← Chapters

အခြားအကျိုးအမြတ်များ

Vol. 19 Ch. 258

အခြားအကျိုးအမြတ်များ

Vol. 19 Ch. 258

ငရဲကိုးထပ်ကျူးကျော်မှုကို တားဆီးနိုင်ခဲ့ပြီးနောက် ယွင်ဝူစီရင်စု တိုက်ပွဲသည်လည်း ပြီးဆုံးသွားခဲ့သည်။

တိုက်ပွဲတွင် ဝါဒတောင်မှ ထိခိုက်ကျဆုံးမှုရှိခဲ့သော်လည်း အလွန်တရာနည်းပါးသဖြင့် တော်သေးသည်ဟု ဆိုရမည်။

သိုင်းသမားများ အုပ်စုဖွဲ့လိုက်ကြပြီး အချင်းချင်းကူညီကာ ဒဏ်ရာများ ကုသပေးကြသည်။ ကန္တာဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ၏ စီစဉ်မှုအောက်တွင် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းပြီး စစ်မြေပြင်ကို ရှင်းလင်းခဲ့ကြသည်။

ဤတိုက်ပွဲတွင် ယွင်ဝူစီရင်စုမှ “ဝမ်” အိမ်တော်ကတော့ အမြစ်ပြတ်လုနီးပါးဖြစ်သွားပြီး ကျန်ရှိသူအနည်းငယ်ကို စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးလာခဲ့ကြသည်။

ထို့ပြင် အသက်ရှင်လျှက် ဖမ်းဆီးရမိခဲ့သော အနက်ရောင်အိမ်မက်ဆိုးတောင်မှ အကြွင်းအကျန်များနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားအချို့လည်း ရှိသေးသည်။ သူတို့အတွက် စောင့်ကြိုနေသည်မှာလည်း အလားတူပင် ပြင်းထန်သော စစ်ကြောမေးမြန်းခြင်းနှင့် သေဆုံးခြင်းသာလျှင် ဖြစ်သည်။

“ဝမ်” အိမ်တော်ဘိုးဘွားပိုင်မြေမှ ထွက်ခွာလာသည့်အခါ ရန်ကျောက်ကဲက ရှီတိနောက်မှ လိုက်လာခဲ့သည်။ ယွင်ဝူစီရင်စုမှ ထွက်လာသည့်အခါ တွေ့မြင်ရာရာက သဲကန္တာရကြီးသာဖြစ်ပြီး လူနေအိမ်ခြေ အနည်းငယ်ကိုသာ တွေ့ရသည်။

သဘာဝပတ်ဝန်းကျင်အနေအထားကြောင့် ဤဒေသတွင် လူနေကျဲပါးသည်။

သို့ပေသိ သာမန်လူများစွာနေထိုင်သော ဧရိယာအများအပြားသည်လည်း ရှိနေဆဲပင်။

ထိုသူများကိုကြည့်ရင်း ရန်ကျောက်ကဲ အနည်းငယ် ပြုံးလိုက်သည်။

ရန်ကျောက်ကဲ စိတ်ခံစားချက်များကို ဖုံးကွယ်ရင်း ဘေးသို့လှည့်ကြည့်လိုက်ရာ ရှီတိ၏ အေးစက်မာကြောသော အသွင်အပြင်တွင် အပြုံးအရိပ်အမြွက်ကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက်ချရင်း ဘယ်လက်ကို အသာမြှောက်လိုက်သည်။ ဘယ်ဘက်လက်ခုံထက်တွင် အမှတ်သင်္ကေတတစ်ခု ခတ်နှိပ်ခံထားရသည်။

ထိုသင်္ကေတက သွေးနီရောင်ဖြစ်ပြီး ရန်ကျောက်ကဲ၏ လက်ခုံထက်မှ အသွေအသားတွင် ရေးထိုးထားသည်သာမက သူ့စိတ်ဝိညာဉ်နက်ရှိုင်းရာနေရာအထိ ရေးထိုးထားခြင်း ဖြစ်သည်။

အားဟူက ရန်ကျောက်ကဲလက်ကို လှမ်းကြည့်ရင်း ခေါင်းတစ်ချက်ကုတ်သည်။

“သခင်လေး... ဒီတစ်ခေါက် အများကြီး အကျိုးပြုတဲ့အလုပ်တွေလုပ်ခဲ့ပေမယ့် ဒီလိုဟာကြီး သခင်လေးအသားပေါ် တံဆိပ်ခတ်ခံလိုက်ရတာကတော့ အတော်လေး မကောင်းတာပဲ”

သူက ဆက်ပြေသည်။

“သခင်လေး ပြောတဲ့အတိုင်းဆိုရင်... ဒီမိစ္ဆာသင်္ကေတ ပျောက်သွားအောင်မလုပ်နိုင်ခင် သခင်လေးနဲ့ အကြီးအကဲ’ရှီ’ တစ်ခုခုဖြစ်ခဲ့ရင် ကန္တာနယ်မြေမှာ ငရဲကိုးထပ်တံခါးပြန်ပွင့်လာနိုင်ခြေရှိတယ် မဟုတ်လား ၊ ဒါဆိုရင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သေချာပေါက် သခင်လေးတို့ (၂)ယောက်ကို လုပ်ကြံဖို့ ကြိုးစားမှာပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါက ဖြစ်နိုင်ခြေရှိတဲ့ကိစ္စတစ်ခုပါပဲ ၊ သတိတော့ထားရမှာပေါ့”

အားဟူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး...

"ခေါင်းကိုက်စရာကိစ္စတွေပဲ”

ရန်ကျောက်ကဲက သူ့ဘက်ဘက်လက်ခုံထက်မှ မိစ္ဆာသင်္ကေတကိုကြည့်ရင်း...

“ဒီသင်္ကေတရှိနေတာ လုံးဝမကောင်းဘူး ၊ အန္တရယ်လည်း များတယ် ၊ ဒါပေမဲ့... ဒီတစ်ခေါက် ဂိုဏ်းကပေးတဲ့ဆုလာဘ်တွေလည်း ရဦးမှာအပြင် တခြားအကျိုးအမြတ်တွေလည်း ငါရခဲ့သေးတယ်ကွ...”

အားဟူက ရန်ကျောက်ကဲလက်ဖမိုးထက်သို့ ကြည့်နေရာမှ နားမလည်နိုင်စွာဖြင့် သူ့ကို မော့ကြည့်သည်။

“တခြား ဘာအကျိုးအမြတ်တွေရသေးတာလဲ”

ရန်ကျောက်ကဲက သူ့ဘယ်ဘက်လက်ကိုကြည့်ရင်း...

“ငါ့လက်ပေါ်မှာ ထင်ကျန်ခဲ့တဲ့ ဒီသင်္ကေတကြောင့် ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်းကို ပိုပြီးနားလည်လာရတယ်”

သူက ဆက်ပြောသည်။

“သင့်ကိုယ်သင်သိပါ ၊ သင့် ရန်သူကိုသိပါ ၊ ဒါဆိုရင် တိုက်ပွဲပေါင်းတစ်ရာကျော်ကို သင် အောင်နိုင်လိမ့်မယ်... တဲ့ ၊ ဆိုရိုးရှိတယ်လေ ၊ ဒီတိုက်ပွဲက ဘာလို့ဒီလောက်အထိ အန္တရယ်များသွားရလဲဆိုတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဒီလိုအလုပ်တွေလုပ်မယ်ဆိုတာ ငါတို့ ကြိုတင်တွက်ချက်မထားနိုင်ခဲ့လို့ပဲ ၊ တကယ်လို့ သိထားခဲ့မယ်ဆိုရင် ချက်ချင်းတုံ့ပြန်နိုင်မှာပဲ”

ရန်ကျောက်ကဲက ဘယ်လက်ကို အောက်သို့ပြန်ချလိုက်ရင်း...

“အခြေအနေပေါ်မူတည်ပြီး ချက်ချင်တုံ့ပြန်နိုင်တာကို ချီးကျူးစရာလို့ ယူဆနိုင်ပေမယ့်... ကူရာကယ်ရာမဲ့တဲ့အခြေအနေတွေကိုလည်း ငါတို့ရင်ဆိုင်ရနိုင်တာပဲ မဟုတ်လား ၊ ဒါကြောင့် ရန်သူကို ပိုပြီးသိရှိနားလည်မယ်ဆိုရင် အစီအစဉ်အတိုင်း အရာအားလုံးကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နိုင်မှာပဲ ၊ ဒါဆိုရင် အန္တရယ်တွေလည်း အများကြီးလျော့နည်းသွားလိမ့်မယ်”

ဘေးနားမှ ဖန်းယွင်ရှန်းက ရန်ကျောက်ကဲလက််ပေါ်မှာ မိစ္ဆာသင်္ကေတကို စိုက်ကြည့်နေသည်။

သူမအကြည့်ကို သတိထားမိတော့ ရန်‌ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဘယ်လိုလဲ... အရင်က ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲမှာ အစီအရင်ပညာ သိပ်မတော်ဘူးလို့ ပြောခဲ့တာ မှတ်မိတယ် မဟုတ်လား ၊ အဲဒီနောက် ငါ အစီအရင်ပညာတွေ အများကြီး လေ့လာခဲ့တယ် ၊ အခုတိုက်ပွဲကတော့ အစီအရင်ပညာနဲ့ပတ်သက်ပြီး ငါ့အစွမ်းအစကို ပြသနိုင်ခဲ့တာပဲ ၊ ဟုတ်တယ်မလား”

မိန်းမပျိုလေး သူ့ကို ချီးကျူးစကားဆိုလာရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ပြောနေသော ရန်ကျောက်ကဲပုံစံကိုကြည့်ရင်း ဖန်းယွင်ရှန်း ဖက်ပြိုင်ပြောမနေတော့ဘဲ စိတ်လျှော့လိုက်သည်။

သူမက ရယ်မောရင်း ရန်ကျောက်ကဲကို လက်မထောင်ပြလိုက်ပြီး...

“ဟုတ်တယ် ဟုတ်တယ်... ငါ အရင်က ဗဟုသုတနည်းပါးလို့ အဲဒါတွေ မသိခဲ့ဘူး ၊ ကျေးဇူးပြုပြီး မသိနားမလည်တဲ့ အမိုက်အမဲလေးကို ဗွေမယူပါနဲ့”

ရန်ကျောက်ကဲက ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း...

“တော်တယ်... ဒီတပည့်မလေး အလားအလာရှိတယ်”

မိစ္ဆာသင်္ကေတကြောင့် ရန်ကျောက်ကဲနှင့် ရှီတိတို့ ကန္တာဒေသတွင် မနေတော့ဘဲ အလယ်ပိုင်းကောင်းကင်ဒေသရှိ ဝါဒတောင်သို့ အလျှင်အမြန် ပြန်သွားခဲ့ကြသည်။

သူတို့မပြန်ခင် စုကျိုးမြို့သို့ ဝင်ခဲ့ကြသေး၏။

ကန္တာဒေသ မငြိမ်သက်မည်စိုးသောကြောင့် ရွှီဖေးကို ယာယီအကြီးအကဲအဖြစ် စုကျိုးသို့ စေလွှတ်ခဲ့သော်လည်း ယွင်ဝူစီရင်စုတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲက ရွှီဖေးအတွက် တာဝန်ယူစရာမရှိခဲ့ပေ။ ထို့ကြောင့် ယခုတစ်ကြိမ် ကန္တာဒေသသို့ ရွှီဖေးရောက်လာခြင်းက အလဟသ ဖြစ်ခဲ့ရသည်။

သို့သော် သူက စုကျိုးကို ခိုင်ခိုင်မာမာ စောင့်ကြပ်ပြီး တာဝန်များကို ဝီရိယရှိရှိ ထမ်းဆောင်ခဲ့သည်။ ရန်သူများ ပေါ်တင်တိုက်ခိုက်လာသည်ဖြစ်စေ ၊ အလစ်ဝင်ရောက်တိုက်ခိုက်သည်ဖြစ်စေ တားဆီးနိုင်ရန်အတွက် အစစအရာရာ ပြင်ဆင်ထားခဲ့သဖြင့် စုကျိုးမြို့က အထူးတည်ငြိမ်နေခဲ့သည်။

ယွင်ဝူစီရင်စုတိုက်ပွဲ ပြီးဆုံးသည့်နောက် ပြဿနာများ ကင်းရှင်းသွားပြီဖြစ်ရာ ရွှီ‌ဖေးအနေဖြင့် စုကျိုးတွင် ယာယီအကြီးအကဲအဖြစ် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။ ထူးခြားအခြေအနေကြောင့်သာ ဝါဒတောင်က သူ့ကို ဤနေရာသို့ ခေတ္တစေလွှတ်လိုက်ခြင်း ဖြစ်သည်။

သို့ပေသိ ရန်ကျောက်ကဲ ၊ ရှီတိတို့နှင်အတူ ဝါဒတောင်ကိုတော့ ပြန်မလိုက်နိုင်သေးပေ။ အခြေအနေများ တည်ငြိမ်သွားပြီး စုကျိုး၏ အကြီးအကဲရာထူးကို အခြားတစ်ယောက်ထံ တရားဝင်လွှဲပြောင်းပေးပြီးသည်အထိ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

ရွှီဖေးက ရှီတိကို ရိုရိုသေသေ နှုတ်ဆက်စကားဆိုပြီးသည့်နောက် ရန်ကျောက်ကဲပခုံးကို လက်သီးဖြင့် ခပ်ဖွဖွတစ်ချက်ထိုးလိုက်ရင်း...

“အခြေအနေတွေကောင်းတာ ငါသတင်းကြားတယ်နော်... ဟေ့ကောင်”

မိစ္ဆာနယ်မြေမဟာအစီအရင်ကို ပြန်လည်တည်ဆောက်ပြီး မဟာငရဲကိုးထပ်တံခါးကို ချိတ်ပိတ်နိုင်ခဲ့သဖြင့် တောင်ကောင်းကင်ဒေသရော ကန္တာဒေသပါ အန္တရယ်ကင်းခဲ့ရသည်။

အကယ်၍ တိုက်ပွဲတွင် ဆုံးရှုံးမှုကြီးမားပါက “ဝမ်” အိမ်တော်ဘိုးဘွားပိုင်နယ်မြေတွင် တိုက်ပွဲဝင်ခဲ့သည့် ရန်ကျောက်ကဲအပါအဝင် သိုင်းသမားများအားလုံး တာဝန်ယူကြရမည်မှ အသေအချာ ဖြစ်သည်။ အားလုံး အတူတကွ ခံစားကြရမည်ဖြစ်သည်။ ရွှေရောင်မျှော်စင်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးခဲ့သော အကြီးအကဲ’ချုန်း’ သည်ပင် တစ်ယောက်တည်းခွဲထုတ်ခံရပြီး အပြစ်မှလွတ်မည် မဟုတ်ပေ။

ကြီးမားသည့်ကစားပွဲကြီးတစ်ခုတွင် -

ယခုတစ်ကြိမ်မှာတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက မည်သူမှထင်မထားသည့် လှည့်ကွက်ကို အသုံးပြုခဲ့သည်။ တိုက်ပွဲဝင်သူများတွင် အမှားမရှိသော်လည်း ဝါဒတောင်အစီအစဉ်များကို ရန်သူများက ထိုးဖောက်သိမြင်နေသည့်အတွက် အားလုံး အပြစ်တင်ခံရမည်သာ ဖြစ်သည်။

သို့ပေသိ မိစ္ဆာနယ်မြေအစီအရင်ကို ပြန်လည်တည်ဆောက်ရန် အကြံပေးခဲ့သူက ရန်ကျောက်ကဲ ဖြစ်သည်။ ထို့ကြောင့် တောင်ကောင်းကင်ဒေသအန္တရယ်ကင်းသည့်တိုင် ကန္တာဒေသတွင် မဟာငရဲကိုးထပ်တံခါး တကယ်တမ်းပွင့်သွားခဲ့ပါက အပြစ်အားလုံး၏တစ်ဝက်တိတိကို ရန်ကျောက်ကဲတစ်ယောက်တည်း ခံယူရမည်ဖြစ်သည်။

ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲများအားလုံးက ရန်ကျောက်ကဲ၏ အစီအစဉ်က အဆိုးဆုံးဖြစ်ရပ်များကို ကာကွယ်နိုင်ခဲ့ပြီး ဆုံးရှုံးမှုနည်းပါးစေခဲ့ကြောင်း သိရှိခဲ့ကြသည်။ သို့သော် ရန်ကျောက်ကဲသာ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့ပါက အဆင့်နိမ့်သိုင်းသမားများနှင့် ကန္တာဒေသရှိသိုင်းသမားအများစုက ဤသည်ကို နားလည်ပေးမည် မဟုတ်ပေ။

ထိုသို့သာဖြစ်လာခဲ့လျှင် ရန်ကျောက်ကဲ ပြဿနာအကြီးအကျယ်တက်မည်ဖြစ်ပြီး တောင်တစ်လုံပြိုကျသည့်ပမာ ဖိအားများကို ရင်ဆိုင်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲသာ သူ့အစီအစဉ်ကို ထုတ်ဖော်မပြောဘဲ နှုတ်ဆိတ်နေမည်ဆိုလျှင် အပြစ်တင်ခံရခြင်းမှ ကင်းဝေးမည် ဖြစ်သည်။ တိုက်ပွဲမအောင်မြင်၍ အပြစ်ပေးခံရလျှင်လည်း တစ်ယောက်တည်း ထူးခြားပြီးအပြစ်ပေးခံရမည်မဟုတ်ဘဲ အများနှင့်အတူ အပြစ်ခံယူရန်သာ ရှိသည်။

သို့သော် ရန်ကျောက်ကဲက ထိုနည်းလမ်းကို မရွေးချယ်ခဲ့ပေ။ သူက ရဲရင့်စွာရှေ့တိုးခဲ့ပြီး စွန့်စားရမှုအန္တရယ်များကို တစ်ယောက်တည်းတာဝန်ယူရန် ရွေးချယ်ခဲ့သည်။ အောင်မြင်မှုရရှိခဲ့သောကြောင့် ပြစ်ဒဏ်မခံရသည့်တိုင် အချို့သော ပညာမဲ့များ၏ အပြစ်တင်လက်ညှိုးထိုးခြင်းက ကြာပွတ်ရိုက်ချက်များပမာ သူ့ထံကျရောက်နေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲကိုကြည့်ရင်း ရွှီဖေး သက်ပြင်းချလိုက်သည်။

“ကျောက်ကဲ တော်တယ်”

ရန်ကျောက်ကဲက အနည်းငယ်ပြုံးရင်း...

“တကယ်လို့ မင်းသာ ပထမဆရာဦးလေးဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်ချက်ချမှာပါပဲကွာ...”

ရွှီဖေးက ရန်ကျောက်ကဲပခုံးကို ခပ်ဖွဖွပုတ်ရင်း မည်သည့်စကားမှမဆိုဘဲ ပြုံးသည်။

ရန်ကျောက်ကဲက သူ့မျက်နှာထက်မှအပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။

ပြီးမှ...

“မင်းသိသင့်တာတစ်ခု ငါ ပြောပြစရာရှိတယ်”

ထိုသို့ပြောရင်း ရန်ကျောက်ကဲက မလှမ်းကမ်းတွင် ရပ်နေသည့် ရှီတိကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“အဲဒီကိစ္စကို ပထထဆရာဦလေးလည်း သိပြီးပါပြီ”

ထို့နောက် ရန်ကျောက်ကဲက ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ ရွှီဖေးမှာ နားထောင်ရင်း အံ့အားသင့်သွားသည်။

ခိုင်မာတည်ကြည်သောစိတ်ထားပိုင်ရှင် ရွှီဖေးမှာ ခဏမျှတုန်လှုပ်သွားပြီးနောက် အတွေးထဲ နစ်မျောသွားသည်။

ရွှီဖေးမျက်ဝန်းများထဲမှ ထိန်းချုပ်မရသည့် ဝမ်းနည်းပူဆွေးမှုကိုကြည့်ရင်း ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

“အခုချိန်ထိ ငါလည်း သေချာတော့ အတည်မပြုနိုင်သေးပါဘူး ၊ သံသယဝင်တဲ့အဆင့်မှာပဲ ရှိပါသေးတယ် ၊ ဒါပေမဲ့... တကယ်လို့ ဟုတ်နေခဲ့ရင် မင်းအတွက် ပြင်ဆင်ထားသင့်တယ်ထင်လို့ ပြောပြတာပါ”

ကြည်လင်လျှို့ဝှက်ရေကန်ရှိ မိစ္ဆာနယ်မြေထဲတွင် ထိုမျက်နှာဖုံးစွပ်လူ သိုင်းဆရာသခင်၏ တိုက်ခိုက်မှုကို ရွှီဖေးသည်လည်း ထိပ်တိုက်တွေ့ခဲ့ရသည် မဟုတ်ပါလား။ ထိုအချိန်က မြင်ကွင်းများကို ပြန်တွေးရင်း ရွှီဖေး မျက်ခုံးများကို တွန့်ချိုးထားသည်။

ပြီးမှ သူက ခေါင်းခါယမ်းရင်း ခါးတွင်ချိတ်ဆွဲထားသည့် သေရည်ထည့်ထားသောသားရေအိတ်ကိုဖြုတ်ကာ တစ်ငုံမော့သောက်လိုက်သည်။

ထို့နောက် နှုတ်ခမ်းထက်မှ စီးကျလာသည့် သေရည်များကို လက်ခုံဖြင့် သုတ်လိုက်ရင်း...

"စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်"

ဟု စိတ်ရှုတ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။

ရန်ကျောက်ကဲနှင့် ရှီတိတို့ ရွှီဖေးကို နှုတ်ဆက်ပြီး ဝါဒတောင်သို့ အလျှင်အမြန် ပြန်ခဲ့ကြသည်။

ရှီတိက ခရီးစဉ်ကို ဦးဆောင်ပြီး လမ်းခရီးက ရှည်လျားသည့်တိုင် ဝါဒတောင်သို့ လျှင်မြန်စွာပင် ပြန်ရောက်သွားခဲ့သည်။

တစ်စုံတစ်ယောက်ကတော့ သူတို့အတွက် သတင်းကောင်းနှင့်အတူ စောင့်မျှော်နေလေ၏။

“ထွက်ပြေးတဲ့ အကြီးအကဲ’လျို’ကို အကြီးအကဲ’ရန်’က ဖမ်းမိထားပြီ”

***

All Chapters