အစွမ်းထက်သော အတားအဆီး
Vol. 016 Ch. 1540
ထိုကျွန်းနှင့်နီးကပ်လာသည်နှင့်အမျှ ပင်လယ်ပြင်မှပေါ်ထွက်လာသောကျွန်းမှာ ကျယ်ပြန့်သော ကျွန်းတစ်ကျွန်း ဖြစ်ကြောင်းသိလာရလေသည်။ လှေများသည်ရေကိုဖြတ်ကာ ဆက်လက်သွားနေဆဲဖြစ်ကာ လူတိုင်း၏ မျက်နှာ ပေါ်တွင် လေးနက်သောအမူအယာများဖြစ်ပေါ်လာသည်။
“ငါတို့ရောက်ပြီလား” ဟုလူတိုင်းတွေးမိနေကြသည်။ လိပ်နက်ကြီးသည် နက်ရှိုင်းသောပင်လယ်ထဲသို့ တဖြည်းဖြည်း ပြန်လည်နှစ်မြှုပ်သွားသည်။ လူတိုင်းသည် လျှင်မြန်စွာဖြင့် ကျွန်းသို့ကမ်းကပ်လိုက်ကြသည်။
ရီဖူရှင်းနှင့် အခြားသူများလည်း ကျွန်းပေါ်သို့ လှေကို ဆိုက်ကပ်လိုက်သည်။ သူတို့ပတ်ဝန်းကျင်ရှိ လေထုသည် မဟာလမ်းစဉ်၏ အရှိန်အဝါများထူထဲစွာရှိနေပြီး လမ်းစဉ်စွမ်းအားများသည် ကျွန်းတစ်ခုလုံးကို လွှမ်းခြုံ ထားသည်
ကမ်းခြေတွင် သူတို့ကို ကြိုဆိုရန် လူတစ်ချို့စောင့်ဆိုင်းနေခဲ့ကြသည်။ ကျင့်ကြံသူများ ရောက်လာသည်ကို တွေ့သောအခါ သူတို့ထဲမှ တစ်ယောက်ကပြောလိုက်သည်။
“ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီး လမ်းစဉ် ပင်လယ်ပြင်ကို ဖြတ်သန်းလာတဲ့သူတွေဆိုတော့ နတ်ဘုရားနန်းတော်အကြောင်း သိထားသင့်တယ်။ မနက်ဖြန် ခေါင်းလောင်းထိုးသံကြားတဲ့အခါ မင်းတို့အားလုံးကို လာခေါ်လိမ့်မယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုကို ညွှန်ပြဖို့ လူတစ်ယောက်ရှိနေလိမ့်မယ်။ မင်းတို့ထဲက နေရာတစ်နေရာရထားတဲ့သူတွေက ဆန္ဒရှိတယ်ဆိုရင် နတ်ဘုရား နန်းတော်မှာ ကျင့်ကြံနိုင်တယ်။ တကယ်လို့ ဆန္ဒမရှိဘူးဆိုရင်လဲ ကြိုက်တဲ့အချိန် ဒီကထွက်သွားနိုင်တယ်”
အရင်လူများသည် လမ်းစဉ်သက်သေနယ်မြေသို့ သွားခွင့်ရမည့် နေရာတစ်နေရာ ရရန်အတွက် တိုက်ခိုက်ခဲ့ကြပြီး နတ်ဘုရားနန်းတော်၏ စစ်ဆေးခြင်းကိုခံခဲ့ကြရသည်။ အောင်မြင်သူများကို နတ်ဘုရား နန်းတော်မှ တပည့်များအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ အခြားထိပ်တန်းအင်အားစုများနှင့် မြင့်မားသော ကောင်းကင်ဘုံမှ ပါရမီရှင်များသည် နတ်ဘုရားနန်းတော်တွင် သာမန်တပည့်တစ်ဦးဖြစ်လိုပါက အလွန်လွယ်ကူ ပေသည်။ ပင်မတပည့်ဖြစ်လာနိုင်မလား ဆိုသည်မှာ သူတို့၏စွမ်းဆောင်ရည်ပေါ် မူတည်ပေလိမ့်မည်။
“အခုအချိန်ကစပြီး မင်းတို့အားလုံး ကြိုက်သလိုလုပ်နိုင်တယ်” ဟု တမန်တော်ကပြောလိုက်ပြီး သူတို့အားလုံး လှည့်ထွက်သွားကြရာ ရောက်လာသောသူအားလုံး အံ့အားသင့်သွားကြသည်။ နတ်ဘုရားနန်းတော်သည် ထိုမျှပင် လေးလေးနက်နက်မရှိသည်လော။
“ဒါကသူတို့က ငါတို့ကို ဂရုမစိုက်ဘူးလို့ဆိုလိုတာလား” တစ်စုံတစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။ နတ်ဘုရားနန်းတော်သည် နည်းလမ်းများသည် ထူးခြားပေသည်။
“ငါတို့ အမှားတွေလျှောက်လုပ်မိမှာ သူတို့မစိုးရိမ်ဘူးလား” တစ်ယောက်ကမေးလိုက်သည်။
“နတ်ဘုရားနန်းတော်ထဲ ရောက်တဲ့အခါ မင်းဘယ်နေရာကိုသွားသွား တားမြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းလုပ်သမျှကို မင်းပဲတာဝန်ယူရလိမ့်မယ်။ မင်းအသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ နတ်ဘုရား နန်းတော်က တာ၀န်ယူမှာမဟုတ်ဘူး” နတ်ဘုရားနန်းတော်မှ တပည့်တော်တစ်ဦးက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ ဤသည်မှာ နတ်ဘုရားနန်းတော်ဖြစ်ပြီး ချမှတ်ထားသည့် စည်းကမ်းသိပ်မများပေ။ သွားချင်သောနေရာသို့ သွားနိုင်ပြီး တစ်စုံတစ်ရာဖြစ်ပျက်ခဲ့လျှင်လည်း နတ်ဘုရားနန်းတော်က ဂရုစိုက်မည် မဟုတ်ပေ။
“နတ်ဘုရားနန်းတော်ကလူတွေပြောပုံကိုနားထောင်ရတာ တမင်တကာလုပ်နေကြပုံပဲ” လော့ယွဲ့က လေသံ တိုးတိုးဖြင့် ပြောလိုက်သည်။
“ငါတို့ဒီမှာလုပ်နေတာအားလုံးကို နတ်ဘုရားနန်းတော်ကလူတွေက သတိလက်လွတ်ထားလိမ့်မယ်လို့ မင်းထင် နေတာလား” ရီဖူရှင်းက ပြုံးပြီးပြောလိုက်သည်။ လော့ယွဲ့က ခေါင်းညိတ်လိုက်သည်။ “နင်ပြောတာ မှန်တယ်”
နတ်ဘုရားနန်းတော်တွင် ကျင့်ကြံခြင်းအဆင့် မြင့်သောလူများစွာ ရှိပြီး သူတို့၏အသိစိတ်များသည် ထိုနေရာ တစ်ခုလုံးအား ဖုံးလွှမ်းထားနိုင်သည်ဖြစ်ရာ သူတို့လုပ်ဆောင်သမျှအရာအားလုံးအား ဖုံးကွယ်၍မရနိုင်ပေ။
လာရောက်ကြိုဆိုသူများ ထွက်ခွာသွားသည်နှင့် နတ်ဘုရားနန်းတော်မှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် သူတို့ကျင့်ကြံရာနေရာသို့ ပြန်သွားကြသည်။ “သွားကြစို့” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် နတ်ဘုရားနန်းတော်သို့ ဦးတည်လိုက်ကြသည်။ ကျွန်းတစ်လျှောက်လုံးတွင် လမ်းစဉ်တောင်များစွာရှိနေပြီး ကျင့်ကြံသူများစွာသည် တောင်များဆီသို့ ပျံသန်းသွားကြသည်။ သူတို့အားလုံးသည် ရှန့်ထို နှင့် အထက်အဆင့် ရှိသူများ ဖြစ်ကြသည်။
ထိုနေရာများသို့ ရောက်သောအခါ တောင်တန်းများကြားတွင် ကျင့်ကြံရန်နေရာများ ရှိနေသည်ကို တွေ့လိုက် ရသည်။ တောင်ထိပ်များနှင့် ချိုင့်ဝှမ်းများတွင် နန်းတော်များ၊ ကျောင်းဆောင်များနှင့် လိုဏ်ဂူအိမ်များလည်း ရှိနေကာ လေထုထဲတွင် အဆုံးမဲ့သော စွမ်းအားများထူထပ်စွာရှိနေသည်။
ထိုနေရာများအားလုံးသည် နတ်ဘုရားနန်းတော်မှလူများ ကျင့်ကြံကြသောနေရာများဖြစ်သည်။ ထိုကျောင်းဆောင် များနှင့် နန်းတော်များသည် နန်းတော်မှအထင်ကရပုဂ္ဂိုလ်များက လမ်းစဉ်ကိုသင်ကြားပေးသော နေရာများဖြစ်ပြီး လိုဏ်ဂူများသည် တပည့်များလေ့ကျင့်နိုင်သော နေရာများဖြစ်သည်။
ရီဖူရှင်းသည် သူ့နောက်သို့ လူများလိုက်လာကြသည်ကို သတိပြုမိလိုက်သည်။ ထိုက်ရွှမ်တောင်မှ တပည့်များ အပြင် အခြားလူပေါင်းများစွာသည် သူ့ကိုစိုက်ကြည့်နေကြသည်။ သူ့ထံတွင် မယုံနိုင်လောက်အောင် တန်ဖိုးရှိသော လမ်းစဉ်သစ်သီးများစွာရှိနေသည်ဖြစ်ရာ လောဘတက်နေသောသူများ၏ ပစ်မှတ်ဖြစ်နေသည်မှာ ထင်ရှား ပေသည်။ ထိုများပြားလှသော ရှန့်ထိုများသည် သူ့အား လုယက်ချင်နေကြသည်။ ထို့အပြင် နတ်ဘုရား နန်းတော်ကလည်း သူတို့၏အပြအမူများအား တားမြစ်မည့်ပုံမပေါ်ပေ။
“သူတို့ကမင်းနောက်ကိုလိုက်နေပုံရတယ်” ဝမ်ရှိုးရီက ရီဖူရှင်းထံ အသံပို့လွှတ်လိုက်သည်။ “လိုက်ကြပါစေ” ရီဖူရှင်းကပြန်ပြောလိုက်သည်။ သူတို့မည်သည့်အရာအား တွေးတောနေသည်ကိုသူသိပေသည်။ အကယ်၍ သူတို့သာ သူ၏လမ်းစဉ်သစ်သီးများကို လုယူရန်ကြိုးစားခဲ့လျှင် သူသည်လည်း လုံးဝယဉ်ကျေးလိမ့်မည်မဟုတ်ပေ။
သူသည် သွားနေသည်ကိုရပ်တံ့လိုက်ပြီး လူတိုင်းကိုပြောလိုက်သည်။ “ ငါတို့နတ်ဘုရားနန်းတော်ကို ရောက်နေပြီ။ လူတိုင်းက မဟာလမ်းစဉ်ကို နားလည်နိုင်မဲ့ အခွင့်အရေးရှိနိုင်မလားဆိုတာ ရှာဖွေသင့်တယ်။ ငါလဲ သွားပြီး ရှာဖွေရတော့မယ်ဆိုတော့ ငါတို့အတူတူသွားဖို့မလိုတော့ဘူး။” ယခင်အဖြစ်အပျက်များကြောင့် ထိုက်ရွှမ်တောင်မှ လူများသည် သူ့ကို ခေါင်းဆောင်အဖြစ် ရှုမြင်လာကြပြီဖြစ်ပြီး သူတို့သည် သူ့နောက်သို့ လိုက်ပါလာကြသည်ဖြစ်ရာ ထိုအရာကြောင့် အနည်းငယ်စိတ်မသက်မသာခံစားနေရပေသည်။
ထို့အပြင် ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်လာမည်ဆိုလျှင် ထိုက်ရွှမ်တောင်မှ တပည့်များသည် နိမ့်ကျသော အဆင့်တွင် ရှိနေသောကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့်သူတို့ကို သူ့နောက် ဆက်ပြီးလိုက်ခွင့်မပြုသင့်ပေ။
“ဒါပေမယ့်မင်း…” လီကျစ်ရင်က ပတ်ပတ်လည်ရှိ လူများကို ကြည့်လိုက်သည်။ သူတို့အားလုံး ရီဖူရှင်းကို ပစ်မှတ်ထားနေသည်ကို သူမ သတိပြုမိပေသည်။
“ငါအဆင်ပြေပါတယ်။ လမ်းစဉ်တောင်မှာတုန်းကလည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ခဲ့တာပဲ။ ဒီနတ်ဘုရား နန်းတော်မှာ ငါ့ကိုမထိနိုင်တဲ့သူတစ်ယောက်မှမရှိဘူး။” ရီဖူရှင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ လီကျစ်ရင်သည် ရီဖူရှင်း၏ယခုပုံစံကို နေသားကျသွားပြီဖြစ်ပြီး သူပြသခဲ့သည့် စွမ်းအားကိုကြည့်လျှင် အမှန်တကယ်လည်း လူအနည်းငယ်ကသာ သူ့ကိုခြိမ်းခြောက်နိုင်စွမ်းရှိပေမည်။ “ကောင်းပြီ ဒါဆိုလည်း ငါတို့ လမ်းခွဲကြတာပေါ့” လီကျစ်ရင်ကခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် လူအားလုံးသည် နေရာအသီးသီးသို့ ခွဲထွက်သွားကြတော့သည်။
“မင်းတို့လဲသွားတော့လေ” ရီဖူရှင်းက ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့ကိုလည်း ပြောလိုက်သည်။ သူသည် ဤခရီးစဉ်တွင် တတ်နိုင်သမျှသူတို့ကိုကူညီခဲ့ပြီး သူ၏ကုချင်းသံစဉ်ကိုအသုံးပြု၍ ဝမ်ရှိုးရီ၏ဓါးလမ်းစဉ်ကို ပိုမိုတိုးတက်စေခဲ့သည်။ နောက်တစ်ခါ တိုက်ခိုက်သည့်အချိန်တွင် သူ့အားသူကိုးရပေလိမ့်မည်။
“ကောင်းပါပြီ” ဝမ်ရှိုးရီခေါင်းညိတ်လိုက်ပြီး ထွက်ခွါသွားသည်။ ရာရာလည်း လှည့်ပြီး ထွက်ခွါသွားရန် ပြင်ဆင် လိုက်လျှင် ရီဖူရှင်း အံအားသင့်သွားသည်။ “ မင်းလည်း သွားမလို့လား” ရာရာ ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ် ငါလဲဒီမှာ အချိန်ခဏလောက် ကျင့်ကြံမယ်” “ကောင်းပြီလေ” ရီဖူရှင်းက ရာရာ မည်သည့် အတွက်ကြောင့် ထိုသို့ လုပ်သည်ကို သိသည်။ သူမသည် ယခင်က သိပ်ပြီးအာရုံစိုက်ခြင်းမခံခဲ့ရသော်လည်း သူမအား စောင့်ကြည့်နေသူရှိမရှိ မသေချာပေ။ သူမနှင့် ရှန်ကျင်းကြားတွင် မန်ထက်ထူးကဲသော ဆက်ဆံရေး ရှိသည်ကို မြင့်မားသောကောင်းကင်ဘုံရှိ မည်သူ့ကိုမျှမသိစေလိုပေ။
အကယ်၍ သူမသည် ရီဖူရှင်းနှင့် အမြဲတမ်းအတူရှိနေပါက အာရုံစိုက်ခံရခြင်းမှ ရှောင်လွှဲရန် မဖြစ်နိုင်ပေ။
“ မင်းကရော။ မသွားသေးဘဲနဲ့ ဒီမှာဘာလုပ်နေတာလဲ” ရီဖူရှင်းက ဖီးနစ်လေးကိုမေးလိုက်သည်။
“ကျွန်မ သွားချင်တဲ့အချိန်မှသွားမှာပေါ့ ရှင်နဲ့ဘာဆိုင်လို့လဲ” ဖီးနစ်လေးက နှုတ်ခမ်းဆူကာ ပြောလိုက်သည် ။ ရီဖူရှင်း နောက်သို့ လိုက်နေသည်ဟု သူမဝန်ခံမည်မဟုတ်ပေ။
“နောက်တစ်ခေါက်ငါပြန်လာမှ မင်းနဲ့အတူသွားကြမယ်နော်။ အခုတော့ သွားကစားလိုက်ဦး။” ရီဖူရှင်းက ပြုံးပြီးပြောလိုက်သည်။ ဖီးနစ်လေးသည် သူ့ကိုစိုက်ကြည့်လိုက်သည်။ ဒီကောင်စုတ်က သူမကို ကလေး တစ်ယောက်လို ထင်မြင်နေသည်လား။
“ရှင် ဒီလောက်သွားချင်နေတယ်ဆိုရင်လဲ သွား... သွား... “ ဖီးနစ်လေးသည် ရီဖူရှင်းကို တစ်ယောက်တည်း ထားခဲ့ပြီး သူမ၏တောင်ပံများကို ဖြန့်ကာ ပျံသန်းထွက်ခွါသွားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကိုအမှန်တကယ် တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ၏ဘေးတွင် ဖုန်းယန်ရှိနေခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေမည်။
ယခုအချိန်တွင် သူတစ်ယောက်တည်း ကျန်တော့သည်ဖြစ်ပြီ လုပ်ချင်သည်ကို လုပ်နိုင်ပြီဖြစ်ရာ အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
သူရှေ့ဆက်သွားနေရင်း မနီးမဝေးမှ အရှိန်အဝါတစ်ခု ကိုသတိထားမိလိုက်သဖြင့် ပြောလိုက်သည်။
“မင်းငါ့ဆီက သစ်သီးတွေကို လုယူချင်တယ်ဆို လာယူကြလေ။ ဘာကြောင့်ပုန်းနေတာလဲ မရှက်ဘူးလား မိစ္ဆာအိုကြီးလော” သူထိုသို့ ပြောလိုက်သောအခါတွင် ပြင်းထန်သော နတ်ဆိုးစွမ်းအင်များပေါက်ကွဲထွက်လာပြီး လေထုထဲတွင် ပြည့်နှက်သွားသည်။ သူ၏အထက်ရှိ ကောင်းကင်ပေါ်တွင် လူတစ်စုပေါ်လာသည်။ ထိုသူတို့သည် လောယို့မင် နှင့် ရှီးလင်မြို့တော်မှသူများဖြစ်သည်။ သူသည် လမ်းစဉ်တောင်တွင် ရီဖူရှင်းကြောင့် ဒဏ်ရာရသွားပြီး သူ၏အချိန်များအားလုံး ကုသခြင်းဖြင့်ကုန်ဆုံးခဲ့ရသောကြောင့် ရီဖူရှင်းအပေါ်တွင် အငြိုးအတေးများ ထားခဲ့သည်။
လမ်းစဉ်သက်သေနယ်မြေသို့ သွားသောခရီးမှာ ပြီးဆုံးသွားပြီး ရီဖူရှင်းသည် လမ်းစဉ်သစ်သီးအများအပြားကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောသူဖြစ်သည်။ ထိုသစ်သီးများသည် အလွန်အဖိုးတန်သည်ဖြစ်ရာ မည်သည့် အတွက်ကြောင့် လောယို့မင်က လောဘမတက်ဘဲ နေမည်နည်း။
အလွန်ပြင်းထန်သော ကြောက်မက်ဖွယ်စွမ်းအားများ လောယိုမင်ထံမှ ထွက်ပေါ်လာသည်။ အဆုံးမဲ့သော သေဆုံးခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး ရီဖူရှင်းရှိနေသောနေရာသို့ ဖုံးလွှမ်းသွားသည်။ သူ၏အနားတွင် ရှိနေသော ရှီးလင်မြို့တော်မှအခြားကျင့်ကြံသူများသည်လည်း တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြသည်။ ရီဖူရှင်း မလွတ်မြောက်နိုင်ရန် အဘက်ဘက်မှ လမ်းကြောင်းများအားလုံးပိတ်ဆို့လိုက်ကြသည်။
“မင်းလူတိုင်းကိုထွက်သွားခိုင်းခဲ့တာက ထိုက်ရွှမ်တောင်က လူတွေကိုငါတိုက်ခိုက်မှာ ကြောက်လို့မဟုတ်လား” လောယို့မင်၏ မျက်လုံးများက အေးစက်နေပြီး သူ၏လေသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“တကယ်လို့ မင်းကငါ့လက်ထဲက သစ်သီးတွေကို ထောင်ခြောက်ဆင်ပြီး ရယူသွားနိုင်ရင်တောင် မင်းနဲ့ ရှီးလင်မြို့တော်က အရှင်ထိုက်ရွှမ်ရဲ့ အမျက်ဒေါသကို ခံနိုင်မယ်လို့ ထင်နေတာလား” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ ယခုအချိန်တွင် အရှင်ထိုက်ရွှမ်သည် မြင့်မားသောကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ရှီးလင်မြို့၏ မိစ္ဆာအိုကြီးသည် သူ့ကိုရှုံးနိမ့်ခဲ့သည်ဖြစ်ရာ သူသာ ရှီးလင်မြို့တော်ကို တိုက်ခိုက်လိုပါက မည်သူမျှ တားဆီးနိုင်မည်မဟုတ်ချေ။
လူငယ်မျိုးဆက်များအတွက် အကြီးမားဆုံးအကာအကွယ်မှာ အကြီးအကဲများ၏ခွန်အားဖြစ်သည်။ အခုအချိန်တွင် ထိုက်ရွှမ်တောင်၏ တပည့်များသည် အနည်းငယ်အားနည်းကြသော်လည်း မည်သူမျှသူတို့အား မထိပါးဝံ့ပေ။ လောယို့မင်ထံမှ အကန့်အသတ်မဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သူသည်ရီဖူရှင်းအား တိုက်ခိုက်ခြင်း စွမ်းအင်ချင်း မယှဉ်နိုင်ကြောင်း သိထားသည်။ အကယ်၍ သစ်သီးကို သိမ်းယူလိုလျှင် သူ၏ လက်နက်ဆန်း၏ စွမ်းအားကို အသုံးပြုရမည်။
ဘုန်း...
တစ်စုံတစ်ယောက်သည် ရုတ်တရက် စတင်တိုက်ခိုက်လိုက်သည်။ သေဆုံးခြင်းလှံတံများသည် လေထုကို ထိုးခွင်းကာ ရီဖူရှင်းထံသို့ပြေးဝင်သွားသည်။ “မင်းက သေချင်နေတာပဲ” ရီဖူရှင်းက လေထဲသို့မော့ကြည့်လိုက်လျှင် ရုတ်တရက် ဓားများသည် ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွားသည်။
သေဆုံးခြင်းလှံများ ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ ဓါးများသည် လေထုထဲတွင်ဓါးရာများချန်ရစ်ခဲ့ပြီး လေထုအား ဖြတ်သန်းသွားသောအခါတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ၏ ကိုယ်ပေါ်တွင် ဓါးရာများ ထွက်ပေါ် လာသည်။ သူသည် အောက်ဘက်ရှိ ရီဖူရှင်းကိုငေးကြည့်နေရင်း သူ့ခေါင်းထဲမှသွေးများစီးကျလာကာ တဖြည်းဖြည်း ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။ သူသည် ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
“သူကပိုပြီး အစွမ်းထက်လာတာပဲ” လောယို့မင်သည် ထိုဓားချက်၏ စွမ်းအားကို ခံစားမိသောအခါ စိတ်ထဲတွင်တုန်လှုပ်သွားသည်။ ထိုကျင့်ကြံခဲ့သည့်နှစ်လအတွင်းတွင် ရီဖူရှင်းသည် သူနှင့်တိုက်ခိုက်ခဲ့သည့် အချိန်ကထက် ပိုမိုအားကောင်းလာလေသည်။ သူ၏ဓါးသည် လေထဲသို့ ထိုးဖေါက်သွားပြန်သည်။ ထိုပြန်လည် ရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများအားလုံးသည် သူ၏ပြိုင်ဘက်မဟုတ်ပေ။
ရီဖူရှင်းသည် လူတစ်ယောက်ကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်ပြန်သည်။ လောယို့မင် နှင့် ရှီးလင်မြို့တော်မှ တစ်ခြားကျင့်ကြံသူများသည် သူ့ကိုအေးစက်စွာ ကြည့်လိုက်ကြသည်။ သူတို့သည် ထိုအဖြစ်ကို အလွယ်တကူ မေ့ပစ်နိုင်မည်မဟုတ်ပေ။
“မင်းမှာ ရန်ဟောင်အဆင့်လက်နက်တစ်ခုရှိတယ်ဆိုတာငါသိတယ်၊ ဒါပေမယ့် ငါ့ဆီမှာရော ရှိနေနိုင်တယ်လို့ မင်းမထင်ဘူးလား။ ငါကပြဿနာရှာရတာ မကြိုက်ဘူး တစ်ခြားလူတွေက ငါ့ကိုပြဿနာလာရှာတာလဲ မကြိုက်ဘူး။ တစ်ယောက်ယောက်က ငါ့ကိုတိုက်ခိုက်ချင်ရင်တော့ သူတို့သေရလိမ့်မယ်” ရီဖူရှင်းက ပြောလိုက်သည်။ သူသည် လောယို့မင်ကိုသာမက သူ့အား တိတ်ဆိတ်စွာ စောင့်ကြည့်နေသူအားလုံးကို သတိပေး လိုက်ခြင်းဖြစ်သည်။ ထိုသူများ သူ့အားအမြဲတမ်း လိုက်ပါစောင့်ကြည့်နေခြင်းအား မနှစ်သက်သောကြောင့် ကျန်လူများကို သတိပေးရန် ထိုသို့ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ရှီးလင်မြို့တော်မှလူသည် သူ့အားအရင် တိုက်ခိုက်ခဲ့သည်ဖြစ်၍ သူက ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုက်ရွှမ်တောင်မှ ဂီတပညာရှင်သာဖြစ်သော်လည်း အရှင်ထိုက်ရွှမ်သည် သူ့အား သီးသန့် နေရာပေးခဲ့သည်။ ယခုကိစ္စကြောင့် အကြီးအကဲများ ပါဝင်ပတ်သက်လာလျှင် ထိုက်ရွှမ်တောင်အပေါ် ဖြစ်လာမည့် အရာများကို ထည့်သွင်းစဉ်းစားရန်လိုပေသည်။
ရီဖူရှင်း၏ ခြိမ်းခြောက်မှုကို ကြားသွားတဲ့အခါ လောယို့မင်၏ မျက်နှာသည် ဆိုးဝါးစွာ ပျက်ယွင်းသွားသည်။ သူ့ထံမှ အင်ပါယာအဆင့် စွမ်းအင်များ ထွက်ပေါ်နေဆဲဖြစ်သော်လည်း ရီဖူရှင်း ပြောခဲ့သလိုပင် သူ့ထံတွင် ရန်ဟောင်အဆင့်လက်နက်ရှိနေသလို ရီဖူရှင်းထံတွင်လည်း ရှိနိုင်နေနိုင်ပေသည်။
တကယ်တမ်း တိုက်ပွဲတစ်ခုဖြစ်ခဲ့မည်ဆိုလျှင် သူ၏ပြိုင်ဘက်သည် သူတို့ကိုသတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။ ယခင်ကလို ထပ်မံရှုံးနိမ့်ခဲ့လျှင် သူတို့၏တာဝန်များကို ဆက်လက်လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
“ကျန်တဲ့လူတွေလဲ ငါ့နောက်ဆက်မလိုက်ကြနဲ့တော့။ ဒီလိုမှမဟုတ်ရင် ငါ့ဓါးကိုရက်စက်တယ်မထင်ကြနဲ့” ရီဖူရှင်းကပြောလိုက်သည်။ ထို့နောက် လူတိုင်းကြည့်နေစဉ်တွင်ပင် လေထဲတွင် ဓါးတစ်ချောင်း ဖြတ်သန်းသွား သကဲ့သို့ လျှင်မြန်စွာ ပျံသန်းထွက်ခွါသွားကာ ဝေးသည်ထက် ဝေးသွားလေသည်။
လူတစ်စုသည် အပြင်သို့ထွက်လာပြီး ထွက်ခွါသွားသည့်ပုံရိပ်အား အေးစက်စွာဖြင့် ကြည့်နေကြသော်လည်း သူ၏နောက်သို့ မည်သူမျှ လိုက်ပါမသွားပေ။
ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ တောက်ပနေသော ကိုက်ရှီသည်လည်း အပြင်သို့ ထွက်လာသည်။
ဤသူသည် နတ်ဘုရားနန်းတော်မှ လူများကို အပြစ်ပြုခဲ့သည်ဖြစ်ရာ နန်းတော်သို့ အနှောင့်အယှက်မရှိ ဝင်ရောက်ခွင့်မပြုနိုင်ပေ။
***