← Chapters

လမ်းညွှန်ချက်တောင်းရန်ရောက်လာသူ

Vol. 19 Ch. 265

လမ်းညွှန်ချက်တောင်းရန်ရောက်လာသူ

Vol. 19 Ch. 265

ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်သွားပြီးနောက် ရန်ကျောက်ကဲက ရေကန်တောင်ထွတ်မှ သူနေထိုင်ရာနေရာသို့ ပြန်လာခဲ့သည်။

လမ်းတွင် သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် စောင့်ဆိုင်းနေသည့် ပုံရိပ်တစ်ခုကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲက သူ့ကိုတွေ့သည်နှင့် နှုတ်ဆက်စကားဆိုလိုက်၏။

“ဂိုဏ်းတူအစ်ကို’ရွှီဖေး’ ၊ တောင်ပေါ်ပြန်ရောက်လာပြီလား ၊ စုကျိုးမှာ ရာထူးလွှဲပြောင်းတဲ့ကိစ္စရော အဆင်ပြေလား”

အရပ်မြင့်မြင့် လူကောင်ထွားထွားနှင့် ရိုးရှင်းဖြောင့်မန်ဟန်ရှိသော ထိုသူက ရွှီဖေးပင် ဖြစ်သည်။

“အစ်ကို’ဖေး’”

အားဟူကလည်း ဝမ်းသာအားရဖြင့် နှုတ်ဆက်၏။

ရွှီဖေးက ခေါင်းညိတ်ရင်း...

“ကျောက်ကဲ ၊ အားဟူ...”

ဟု ပြန်လည်နှုတ်ဆက်သည်။

ရန်ကျောက်ကဲက ရွှီဖေးကို သူနေထိုင်ရာနေရာသို့ ဖိတ်ခေါ်ခဲ့သည်။ ဧည့်ခန်းတွင် ထိုင်ပြီး စကားပြောကြစဉ် ရွှီဖေးက တည့်ထိုးပင် စကားဆိုသည်။

“ကျောက်ကဲ... မင်းက သိုင်းပညာရှင်အဆင့်ပဲရှိသေးပေမယ့် မိစ္ဆာနယ်မြေမဟာအစီအရင် (၂)ခုကို ချိုးဖျက်နိုင်ခဲ့ပြီး အမှောင်ဘက်ခြမ်းကျသွားတဲ့ ကျင့်ကြံသူတွေနဲ့လည်း ထိတွေ့မှုရှိခဲ့တယ် ၊ ဒီတော့ ငါတို့ဂိုဏ်းမှာ မင်းက ငရဲကိုးထပ် ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ပတ်သက်ပြီး အသိဆုံးဖြစ်မယ်လို့ ငါတွေးမိတယ်”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ဒီတစ်ခေါက် ငါရောက်လာတာ မင်းဆီက လမ်းညွှန်ချက်တစ်ခု တောင်းချင်လို့ပါ”

ရွှီဖေး၏စကားကိုကြားပြီးနောက် ရန်ကျောက်ကဲ ခဏမျှ နှုတ်ဆိတ်သွားသည်။

ပြီးမှ...

“အမှောင်ဘက်ခြမ်းကိုကျသွားတဲ့ ကျင့်ကြံသူတွေ လူသားဘဝပြန်ရဖို့ ဖြစ်နိုင်ခြေ ရှိ မရှိ ဂိုဏ်းတူအစ်ကို’ရွှီ’က မေးချင်တာမဟုတ်လား”

ရွှီဖေး ခေါင်းညိတ်လိုက်သည်။

“ဒါက မဖြစ်နိုင်တဲ့ဆန္ဒတစ်ခု ဆိုပေမယ့် ၊ ဟို သိုင်းဆရာသခင်က ဂိုဏ်းတူအစ်ကို ‘ရှီစုန်းထောင်း’ ဖြစ်နေမယ်ဆိုရင် ကြိုးစားကြည့်ချင်လို့ကွာ ၊ မျှော်လင့်ချက်လေးများ ရှိမလားလို့”

ရန်ကျောက်ကဲက ကွေ့ပတ်မနေတော့ဘဲ တည့်ထိုးပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ရှီစုန်းထောင်း’ လူသားတစ်ယောက်အဖြစ် ပြန်ပြောင်းလဲလာဖို့ ငါလည်း မျှော်လင့်ပါတယ် ၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်... ငါသိသလောက်တော့ အမှောင်ဘက်ခြမ်းကိုကျသွားတဲ့ ကျင့်ကြံသူတွေအတွက် နောက်ပြန်လှည့်ဖို့ နည်းလမ်းမရှိဘူးထင်တယ်”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“အင်း.. ငါလည်း အရာအားလုံး သိတာတော့မဟုတ်ဘူးကွာ ၊ အဲဒီတော့ နည်းလမ်းမရှိဘူးလို့ အတိအကျ မပြောနိုင်ပါဘူး ၊ အနည်းဆုံးတော့ ငါ နည်းလမ်းတစ်ခုတောင် မသိဘူးလို့ ဆိုချင်တာပါ”

ရန်ကျောက်ကဲနှင့် ရွှီဖေးက ရင်းနှီးကြသူများဖြစ်သဖြင့် ရိုးရှင်းသည့် ရွှီဖေးအကြောင်းကိုသိရှိနေသူ ရန်ကျောက်ကဲအနေဖြင့် စကားကို ကွေ့ပတ်ပြောနေစရာ မလိုအပ်ပေ။

ရန်ကျောက်ကဲစကားကိုကြားပြီးနောက် ရွှီဖေး သက်ပြင်းချရင်း...

“ငါတော့ မျှော်လင့်ချက် နည်းနည်းလေးရှိလည်း ဆုပ်ကိုင်ထားချင်မိတယ် ၊ ဒါပေမဲ့ အခု ဂိုဏ်းတူညီလေး’ရန်’ ပြောတာကြားတော့လည်း အချည်းနှီးဖြစ်မှာ ကြောက်မိပြန်တယ်”

ရန်ကျောက်ကဲက...

“အမှောင်ဘက်ရောက်သွားတဲ့ ကျင့်ကြံသူတွေအားလုံးက ကိုယ်တိုင်ရွေးချယ်မှုကြောင့်ပါပဲ ၊ နတ်ဆိုးဘက်ခြမ်းကျရောက်သွားကတည်းက လူသားမဟုတ်တော့ဘူးလေ ၊ ငရဲကိုးထပ်ကို ကျရောက်သွားတဲ့ နတ်ဆိုးဖြစ်သွားပြီ ၊ လူသားတွေနဲ့ လုံးဝကွဲပြားတဲ့ ဘဝပုံစံမျိုးလို့ ပြောလို့ရတယ်”

သူက ဆက်ပြောသည်။

“အမှောင်ဘက်ခြမ်းကျသွားတဲ့ နတ်ဆိုးတွေမှာ လူသားဘဝက မှတ်ဉာဏ်တွေကျန်ရှိနေပေမယ့် လူတွေကို ကြက်လေးငှက်လေးသတ်သလို သတ်ဖြတ်ပစ်နိုင်ကြတယ် ၊အရင်ကကျန်ရှိခဲ့တဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေက ဘဝဟောင်းက ကျန်နေသေးတဲ့ အကြွင်းအကျန်တွေလိုမျိုးပါပဲ”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဖြစ်နိုင်မယ်ဆိုရင် ဂိုဏ်းတူအစ်ကို’ရှီ’ အမှောင်ဘက်ခြမ်းကထွက်လာဖို့ ငါလည်း မျှော်လင့်ပါတယ် ၊ ဒါပေမဲ့ သူကိုယ်တိုင်က အဲဒီလိုလုပ်ဖို့ ဆန္ဒရှိမှဖြစ်မှာ... ပြီးတော့ မျက်နှာဖုံးစွပ်သိုင်းဆရာသခင်က ဂိုဏ်းတူအစ်ကို’ရှီ’ ဟုတ် မဟုတ် မသေချာသေးပါဘူး ၊ ငါ့ခန့်မှန်းချက်ပဲ ရှိသေးတာလေ”

ရန်ကျောက်ကဲ ပြဿနာကို စဉ်းစားနေချိန် ရွှီဖေးက ခါးတွင်ချိတ်ထားသည့် သေရည်ထည့်ထားသောသရေအိတ်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက် ခါတိုင်းလို အငမ်းမရမဟုတ်ဘဲ သေရည်ကို ဖြည်းဖြည်းချင်း သောက်နေ၏။

ပြီးမှ ခပ်တိုးတိုးလေသံဖြင့်...

“မင်းပြောတာ ငါ နားလည်ပါတယ်ကွာ”

သူက ဆက်ပြောသည်။

“သူ သတ်ဖြတ်ခဲ့တဲ့လူသားတွေက ငါတို့ဂိုဏ်းကလူတွေ မဟုတ်ရင်တောင်မှ လူတစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်တာနဲ့ ၊ ငရဲကိုးထပ်ကနတ်ဆိုးက လူသားတစ်ယောက်ကိုသတ်ဖြတ်တာက ဘယ်လောက်ကွာခြားလဲဆိုတာ ငါတို့နှစ်ယောက်လုံး သိကြတာပဲ မဟုတ်လား”

ရန်ကျောက်ကဲက ရွှီဖေးကိုကြည့်ရင်း...

“အရင်က သူနဲ့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေကတစ်ဆင့် ကိစ္စအချို့ကို ငါ တိုင်းတာကြည့်နိုင်ခဲ့တယ် ၊ သူက အမြင့်ဆုံးသိုင်းစွမ်း အသုံးပြုမထားပေမယ့် သူ့ရဲ့သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေက အရမ်းအေးစက်နေတယ် ၊ ငါတို့ကို တကယ်သေစေလိုစိတ်ရှိတယ်ဆိုတာ ထင်ရှားတယ်”

သူက ဆက်ပြောသည်။

“အမှောင်ဘက်ခြမ်းကျသွာတဲ့ ကျင့်ကြံသူတစ်ယောက်ကို လူသားပြန်ဖြစ်လာအောင် ဘယ်လိုပြောင်းလဲပေးရမလဲ ငါတို့ မသိပေမယ့်... သူ့ကို အရင်ဆုံးဖမ်းထားပြီး နောက်မှ ဖြည်းဖြည်းချင်း နည်းလမ်းရှာမယ်ဆိုလည်း ရတာပဲလေ ၊ ဒါပေမဲ့ ရန်သူကို သတ်ပစ်ဖို့ထက် အရှင်ဖမ်းဖို့က ပိုပြီးခက်တယ်ဆိုတာ မင်းသိတာပဲလေ ၊ အထူးသဖြင့် ကိုယ့်ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ ရန်သူမျိုးပေါ့ ၊ ရန်သူနဲ့ တစ်ယောက်ချင်း အနီးကပ်တိုက်ခိုက်ဖို့ဆိုတာ သေခြင်းရှင်ခြင်းကို တစ်ခဏအတွင်း ဆုံးဖြတ်နိုင်တဲ့အရာပဲ”

ရွှီဖေးက သူ့စကားကို မတုံ့ပြန်ဘဲ ငြိမ်သက်နေသည်။ အတန်ကြာမှ ခေါင်းညိတ်သဘောတူလိုက်သည်။

ရန်ကျောက်ကဲက...

“အနောက်ဘက်ကန္တာရထဲကနေ ငါရထားတဲ့ ကျောက်တိုင်ကြီးက ရန်သူကို ဖိနှိပ်နိုင်စွမ်းရှိတယ် ၊ ဒါကြောင့် တစ်ယောက်ချင်းတိုက်မယ်ဆိုလည်း ငါကတော့ ယုံကြည်မှုအပြည့်ရှိတယ် ၊ မင်းကကျတော့ အဲဒီလိုမဟုတ်ဘူးလေ ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ဟုတ်တယ်... သူ့ကိုဖမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့ ၊ ဒါပေမဲ့ သူ အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ဖို့ မင်းက အသက်အန္တရယ်ကျရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလား”

ရွှီဖေးက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် သန္နဋ္ဌာန် ချထားဟန်ရှိသည်။

သူက တိုးတိတ်သည့်လေသံဖြင့်...

“ဟုတ်တယ်... အဲဒီလူသာ ဂိုဏ်းတူအစ်ကို’ရှီစုန်းထောင်း’ ဖြစ်နေခဲ့ရင် ငါ အဲဒီအတိုင်းလုပ်မယ်လို့ ရည်ရွယ်ထားတယ် ၊ ဒါပေမဲ့ သူက တကယ့်ကို မိစ္ဆာတစ်ကောင်ဖြစ်နေရင်တော့ ငါ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ပါဘူး ၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့ကွာ...”

ရွှီဖေးက မတ်တတ်ထရပ်လိုက်ရင်း...

“ငါက မိဘမဲ့တစ်ယောက်ပါ ၊ ဆွေမျိုးသားချင်းလည်းမရှိဘူး ၊ ဂိုဏ်းတူအစ်ကို’ရှီ’ နဲ့ ဆရာ့လက်ထဲမှာ ကြီးပြင်းလာခဲ့တာ ၊ သူတို့အတွက် အသက်ပေးရမယ်ဆိုရင်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲလည်း သက်ပြင်းချရင်း မတ်တတ်ရပ်လိုက်သည်။

“မျက်နှာဖုံးစွပ်သိုင်းဆရာသခင်က ဘယ်သူလဲဆိုတာ ငါတို့ သေချာမသိသေးဘူး ၊ ဒါကြောင့် သူနဲ့တွေ့ရင် ဂိုဏ်းတူအစ်ကို’ရှီ’ လိုမျိုး သွားပြီး မဆက်ဆံနဲ့နော် ၊ မဟုတ်လို့ကတော့ အရမ်းအန္တရယ်များနိုင်တယ်”

ခဏနားပြီးမှ သူကဆက်ပြောသည်။

“ပြီးတော့ သူက အရင်တုန်းကလေ့ကျင့်ထားတဲ့သိုင်းပညာတွေကို အသုံးမပြုဘဲ အမှောင်မရဏဓားသိုင်းကို အသုံးပြုတိုက်ခိုက်မယ်ဆိုရင် မင်းအတွက် အဆင်မပြေနိုင်ဘူး ၊ တိုက်ပွဲမှာ မင်းဘက်က တစ်ချက်ညှာလိုက်တာနဲ့ အရှုံးသမားက မင်းဖြစ်သွားလိမ့်မယ် ၊ အဲဒီသိုင်းပညာက ပေါက်ကွဲနိုင်စွမ်းမြင့်မားပြီး လူတွေကိုသတ်ဖြတ်ဖို့ အထူးပြုလုပ်ထားတဲ့ သိုင်းပညာမျိုးပဲ”

ရွှီဖေးက ခေါင်းညိတ်ရင်း...

“မင်းစိတ်ချပါ ၊ တစ်ယောက်ယောက်က ငါတို့ကိုလှည့်စားဖို့ ဂိုဏ်းတူအစ်ကို’ရှီ’ အဖြစ် ဟန်ဆောင်ထားတာဆိုရင်တော့ ဒီကောင့်ကို သင်ခန်းစာကောင်းကောင်းပေးပစ်ရမယ်”

ရန်ကျောက်ကဲက...

“ဒီအတွေးကတော့ အကောင်းဆုံးပဲ”

ရွှီဖေး ပြတင်းတံခါးမှ အဝေးသို့ လှမ်းကြည့်လိုက်သည်။

အဝေးတွင်တောင်ထွတ်တစ်ခုရှိနေပြီး နေရောင်ခြည်က သစ်ပင်များနှင့် သစ်ရွက်များထက် ဖြာကျနေသဖြင့် ကြည်လင်တောက်ပသည့်ခံစားချက်ကို ပေးစွမ်းသည်။

ရန်ကျောက်ကဲက...

“အခု ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံပြီဆိုတော့ ပြင်ပလောက အခြေအနေတွေလည်း လှိုင်းထန်လာတော့မယ် ၊ ငါတို့ဂိုဏ်းက ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်ရင် အခြေအနေပိုကေင်းလာလိမ့်မယ် ၊ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ရွှီဖေးနှင့် ဘေးချင်းယှဉ်မတ်တတ်ရပ်ရင်း အဝေးဆီမှ တောင်ထွတ်ကို လှမ်းကြည့်သည်။

ရွှီဖေးက...

“ဆရာဘိုးဘိုးက အောင်မြင်ဖို့ အခွင့်အရေးများပေမယ့် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကတော့ ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အချိန်ထိ စောင့်မှာမဟုတ်ဘူး ၊ အထူးသဖြင့်... ဟွမ်ကွမ်လီ သိုင်းသူတော်စင်အဆင့်တက်သွားတာနဲ့ နေသူတော်စင်ဂိုဏ်းက ငါတို့ ကောင်းကင်နယ်မြေကို အပြေးအလွှား လာတိုက်မှာပဲ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကလည်း ဒီအချိန်ကို အခွင့်ကောင်းယူပြီး ငါတို့ကို တိုက်ခိုက်နိုင်တယ် ၊ မင်း တခြားမပြောနဲ့ကွာ... အကြေးခွံနဂါးဘုရင် စီးမာချွေလို အမတလက်ဖွဲ့သိုင်းဆရာသခင်တစ်ယောက် သူတို့ဘက်ရောက်နေတာသာကြည့်တော့...”

ရွှီဖေးက မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း...

“ပြီး‌တော့လည်း...”

သူက စကားဆက်မပြောဘဲ ရပ်တန့်လိုက်သည်။ အမှန်တော့ သူ၏အဆင့်အတန်းက အခြားသောတပည့်ရင်းများနှင့် နှိုင်းယှဉ်မရအောင် သာလွန်သူဖြစ်သည်။

ရွှီဖေး၏သတင်းအချက်အလက် စုဆောင်းနိုင်မှုက ရန်ကျောက်ကဲနှင့်မယှဉ်နိုင်သည့်တိုင် သာမန်တပည့်အများစု မသိရှိသည့်သတင်းများကို သူက ရရှိနေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက သူ့စကားကို အဆုံးသတ်ပေးလိုက်သည်။

“ပြီးတော့လည်း... ငါတို့သတိထားရမယ့်လူတစ်‌ယောက်ရှိသေးတယ် မဟုတ်လား”

နှစ်ယောက်သား နာမည်တစ်ခုကို ပြိုင်တူပြောလိုက်ကြသည်။

“မိစ္ဆာသူတော်စင် ယွမ်ထျန်း”

အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ လူသိများသောသိုင်းသူတော်စင် (၆)ယောက်တွင် မိစ္ဆာသူတော်စင်က တစ်ယောက်အပါအဝင်ဖြစ်သည်။ သူက တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သော်လည်း အဆင့်အတန်းက အထွတ်ထိပ်ဖြစ်သည်။ ထိုသူက ငရဲကိုးထပ် ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတို့နှင့်လည်း ပတ်သက်နိုင်၏။

ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်းချုပ်’ဟွမ်ရှု’က မဟာနေမင်းတိုင်းတာခြင်းပေတံနှင့်အတူ အင်အားဖြည့်ရန်ရောက်လာခဲ့စဉ် မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ က တားဆီးခဲ့သည်။ ထို့နောက် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ ထိုဖြစ်ရပ်အား တိုက်ဆိုင်မှုဟု ယူဆသည်အထိ မည်သူမှ ငတုံးမဟုတ်ကြပေ။

ထို့ပြင် ယွမ်ထျန်းက စီးမာချွေထက် အဆပေါင်းများစွာ သာလွန်သူဖြစ်သည်။

ပြောရမည်ဆိုလျှင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများအားလုံး ပေါင်းစည်းလျှင်တောင်မှ ယွမ်ထျန်း လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်သည်ကို ယှဉ်နိုင်မည်မဟုတ်ဟု ဆိုရလျှင် ပိုမိုသင့်တော်ပေလိမ့်မည်။

***

All Chapters