← Chapters

ထိုက်စန်းတောင်ပမာတည်ငြိမ်သည့်ရန်ကျောက်ကဲ

Vol. 19 Ch. 262

ထိုက်စန်းတောင်ပမာတည်ငြိမ်သည့်ရန်ကျောက်ကဲ

Vol. 19 Ch. 262

လူတိုင်း၏အကြည့်များက ဖန်ကျွင်းထံသို့ ကျရောက်သွားသည်။ ဖန်ကျွင်းကတော့ အဖြစ်အပျက်များအားလုံးက သူနှင့်မဆိုင်သလို တည်ငြိမ်အေးဆေးလျှက် ရှိသည်။

ဖန်ကျွင်းကို ထိုသို့တွေ့မြင်ရသည့်အခါ အခြားသူများက သူ့ကိုဆက်မကြည့်ကြတော့ဘဲ အကြည့်များ ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။

ယခုအချိန်တွင် ဖန်ကျွင်းကိုကြည့်နေခြင်းက မသင့်တော်သည့်လုပ်ရပ်ပင် ဖြစ်သည်။

ရန်ကျောက်ကဲသည် မြေပြင်ထက်သို့ ခေါင်းငုံ့ကြည့်နေရင်း နေရာတွင်ပင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

အစပိုင်းကတည်းက ဖခင်ဖြစ်သူ ဂိုဏ်းချုပ်ဖြစ်လာရန် သူ ကြိုတင်ကြံစည်ထားသည့်ကိစ္စက အောင်မြင်ခဲ့ပြီဖြစ်သည့်တိုင် သူ့စိတ်ထဲ အတော်လေး ခံစားနေရသည်။

သို့သော် လက်ရှိကမ္ဘာ့အခြေအနေကတော့ သူ အစောပိုင်းခန့်မှန်းထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့သည်။

“ငရဲကိုးထပ်... ‌ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း... နေသူတော်စင်ဂိုဏ်း...”

ရန်ကျောက်ကဲအကြည့်များနက်ရှိုင်းသွားပြီး အတွေးထဲနစ်မျောသွားသည်။

***

ထိုနေ့မှာပင် ဝါဒတောင်ဂိုဏ်းချုပ် ယွမ်ကျန်းဖုန်းမှာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးသိပ်မကောင်းတော့သဖြင့် ဝါဒတောင် ၊ သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ရန်တိကို ယာယီဂိုဏ်းချုပ် ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်သည်။

ရန်တိသည် ဝါဒတောင် ၊ သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲရာထူးမှ နှုတ်ထွက်ပြီး ယာယီဂိုဏ်းချုပ်နေရာကို လက်ခံရယူခဲ့သည်။

ထိုသတင်းကိုကြားပြီးနောက် ဝါဒတောင်မှလူများအားလုံးတွင် အမျိုးမျိုးသောအတွေးအမြင်များ ရှိခဲ့ကြသည်။

အသက်အရွယ်ရပြီဖြစ်သော ဝါရင့်အကြီးအကဲများကတော့ အနည်းငယ် စိုးရိမ်ပူပန်ကြသည်။

ယခုနှစ်ပိုင်းများအတွင်း ဂိုဏ်း၏ကိစ္စအသီးသီးတွင် ဖန်ကျွင်း၏ကိုင်တွယ်ပုံက အတော်လေး တင်းတင်းမာမာ ရှိသည်။ သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရန်တိက ပို၍ပင်တင်းမာခက်ထန်သူဖြစ်သည်။

ထို့ကြောင့် ဝါဒတောင်၏အကြီးပိုင်းမျိုးဆက်များအနေဖြင့် အနည်းငယ် ထိတ်လန့်ချောက်ချားကြရသည်။

ရန်တိကိုထောက်ခံသူများ ၊ ရန်တိနှင့်ပတ်သက်ဆက်နွယ်နေသူများကတော့ တိမ်ညိုများကင်းစင်ပြီး ထွန်းလင်းတောက်ပသည့်နေမင်းကို မြင်ကြရသည့်အလား ဝမ်းသာရွှင်မြူးလျှက် ရှိကြသည်။

ဖန်ကျွင်းကိုထောက်ခံသူများ ၊ ဖန်ကျွင်းနှင့်ပတ်သက်ဆက်နွယ်သူများကတော့ ဝမ်းနည်းပူဆွေး ငိုကြွေးကြခြင်း မရှိသည့်တိုင် အနည်းငယ်တော့ စိတ်ညစ်လျှက်ရှိကြသည်။

ရန်တိက ခက်ထန်ပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသူတစ်ယောက်ဖြစ်သော်လည်း ကြီးမြတ်သူတစ်ယောက်ဖြစ်သည် အမှန်ပင်။ ထို့ကြောင့် ရန်တိအာဏာရလာသည့်တိုင် ဖန်ကျွင်းကိုထောက်ခံသည့်အုပ်စုများအနေဖြင့် အငြိုးထားဆက်ဆံခံရမည်ကို စိတ်ပူစရာ မရှိပေ။

အရင်က အရှေ့ထန်နိုင်ငံအကြီးအကဲ ‘ရန်ရှု’ကဲ့သို့ စည်းကျော်ပြီး ခြေလှမ်းမမှားလျှင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

သို့သော် ဖန်ကျွင်း၏ဘက်တော်သားများအနေဖြင့် ဂိုဏ်းထဲတွင် ရာထူးတက်ရန်ကတော့ အတော်လေးခက်ခဲသွားမည် ဖြစ်၏။

ရာထူးတက်ချင်သည်ဆိုလျှင် ၎င်းတို့အတွက် ပိုမိုခိုင်မာသောအောင်မြင်မှုများနှင့် ပိုမိုထူးချွန်ထက်မြက်သော အရည်အချင်းများရှိရန် လိုအပ်လာမည် ဖြစ်သည်။

ရန်တိက ဂုဏ်သိက္ခာရှိသော လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ဂိုဏ်းချုပ်အနေဖြင့် ဂိုဏ်း၏စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်ရေးကိုသ အဓိကထားဆောင်ရွက်မည်ဖြစ်သလို ကိစ္စရပ်များတွင်လည်း မျှမျှတတ ဆုံးဖြတ်မည် ဖြစ်သည်။

သို့သော် နှစ်ဦးနှစ်ဖက် အရည်အချင်းတူညီနေကြသည့် အခြေအနေမျိုးတွင်တော့ ကိုယ့်လူနှင့်သူ့လူ မည်သူ့ကိုရွေးမလဲဆိုသည်မှာ မေးခွန်းထုတ်စရာမလိုသည့်ကိစ္စ ဖြစ်သည်။

ဤသည်က သဘာဝပင်ဖြစ်ပြီး ဖန်ကျွင်း ဂိုဏ်းချုပ်နေရာဆက်ခံမည်ဆိုလျှင်လည်း ထိုသို့ပင် ဖြစ်လာပေမည်။

အကြီးအကဲတစ်ယောက် ဂိုဏ်းချုပ်ဖြစ်လာရန်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။ သူ့နောက်တွင် ခိုင်မာသည့်နောက်ခံအင်အား ရှိရမည်ဖြစ်သလို အဓိကအားထားမည့် အမာခံအုပ်စုလည်း ရှိရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဖန်ကျွင်းကို ထောက်ခံသူများဘက်မှ ရာထူးတက်လိုသူများရှိလျှင်တော့ သူတို့အနေဖြင့် ပြိုင်ဘက်များထက်သာလွန်သောစွမ်းအားကို ထုတ်ဖော်ပြသရမည် ဖြစ်သည်။

နောက်ပိုင်း ဂိုဏ်းထဲတွင် ရန်တိ၏ထိန်းချုပ်မှု အားကောင်းလာသည်နှင့်အမျှ လူတိုင်းက သူ့ဘက်သို့စည်းလုံးညီညွတ်စွာ ပေါင်းစည်းလာမည်ဖြစ်ပြီး အဖွဲ့ကွဲနေသည့် အခြေအနေသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။ ထိုအချိန်ရောက်လာလျှင်တော့ သူ့လူကိုယ့်လူခွဲခြားမနေဘဲ အားလုံး အခွင့်အရေးရရှိကြမည် ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်လာရန် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရမည် ဖြစ်၏။

သေချာသည့်ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ဤအကူးအပြောင်းကာလ၏ရှည်ကြာမှုသည် ရန်တိ၏ အုပ်ချုပ်နိုင်စွမ်းကို ထင်ဟပ်စေမည် ဖြစ်သည်။

ခြုံပြောရမည်ဆိုလျှင်တော့ ဤကိစ္စရပ်များက ယေဘူယျအစီအစဉ်များအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။ ရန်တိက ယာယီဂိုဏ်းချုပ်နေရာကိုရယူထားချိန်အတွင်း  ဝါဒတောင်တစ်ခုလုံးကို အပြည့်အဝဆုပ်ကိုင်ထားနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

ယွမ်ကျန်းဖုန်းဆိုသည်က ဂိုဏ်းကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီး ဂုဏ်သိက္ခာအပြည့်ဖြင့် ထူးချွန်ထက်မြက်စွာရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း ငြင်းမရနိုင်ပေ။

ဂိုဏ်းထဲမှ အကြီးအကဲအများစုကလည်း ကြားနေဂိုဏ်းဝင်များဖြစ်ကြသည်။ ယွမ်ကျန်းဖုန်းက ဂိုဏ်းချုပ်နေရာကို မည်သူ့ကို ပေးအပ်သည်ဖြစ်စေ ထိုအကြီးအကဲများ၏ ထောက်ခံမှုကိုရရှိရန် လိုအပ်သည်။

ရန်တိ၏ ကိုယ်ပိုင်အစွမ်းအစ ၊ ဂုဏ်သိက္ခာဖြင့် အောင်မြင်သည့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာသည့်အချိန်တွင် ထိုကြားနေအကြီးအကဲများက သူ့ကို အခိုင်အမာ ထောက်ခံကြမည် ဖြစ်သည်။

ထို့ကြောင့် အချို့သောအကြီးအကဲများက စိတ်ပျက်စိုးရိမ်နေကြသည့်တိုင် ဝါဒတောင်၏ နောက်ဂိုဏ်းချုပ်နေရာအား ရွေးချယ်မှုတွင် သဘောထားကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့ကြပေ။

ရန်ကျောက်ကဲ နေထိုင်ရာနေရာသို့ ပြန်ရောက်သည့်အခါ တပည့်အချို့ရောက်လာကြပြီး ဖခင်ဖြစ်သူ’ရန်တိ’ ဂိုဏ်းချုပ်နေရာဆက်ခံခြင်းအတွက် အားလုံးက သူ့ကို ဂုဏ်ပြုစကားဆိုကြသည်။

သို့သော် ရန်ကျောက်ကဲ လက်ရှိရယူထားသော ရာထူးနေရာသည် ရန်တိ ဂိုဏ်းချုပ်ဖြစ်ခြင်းနှင့် လားလားမှမသက်ဆိုင်ပေ။

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ရှာဖွေတွေ့ရှိခဲ့ပြီး အရှေ့ထန်တိုက်ပွဲတွင်လည်း အရေးပါသည့်ပံ့ပိုးမှုများကို ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ဂိုဏ်းအတွက် ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ရှာဖွေပေးခဲ့ပြီး တိမ်လွှာတောင်တွင် ဉာဏ်အမြော်အမြင်ပြည့်ဝစွာ ၊ လိမ္မာပါးနပ်စွာဖြင့် အဆုံးမဲ့တောင်တန်းကို ဝါဒတောင်နှင့် မဟာမိတ်ပြုရန် စည်းရုံးနိုင်ခဲ့သည်။ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင်လည်း အခြားသူများထက် သာလွန်ကြောင်း ပြသနိုင်ခဲ့ပြီး ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ချိုးဖျက်နိုင်ခဲ့သည်။

မကြာသေးမီကလည်း လေနယ်မြေ ၊ ကန္တာဒေသရှိ ယွင်ဝူစီရင်စုတွင် ကံကြမ္မာကို နောက်တစ်ကြိမ် ပြောင်းပြန်လှန်ပစ်ခဲ့ပြန်သည်။

ဤအချက်များအားလုံးက ရန်ကျောက်ကဲ လက်ရှိရယူထားသည့် ရာထူးနေရာနှင့် ဂုဏ်သိက္ခာများပင် ဖြစ်သည်။

ထို့ကြောင့် ဖခင်ဖြစ်သူ ရန်တိ ဂိုဏ်းချုပ်ဖြစ်သွားခြင်းကြောင့် ရန်ကျောက်ကဲက ရေမြင့်ကြာတင့် ဖြစ်သွားခြင်း မဟုတ်ပေ။ ဖခင်နှင့်မဆိုင်ဘဲ ကိုယ်ပိုင်အရည်အချင်းဖြင့် မြင့်မားသည့်အခြေအနေတစ်ခု ရယူနိုင်ခဲ့သည်ဆိုလျှင် ချဲ့ကားပြောရာ ရောက်မည်မထင်ပေ။

ဝါဒတောင်၏ ဂိုဏ်းချုပ်နေရာကို မည်သူပင်ရရှိပါစေ ရန်ကျောက်ကဲရရှိထားသည့် လက်ရှိနေရာအဆင့်အတန်းက ထိုက်စန်းတောင်ကြီးပမာ တည်ငြိမ်နေမည်ပဲ ဖြစ်သည်။

သူရရှိထားသည့် လက်ရှိရာထူးနေရာနှင့်‌ ကျော်ကြားမှုများသည် အခြားသူကြောင့်မဟုတ်ဘဲ သူကိုယ်တိုင်ကြောင့် ဖြစ်သည်။ လူတိုင်း၏နှလုံးသားထဲတွင် သူကို “ဝါဒတောင်သခင်လေး ရန်ကျောက်ကဲ” အဖြစ်အသိအမှတ်ပြုထားကြပြီး ဝါဒတောင်ဂိုဏ်းချုပ် ‘ရန်တိ’ ၏သားအဖြစ် မှတ်ယူမထားကြပေ။

လူများစွာ၏နှလုံးသားထဲတွင် “ဝါဒတောင်သခင်လေး” ဆိုသည့် ဘွဲ့အမည်သည် ရန်ကျောက်ကဲနှင့် အလွန်သင့်တော်သည့်နာမည်အဖြစ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာပြီ ဖြစ်သည်။

မိုးအောက်မြေပြင်တွင် ရန်ကျောက်ကဲကို မျိုးဆက်သစ်လူငယ်အဖြစ် မှတ်ယူသူဆို၍ အနည်းငယ်သာ ရှိတော့သည်။ သူ၏ အောင်မြင်မှုများကြောင့် လူအများက သူ၏အသက်အရွယ်ကိုပင် မေ့ပျောက်နေကြလေပြီ။

ယခု တပည့်များက ရန်ကျောက်ကဲကို လာရောက်ဂုဏ်ပြုစကားဆိုကြသည်မှာ လူမှုရေးအရ သာမန်ကိစ္စသာ ဖြစ်သည်။

ရန်ကျောက်ကဲကလည်း ဤအချက်ကို သိရှိထားပြီးဖြစ်သဖြင့် ဂုဏ်ပြုစကားများကို ပုံမှန်အတိုင်း ရယ်ရယ်မောမောဖြင့်ပင် လက်ခံခဲ့သည်။

***

ရန်ကျောက်ကဲ တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်လာရင်း ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့အကြည့်များက တောအုပ်များကိုဖြတ်သန်း၍ အဝေးဆီသို့ ရောက်ရှိသွားသည်။

“အဖေ ယာယီဂိုဏ်းချုပ်နေရာဆက်ခံတဲ့သတင်း ပျံ့သွားရင် ဆရာဘိုးဘိုးက သိုင်းသူ‌တော်စင်အဆင့်တက်ဖို့အတွက် တံခါးပိတ်ကျင့်ကြံမယ်ဆိုတာ အားလုံးခန့်မှန်းမိကြလိမ့်မယ်”

ရန်ကျောက်ကဲ မေးစေ့ကိုလက်ဖြင့်ပွတ်ရင်း စဉ်းစားလိုက်သည်။

ထိုသတင်းသာ ဝါဒတောင်ကိုကျော်လွန်ပြီး ပျံ့နှံ့သွားပါက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးအား ကိုင်လှုပ်လိုက်သလို ဖြစ်သွားပေမည်။

ရန်တိနှင့် ဖန်ကျွင်းတို့၏ ဂိုဏ်းချုပ်နေရာ ယှဉ်ပြိုင်မှုက လျှို့ဝှက်ချက်မဟုတ်ပေ။  ထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ခုအပြင် ၊ ပထမအဆင့် ဒုတိယအဆင့် စွမ်းအားစုများကပါ အာရုံစိုက်ကြသည့် ကိစ္စတစ်ခု ဖြစ်၏။

ယခု ရန်တိကို ယာယီဂိုဏ်းချုပ်အဖြစ် အတည်ပြုလိုက်ခြင်းဖြင့် ရလဒ်အပေါ်အခြေခံပြီး လူတိုင်းက ကိုယ်ပိုင်အမြင်များဖြင့် စဉ်းစားတွေးတောကြပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများသည်လည်း ဝါဒတောင်၏ ဂိုဏ်းချုပ်‌ဟောင်း ယွမ်ကျန်းဖုန်းသည် သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန် တံခါးပိတ်ကျင့်ကြံတော့မည်ကို ရိပ်မိသွားကြပေမည်။

နေသူတော်စင်ဂိုဏ်းက ခရမ်းရောင်အမြုတေကျောက်စိမ်းရရှိသွားသဖြင့် “အရှေ့အရပ်မှထွက်နေသာနေ” ဟွမ်ကွမ်လီ အနေဖြင့် အနာဂတ်တွင် ပိုမိုအဆင့်မြင့်တက်လာပြီး မိုးအောက်မြေပြင်တွင် စွမ်းအားအမြင့်မားဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်။

“ရန်တိ” က ဝါဒတောင်၏ယာယီဂိုဏ်းချုပ်အဖြစ် တာဝန်ယူလိုက်သည့်သတင်း ပျံ့နှံ့သွားသည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်းတို့က အသံမထွက်ဘဲ တိတ်ဆိတ်နေကြသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၂)ခုဖြစ်သဖြင့် သူတို့၏အနာဂတ်အခြေအနေကို များစွာထည့်သွင်းစဉ်းစားကြပေလိမ့်မည်။

ယွမ်ကျန်းဖုန်း အောင်မြင်စွာအဆင့်တက်နိုင်ခဲ့ပါက သူတို့၏သုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့တွင် ဝါဒတောင်ကို ဦးဆောင်သူအဖြစ် အပြည့်အဝ သတ်မှတ်ပေးမည် ဖြစ်သည်။ ထို့အတူ ဝါဒတောင်သည်လည်း နေသူတော်စင်ဂိုဏ်းထက် အဆင့်မနိမ့်သော ကြီးမားသည့်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာပေမည်။

ဟွမ်ကွမ်လီ၏ဖိအားကလည်း ယွမ်ကျန်းဖုန်း ကျင့်ကြံခြင်းအဆင့်တက်ရန် တွန်းအားပေးနေသည်က အမှန်ပင်။

လှိုင်းနက်ဂေဟာကတော့ မည်သူ့ဘက်မှ မရပ်တည်ဘဲ ကြားနေဝါဒကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သို့သော် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုကြိုးခန်းမတို့ကတော့ အပေါ်ယံမျက်နှာပြင်ထက် မပြောင်းလဲသည့်တိုင် ရေအောက်တွင်လျှို့ဝှက်စီးဆင်းနေသည့် ရေစီးကြောင်းကတော့ လျှို့ဝှက်စွာ မြင့်တက်လာလေ၏။

***

နေသူတော်စင်ဂိုဏ်းဌာနချုပ်တည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်။

နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ က ကောင်းကင်နယ်မြေတည်ရှိရာ‌မြောက်ဘက်သို့ လှမ်းမျှော်ငေးကြည့်ရင်း...

“ပြင်ဆင်မှုတွေလုပ်ထားတာ အခြေအနေဘယ်လိုရှိပြီလဲ”

***

All Chapters