ငရဲကိုးထပ်ကိုဖိနှိပ်ခြင်း
Vol. 18 Ch. 256
အကြီးအကဲ’လျို’ကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။ သို့သော် စကားတော့မဆိုဘဲ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ထန်းချုပ်ခြင်းတွင်သာ အာရုံစိုက်နေသည်။
ရှီတိက အကြီးအကဲ’လျို’ကို လှမ်းကြည့်ရင်း တိုးလျသည့်လေသံဖြင့်...
“ဆရာဦးလေး’ဝမ်’ က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့တယ် ၊ အခု ဆရာဦးလေး’လျို’ လည်း အတူတူပဲလား”
အကြီးအကဲ’လျို’က နှာခေါင်းတစ်ချက်ရှုံ့ရင်း...
“ဟွန်း... မင်းလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အမတလက်ဖွဲ့နှောင်းပိုင်းအဆင့်ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်က ငါတို့ခံစားချက်ကို ဘယ်လိုလုပ်နားလည်နိုင်မလဲ”
အဘိုးအိုက အေးစက်စွာဖြင့်...
“စကားလုံးတွေက အသုံးမဝင်ဘူး ၊ တိုက်ဖို့ပဲလိုတယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...
“ကျွန်တော် လုံးဝ သဘောတူတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဘယ်ဘက်လက်ဖြင့် ရွှေရောင်မျှော်စင်မျက်နှာပြင်ကို ထိန်းထားပြီး ညာဘက်လက်က လေထဲတွင် ဝိညာဉ်သင်္ကေတပုံစံအချို့ ရေးဆွဲလိုက်သည်။
ဝိညာဉ်သင်္ကေတများ ရွှေရောင်မျှော်စင်ထက်သို့ ဆင်းသက်လာသည်နှင့် မျှော်စင်ကြီးက ပြန်လည်တည်ငြိမ်သွားပြီး မျှော်စင်ထိပ်မှ သွေးနီရောင်အလင်းတန်းများက ပိုမိုအားကောင်းလာသည်။
မြေပြင်ထက်တွင် အရိပ်ထင်နေသည့်တံခါးကလည်း ပိုမိုရှင်းလင်းကြည်လင်စွာ ကြီးထွားလာပြီး အစစ်အမှန်တံခါးနှင့် ပိုမိုဆင်တူလာကာ တံခါးအောက်ရှိ မြေပြင်က နှစ်ပိုင်းကွဲအက်သွားသည်။
ကွဲအက်နေသောမြေပြင်အောက်မှ ထွက်ပေါ်လာသောအရာများက ရွှံနွံများနှင့် ကျောက်ဆောင်များမဟုတ်ဘဲ တောက်ပသော သွေးနီရောင်အလင်းတန်းများ ဖြစ်နေသည်။
ပုံပျက်နေနေသည့် ဗလာနယ်လေထုကြောင့် အက်ကွဲကြောင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မြေပြင်အောက်သို့ ရောက်ရှိမသွားဘဲ ဒဏ္ဍာရီထဲမှ ငရဲကိုးထပ်ကို ထွက်ပေါ်လာစေသည်။
လူတို့၏စိတ်နှလုံးကိုတုန်လှုပ်စေသည့် ပုံမှန်မဟုတ်သောရောင်ဝါက မကြုံစဖူးအထွတ်ထိပ်သို့ ရောက်ရှိသွားပြီး လူအများကို ရူးသွပ်သွားလုနီးပါး တိုက်ခိုက်နေသည်။
သွေးနီရောင်အလင်းတန်းများအောက်တွင် အကြီးအကဲ’လျို၏မျက်နှာက ပုံမှန်မဟုတ်စွာ နီလိုက်ဖြူလိုက် ဖြစ်နေ၏။
သူ့လက်ထဲမှ အနက်ရောင်ကျောက်စိမ်းအင်းချပ်က အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး အပိုင်းအစများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ထွက်သွားသည်။ အပိုင်းအစအချို့က သူ့ခန္ဓာကိုယ်အတွင်းစိုက်ဝင်ပြီး အသားထဲထိုးဖောက်ဝင်ရောက်သွားသည်။
“ရန်... ကျောက်... ကဲ”
အကြီးအကဲ’လျို’က ဒဏ်ရာရထားသည့် သားရဲတစ်ကောင်လို အော်ဟစ်လိုက်သည်။
ထို့နောက် သွေးနီရောင်အလင်းတန်းများ တုန်ခါလာသွားပြီး အကြီးအကဲ’လျို၏ ပုံစံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“အကြီးအကဲ’လျို’ အကြောင်းကို ဂိုဏ်းဌာနချုပ်ကို အမြန်အကြောင်းကြားပါ”
ရှီတိက နောက်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်တော့ အကြီးအကဲ’ချုန်း’က ချက်ချင်း ခေါင်းညိတ်သည်။
ရန်ကျောက်ကဲက...
“ပထမဆရာဦးလေး ၊ အခု မဟာငရဲကိုးထပ်တံခါး အတုအယောင် ထွက်ပေါ်လာပြီ ၊ ဒါကို အစစ်အမှန်ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ”
မြေပြင်ထက်ရှိ ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကို ရှီတိ လှမ်းကြည့်လိုက်သည်။ ထိုအက်ကွဲကြောင်းအတွင်းမှ ငရဲကိုးထပ်ရောင်ဝါစိမ့်ထွက်လာပြီး ကောင်းကင်အထိ မြင့်တက်လာသည်။ ရှီတိ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး သူက အရှေ့ဆီသို့ ခြေလှမ်းလိုက်သည်။
ဝိညာဉ်သင်္ကေတများက များပြားလှစွာသော ဝိညာဉ်အစီအရင်များအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်အစီအရင်များ ပေါင်းစည်းသွားသည့်အခါ ပလ္လင်တစ်ခုနှင့်ဆင်တူသည့်အရာတစ်ခုက ရှီတိ၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။
ပလ္လင်က တဖြည်းဖြည်းကျုံ့ဝင်သွားပြီး ပိုမိုသိပ်သည်းလာကာ ရှီတိ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားပြီး တောက်ပကြည်လင်သော အဆုံးမရှိသောအလင်းတန်းများ ထွက်ပေါ်လာသည်။
ရှီတိပုံစံက ပင်လယ်ထဲတွင် မလှုပ်မယှက်တည်ရှိနေသည့် မပျက်ဆီးနိုင်သော စကြာဝဠာထောက်တိုင်တစ်ခုအလား ထင်မှတ်ရသည်။
သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး အက်ကွဲနေသောသွေးနီရောင်ချောက်နက်ကြီးထက်တွင် မတ်တတ်ရပ်လိုက်သည်။
ထို့နောက် သူက အက်ကွဲကြောင်းကြီးကို လက်သီးဖြင့်ထိုးချလိုက်ရာ နက်ရှိုင်းသည့်ချောက်နက်ကြီး သိသိသာသာတုန်ယင်သွားသည်။ သူ၏လက်သီးချက်က လေးလံနှေးကွေးသော်လည်း သိပ်သည်းမှုမြင့်မားကာ ဘယ်တော့မှ ပြောင်းလဲပျက်ဆီးခြင်းမရှိတော့သောစွမ်းအားများကို ခံစားရသည်။ ထို လက်သီးသိုင်းဝိညာဉ်က ထာဝရတည်ရှိနေသည့်အလားပင်။
ထိုလက်သီးချက်သည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာများနှင့် အကန့်အသတ်မရှိသောလယ်ကွင်းပြင်များ၏ ပြောင်းလဲခြင်းတရားများကို ရပ်တန့်သွားစေပြီး နေ့နှင့်ညကို ပြောင်းပြန်လန်သွားစေသည့်အလား ထင်မှတ်ရသည်။
ထိုအခိုက်အတန့်တွင် သွေးနီရောင်အက်ကွဲကြောင်းကြီး အေးခဲသွားပုံရပြီး အချိန်နှင့်နေရာ လှည့်ပတ်မှုများအားလုံး ရပ်တန့်သွားသည်။
သို့ပေသိ ငရဲကိုးထပ်မှထွက်ပေါ်လာသည့် ပြင်းထန်သောရောင်ဝါကတော့ ရှီတိကို အလွန်တရာ ဒေါသထွက်နေဟန်ဖြင့် အက်ကွဲကြောင်းအတွင်းမှ ရုန်းထွက်ချင်ဟန်ဖြင့် လှုပ်ရှားရုန်းကြွလျှက် ရှိသည်.
ရှီတိ၏ နက်နဲအလင်းတန်းသံချပ်ကာမှ အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး တောင်တစ်တောင်ပမာလေးလံသောလက်သီးချက်ကို ပိုမိုအားကောင်းလာစေကာ အက်ကွဲကြောင်းတစ်ဝိုက်ရှိ ဧရိယာကို တည်ငြိမ်သွားစေသည်။
ထို့နောက် သမုဒ္ဒရာများကိုတည်ငြိမ်စေပြီး ကောင်းကင်ကိုပင်ထိုးခွင်းနိုင်သော လက်သီးသိုင်းဝိညာဉ်က သွေးနီရောင်အက်ကွဲကြောင်းကို ဖြိုခွင်းလိုက်သည်။
ထိုခဏတွင် သွေးနီရောင်အက်ကွဲကြောင်းက အပြင်းအထန် ရုန်းကန်လျှက် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပေါက်ကွဲထွက်လာလုနီးပါး ဒဏ်ရာတစ်ခုပမာ ထင်မှတ်ရသည်။
သို့သော် ရှီတိ၏ လက်သီးချက်ကြောင့် အေးခဲနေပြီး ပေါက်ကွဲမထွက်နိုင် ဖြစ်နေရသည်။
အက်ကွဲကြောင်းအတွင်း ပိတ်မိနေသည့် ရက်စက်ကြမ်းတမ်းသော မရဏသားရဲများမှာ လှောင်အိမ်ထဲမှလွတ်မြောက်ရန် ရုန်းကန်နေသည့်အလား အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လွတ်မြောက်လာရန် သောင်းကြမ်းနေကြသည်။
မဟာငရဲကိုးထပ်တံခါးကို ရှီတိက အောင်မြင်စွာဖြိုခွင်းလိုက်သော်လည်း ရန်ကျောက်ကဲနှင့်အခြားသူများက သတိမလွတ်ရဲကြသေးပေ။
မြင့်မားသောရွှေရောင်မျှော်စင်ကြီးထိပ်ရှိ သွေးနီရောင်အလင်းတံခါးသည် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သည်။
မျှော်စင်ကြီးမှထွက်ပေါ်နေသည့်အလင်းရောင်များ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး သာမန်ကျောက်သားမျှော်စင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှေရောင်မျှော်စင်နှင့်အတူ မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သင်္ကေတများသည်လည်း ပြိုကွဲပျက်ဆီးသွားသည်။
“ဝမ်” အိမ်တော်ဘိုးဘွားပိုင်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် မိစ္ဆာနယ်မြေကတော့ ပျောက်ကွယ်သွားခြင်းမရှိဘဲ အပြောင်းအလဲအချို့ စတင်ဖြစ်ပေါ်လာသည်။
အနက်ရောင်မိစ္ဆာနယ်မြေသည် တဖြည်းဖြည်း သွေးနီရောင်ပြောင်းသွားသည်။
ထိုအချိန်တွင် မိစ္ဆာနယ်မြေ၏ စွမ်းအားရင်းမြစ်က ကြောက်မက်ဖွယ်ရာ မဟာငရဲကိုးထပ်တံခါးကို ဖွင့်လှစ်နေပြီ ဖြစ်သည်။
မူလကနဦးအစီအရင်က သူ၏တာဝန်ပြီးဆုံးသွားပြီဖြစ်သဖြင့် အားအင်ကုန်ခမ်းကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် ယခုမှ ဤကမ္ဘာသို့ နတ်ဆိုးများဝင်ရောက်လာနိုင်မည့် ပိုမိုကြောက်မက်ဖွယ်ရာ လမ်းကြောင်းတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အစစ်အမှန်မိစ္ဆာနယ်မြေ။
သွေးနီရောင်တောက်နေသည့် မိစ္ဆာချီအလင်းတန်းများက ရန်ကျောက်ကဲနှင့် အခြားသူများအားလုံးအပေါ် သက်ရောက်ပြီး ပြင်းထန်သည့်ခံစားချက်များ မြင့်တက်လာစေကာ မကောင်းသောခံစားချက်များကို ပိုမိုများပြားစွာ ခံစားရစေသည်။
ယခင်က အနက်ရောင်မိစ္ဆာနယ်မြေနှင့်ယှဉ်လျှင် ယခု သွေးနီရောင်မိစ္ဆာနယ်မြေကို ရင်ဆိုင်ရခြင်းက စိတ်တည်ငြိမ်စေရန် ပိုမိုခက်ခဲသည်။
အထူးသဖြင့် ငရဲကိုးထပ်မှ ကြီးမားသောဖိအားများကို အားလုံး ခံစားကြရသည်။ ထိုခဏတွင် စိတ်ဂနာမငြိမ်ခြင်း ၊ ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် အဆိုးမြင်စိတ်များ တဖြည်းဖြည်း ကြီးထွားလာကြသည်။
ထို့ပြင် သတ်ဖြတ်လိုသည့် အငွေ့အသက်များကလည်း အဆက်မပြတ် အားကောင်းလာသည်။
ရှီတိအပါအဝင် ဤနေရာရှိ သိုင်းသမားတိုင်း စိတ်ထဲတွင်ဖြစ်ပေါ်လာသည့် အဆိုးမြင်ခံစားချက်များကို ထိန်းချုပ်ထားပြီး ငရဲကိုးထပ်ရောင်ဝါ သူတို့အပေါ် သက်ရောက်ခြင်းမရှိရန် ကြိုးစားနေကြရသည်။
စိတ်ကိုထိန်းချုပ်နေရသည့်အတွက် လူတိုင်း၏သိုင်းစွမ်းက လျော့ကျသွားကြသည်။
မဟာငရဲကိုးထပ်တံခါးကို ထိန်းချုပ်နေသူ ရှီတိကတော့ ဖိအားအများဆုံးခံစားနေရပြီး သူ့ခြေထောက်အောက်မှ သွေးနီရောင်အက်ကွဲကြောင်းက ပိုမိုပြင်းထန်လာသည်။
အက်ကွဲကြောင်းအတွင်းမှ သွေးစီးကြောင်းများ မြေပြင်ထက်သို့ စီးဆင်းထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ အသက်ပြင်းပြင်းရှူရင်း ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ပင့် မ လိုက်ပြီး အမတကြိုးကြာတေင်ပံများကို ဖြန့်ကျက်ပျံသန်းရင်း သွေးနီရောင်အက်ကွဲကြောင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ထိုးစိုက်ချလိုက်သည်။
အက်ကွဲကြောင်းအတွင်းသို့ ကျောက်တိုင်ကြီးကို ထိုးစိုက်ချပြီးသည်နှင့် ရန်ကျောက်ကဲက တိုင်လုံးကြီးကို လက်ဖဝါးဖြင့် ဖိနှိပ်ထားသည်။ ထိုအခါ ကျောက်တိုင်ကြီးမှ အလင်းရောင်များထွက်ပေါ်လာပြီး အောက်ဘက်ရှိ သွေးနီရောင်အက်ကွဲကြောင်းကြီးကို ပျက်ဆီးသွားစေသည်။
ရှီတိက ငရဲကိုးထပ်ရောင်ဝါဖြင့် ထိပ်တိုက်ရင်ဆိုင်နေရချိန် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက အက်ကွဲကြောင်းကြီးကို ဖိနှိပ်လိုက်သည့်အတွက် အနည်းငယ် သက်သာရာရသွားသည်။ အက်ကွဲကြောင်းအတွင်းမှ ချီစွမ်းအားမီးတောက်များသည်လည်း ရုတ်ချည်း အားနည်းသွား၏။
ရှီတိက ပင့်သက်တစ်ချက်ရှိုက်ရင်း သူ၏လက်သီးသိုင်းဝိညာဉ်ကို အထွတ်ထိပ်အဆင့်သို့ မြှင့်တင်လိုက်ရာ အက်ကွဲကြောင်းအတွင်းမှ စီးထွက်လာသည့် သွေးစီးကြောင်းများ ရပ်တန့်သွားသည်။
ငရဲကိုးထပ်ရောင်ဝါက အမျက်ဒေါသထွက်နေဟန်ဖြင့် ယခင်ကထက် အရှိန်အဟုန်ပြင်းစွာ ထပ်မံဝင်ရောက်လာသည်။
သွေးနီရောင်မိစ္ဆာချီအလင်းတန်းများထွက်ပေါ်လာသည်ကိုတွေ့သည်နှင့် အပြင်ဘက်တွင်စောင့်နေကြသော ကန္တာဒေသ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲနှင့် ဝါဒတောင်သိုင်းသမားများက မိစ္ဆာနယ်မြေအတွင်းသို့ အလျှင်အမြန် ဝင်ရောက်လာကြသည်။ မိစ္ဆာနယ်မြေတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများနှင့် ရန်ကျောက်ကဲနှင့် ရှီတိတို့ အောင်မြင်တော့မည်ကို တွေ့သည့်အခါ သူတို့က အလျှင်အမြန် အားဖြည့်ကူညီကြသည်။
ကန္တာဒေသ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲက ရှီတိထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ဖြစ်လေရာ တိုက်ပွဲအနေအထားကို များစွာပြောင်းလဲသွားစေသည်။
သူရောက်လာသဖြင့် မဟာငရဲကိုးထပ်တံခါး လုံးဝပိတ်သွားစေရန် နီးစပ်လာသည်။
ငရဲကိုးထပ်ရောင်ဝါက ပိုမိုမြင့်တက်လာပြီး လူအများကို ရူးသွပ်သွားစေနိုင်သည့် နောက်ဆုံးအဆင့်စွမ်းအားများကို ထုတ်လွှတ်နေသည်။
ထိုစဉ်...
အနီရောင်အလင်းတန်းများဖြင့် ပြည့်နက်နေသော သွေးနီရောင်အက်ကွဲကြောင်းအတွင်းမှ အနက်ရောင်လျှပ်စီးများ ရုတ်ချည်းလင်းလက်လာပြီး ရန်ကျောက်ကဲနှင့် ရှီတိကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။
အကြီးအကဲ’ချုန်း’နှင့် ဝါဒတောင်မှ သိုင်းဆရာသခင်များက ရန်ကျောက်ကဲနှင့် ရှီတိကို ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။
သို့သော် အနက်ရောင်လျှပ်စီးကြောင်းများက ပြင်းထန်လွန်းလေရာ အကြီးအကဲ’ချုန်း’ကဲ့သို့ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်သည်ပင် နောက်သို့လွင့်ထွက်သွားရသည်။
သတိမမူမိသော ဝါဒတောင်မှ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်မှာ အနက်ရောင်လျှပ်စီးကြောင်းနှင့် ထိမိပြီး ညာဘက်လက်တစ်ခုလုံး ကြေမွပြတ်ထွက်သွားသည်။
“ငရဲကိုးထပ်ယင်စွမ်းအားမိုးကြိုး...”
ရန်ကျောက်ကဲမျက်ဝန်းများ တုန်လှုပ်သွားသည်။
ရှီတိနှင့် ကန္တာဒေသမှ ပထမအဆင့် ထိပ်တန်းအကြီးအကဲက သွေးနီရောင်အက်ကွဲကြောင်းကို ချိတ်ပိတ်နေသည်ဖြစ်ရာ ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ထိန်းချုပ်ပြီး ဝင်ရောက်လာသော ငရဲကိုးထပ်ယင်စွမ်းအားမိုးကြိုးများကို ခုခံကာကွယ်လိုက်သည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ဖိနှိပ်ခံလိုက်ရသည်နှင့် ငရဲကိုးထပ်ယင်စွမ်းအားမိုးကြိုးများက မရေမတွက်နိုင်သော အနက်ရောင်မိုးကြိုးလုံးများအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးမှာလည်း မိုးကြိုးလုံးများ၏စွမ်းအားကြောင့် မတည်မငြိမ်ဖြစ်သွားပြီး ရန်ကျောက်ကဲမှာ ကျောက်တိုင်ကြီးနှင့်အတူ နောက်သို့ လွင့်ထွက်သွားသည်။ အရှိန်အဟုန်ကို ထိန်းလိုက်နိုင်သောကြောင့် မြေပြင်ထက်သို့ အေးအေးဆေးဆေး ဆင်းသက်လိုက်နိုင်သော်လည်း ပေါက်ကွဲတော့မည့် အနက်ရောင်မိုးကြိုးလုံးတစ်ခုက ရန်ကျောက်ကဲနံဘေးသို့ ကျရောက်လာသည်။
ရန်ကျောက်ကဲအတွက် သေရေးရှင်ရေး အန္တရယ်ကျရောက်သည့်အခိုက်အတန့်တွင် ကြီးမားသည့်သတ္တဝါကြီးတစ်ကောင် သူ့အနားသို့ အလျှင်အမြန်ပြေးလာပြီး မိုးကြိုးလုံးကို ပါးစပ်ဖြင့်ကိုက်ချီကာ အဝေးတစ်နေရာသို့ ယူဆောင်သွားသည်။
ရန်ကျောက်ကဲမှာ မြင်ကွင်းကို မှင်တက်စွာ ငေးကြည့်နေမိသည်။
သူ့ကိုကယ်တင်လိုက်သည့် သတ္တဝါကြီးက “ပန်ပန်” မှလွဲ၍ အခြားသူမဟုတ်ပါပေ။
***