ဂိုဏ်းချုပ်တံခါးပိတ်ကျင့်ကြံတော့မည်
Vol. 19 Ch. 260
ရန်ကျောက်ကဲ၏ ခပ်ပေါ့ပေါ့အကြည့်ကိုတွေ့သည့်အခါ အကြီးအကဲ’လျို’ ဒေါသချေင်းချောင်းထွက်သွားသည်။
သူ့အရှေ့မှ ထိုလူငယ်သည် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ အကြံအစည်များအားလုံးကို ဖျက်ဆီးရုံသာမက သူ၏နောက်ဆုံးမျှော်လင့်ချက်ကိုပါ ငြိမ်းသတ်ပစ်ခဲ့သည်။
ဤလူငယ်သည် “ကျားကဲ့သို့ အဖေမျိုးက ခွေးလိုသားမျိုးမမွေးခဲ့” ဟုဆိုကာ ချီးကျူးခံခဲ့ရသူဖြစ်သည်။ ဤသည်က သူ၏ဖခင်ရန်တိနှင့်ပတ်သက်ပြီး အမြင့်မားဆုံး ချီးကျူးစကားဖြစ်သည်။
သို့ပေသိ ယနေ့တွင်တော့ ဤလူငယ်က သူ့ကံကြမ္မာကို ဆုံးဖြတ်ခဲ့သည်။
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာဖြင့်...
“ခင်ဗျားက ကိုယ့်ဘဝတိုးတက်ဖို့တစ်ခုတည်းအတွက်နဲ့ အသက်ပေါင်းများစွာကို စတေးပြီး မရေမတွက်နိုင်တဲ့သူတွေကို အန္တရယ်ကျရောက်အောင် လုပ်ခဲ့တာပဲ ၊ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ခင်ဗျားကို မဝေဖန်ချင်ပါဘူး ၊ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းအတွက် ထောင်ပေါင်းများစွာသောအသက်တွေ စတေးရမှာကတော့ မတန်ပါဘူးဗျာ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အခု ခင်ဗျားရဲ့အစီအစဉ် မအောင်မြင်ဘူးဆိုတော့ တန်ဖိုးပြန်ပေးဆပ်ရတော့မှာ သဘာဝပါပဲ အကြီးအကဲ’လျို’ ၊ အဲဒီအတွက်လည်း ခင်ဗျား အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လောက်မှာပါ ၊ အခုတော့ ခင်ဗျားရဲ့ နာကျင်မှု ၊ အကူအညီမဲ့မှုတွေနဲ့ ရုန်းကန်ရမှုတွေက ဘာမှပြောင်းလဲမသွားဘူး မဟုတ်လား”
ပင့်သက်တစ်ချက်ရှိုက်ရင်း အကြီးအကဲ’လျို’က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ကျွန်တော်ပြောချင်တာက ခင်ဗျားအောင်မြင်ချင်တာ သာဝကျပါတယ် ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ရင် ဘာအကျိုးဆက်မှ မခံစားရဘူးလို့ တွေးထားတာလား”
ရန်ကျောက်ကဲက အကြီးအကဲ’လျို၏ စူးရှသည့်အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ သူ့မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းများတွင်တော့ လှောင်ပြောင်းလိုသည့်အရိပ်အငွေ့များဖြင့် ပြည့်နက်နေသည်။
ယွမ်ကျန်းဖုန်းက လက်တစ်ဖက်ဝှေ့ယမ်းရင်း ရန်ကျောက်ကဲကို ဟန့်လိုက်သည်။
“ကျောက်ကဲ...”
ရန်ကျောက်ကဲက ချက်ချင်းပင် ယွမ်ကျန်းဖုန်းကို ဦးညွှတ်လိုက်ပြီး နောက်သို့ဆုတ်သွားကာ မည်သည့်စကားမှ မဆိုတော့ပေ။ သို့သော် သူ့နှုတ်ခမ်းများကတော့ ပြုံးရိပ်သမ်းလျှက်ပင်။
ရန်ကျောက်ကဲ လက်ပြန်ရုတ်သိမ်းလိုက်သည့်အခါ သူ့ဘယ်ဘက်လက်ခုံထက်မှ မိစ္ဆာသင်္ကေတကို အကြီးအကဲ’လျို’ တွေ့မြင်သွားသည်။ သူက ခဏမျှအံ့အားသင့်သွားပြီးနောက် ထိုသင်္ကေတကို စိုက်ကြည့်ရင်း အခြေအနေအနှစ်ချုပ်ကို နားလည်သွားသည်။
သူက ခံစားချက်ကင်းမဲ့ပြီး အေးစက်သည့်အကြည့်များဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“မင်း သိပ်လည်းပျော်မနေပါနဲ့”
ထိုစကားကြောင့် ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ သူ့နှုတ်ခမ်းများက တွန့်ကွေးသွားခြင်းမရှိသော်လည်း အကြီးအကဲ’လျို’ကို ကြည့်နေသည့် မျက်ဝန်းများက ပြုံးရိပ်သမ်းနေသည်။
ယွမ်ကျန်းဖုန်းက သက်ပြင်းတစ်ချက်ချရင်း...
“ဂိုဏ်းတူညီလေး’လျို’ ၊ ဒီအခြေအနေရောက်နေမှတော့ ဘာစကားပဲဆိုဆို အသုံးမဝင်တော့ပါဘူး ၊ ဂိုဏ်းတူအစ်ကို’ဝမ်’လိုပဲ ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်း မင်းသိသမျှ ငါတို့ကို ပြောပြပါ ၊ မင်း ပြောမပြလို့ ရှီတိကိုယ်တိုင်စစ်ဆေးမေးမြန်းမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ ကောင်းဖို့မရှိဘူးနော်”
အကြီးအကဲ’လျို’က မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။
ထို့နောက် အကြီးအကဲ’လျို’ကို စစ်ဆေးမေးမြန်းခြင်းမှ အချို့သောအကြောင်းအရာများကို သိရှိခဲ့ရပြီး ဝါဒတောင်အနေဖြင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။
သို့သော် လက်ရှိစိုးရိမ်နေသည့်အချက်မှာ ဝါဒတောင်မှ ထိပ်တန်းအဆင့်အကြီးအကဲများကြားတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်တို့ဘက်သို့ ရောက်ရှိသွားသော အခြားကျင့်ကြံသူများ ရှိနေဦးမည်လားဆိုသည့်အချက် ဖြစ်သည်။
စိတ်မကောင်းစရာမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး အကြီးအကဲ’လျို’ထံမှ အဖြေမရရှိခဲ့ခြင်းပင်။
အကြီးအကဲ’ဝမ်’ ၊ အကြီးအကဲ’လျို’ တို့ကဲ့သို့ ရာထူးကြီးသူများက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ပူးပေါင်းရာတွင် တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ တစ်ဦးချင်းသာ လျှို့ဝှက်လုပ်ဆောင်ကြသည်။
ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲကဲ့သို့ ထိပ်တန်းသိုင်းသမားများ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ပါက ကြီးကြီးမားမား ဖြစ်ရပ်တစ်ခုမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် မည်သူမည်ဝါဆိုသည်ကို သိရှိနိုင်မည် မဟုတ်ပေ။
သို့သော် အကြီးအကဲ’လျို’ အကြောင်းပေါ်သွားသည့်အတွက် မုန်လာပင်ကိုဆွဲနှုတ်သည့်အခါ မုန်လာဥပါ ပါလာသည့်အလား အမှောင်ဘက်ခြမ်းသို့ ကျရောက်နေသည့် သူ့လက်အောက်မှ အလယ်ဆင့်နှင့် အဆင့်နိမ့် သိုင်းသမားများကတော့ သူနှင့်အတူ ဖော်ထုတ်ပြီးသား ဖြစ်သွားသည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ထွက်ခွာလာကြပြီးနောက် ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းနှင့် အခြားအကြီးအကဲများနောက်မှ လိုက်ပါလာသည်။ သူတို့ကြားမှ လေထုက အတော်လေး လေးလံနေဟန် ရှိသည်။
ဖန်ကျွင်းက တိုးလျသည့်လေသံဖြင့်...
“ဒါတွေက ကျွန်တော့်အမှားပါပဲ ၊ အကြီးအကဲ’လျို’က မကြာခင်ကပဲ ဂိုဏ်းကရင်းမြစ်ပစ္စည်းတွေယူပြီး တောင်အောက်ခဏခဏဆင်းသွားလေ့ရှိတယ် ၊ ရင်းမြစ်ပစ္စည်းတွေယူဖို့က ကျွန်တော့်ခွင့်ပြုချက်ယူရတာ ၊ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲ ပြီးခဲ့တာတောင်မှ ကျွန်တော် အဲဒါကို သတိမထားခဲ့မိဘူး”
ယွမ်ကျန်းဖုန်းက လက်ကာပြရင်း...
“မိစ္ဆာနယ်မြေမဟာအစီအရင်တည်ဆောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ဘယ်သူသိနိုင်မလဲ ၊ ဒီကိစ္စက မင်းကို အပြစ်တင်လို့ မရပါဘူး ၊ ပြီးတော့ ရင်းမြစ်ပစ္စည်းတွေအသုံးပြုဖို့ဆိုတာက ဂိုဏ်းတူညီလေး’လျို’အတွက် သူ့အခွင့်အာဏာကို အသုံးပြုပြီး လှုပ်ရှားလို့ရတဲ့ကိစ္စပါပဲ”
ယွမ်ကျန်းဖုန်းက ရှေ့ဆက်လမ်းလျှောက်ရင်း ရှီတိနှင့် ရန်ကျောက်ကဲကို လည်ပြန်လှည့်ကြည့်ကာ ရယ်မောလျှက် စကားဆိုသည်။
“ဒီတစ်ခါ မင်းတို့အရမ်းတော်တယ် ၊ အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ဒီလိုမှမဟုတ်ရင် မဟာငရဲကိုးထပ်တံခါးက ဘာမှအကာအကွယ်မရှိတဲ့ တောင်ကောင်းကင်ဒေသမှာ ပွင့်သွားမှာ ၊ အဲဒီလိုဆိုရင် အကျိုးဆက်က မထင်မှတ်လောက်အောင် ဆိုးရွားလိမ့်မယ်”
ရှီတိက...
“အားလုံးက ကျောက်ကဲရဲ့ အစီအစဉ်တွေပါ”
ယွမ်ကျန်းဖုန်းက ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း...
“အမှန်ပဲ... ကျောက်ကဲကတော့ ကြီးကြီးမားမား အလုပ်ကြီးတစ်ခု ထပ်ပြီးလုပ်လိုက်ပြန်ပြီဟေ့ ၊ ဒါပေမဲ့ ဝါဒတောင်မှာ မင်းကိုဆုချဖို့ ဘာမှမကျန်တော့ဘူးကွာ ၊ အခု ငါ မင်းကို ဘာဆုချရတော့မလဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ရပါတယ် ၊ ဆရာဘိုးဘိုးမှာ ကျွန်တော့်ကို ဆုချချင်စိတ်ရှိရင်ပဲ တော်ပါပြီ”
သူ့စကားကို မည်သူမှ စိတ်ဆိုးဒေါသထွက်ခြင်း မရှိကြဘဲ အားလုံးက ရယ်မောလိုက်ကြသည်။
ပင်မခန်းဆောင်သို့ ရောက်လာသည့်အခါ ယွမ်ကျန်းဖုန်းက ဂိုဏ်းချုပ်ထိုင်ရသည့် ထိပ်ဆုံးမှထိုင်ခုံမြင့်ထက်တွင် နေရာယူလိုက်သည်။
ထို့နောက် သူက စကားဆိုသည်။
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းပြဿနာအပြင် မကြာသေးခင်က တခြားကိစ္စတွေလည်း ဖြစ်ပျက်ခဲ့သေးတယ်”
အဘိုးအို၏မျက်နှာက ချက်ချင်းတည်ကြည်လေးနက်သွားသည်။
“ငါတို့ဂိုဏ်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ ရင်ဆိုင်နေရချိန် နေသေူတော်စင်ဂိုဏ်းက တောင်ပိုင်းတောရိုင်းတွေထဲကနေ ခရမ်းရောင်အမြုတေကျောက်စိမ်းကို ရရှိသွားတယ်လို့ သတင်းအတိအကျ ရထားတယ်”
ရန်တိနှင့် ဖန်ကျွင်းက ထိုသတင်းကို သိရှိပြီးဖြစ်သော်လည်း ရန်ကျောက်ကဲနှင့် ရှီတိကတော့ ယခုမှ သိရှိခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးထားသည်။
ခရမ်းရောင်အမြုတေကျောက်စိမ်းဆိုသည်က အလွန်ရှားပါးသည့် အဖိုးတန်ရတနာတစ်ခုဖြစ်ပြီး အတုအယောင်မရဏကျောက်စိမ်းထက်ပင် ရှားပါးသည်။ ထိုပြင် ဤကမ္ဘာတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သဖြင့် ဒဏ္ဍာရီပမာဖြစ်နေပြီး လုံးဝပျောက်ကွယ်သွားပြီဟုပင် လူအများစုက ယူဆကြသည်။
ထိုကျောက်စိမ်းက သိုင်းသူတော်စင်များကျင့်ကြံရာတွင် များစွာအကျိုးပြုသည့်အတွက် အတုအယောင်မရဏကျောက်စိမ်းထက် များစွာပိုမိုတန်ဖိုးရှိသည်မှာ ပြောနေစရာပင် မလိုပေ။
ခရမ်းရောင်အမြုတေကျောက်စိမ်းကို ရရှိသွားခြင်းက နေသူတော်စင်ဂိုဏ်းအတွက် ကြီးမားသောအဓိပ္ပါယ်ရှိပြီး 'အရှေ့အရပ်မှထွက်သောနေ' ဟွမ်ကွမ်လီကို ပိုမိုအခြေအနေတိုးတက်လာစေရန် ပြညွှန်လျှက် ရှိသည်။
ယွမ်ကျန်းဖုန်းက စိတ်မသက်မသာဖြင့် ခေါင်းခါယမ်းရင်း...
“ထူးကဲယင်သရဖူကလည်း ငါတို့လက်ထဲမှာမရှိတော့ အတော်လေးအခက်တွေ့တာပဲ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကိုလည်း အာရုံစိုက်နေရသေးတယ်”
အဆုံးမဲ့တောင်တန်း ၊ ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့ မဟာမိတ်ပြုပြီးနောက် ၎င်းမဟာမိတ် (၃)ဂိုဏ်းလုံး မည်သူမှ ထူးကဲယင်သရဖူကို မရယူနိုင်ခဲ့ကြပေ။ မဟုတ်ပါက သူတို့အနေဖြင့် ကောင်းကင်မိုးကြိုးခန်းမကို ထိန်းထားနိုင်ပြီး နေသူတော်စင်ဂိုဏ်းဌာနချုပ်တည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်သို့ တပ်သားများပို့လွှတ်တိုက်ခိုက်စေကာ တပ်သားများပို့ဆောင်ပြီး ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာအောင် အတင်းအကျပ် ဖိအားပေးနိုင်မည် ဖြစ်သည်။
သို့သော် ယခုတော့ ထူးကဲယင်သရဖူကို လှိုင်းနက်ဂေဟာမှ ရရှိသွားသည်ဖြစ်သလို နေသူတော်စင်ဂိုဏ်းသည်လည်း ကမ္ဘာအလင်းတောင်ထွတ်တွင် ခုခံကာကွယ်မှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်ထားသဖြင့် သွားရောက်တိုက်ခိုက်ရန် မျှော်လင့်ချက် အလွန်တရာနည်းပါးသွားခဲ့သည်။
ယွမ်ကျန်းဖုန်းက...
“ငါတို့ ကြိုးစားနေကြတဲ့အချိန်မှာ ရန်သူကလည်း ငုတ်တုတ်ထိုင်နေတာ မဟုတ်ဘူး”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန် ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို အသံပို့လွှတ်စနစ်ဖြင့် စကားလှမ်းပြောသည်။
“မင်းကြိုးစားပေးထားတဲ့ ကိစ္စကြီးတစ်ခု ရှိသေးတယ် ၊ ရန်တိက ငါ့ကို ကောင်းကင်ပြောင်းပြန်ဆေးလုံး ပေးခဲ့တယ်လေ”
ထိုစကားကို ရန်ကျောက်ကဲမှလွဲပြီး မည်သူမှ မကြားနိုင်သည်ဖြစ်ရာ ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းကို လှမ်းမကြည့်ဘဲ ပုံမှန်နေမြဲအတိုင်းနေသည်။
ဝါဒတောင်တစ်ခုလုံးတွင် ဤလျှို့ဝှက်ချက်ကို သိရှိသူ အနည်းငယ်သာရှိသည်။ ရန်ကျောက်ကဲပြီးလျှင် အားဟူသာလျှင် သိရှိသည်။
ယခု ခန်းမကြီးထဲတွင် ရှိနေကြသည့် ရှီတိနှင့် ဖန်ကျွင်းသည်ပင် ထိုအကြောင်းကို မသိရှိပေ။
ထိုအကြောင်းအရာက လက်ရှိ ဝါဒတောင်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဟု ဆိုနိုင်သည်။ ဆေးလုံးဖော်စပ်ရာတွင် ပါဝင်ပတ်သက်သူများနှင့် ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းသာလျှင် ထိုအကြောင်းကို သိရှိကြသည်။
ရန်ကျောက်ကဲက ရန်တိကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ရင်း သူ့ရင်ထဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူတို့သားအဖ သဘောတူထားချက်အရ ဂိုဏ်းမှပေးသည့်ဆုလာဘ်ကို ရန်တိသာလျှင် ရယူရမည်ဖြစ်သည်။
သို့သော် ယခုတော့ ဖခင်ဖြစ်သူက သူ့အတွက် အများကြီးထည့်သွင်းစဉ်းစားထားဟန် ရှိသည်။
ရန်တိအမူအရာကလည်း ပုံမှန်အတိုင်းပင် တည်ငြိမ်နေပြီး ‘ရန်’ သားအဖ နှစ်ယောက်လုံးသည် အများရှေ့တွင် မည်သည့်မူမမှန်မှုကိုမှ ထုတ်ဖော်ပြသခြင်း မပြုကြပေ။
ထိုစဉ် အဘိုးအိုတစ်ယောက်နှင့် အဘွားအိုတစ်ယောက်တို့ ခန်းမကြီးအတါင်းသို့ ဝင်ရောက်လာသည်။ ထို (၂)ယောက်မှာ ဝါဒတောင်၏ ဘိုးဘေးအကြီးအကဲများ ဖြစ်ကြသည်။ ထို့နောက် နောက်ထပ် အဘိုးအိုတစ်ယောက် ဝင်ရောက်လာသည်။ ထိုအဘိုးအိုကတော့ သိုင်းကျမ်းစာကြည့်တိုက်မှ တစ်ဖဝါးမှ ထွက်ခွာလေ့မရှိသော ရှင်းတုန်းဖင်းပင် ဖြစ်၏။
ကောင်းကင်ချုပ်လှောင်ချောက်နက်တွင် အကျဉ်းကျနေသည့် ဝါရင့်အကြီးအကဲများမှလွဲပြီး ဝါဒတောင်တွင် လက်ရှိနေထိုင်ကြသော အမြင့်ဆုံးအဆင့် ဝါရင့်ဘိုးဘေးအကြီးအကဲများအားလုံး ဤနေရာသို့ စုဝေးရောက်ရှိလာကြခြင်း ဖြစ်သည်။
လူစုံတော့မှ ယွမ်ကျန်းဖုန်းက အားလုံးကို ဝေ့ကြည့်ရင်း ဖြည်းညင်းစွာ စကားဆိုသည်။
“နေသူတော်စင်ဂိုဏ်းက ခရမ်းရောင်အမြုတေကျောက်စိမ်း ရရှိသွားတဲ့သတင်းကို မင်းတို့အားလုံး သိရှိပြီးပြီထင်ပါတယ် ၊ ဆိုတော့... အချိန်က ငါတို့ဘက်မှာ မရှိဘူးဆိုတာ ထင်ရှားနေတယ်”
ခဏနားပြီးမှ ယွမ်ကျန်းဖုန်းက ဆက်ပြောသည်။
“ဒါကြောင့် ဒီအဘိုးကြီး သိုင်းသူတော်စင်အဆင့်ကို တက်ရောက်ဖို့အတွက် မကြာခင်မှာ တံခါးပိတ်ကျင့်ကြံတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်”
***