အကာအကွယ်မဲ့ နေမြေများတွင် မဟာငရဲကိုးထပ်တံခါး ပွင့်သွားမည် ဖြစ်သည်။
ရန်ကျောက်ကဲက...
“တက်ကြွစမ်း...”
ဟု အော်လိုက်သည်။
သူ့ အမိန့်ပေးသံကို တုံ့ပြန်သည့်အလား မရမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သင်္ကေတများက မြေပြင်ထက်မှ ချက်ချင်း ထွက်ပေါ်လာသည်။
များပြားလှစွာသော ဝိညာဉ်သင်္ကေတများက ကောင်းကင်ထက်သို့ လွင့်ပျံသွားပြီး ကောင်းကင်တစ်ခွင် အနက်ရောင်အလင်းတန်းများ ဖုံးလွှမ်းသွားကာ အနက်ရောင်တိမ်တိုက်များ ဖြစ်တည်လာသည်။
အနက်ရောင်တိမ်တိုက်များကြားတွင် သွေးနီရောင်လျှပ်စီးကြောင်းများ အဆက်မပြတ်လင်းလက်လျှက် ဝမ်းနည်းကြေကွဲဖွယ်ရာ ၊ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အော်မြည်သံကြီးများက တိမ်တိုက်များအတွင်းမှ ထွက်ပေါ်လာပြီး လူအများကို ညစ်ညူးသည့်စိတ်ခံစားချက်များ ဖြစ်ပေါ်လာစေသည်။
ကြောက်မက်ဖွယ်ရာအငွေ့အသက်များက လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေပြီး စိတ်ကို မတည်မငြိမ် ဖြစ်စေသည်။
လူသားများ၏ အနက်ရှိုင်းဆုံး အမှောင်ဆုံးဆန္ဒများ ၊ မကောင်းသောအတွေးအမြင်များနှင့် ခေါင်းမာမှုတို့ကို အဆက်မပြတ် လှုံ့ဆော်ပေးသည့် ထူးဆန်းသောစွမ်းအားတစ်ခု အဆက်မပြတ် ထွက်ပေါ်လာသည်။
အနက်ရောင်အလင်းတန်းများ၏အလယ်ဗဟိုတွင် စောစောက ပြိုကျနေပြီဖြစ်သော ရွှေရောင်မျှော်စင်ကြီးက ရွှေရောင်အလင်တးန်းများ တဟုန်ထိုးမြင့်တက်လာကာ အသက်ဝင်လာသကဲ့သို့ အဆက်မပြတ် ကြီးထွားလာသည်။
မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သင်္ကေတများက မြင့်မားသောမျှော်စင်ကြီးကို သံကြိုးများပမာ ရစ်ပတ်လိုက်ပြီး လေထုအလယ်တွင် ရွေ့လျားသွားကာ ကြီးမားသည့်စွမ်းအားများဖြင့် မျှော်စင်ကြီးအား ပိုမိုခိုင်ခန့်သွားစေရန် ချည်နှောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် မြင့်မားသောရွှေရောင်မျှော်စင်ကြီး၏ အထွတ်ထိပ်နေရာမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တံခါးတစ်ခုအသွင်ပေါ်လာသည်။
ထို သွေးနီရောင်အလင်းတံခါးသည် ရွှေရောင်မျှော်စင်ကြီး၏ အရှေ့ဘက်အောက်ခြေ မြေပြင်ထက်တွင် လှိုင်းထနေသည့် ပုံရိပ်ယောင်တံခါးကြီးတစ်ချပ်အဖြစ် အရိပ်ထင်လာသည်။
မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဝန်းရံထားသည့် ဧရိယာအတွင်း အနက်ရောင်မြူခိုးများ တဖြည်းဖြည်း ထူထပ်လာသည်။ နောက်ပိုင်းတွင် အနက်ရောင်မြူခိုးများက ရွှံသားပမာ နက်မှောင်ကပ်စေးသွားကြသည်။
မိစ္ဆာမြူခိုးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ရာ မိစ္ဆနယ်မြေတစ်ခု စတင်ဖြစ်တည်လာသည်။
မိစ္ဆာနယ်မြေအပြင်ဘက်တွင်တော့ ဝါဒတောင်၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲနှင့် အခြားသောထိပ်တန်းသိုင်းသမားများ ရှိနေကြသည်။ သူတို့က မိစ္ဆာချီစွမ်းအားများလွှမ်းခြုံထားသော ကြောက်မက်ဖွယ်ရာ မိစ္ဆာနယ်မြေကို စိတ်ပူပန်စွာဖြင့် ကြည့်ရှုနေကြသည်။
ရှီတိ၏ သတင်းပေးပို့မှုကို ရရှိထားပြီးဖြစ်လေရာ ယခု တည်ဆောက်နေသော မိစ္ဆာနယ်မြေမဟာအစီအရင်မှာ ဝါဒတောင်ဘက်မှ ပြန်လည်တည်ဆောက်နေခြင်းဖြစ်ကြောင်း သူတို့အားလုံး သိရှိထားကြသည်။
သို့ပေသိ ဤလုပ်ရပ်က မီးနှင့်ကစားရသလိုမျိုး လုပ်ရပ်ဖြစ်လေရာ အားလုံး စိတ်မသက်မသာ ခံစားကြရသည်။
မည်သို့ပင်ဖြစ်စေ အကာအကွယ် လုံးဝမရှိသည့် တောင်ကောင်းကင်ဒေသတွင် မဟာငရဲကိုးထပ်တံခါးပွင့်သွားခြင်းထက် ဤနေရာတွင် မဟာငရဲကိုးထပ်တံခါးဖွင့်လှစ်ခြင်းက အနည်းငယ်တော့ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲနှင့် ရှီတိ အောင်မြင်ခြင်းမရှိဘဲ ယွင်ဝူစီရင်စုတွင် ငရဲကိုးထပ်တံခါးပွင့်သွားပြီး နတ်ဆိုးများ ကျူးကျော်ခံရပါက ဤနေရာတွင်ရှိနေသည့်လူတိုင်းက ရှေ့တန်းမှတိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
ဤဒေသတွင်နေထိုင်သည့် သာမန်လူများအတွက်တော့ စိုးရိမ်စရာ မရှိပေ။
“ဝမ်” အိမ်တော်ကို တိုက်ခိုက်မည်ဆိုကတည်းက အဆိုးဆုံးအခြေအနေကို တွက်ချက်ထားပြီးဖြစ်သောကြောင့် ဝါဒတောင်သိုင်းသမားများက သာမန်လူများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သည်။ ထို့ကြောင့် ယွင်ဝူစီရင်စု အနီးတစ်ဝိုက်တွင်နေထိုင်ကြသော သာမန်လူများ ၊ သိုင်းစွမ်းအားနိမ့်ပါးသူများအားလုံး ဘေးလွတ်ရာသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
အရည်အချင်းပြည့်မီသည့် ဒေသတွင်းသိုင်းသမားများအားလုံးကိုတော့ ယွင်ဝူစီရင်စုတိုင်ပွဲတွင် ပါဝင်ရန် ဝါဒတောင်က ခွင့်ပြုထားသည်။
ဤသို့ သာမန်လူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားနိုင်ခြင်းနှင့် တိုက်ပွဲအတွက် အင်အားစုစည်းထားနိုင်ခြင်းတို့က တောင်ကောင်းကင်ဒေသတွင် မဟာငရဲကိုးထပ်တံခါးပွင့်သွားသည်ထက် ကန္တာဒေသတွင် ပွင့်သွားခြင်းက ပိုမိုကောင်းမွန်ကြောင်း အရေးကြီးသည့် အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့သည်။
ကန္တာဒေသတွင် အရေးတကြီး စစ်ဆင်ရေးတစ်ခု ပြလုပ်နေပြီဖြစ်ကြောင်း အလယ်ပိုင်းကောင်းကင်ဒေသနှင့် တောင်ကောင်းကင်ဒေသသို့လည်း မြန်နိုင်သမျှမြန်မြန် သတင်းပေးပို့ထားသည်။
မဟာငရဲကိုးထပ်တံခါး ပွင့်လာမည့်နေရာဒေသက အချိန်မရွေးပြောင်းလဲသွားနိုင်လေရာ ဖြစ်နိုင်ခြေများကို ကြိုတင်ပြင်ဆင်ရန် အခြားဒေသများသို့ အကြောင်းကြားထားရသည်မှာ သဘာဝပင်။
“ဝမ်” အိမ်တော် ဘိုးဘွားပိုင်မြေတစ်ခုလုံးကို လွှမ်းခြုံထားပြီဖြစ်သော မိစ္ဆာနယ်မြေမဟာအစီအရင်ကိုကြည့်ရင်း ကန္တာဒေသ ပထမအဆင့်ထပ်တန်းအကြီးအကဲက ပင့်သက်ရှိုက်လိုက်သည်။
“ရန်ကျောက်ကဲ... မင်းသေချာပေါက်အောင်မြင်မှာဖြစ်မယ်...”
***
မိစ္ဆာနယ်မြေမဟာအစီအရင် အလယ်ဗဟိုတွင်တော့ အနက်ရောင်မြူခိုးများပျောက်ကွယ်သွားပြီး အနီရောင်အလင်းတန်းများက အစားထိုးဝင်ရောက်လာသည်။
ရွှေရောင်မျှော်စင်ကြီးက မြင့်မားစွာရပ်တည်နေပြီး မြေပြင်ထက်တွင် အရိပ်ထင်နေသည့် သွေးနီရောင်တံခါးက ပိုမိုကြည်လင်ပြတ်သားလာသည်။
မျှော်စင်ထိပ်တွင်ရှိနေသော သွေးနီရောင်တံခါးနှင့် မြေပြင်ထက်တွင်အရိပ်ထင်နေသည့် သွေးနီရောင်တံခါးကြားရှိ လေထုက ပုံပျက်နေပြီး အဆက်မပြတ် တုန်ခါလျှက် ရှိသည်။ လေထုသာမဟုတ် ၊ ထိုပတ်ဝန်းကျင်မြေပြင်သည်လည်း ပြင်းပြင်းထန်ထန် ပုံပျက်လျှက် ရှိသည်။
မြေပြင်ထက်တွင်အရိပ်ထင်နေသည့် သွေးနီရောင်တံခါးတည်ရှိရာမြေပြင်ထက်တွင် အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာပြီး မြေကြီးအတွင်းမှ တစ်စုံတစ်ခု ထိုးဖောက်ထွက်လာမည့်အလား လှုပ်ရှားလျှက် ရှိသည်။
ဤ အက်ကွဲကြောင်း ပွင့်ဟလာသည်နှင့် ငရဲတံခါး ပွင့်လာပြီဟု ဆိုနိုင်သည်။
လူတို့၏စိတ်နှလုံးကိုတုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာရောင်ဝါက အချိန်နှင့်အမျှမြင့်တက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ သိုင်းသမားများ၏စိတ်ကို တုန်လှုပ်စေသည်။
ရွှေရောင်မျှော်စင်ထက်တွင် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲ မျက်နှာအမူအရာက လေးနက်လျှက်ရှိသည်။ သူ၏ လက်ဝါးနှစ်ဖက်လုံးက ရွှေရောင်မျှော်စင်မျက်နှာပြင်အား ဖိကပ်ထားပြီး တစ်ချိန်တည်းမှာပင် မြေပြင်ထက်တွင် အရိပ်ထင်နေသည့် မဟာငရဲကိုးထပ်တံခါးကို အေးဆေးစွာ လှည့်ကြည့်လာသည်။
ရန်ကျောက်ကဲက...
“တောင်ကောင်းကင်ဒေသကို ဆွဲယူခံလိုက်ရတဲ့ မိစ္ဆာချီစွမ်းအားတွေက လမ်းတစ်ဝက်ရောက်နေပြီ ၊ ဒါပေမဲ့ အခု ကျွန်တော်တို့ဘက်က အဲဒီမိစ္ဆာချီစွမ်းအားကို ပြန်ဆွဲယူလိုက်နိုင်ပြီ”
ထိုစကားကိုကြားတော့မှ အားလုံး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
တောင်ကောင်းကင်ဒေသတွင် မဟာငရဲကိုးထပ်တံခါး ပွင့်သွားမည်ကို မတားဆီးနိုင်ဘဲ ဤနေရာတွင်လည်း မိစ္ဆာနယ်မြေအစီအရင်တည်ဆောက်မိသည်ဆိုပါက ငရဲကိုးထပ်လမ်းကြောင်း (၂)ခု ပွင့်သါားမည်ဖြစ်သည်။ ထိုသို့သာဖြစ်လာလျှင် လူတိုင်း စိတ်ပျက်ဒေါသထွက်ရုံမှတစ်ပါး ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
မြင့်မားသောရွှေရောင်မျှော်စင်ကြီးက လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားထားသည်။
ထိုအချိန် မျှော်စင်ကြီးက ရုတ်တရက် တုန်ခါသွားသည်။
“ဟင်...”
ရန်ကျောက်ကဲ မျက်နှာပျက်သွားသည်။
“တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ လှုပ်ရှားမှုကို တားဆီးပြီး မိစ္ဆာချီစွမ်းအားတွေကို တောင်ကောင်းကင်ဒေသကို ပြန်ဆွဲယူနေတယ်”
ထိုအချိန် ရွှေရောင်မျှော်စင်အထွတ်ထိပ်ရှိ အနီရောင်အလင်းတံခါးကြီးထက်တွင် ထူးဆန်းသောမြင်ကွင်းတစ်ခု ပေါ်လာသည်။
ခေါင်းမော့ကြည့်နေသည့် သိုင်းသမားများအားလုံး လန့်ဖျတ်သွားကြသည်။
“အကြီးအကဲ’လျို’”
ရန်ကျောက်ကဲလည်း ခေါင်းမော့ကြည့်လိုက်သည်။
သွေးနီရောင်အလင်းတံခါးထက်တွင် လူရိပ်တစ်ခု ထင်ရှားထွက်ပေါ်နေသည်။ ထိုသူက ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ယောက် ဖြစ်၏။
အံ့သြစရာကောင်းသည်မှာ ထိုအဘိုးအိုသည် ဝါဒတောင်မှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော အကြီးအကဲ’လျို’ ဖြစ်နေခြင်းပင်။
အကြီးအကဲ’လျို’ ကလည်း ဝါဒတောင်မှလူများ သူ့ကိုတွေ့သွားပြီဖြစ်ကြောင်း ရိပ်မိသွားသည်။
သူ့မျက်နှာအမူအရာက မှုန်မှိုင်းနေပြီး ရူးသွပ်မှုများဖြင့် ပြည့်နက်နေသည်။ သူ့လက်ထဲတွင် အနက်ရောက်ကျောက်စိမ်းအင်းပြားတစ်ချပ်ကို ဆုပ်ကိုင်ထားပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာနှင့် လက်သီးသိုင်းဝိညာဉ်ကို ထိုအင်းပြားနှင့် ပေါင်းစပ်နေသည်။
ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်သွားချိန် ရှီတိကတော့ မျက်နှာမကောင်းလှပေ။
အကြီးအကဲ’လျို’ ရှေ့တွင် သွေးနီရောင်အလင်းတန်းက ဖြာလင်းနေသောကြောင့် သူက ရန်ကျောက်ကဲနှင့် အခြားသူများကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
သူက ခဏမျှထိတ်လန့်သွားပြီး ထူးဆန်းစွာ အော်ဟစ်ရယ်မောလိုက်၏။
သူ မည်သူမည်ဝါဖြစ်ကြောင်း အားလုံးက သိရှိသွားကြပြီ မဟုတ်ပါလား။
“ဘယ်သူများလဲလို့ ၊ ရန်တိရဲ့ သားလိမ္မာလေးကိုး... ၊ ဒီတစ်ခါလည်း မင်းပဲလားကွ”
***