အဓိကလှုပ်ရှားမှုများ
Vol. 19 Ch. 263
ဟွမ်ရှုနောက်တွင် လူရွယ်တစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုသူက နေဘုရင် (၇)ပါးတွင် ပါဝင်သည့် ဆည်းဆာအရှင် ဖြစ်သည်။
ဆည်းဆာအရှင်က...
“အကုန်လုံး အဆင်သင့်ဖြစ်နေပါပြီ ၊ တံခါးပိတ်ကျင့်ကြံနေတဲ့ ဂိုဏ်းချုပ်ဟောင်းကို စောင့်နေရုံပါပဲ”
သူက ခဏနားပြီးမှ ဆက်ပြောသည်။
“အခြေအနေပေးမယ်ဆိုရင် ဂိုဏ်းချုပ်ဟောင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အထိ မစောင့်ဘဲ လှုပ်ရှားမယ်ဆိုရင်လည်း ရပါတယ်”
ဟွမ်ရှုက ခေါင်းတစ်ချက်ညိတ်ရင်း တစ်ဖက်သို့ လှည့်ကြည့်သည်။
သူလှည့်ကြည့်သည့်နေရာတွင် လူငယ်တစ်ယောက် မတ်တတ်ရပ်နေပြီး နေရောင်အောက်တွင် သူ့မျက်နှာက အရိပ်ကျနေသည်။ ထိုလူငယ်က အခြားသူမဟုတ် ၊ ဂိုဏ်းချုပ်ဟွမ်ရှု၏သားဖြစ်သူ အလင်းမင်းသား ‘ဟွမ်ကျိ’ ပင် ဖြစ်သည်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဟွမ်ကျိက တိုးလျသည့်လေသံဖြင့် ဆိုသည်။
“ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာကိုစောင့်တာ အကောင်းဆုံးထင်ပါတယ်”
ထို့နောက် သူက မည်သည့်စကားမှ ဆက်မပြောတော့ပေ။ ဟွမ်ရှုနှင့် ဆည်းဆာအရှင်တို့ ခေါင်းညိတ်လိုက်ကြပြီး ဟွမ်ကျိထံမှ အကြည့်လွှဲလိုက်ကာ မည်သည့်မေးခွန်းမှ ထပ်မမေးကြတော့ပေ။
ဟွမ်ရှုက ကောင်းကင်နယ်မြေတည်ရှိရာ မြောက်အရပ်သို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
“ဝါဒတောင်... နှစ်ပေါင်းများစွာကြာခဲ့ပြီ ၊ မင်းတို့က ငါတို့မျက်လုံးထဲမှာ အချိန်အကြာကြီး ဆူးတစ်ချောင်းဖြစ်နေခဲ့တာပဲ”
ထိုစကားက နေသူတော်စင်ဂိုဏ်းအတွက်သာ မဟုတ်ပေ။
ထိုအရာက နေသူတော်စင်ဂိုဏ်းအတွက်သာ မဟုတ်ပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အရှေ့မြောက်ပိုင်း ၊ နယ်မြေ (၆)ခုအနက် မိုးကြိုးနယ်မြေ၏ “ယိုကျိုး” နယ်တွင် တည်ရှိသော ကောင်းကင်မိုးကြိုးခန်းမအတွက်လည်း အတူတူပင် ဖြစ်လေသည်။
ကောင်းကင်မိုးကြိုးခန်းမ၏ ဌာနချုပ်တည်ရှိရာနေရာတွင် တစ်နှစ်ပတ်လုံး မိုးကြိုးများထူထပ်စွာ ဖုံးလွှမ်းနေပြီး လူတိုင်း၏ စိတ်နှလုံးကို ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည်။
စိမ်းပြာရောင်သတ္တုများဖြင့် တည်ဆောက်ထားသည့် ကြီးမားသောနန်းတော်ကြီးသည် ရှေးဘုရင်များနှင့် မိုးကြိုးဧကရာဇ်များ၏ တော်ဝင်နန်းတော်များအလား ထင်မှတ်ရသည်။
နန်းတော်ကြီး၏ခန်းမအလယ်တွင်တွင်ရှိသော ပင်မထိုင်ခုံကြီးထက်တွင် ထိပ်ပြောင်ပြောင်နှင့်အဘိုးအိုတစ်ယောက် ထိုင်လျှက်ရှိသည်။ ထိုအဘိုးအိုက သူ့အရှေ့မှ လူများကို စူးစိုက်ကြည့်နေ၏။
ထိုအဘိုးကြီးက သူ၏ခရမ်းစိမ်းရောင်မုတ်ဆိတ်မွေးများကို တစ်ချက်ပွတ်သပ်လိုက်သည်။ သူ့ပုံစံက အလွန်တည်ငြိမ်သော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိပေ။
သို့သော် ပြင်းထန်သော မိုးကြိုးသွာများကို ရင်ဆိုင်ရသည့်အလား သူ့အနားမှလူများအားလုံး၏စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများကို ခံစားကြရသည်။
ထို ထိပ်ပြောင်ပြောင်နှင့်အဘိုးကြီးသည်ကား ကောင်းကင်မိုကြိုးခန်းမ၏ အရှင်သခင် ၊ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ၊ “မိုးကြိုးတုန်လှုပ်” ချန်လီပင် ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမဂိုဏ်းချုပ်၏အကြည့်က သူ့အရှေ့တွင် စုဝေးနေသည့် ထိပ်တန်းအကြီးအကဲများထံသို့ ကျရောက်သွားသည်။
“နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီရော ၊ ဝါဒတောင်က ယွမ်ကျန်းဖုန်းရော သိုင်းသူတော်စင်အဆင့်ကိုတက်ဖို့ ကြိုးစားနေကြတယ် ၊ အခြေအနေကတော့ အရမ်းကို သိမ်မွေ့တယ်”
သူက ဆက်ပြောသည်။
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ကန္တာဒေသမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ဒီတစ်ခေါက်အရှုံးက ကြည်လင်လျှို့ဝှက်ရေကန်မှာလောက် ဆုံးရှုံးမှု မမြင့်မားဘူး ၊ တကယ်လို့ ငါသာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဆိုရင် အခုလိုအချိန်မျိုးမှာ ဝါဒတောင်ကို သွားပြီးမွှေနှောက်ပစ်မှာပဲ”
သူ့စကားသံက နှေးကွေးလေးလံသော်လည်း ဖိအားများနှင့်ပြည့်နက်နေသောမိုးခြိမ်းသံပမာ နက်ရှိုင်းပြီး အားမန်ကြီးမားသည်။
ချန်လီ၏နံဘေးတွင်တော့ ကောင်းကင်မိုးကြိုးခန်းမမှ အရေးပါသော ပထမအဆင့်အကြီးအကဲများ ရှိနေကြသည်။
ထိုသူများအနက် သြဇာအာဏာကြီးမားဟန်ရှိသော လူရွယ်တစ်ယောက်၏နောက်တွင် တည်ငြိမ်သည့်အမူအရာဖြင့် လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုလူငယ်က အခြားသူမဟုတ် ၊ “မိုးကြိုးသခင်လေး” လင်ကျိုးပင် ဖြစ်သည်။
သူက အကြီးအကဲများအစည်းအဝေးတွင် ပါဝင်ခွင့်ရသည့် တစ်ဦးတည်းသော လူငယ်မျိုးဆက် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
လင်ကျိုးရှေ့တွင်ထိုင်နေသည့်လူရွယ်က သူ၏ဖခင်ဖြစ်သူ ၊ ကောင်းကင်မိုးကြိုးခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲ “လင်ထျန်းဖုန်း” ဖြစ်သည်။
လင်ထျန်းဖုန်းက...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဝါဒတောင်ရဲ့ အကြီးအကဲတွေကြား ဒီထက်ပိုပြီး ထိုးဖောက်ဝင်ရောက်နေမယ်ဆိုရင်တော့ သူတို့အတွက် အဲဒီလိုမွှေနှောက်ဖို့ အခွင့်အရေး ရသွားလိမ့်မယ် ၊ ဆိုတော့... သူတို့စွမ်းအားဘယ်လောက်ရှိလဲဆိုတာ ကြည့်ရမှာပေါ့”
ချန်လီက...
“ယွမ်ကျန်းဖုန်းက တံခါးပိတ်မကျင့်ကြံခင်မှာ သင့်တော်တဲ့ပြင်ဆင်မှုတွေကို သေချာပေါက်ပြုလုပ်သွားမှာပဲ ၊ ရန်တိကို ယာယီဂိုဏ်းချုပ်နေရာပေးခဲ့တယ်ဆိုတာလည်း အဲဒီပြင်ဆင်မှုတွေထဲကတစ်ခုပါပဲ ၊ ပြီးတော့ ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ ဝါဒတောင်ပင်မအစီအရင် ရှိနေတာဆိုတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အနေနဲ့ အဲဒီနေရာမှာ ပြဿနာရှာဖို့ မလွယ်နိုင်ဘူး”
လင်ထျန်းဖုန်းက ဖြည်းညင်းစွာဖြင့်...
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အကြောင်း ပြောရမယ်ဆိုရင်... ဝါဒတောင်မှာ အာရုံစိုက်ရမယ့် လူတစ်ယောက်ရှိနေတယ်”
လင်ထျန်းဖုန်းနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် အကြီးအကဲတစ်ယောက်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ ဒီတစ်ခေါက် ဝါဒတောင်ဂိုဏ်းချုပ်နေရာကိုဆက်ခံဖို့ ယှဉ်ပြိုင်တဲ့နေရာမှာ အရှုံးသမားဖြစ်သွားတဲ့ ‘ပုန်းနေတဲ့နဂါး‘ ဖန်ကျွင်းပဲ မဟုတ်လား”
လင်ထျန်းဖုန်းက...
“အမှန်ပဲ... ရန်တိနဲ့ယှဉ်ပြိုင်တာမှာ ရှုံးနိမ့်ပြီးတဲ့နောက် ပုန်းနေတဲ့နဂါးဆိုတဲ့ သူ့ရဲ့နာမည်က ဟာသတစ်ခုလို ဖြစ်သွားတာပေါ့ ၊၊ အခုတော့ ပုန်းနေတဲ့နဂါးက ကောင်းကင်ကိုးပါးအထိ ပျံသန်းထွက်ပေါ်မလာနိုင်တော့ဘဲ ထာဝရပုန်းအောင်းနေရမယ့် နဂါးတစ်ကောင် ဖြစ်သွားခဲ့ပြီ ၊ သူ့ရဲ့ ဂိုဏ်းတူညီ ‘ရန်တိ’က နဂါးအစစ်အဖြစ် ထွက်ပေါ်လာခဲ့တယ်လေ”
ဖန်ကျွင်းကို ‘ပုန်းနေသောနဂါး’ ဟု ခေါ်ဆိုရသည့်အကြောင်းမှာ သူက ဝါဒတောင်ရှိ သူနှင့်မျိုးဆက်တူသူများကြားတွင် အထူးချွန်ဆုံးပါရမီရှင် ဖြစ်ခဲ့သောကြောင့်ပင်။
မျိုးဆက်တူညီသူများထဲတွင် သူနှင့် ယှဉ်နိုင်သူတစ်ယောက်မှ မရှိပေ။ ဝါဒတောင်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများအားလုံး ယုံကြည်ထားကြသည်မှာ ဖန်ကျွင်းသည် ယွမ်ကျန်းဖုန်းနေရာကိုဆက်ခံပြီး သေချာပေါက် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာမည်ဆိုသည့်အချက် ဖြစ်သည်။
အရင်အချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာမျိုးဆက်တွင် လက်ရှိနေသူတော်စင်ဂိုဏ်းချုပ်’ဟွမ်ရှု’ နှင့် ဝါဒတောင်မှ ဖန်ကျွင်းတို့အား ဂိုဏ်းချုပ်ဖြစ်လာရန် အရည်အချင်းပြည့်မီသူများအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယခု ဤနေရာတွင်ထိုင်နေသည့် လင်ထျန်းဖုန်းသည်ပင် အရင်က ဖန်ကျွင်းလောက် အရည်အချင်းရှိသူ မဟုတ်ပေ။
ဖန်ကျွင်း၏ ကျော်ကြားမှုက ကမ္ဘာကိုကိုင်လှုပ်နေချိန်တွင် ရန်တိသည် ဝါဒတောင်သို့ပင် ရောက်မလာသေးပေ။
သို့ပေသိ နောက်မှပေါက်သည့်ရွှေကြာပင်က ဖန်ကျွင်းကို ကျောက်တက်သွားသည့်အခါ “ပုန်းနေသောနဂါးသည်လည်း ချောက်နက်ထဲတွင် သေဆုံးသွားရသည်သာပင်။ ဘယ်သောအခါမှ ကောင်းကင်ထက်သို့ ပျံသန်းထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပေ။
ထိုသို့သောအခြေအနေတွင် ဖန်ကျွင်း စိတ်တည်ငြိမ်မှု ဆုံးရှုံးသွားပြီး ငရဲကိုးထပ်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ လှည့်ဖြားခြင်းခံရမည်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ကျင့်ကြံသူများအားလုံး စိတ်ပူပန်လျှက် ရှိကြသည်။
ယခု လင်ထျန်းဖုန်းက ထိုအကြောင်းကို ထုတ်ဖော်ပြောလိုက်သည့်အခါ ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲများအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့ပြင် သူတို့၏အကြည့်များက လင်ထျန်းဖုန်းအနားတွင် ထိုင်နေသည့် လူရွယ်ဆီသို့ ကျရောက်သွားကြသည်။
ထိုသူက လင်ထျန်းဖုန်းကဲ့သို့ပင် ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ထိုင်နေသည်။ သူသည်လည်း ကောင်းကင်မိုးကြိုးခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်ပင် ဖြစ်၏။
ထိုသူက ‘ရန်ရှန်း’ ၏ ဆရာဖြစ်ပြီး ကောင်းကင်မိုးကြိုးခန်းမ ဂိုဏ်းချုပ်နေရာအတွက် လင်ထျန်းဖုန်းနှင့် ယှဉ်ပြိင်နေသူ ဖြစ်သည်။
ထိုသူအင်အားကြီးမားခဲ့စဉ်အချိန်က လင်ထျန်းဖုန်းကို တစ်ချက်မှမလှုပ်နိုင်အောင် ဖိနှိပ်ထားခဲ့သည်။
သို့သော် လွန်ခဲ့သည့်တစ်နှစ်ကျော်ကာလအတွင်း လင်ထျန်းဖုန်းက ဂိုဏ်းအတွက် ကြီးမားသောအကျိုးပြုလုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး နိမ့်ကျသည့်အနေအထားမှ ပြန်လည်ရုန်းထွက်လာသည်။ ထိုမျှမက အခြေအနေမျာကိုပင် ပြောင်းပြန်လှန်ပစ်ခဲ့လေရာ ယခုဆိုလျှင် လင်ထျန်းဖုန်းဘက်မှ အသာစီးရနေပြီ ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမ၏ ဂိုဏ်းချုပ်နေရာယှဉ်ပြိုင်မှုက ဝါဒတောင်ကဲ့သို့ ဆုံးဖြတ်ချက်မကျသေးသည့်တိုင် လင်ထျန်းဖုန်းဘက်မှ အားသာချက်ရှိနေသည်မှာ ထင်ရှားသည်။ လင်ထျန်းဖုန်းအနေဖြင့် ဆိုးဆိုးရွားရွားအမှားတစ်ခုမပြုလုပ်သရွေ့ ‘ရန်ရှန်း’၏ ဆရာအနေဖြင့် အခြေအနေများကို ပြောင်းပြန်လှန်ရန် အလွန်ခက်ခဲပေမည်။
‘ရန်ရှန်း’ ၏ ဆရာဖြစ်သူက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...
“နေသူတော်စင်ဂိုဏ်းက ခရမ်းရောင်အမြုတေကျောက်စိမ်းကို ရရှိသွားတော့ ဟွမ်ကွမ်လီ နောက်ထပ်ခြေတစ်လှမ်းတိုးဖို့ သေချာသလောက်ဖြစ်သွားပြီ ၊ ဒါပေမဲ့ ဝါဒတောင်က ယွမ်ကျန်းဖုန်းက အောင်မြင်နိုင်ပါ့မလားဆိုတာ မသိနိုင်ဘူး ၊ ဆိုတော့... ငါတို့ ကောင်းကင်မိုးကြိုးခန်းမက ဘာတွေပြင်ဆင်ထားသင့်သလဲ”
လင်ထျန်းဖုန်းက ဖန်ကျွင်းအကြောင်း ဆက်မပြောတော့ပေ။
သူက...
“ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံသွားရင်တော့ အခြေအနေတွေက သေချာပေါက် မငြိမ်းချမ်းနိုင်ဘူး ၊ နေသူတော်စင်ဂိုဏ်းက ပိုပြီးအာဏာကြီးမားလာမယ်ဆိုရင် ငါတို့ဂိုဏ်းအနေနဲ့လည်း နောက်ထပ် ပြင်ဆင်စရာတွေကို ပြုလုပ်ထားရလိမ့်မယ် ၊ ခုခံကာကွယ်တာပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်တာပဲဖြစ်ဖြစ် အာဏာက အရာအားလုံးရဲ့ အခြေခံပါပဲ”
ဂိုဏ်းချုပ်ချန်လီက တည်ငြိမ်စွာဖြင့်...
“ခဏလောက် အခြေအနေစောင့်ကြည့်ကြတာပေါ့ ၊ ပြီးမှ လှုပ်ရှားကြမယ် ၊ ဝါဒတောင်က ကြယ်တာရာသန့်စင်ချီဝတ်ရုံက ရတနာပစ္စည်းကောင်းတစ်ခုဆိုတာ မေ့မထားကြနဲ့ ၊ ပြီးတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဒီတစ်ခေါက်လှုပ်ရှားမယ်ဆိုရင် ကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခု ဖြစ်လာမှာအသေအချာပဲ ၊ သူတို့က အရှေ့ပင်လယ်က မီးတောက်မိစ္ဆာတွေနဲ့ထပ်ပြီးပူးပေါင်းမယ်ဆိုရင် ကျောက်စိမ်းပင်လယ်မြို့တော်လည်း ငါတို့ကို အနှောက်အယှက်ပေးနိုင်မှာ မဟုတ်တော့ဘူး”
ပြောပြီးသည်နှင့် ချန်လီက ထိပ်တန်းအကြီးအကဲများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ငါတို့ဂိုဏ်းထဲမှာရောက်နေတဲ့ သူလျိုတွေကိုလည်း အဆက်မပြတ်သုတ်သင်ပစ်ရမယ် ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ငါတို့ဂိုဏ်းကို မငြိမ်မသက်ဖြစ်အောင်လုပ်မယ်ဆိုရင် အခြားသူတွေအတွက် ဟာသတစ်ခု ဖြစ်လာလိမ့်မယ်”
ဝါရင့်ဂိုဏ်းချုပ်ကြီးပြောသည့်စကားကို အားလုံးက တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ချန်လီက ဆက်ပြောသည်။
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက နေရာတိုင်းနဲ့ ရန်သူဖြစ်ချင်မှာတော့ မဟုတ်ဘူး ၊ သူတို့လှုပ်ရှားမှုတွေ အောင်မြင်ချင်တယ်ဆိုရင် သူတို့ရဲ့စွမ်းအားကို တစ်နေရာတည်းမှာ အာရုံစိုက်ရလိမ့်မယ် ၊ ဆိုတော့... ငါတို့ဂိုဏ်းထဲရောက်နေတဲ့ သူလျိုအားလုံးကို ရှာဖွေဖော်ထုတ်ဖို့လိုတယ် ၊ မဟုတ်ရင် မျက်နှာကိုသဲနဲ့အပက်ခံရသလို ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”
အားလုံးက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
***
အားဟူ ဝါဒတောင်သို့ ပြန်ရောက်လာသည့်အခါ ရန်တိ ယာယီဂိုဏ်းချုပ်နေရာဆက်ခံခြင်းအတွက် အလွန်ပျော်ရွှင်နေခဲ့သည်။
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်လိုက်ရင်း မေးသည်။
“ဒါနဲ့ အားဟူ ၊ ငါရှာခိုင်းထားတဲ့ပစ္စည်းတွေရော ဘယ်လိုလဲ”
ထိုအခါမှ အားဟူ သတိရသွားပြီး...
“သခင်လေး... အဲဒါတွေအကုန်ရခဲ့ပါတယ် ၊ ကျွန်တော် သွားယူလိုက်ဦးမယ်”
ပြောပြီးသည်နှင့် အားဟူက ပစ္စည်းများကို သွားယူသည်။
ရှည်လျားသည့်လေးညှို့တစ်လက်နှင့် အခြားပစ္စည်းအနည်းငယ် ဖြစ်လေ၏။
***