နတ်ဆိုးခွင်းမြား
Vol. 19 Ch. 264
ကန္တာဒေသမှပြန်ရောက်လာပြီးနောက် ရန်ကျောက်ကဲက အားဟူကို သူလိုချင်သည့်ပစ္စည်းအချို့ ရှာဖွေရန် စေခိုင်းထားခဲ့သည်။
လက်ရှိတွင် ရန်ကျောက်ကဲက ‘ရန်’ အိမ်တော်၏ ငွေအင်အား ၊ ရင်းမြစ်ပစ္စည်းအင်အားများကို အပြည့်အဝ ရရှိထားသည့်အပြင် အိမ်တော်မှလူများကိုလည်း အကန့်အသတ်မရှိ အမိန့်ပေးစေခိုင်းနိုင်စွမ်း ရှိသည်။ ထို့ပြင် ဝါဒတောင်၏ များပြားလှစွာသော ရင်းမြစ်ပစ္စည်းများကိုလည်း ကြိုက်သလောက် အသုံးပြုခွင့်ရရှိနေသည်ပင်။
အခြေအနေများပြောင်းလဲလာသည်နှင့်အမျှ ရန်ကျောက်ကဲကို လူအများက အာရုံစိုက်လာကြပြီး မရေမတွက်နိုင်သည့်မျက်လုံးများကလည်း ပစ်မှတ်ထားစောင့်ကြည့်လာကြသည်။
ရန်ကျောက်ကဲက အလုပ်ကြီးအကိုင်ကြီးများစွာကို အစွမ်းပြလုပ်ဆောင်နိုင်ခဲ့သော သိုင်းပညာရှင်အဆင့် လူငယ်မျိုးဆက်တစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ ရင်းမြစ်ပစ္စည်းများကို လိုသလိုအသုံးပြုနိုင်သော အခွင့်အာဏာရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် ရင်းမြစ်ပစ္စည်းများကို အသုံးပြုခြင်းမှတစ်ဆင့် သူ၏လုပ်ရပန်များကို အတိအကျသိရှိရန် ပြင်ပလောကက စောင့်ကြည့်နေကြသည်။
မိုးအောက်မြေပြင်တွင် ထိုသို့သောအခွင့်အရေးများကို ရရှိထားသောလူငယ် ဘယ်နှစ်ယောက်များ ရှိပါသနည်း။
ရန်ကျောက်ကဲက အသက်ငယ်ငယ်ဖြင့် အကြီးအကဲတစ်ယောက်ပမာဖြစ်လာသည်ကို လူအများအသိအမှတ်ပြုလာကြသည်။ သူ၏များပြားလှသောအောင်မြင်မှုများနှင့် သူပိုင်ဆိုင်ထားသော အခွင့်အာဏာများသည် သက်တူရွယ်တူ ၊ မျိုးဆက်တူများကြားတွင် နှိုင်းယှဉ်မရနိုင်သောအရာတစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲကလည်း သူ၏လှုပ်ရှားမှုမှန်သမျှကို သိရှိနားလည်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူ အမှန်တကယ် လိုအပ်သည်ထက် ဆယ်ဆကျော်ပိုမိုများပြားသော ပစ္စည်းအမျိုးအစားများကို အားဟူအား ရှာဖွေခိုင်းလိုက်လေသည်။ သို့မှသာ အခြားသူများစိတ်ရှုတ်ထွေးပြီး သူဘာလုပ်မည်ကို ခန့်မှန်းနိုင်မည် မဟုတ်တော့ပေ။
ယခု အားဟူ သူ့ထံယူလာပေးသည့် ပစ္စည်းအနည်းငယ်ကသာ တကယ်တမ်း သူလိုချင်သည့်ပစ္စည်းများ ဖြစ်သည်။
အခြားပစ္စည်းများက လက်ရှိတွင်အသုံးမဝင်သေးသဖြင့် ဘေးဖယ်ထားနိုင်သည်။
ရန်ကျောက်ကဲက လေးညှို့တစ်ခုကိုကောက်ကိုင်ပြီး လေးကြိုးကိုအနည်းငယ်ဆွဲကြည့်လိုက်သည်။ ထိုအခါ ပြင်းထန်သည့် ဝိညာဉ်စွမ်းအားများကို ခံစားလိုက်ရ၏။
သို့ပေသိ ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ဤရတနာပစ္စည်းကို ကိုင်ဆောင်ရန် စွမ်းအားမလုံလောက်လေရာ ထိုပစ္စည်း၏အတွင်းထဲမှစွမ်းအားကို ဆွဲထုတ်နိုင်ခြင်း မရှိပေ။
အကြောင်းမှာ ဤလေးညှို့က အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များသာလျှင် အလယ်ဆင့်မှော်ဝင်ပစ္စည်းများ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။ ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်များကတော့ အလယ်ဆင့်မှော်ဝင်ပစ္စည်းများ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်နိုင်မည် ဖြစ်၏။ သို့သော် သိုင်းပညာရှင်များကတော့ မည်သို့မှ ထုတ်ဖော်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ရန်ကျောက်ကဲက လေးညှို့ကို ပွတ်သပ်ကြည့်နေရင်း...
“အဆင့်မြင့်မှော်ဝင်လေးညှို့တစ်လက်လောက်များ မင်း ရှာမတွေ့ဘူးလားကွာ”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“သခင်လေး... လက်ရှိမှာ ကျွန်တော်တို့သိတဲ့ အဆင့်မြင့်မှော်ဝင်လေးညှို့တွေက နေသူတော်စင်ဂိုဏ်းက နေမင်းဖြိုခွင်းလေးညှို့နဲ့ ကောင်းကင်မိုးကြိုးခန်းမက ကောင်းကင်တုန်လှုပ်လေးညှို့တွေပဲ ၊ တခြား မဟာမိတ် (၂) ဂိုဏ်းက လေးညှို့ဆိုရင်တောင် ကျွန်တော်တို့ သွားငှားလို့ရရင်ရဦးမယ် ၊ နေမင်းဖြိုခွင်းလေးညှို့နဲ့ ကောင်းကင်တုန်လှုပ်လေးညှို့က ဘယ်လိုလုပ်သွားယူမလဲ ၊ သွားခိုးဖို့ကျတော့လည်း ကျွန်တော့်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ မဖြစ်နိုင်ဘူးလေ”
အားဟူက ရန်ကျောက်ကဲလက်ထဲမှ လေးညှို့ကို လှမ်းကြည့်ရင်း...
“ကောင်းကင်နယ်မြေတစ်ခုလုံးမှာ ကျွန်တော်ရှာတွေ့တဲ့ အကောင်းဆုံးလေးညှို့ကတော့ ဒီ ‘ချန်းချီ’ လေးညှို့ပါပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အေးပါ ငါသိပါတယ်... ၊ ပြီးတော့ အလယ်ဆင့်မှော်ဝင်ပစ္စည်းကလည်း အစွမ်းလုံလောက်ပါတယ် ၊ ဒါပေမဲ့ လေးညှို့ပိုကောင်းလေ အောင်မြင်ဖို့အခွင့်အလမ်းပိုများလေမို့လို့ မေးကြည့်တာပါ”
လောလောဆယ်တွင် သူကိုယ်တိုင်းလည်း ချန်းချီလေးညှို့ကို အသုံးမပြုနိုင်သေးလေရာ ရန်ကျောက်ကဲ စိတ်ထဲမထားတော့ပေ။ လေးညှို့ကို ဘေးသို့ချလိုက်ပြီး အခြားပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
ပစ္စည်းများအားလုံးကို စစ်ဆေးပြီးနောက် သူက ကျေနပ်စွာ ခေါင်းညိတ်ရင်း...
“ကောင်းတယ် ၊ အခုလိုအချိန်တိုအတွင်း လိုချင်တဲ့ပစ္စည်းတွေရလာတာ ဝါဒတောင်ရဲ့ ကြီးမားတဲ့အခြေခံအုတ်မြစ်ကြောင့်ပဲ ၊ ‘ရန်’ အိမ်တော်တစ်ခုတည်းကို မှီခိုနေရမယ်ဆိုရင် ဒီလောက်မြန်မှာ မဟုတ်ဘူး”
ထို့နောက် ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုထုတ်ယူလိုက်သည်။ မီးပြင်းဖိုအတွင်းမှ ဆူညံသံများပဲ့တင်ထပ်ထွက်ပေါ်နေပြီး လည်ပတ်နေဆဲဖြစ်သည်မှာ ထင်ရှားသည်။
သူက မီးပြင်းဖိုကို လက်ဖြင့်ညင်သာစွာပုတ်လိုက်ပြီး မီးဖိုအဖုံးကိုဖွင့်လိုက်ရာ အတွင်းထဲမှ တောက်ပသည့်အလင်းရောင်များ ချက်ချင်း လျှံထွက်လာသည်။
ရန်ကျောက်ကဲက အနည်းငယ်ပြုံးလိုက်ပြီး မီးပြင်းဖိုအပြင်ဘက်ခန္ဓာကိုယ်ကိုပုတ်လိုက်လေရာ အတွင်းထဲမှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲလက်ထဲသို့ ကျရောက်လာသည်။ စိမ်းဖန့်နက်မှောင်သော ဝါးကိုင်းတစ်ခုဖြစ်လေ၏။
ဝါးကိုင်းနှင့်အတူ မီးပြင်းဖိုထဲသို့ထည့်သွင်းခဲ့သည့် အဆင့်နိမ့်မှော်ဝင်လက်နက်များဖြစ်သော လောင်ကျွမ်းမီးတောက်ဓား ၊ ငွေ့ရိပ်တံဆိပ်ခတ်ဓားနှင့် ခရမ်းရွှေရောင်မိုးကြိုးဓားတို့ကတော့ မီးပြင်းဖိုထဲတွင် အရည်ပျော်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
အစိမ်းရောင်ဝါးကိုင်းကတော့ အရွယ်အစားနှစ်ဆတိုးလာပြီး ပိုမိုရှည်လျားလာသည်။
ရန်ကျောက်ကဲက ဝါးကိုင်းကိုအရင်သိမ်းဆည်းလိုက်ပြီး စောစောက သူစစ်ဆေးကြည့်နေသည့် ပစ္စည်းများစွာကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းသို့ သူ၏ကြယ်တာရာချီစွမ်းအားနှင့်ပေါင်းစပ်ကာ ထည့်သွင်းလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက မီးပြင်းဖိုအဖုံးကို ပြန်ပိတ်လိုက်ပြီး မီးပြင်းဖိုဘေးဘက်ကို လက်နှစ်ဖက်ဖြင့် အသာရိုက်လိုက်သည်။
ထိုအခါ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုမျက်နှာပြင်ထက် အလင်းရောင်များထွန်းလင်းလာပြီး ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများက တည်ငြိမ်နေပြီး အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အာရုံစိုက်နေကာ လက်နှစ်ဖက်ကလည်း မီးပြင်းဖိုအပြင်နံရံကို စည်းချက်ကျကျဖြင့် အသာအယာရိုက်နှက်လျှက် ရှိသည်။ သူ၏ ကြယ်တာရာချီစွမ်းအားဖြင့် မီးပြင်းဖို၏ လည်ပတ်မှုကို ထိန်းချုပ်နေခြင်း ဖြစ်၏။
အချိန်က တဖြည်းဖြည်း စီးဆင်းသွားသည်။ ပြင်ပလောကတွင် လှိုင်းလေဒီရေများ မြင့်တက်နေပြီး ရေအောက်လျှို့ဝှက်ရေစီးကြောင်းများကလည်း အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်။ ရန်ကျောက်ကဲကတော့ သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် တိတ်ဆိတ်စွာဖြင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ထိန်းချုပ်ရင်းသူလိုချင်သည့်အရာကို ပြုလုပ်လျှက် ရှိသည်။
ရန်တိ ယာယီဂိုဏ်းချုပ်အဖြစ် အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်ထမ်းဆောင်နေစဉ် ဝါဒတောင်၏ နေ့ရက်များကလည်း တည်ငြိမ်စွာဖြန်သန်းလျက် ရှိသည်။ အရာအားလုံးက လမ်းကြောင်းမှန်အတိုင်း တည်ငြိမ်စွာရွေ့လျားနေသဖြင့် ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်းက တံခါးပိတ်ကျင့်ကြံခြင်းကို တရားဝင် ဝင်ရောက်ရန် ဆုံးဖြတ်လိုက်၏။
ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံခြင်း စတင်ဝင်ရောက်မည့်နေ့တွင် ရန်ကျောက်ကဲသည်လည်း သူလုပ်နေသည့်အလုပ်ကို အဆုံးသတ်လိုက်သည်။
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို လည်ပတ်ခြင်း ရပ်တန့်သွားပြီး ရန်ကျောက်ကဲက မီးပြင်းဖိုအဖုံးကို ဖွင့်လိုက်သည်။ မီးပြင်းဖိုအတွင်းမှ အနက်ရောင်အရိပ် (၃)ခု ရန်ကျောက်ကဲလက်ထဲသို့ ဆင်းသက်လာ၏။
ရန်ကျောက်ကဲလက်ထဲကျရောက်လာသည့် အနက်ရောင်အရိပ် (၃)ခုမှာ အရှည် (၃)ပေပတ်လည်ရှိသော နက်မှောင်သည့်မြား (၃)စင်း ဖြစ်ပြီး ရွှေရောင်ခပ်မှိန်မှိန် တောက်ပနေသည်။
ရန်ကျောက်ကဲက မြားခေါင်းများကို အနီးကပ်သေသေချာချာ လေ့လာနေသည်။ မြားထိပ်ဖျားများမှာ စူးရှစွာဖြင့် တဖျတ်ဖျတ်တောက်ပနေပြီး ပုံရိပ်ယောင်တစ်ခုပမာ ထင်မှတ်ရသည်။
နက်ဆွေးနေသည့်မြားခေါင်း (၃)ခုသည် အမှန်တကယ်ပင် အတုအယောင်နှင့် အစစ်အမှန်ကြားတွင် အကြိမ်ကြိမ် ပြောင်းလဲနေဟန် ရှိသည်။
ရန်ကျောက်ကဲက မြားတံများကို အချိန်အတန်ကြာ လေ့လာအကဲဖြတ်နေပြီးမှ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
“ပထမခြေလှမ်းကတော့ အောင်မြင်သွားပြီ ၊ ဒါပေမဲ့ ဆက်လုပ်ရမှာတွေ ရှိသေးတယ်”
အားဟူက သူ့အနားတိုးလာပြီး မြားတံများကိုကြည့်ရင်း...
“သခင်လေး... ဒါက ဘာတွေလဲ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...
“နတ်ဆိုးခွင်းမြား...”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“မိစ္ဆာနယ်မြေမဟာအစီအရင်ကို ရင်ဆိုင်ဖို့အတွက် အသုံးပြုရမယ့်ပစ္စည်းလား”
ရန်ကျောက်ကဲပြုံးလိုက်ပြီး မေးခွန်းကိုမဖြေဘဲ မြှားတံများကို အရိပ်ကျုံ့အိတ်အတွင်း ထည့်သွင်းသိမ်းဆည်းလိုက်သည်။
ထို့နောက် အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုကို ပိတ်လိုက်ရင်း...
“ဆရာဘိုးဘိုး ဒီနေ့ တံခါးပိတ်ကျင့်ကြံခြင်း စတင်မှာမဟုတ်လား”
အားဟူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“ဟုတ်ပါတယ် သခင်လေး”
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း ထွက်ခွာသွားသည်။ အားဟူက သူ့နောက်မှ လိုက်ပါသွားပြီး နှစ်ယောက်သား အနောက်ဘက်တောင်ထွတ်များဆီသို့ ရောက်ရှိလာကြသည်။
ဝါဒတောင်၏ အနောက်ဘက်တောင်ထွတ်များဆိုသည်မှာ “ရေစင်” တောင်ထွတ် ၊ “ရေကန်” တောင်ထွတ်နှင့် “လေပြင်း” တောင်ထွတ်များကို ပြောခြင်း ဖြစ်၏။
ဝါဒတောင်တွင် ထောင်ထွတ် (၈)ခု ရှိသည်။ ထိုတောင်ထွတ်များအားလုံးက မှန်သားပမာ ကျယ်ပြန့်ချောမွေ့ကြသည်။ သဘာဝအတိုင်းဖြစ်တည်နေကြခြင်းတော့မဟုတ်ဘဲ ဂိုဏ်းမှကျွမ်းကျင်သူများက တောင်ထွတ်များကို မူလအနေအထားမှ ဖြတ်တောက်ပြုပြင်ထားကြခြင်းပင်။
တောင်ထွတ် (၈)ခု၏အမည်များက မြေကြီးနှင့်အစပြုပြီး မိုးကောင်းကင်ဖြင့် အဆုံးသတ်သည်။ အမြင့်မားဆုံးဖြစ်သော မိုးထိတောင်ကတော့ ဝါဒတောင်၏ အဓိကတောင်ထွတ်ကြီးဖြစ်၏။
အနောက်ဘက် တောင်ထွတ် (၃)ခုတွင် လေပြင်းတောင်က မည်သူမဆို လွတ်လပ်စွာဝင်ရောက်ခွင့်ရှိပြီး ဝါဒတောင်မှတပည့်များဖြင့် အစဉ်အမြဲ စည်ကားသက်ဝင်လျှက် ရှိသည်။
“ရေစင်”တောင်ထွတ်နှင့် “ရေကန်”တောင်ထွတ် (၂)ခုကတော့ ကန့်သတ်နယ်မြေများ ဖြစ်ကြ၏။ ရေစင်တောင်ထွတ်က ဝါဒတောင်၏ ပထမအဆင့် အန္တရယ်ရှိသော နေရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ကောင်းကင်ချုပ်လှောင်ချောက်နက် တည်ရှိနေသောကြောင့်ပင်။ ရေကန်တောင်ထွတ်ကတော့ ဝါဒတောင်မှ စွမ်းအားအမြင့်မားဆုံးကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံရာ နေရာဖြစ်သည်။
ဝါဒတောင်၏ တည်ထောင်သူဆရာဘိုးဘိုးချိုးယွမ်သည် ထိုနေရာတွင် တံခါးပိတ်ကျင့်ကြံခြင်း ပြုလုပ်ခဲ့သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သူ ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီ ၊ ဝါဒတောင်၏ အမှောင်ဆုံးအချိန်များတွင် ဦးဆောင်လမ်းပြခဲ့သော ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့တိုသည်လည်း ထိုနေရာမှာပင် တံခါးပိတ်ကျင့်ကြံခဲ့ကြသည်။
ယခုတော့ “ယွမ်ကျန်းဖုန်း” အလှည့်ရောက်ပြီဖြစ်၏။
အဘိုးအိုက ရေကန်တောင်ထွတ်သို့ ရောက်ရှိလာကြသူများအားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း ပြုံးလိုက်သည်။
“ဒီအဘိုးကြီး တံခါးပိတ်ကျင့်ကြံတော့မယ် ၊ ကံကြမ္မာနဲ့ဘေးအန္တရယ်တွေက ခန့်မှန်းရခက်တယ် ၊ အချိန်ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်ဘူး ၊ ဝါဒတောင်ကို မင်းတို့လက်ထဲအပ်ခဲ့ပြီ”
ရန်တိက...
“ဆရာ စိတ်ချပါ ၊ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်မှာပါ”
ကျန်လူများအားလုံးကလည်း သဘောတူလိုက်ကြသည်။
များပြားလှစွာသောလူအုပ်ကြီးနောက်ကွယ်တွင်ရပ်နေသည့် ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းအား အဝေးမှပင် ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူ၏ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်သွားသည်ကို ငေးစိုက်ကြည့်နေသည်။
ကောင်းကင်ကိုမော့ကြည့်လိုက်တော့ နေမင်းကထွန်းလင်းတောက်ပနေပြီး အလွန်သာယာသည့် နေ့တစ်နေ့ ဖြစ်နေခဲ့လေသည်။
**