ဇွဲကောင်းသည့် ‘စစ်ခုန်ချင်း’
Vol. 19 Ch. 266
ရွှီဖေးက...
“သူက ခေါင်းဆောင်လား ၊ အဖွဲ့ဝင်လား ၊ ဒါမှမဟုတ် အကြွေးတစ်ခုခုပေးဆပ်ရမှာမို့ ကူညီနေရတဲ့သူလား... တစ်ခုခုတော့ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက...
“ဒါမှမဟုတ် ယွမ်ထျန်းက သူလုပ်ချင်တာကို လုပ်နေတာလည်း ဖြစ်နိုင်တယ်”
ရွှီဖေးက...
“အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ငါတို့တွေ ယွမ်ထျန်းကို သတိထားရမယ် ၊ ငါတို့ဂိုဏ်းက နောက်လုပ်မယ့် အစီအစဉ်တွေမှာ သူ့ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အင်း... မိစ္ဆာသူတော်စင်ယွမ်ထျန်းက တကယ့်ပြဿနာကောင်ပဲ ၊ ငါတို့သူ့ကို သတိထားရမယ်”
ရွှီဖေးက...
“ကျောက်ကဲ ... ၊ နောက်ပိုင်းကာလတွေမှာ မင်းလည်း ဂရုစိုက်ရမယ်နော်”
သူ့အကြည့်က ရန်ကျောက်ကဲ ဘယ်ဘက်လက်ဖမိုးထက်မှ မိစ္ဆာသင်္ကေတထံသို့ ကျရောက်သွားပြီး...
“ဆရာက မင်းထက်ကျင့်ကြံခြင်းအဆင့် မြင့်မားတယ် ၊ ဒီတော့ ရန်သူက ကန္တာဒေသက မဟာငရဲကိုးထပ်တံခါးကို ဖွင့်ချင်တယ်ဆိုရင်... မင်းကိုပဲ မျက်စိကျလိမ့်မယ်”
ရန်ကျောက်ကဲက တည့်ထိုးပင် စကားဆိုသည်။
“မဟာငရဲကိုးထပ်တံခါးအတွက် မဟုတ်ရင်တောင်မှ ရန်သူက ငါ့ကို အာရုံစိုက်လာမှာပဲ ၊ ငါသေသွားရင် မိစ္ဆာင်္ကေတရဲ့ ဖိအားက ပထမဆရာဦးလေးအပေါ် အပြည့်အဝရောက်သွားမှာလေ ၊ သူတို့ တစ်ခုခု လှုပ်ရှားချင်တယ်ဆိုရင် ပိုပြီးလွယ်ကကူသွားမှာပေါ့”
ရွှီဖေး မျက်နှာက တည်ကြည်လေးနက်သွားပြီး...
“အမှန်ပဲ...”
ရွှီဖေးက ပွင့်လင်းပြီး တည့်ထိုးပြောဆိုတတ်သူတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ပွင့်လင်းမှုတွင် တည်ငြိမ်မှုနှင့် ရင့်ကျက်မှုကိုလည်း ပေါင်းစပ်ထားသည်။ ထင်မြင်ချက်ဖြင့် ရမ်းသန်းပြောရသည့်စကားများကိုလည်း မနှစ်သက်လေရာ သူ့ပါးစပ်မှစကားလုံးများ လွယ်လွယ်ကူကူ ထွက်မလာတတ်ပေ။
သို့သော် ရွှီဖေး ထုတ်ဖော်မပြောသည့် စကားများကို ရန်ကျောက်ကဲက နားလည်သဘောပေါက်ခဲ့သည်။
ဝါဒတောင်တွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျိုများ ရှိနေပါက ၊ အထူးသဖြင့် ထိုသူလျိုများ၏ ကျင့်ကြံခြင်းအဆင့်နှင့်စွမ်းအားက မြင့်မားနေပါက ၊ သူတို့သာ ရန်ကျောက်ကဲကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်မည်ဆိုလျှင် ကာကွယ်ရန် ခက်ခဲမည် ဖြစ်သည်။
သို့သော် သူတို့အနေဖြင့် လူတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်၍မရနိုင်သလို ရန်ကျောက်ကဲသည်လည်း မည်သူနှင့်မှ အဆက်အဆံမလုပ်ဘဲ တစ်ယောက်တည်းနေ၍ မရနိုင်ပေ။ ထို့ကြောင့် အရာအားလုံးက ရန်ကျောက်ကဲ၏ သတိဝီရိယရှိမှုအပေါ်တွင်သာ မူတည်ပေသည်။
ရန်ကျောက်ကဲက ရွှီဖေးပခုံးကို ပုတ်လိုက်ရင်း...
“စိတ်ချစမ်းပါ ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ငါ သတိထားပါ့မယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ငါကတော့ ပြဿနာတွေကု သဘောမကျပေမယ့် ပြဿနာတွေကတော့ ငါ့ကိုအတော်လေးသဘောကျပုံရတယ် ၊ ငါလည်း ငါးစာဖြစ်ဖို့ မွေးဖွားလာရသလိုပါပဲ ၊ ဂိုဏ်းက ငါ့ပတ်ဝန်းကျင်မှာ စည်းချထားပြီးစောင့်နေ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကလူတွေ ငါ့ကိုလာသတ်တဲ့အခါ သူတို့အကုန်လုံးကို အလစ်ချောင်းတိုက်ခိုက်ပြီး သတ်ပစ်လိုက်လို့ရတယ်လေ”
ရွှီဖေးက...
“အေး... မူအရ အဲဒါက အလုပ်ဖြစ်ပေမယ့် မင်းအတွက် အရမ်းအန္တရယ်များတယ်လေ”
သူက ဆက်ပြောသည်။
“ကျောက်ကဲ မင်းမှာ ထူးခြားတဲ့ရတနာပစ္စည်းတွေ အများကြီးရှိတယ်ဆိုတာ ငါသိတယ် ၊ ပြီးတော့ မင်းက ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်ကိုတောင် ကောင်းကောင်းရင်ဆိုင်နိုင်တယ် ၊ ဒါပေမဲ့ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် မင်းအနားရောက်လာပြီး ရုတ်တရက် တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ ၊ မင်း သူ့ကို ခုခံနိုင်မှာမဟုတ်သလို အကူအညီတောင်းဖို့လည်း အချိန်ရမှာ မဟုတ်ဘူး”
ရွှီဖေးက ခဏနားလိုက်ပြီးမှ အလွန်တည်ကြည်လေးနက်သည့်အသံဖြင့် ဆက်ပြောသည်။
“တကယ်လို့ ... အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ဆိုရင်... မင်း တုံ့ပြန်ချိန်တောင် ရလိုက်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဂိုဏ်းတူအစ်ကို’ရွှီ’ ပြောတာ မမှားပါဘူး ၊ ဒါတွေက တကယ်ဖြစ်လာနိုင်တယ် ၊ ဒါပေမဲ့ ရန်သူက အမှောင်ထဲမှာ ငါက အလင်းထဲမှာလေ ၊ ဘာတတ်နိုင်မလဲ”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငါ့အသက်အန္တရယ်ဖြစ်လို့ ပေါ့ပေါ့တန်တန်တော့ နေမှာမဟုတ်ပါဘူး ၊ တစ်ယောက်တည်းသီးသန့်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ လာမယ့်ကာလတွေမှာ ဂိုဏ်းထဲက ထိပ်တန်းအကြီးအကဲတွေနဲ့ သိပ်မတွေ့ဘဲ ယုံကြည်ရလောက်တဲ့လူတွေနဲ့ပဲတွေ့ဆုံမယ်လို့ ဆုံးဖြတ်ထားတယ် ၊ တခြားအကြီးအကဲတွေကိုတော့ တောင်းပန်ထားရမှာပေါ့ ၊ သူတို့လည်း နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်”
ရွှီဖေးက ခေါင်းညိတ်ရင်း...
“မင်း ဒီလိုနားလည်ထားတာ ကောင်းတယ်”
ရွှီဖေး ပြန်သွားပြီးနောက် ရန်ကျောက်ကဲ သူ့အခန်းထဲတွင် ဆက်မနေဘဲ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
တောအုပ်များကို ဖြတ်သန်းလမ်းလျှောက်လာရင်း ရေတံခွန်တစ်ခုရှေ့သို့ရောက်လာသည်။ ထိုနေရာတွင် မတ်တတ်ရပ်ရင်း ရေတံခွန်စီးဆင်းလှုပ်ရှားမှုကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။
အချိန်မည်မျှကြာအောင် မတ်တတ်ရပ်နေသည်မသိ ၊ ပြန်ရန်ဟန်ပြင်လိုက်စဉ် သူ့စိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။
လှမ်းကြည့်လိုက်တော့ သူရှိရာနေရာသို့ လမ်းလျှောက်လာနေသည့် မိန်းမပျိုလေးတစ်ယောက်ကို တွေ့မြင်ရသည်။
မိန်းကလေးက အလွန်တရာ ချောမောလှပသော်လည်း အေးစက်ပြီး အထီးကျန်ဆန်သည့်အသွင်အပြင်ဆောင်သည်။ အခြားသူမဟုတ် ၊ စစ်ခုန်ချင်းပင် ဖြစ်၏။
ရန်ကျောက်ကဲ သူမအနားသို့ရောက်လာမှ စစ်ခုန်ချင်းက သတိထားမိသွားသည်။ ရန်ကျောက်ကဲက သဘာဝတရားနှင့်တစ်သားတည်းကျနေသဖြင့် သူမက အစပိုင်းတွင် သတိမပြုမိခြင်းပင်။
စစ်ခုန်ချင်းက ဦးညွှတ်လိုက်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူညီမလေး’စစ်ခုန်’ ၊ မတွေ့တာကြာပြီနော် ၊ ကျင့်ကြံခြင်းအဆင့် အရှိန်အဟုန်နဲ့တက်လာတာပဲ ၊ မင်းအတွက်ဂုဏ်ယူပါတယ်ကွာ”
ကြည်လင်လျှို့ဝှက်ရေကန် ၊ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတုန်းကနှင့်ယှဉ်လျှင် စစ်ခုန်ချင်း၏ ကျင့်ကြံခြင်းအဆင့်က များစွာမြင့်တက်သွားပြီ ဖြစ်သည်။ သူမက အတွင်းပိုင်းကြယ်တာရာချီအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
ရန်ကျောက်ကဲက သူမခန္ဓာကိုယ်တွင်းမှ သွေးစီးဆင်းသံကို နားထောင်ကြည့်သည့်အခါ ပြဒါးကဲ့သို့ပြောင်းလဲနေပြီး ချောချောမွေ့မွေ့စီးဆင်းနေကြောင်း သိလိုက်ရသည်။
“အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့် ရောက်နေပြီလား ၊ အလယ်ဆင့်ကို မကြာခင်တက်တော့မှာထင်တယ် ၊ အဲဒါဆိုရင် ချီစွမ်းအားကို လက်နက်လိုအသုံးပြုပြီး တိုက်ခိုက်နိုင်တော့မှာပဲ”
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
စစ်ခုန်ချင်းက...
“ကျွန်မ အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့်ကို ရောက်နေပါပြီ ၊ ချီစွမ်းအားကိုလည်း လက်နက်လို အသုံးပြုနိုင်နေပြီ”
စကားဆုံးသွားသည်နှင့် သူမက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားများစုစည်းကာ ဓားဝိညာဉ်တစ်ခု ဖန်ဆင်းလိုက်သည်။ ဤသည်က အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့်သိုင်းသမားများ ပြုလုပ်နိုင်သည့် စွမ်းအားအမှတ်သင်္ကေတပင် ဖြစ်သည်။
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ကြည်လင်လျှို့ဝှက်ရေကန်က ငါတို့ပြန်ရောက်တာ တစ်နှစ်မပြည့်သေးဘူး ၊ မင်းက ဒီအဆင့်ထိ လျှင်လျှင်မြန်မြန် တိုးတက်လာတယ် ၊ ပါရမီရှင်တွေကို ကောင်းကင်ဘုံကတောင် မတားဆီးနိုင်ဘူးဆိုတာ တကယ်မှန်တာပဲ”
စစ်ခုန်ချင်းက ခေါင်းခါယမ်းရင်း...
“အစ်ကိုကြီး’ရန်’ အဆင့်တက်တာနဲ့ယှဉ်ရင် ကျွန်မက အများကြီးနှေးကွေးပါသေးတယ်”
ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးသွားသော်လည်း မည်သည့်စကားမှ မဆိုပေ။
စစ်ခုန်ချင်းက အလွန်တော်သူတစ်ယောက်ဖြစ်သော်လည်း ပုံမှန်မဟုတ်သည်မှာ ထင်ရှားသည်။
သူမက အလွန်ထူးချွန်သည့် ပါရမီရှင်ဖြစ်သော်လည်း သိုင်းပညာရှင်အဆင့် မရောက်မီက ထူးခြားမှု သိပ်မရှိပေ။ ထိပ်သီးသိုင်းဂိုဏ်းတစ်ခုမှ သူလိုကိုယ်လို သာမန်ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။
သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း သူမ၏ ကျင့်ကြံခြင်းအဆင့်က လျှင်မြန်စွာမြင့်တက်လာလေရာ ရန်ကျောက်ကဲပင် သတိထားမိလာရသည်။
မျိုးဆက်တူညီသူများကြားတွင် သူမ၏ အဆင့်တက်ခြင်းလျှင်မြန်မှုက ရန်ကျောက်ကဲ၏မူလခန္ဓာပိုင်ရှင်ထက် သာလွန်ရုံသာမက လုဝမ် ၊ ရွှီဖေးတို့ထက်လည်း သာလွန်လေသည်။
သူမထက် ကျင့်ကြံခြင်းအဆင့် အနည်းငယ်ပိုမိုလျှင်မြန်သူဆို၍ ဖန်းယွင်ရှန်းတစ်ယောက်သာ ရှိသည်။ သို့သော် ဖန်းယွင်ရှန်းက အစကတည်းက ထူးခြားသူဖြစ်ပြီး ထိုက်ယင်းကျင့်စဉ်ကျမ်း ၊ ယင်ယန်တည်ရှိမှုကျင့်စဉ်အပြင် ယခုရက်များအတွင်း ရိုးတွင်းချဉ်ဆီအေးစိမ့်အပ်နည်းလမ်းကိုပင် အသုံးပြုကာ ကျင့်ကြံနေသူ ဖြစ်သည်။
ယင်လုန်ထူ၏ တိုးတက်မှုကတော့ ထည့်ပြောနေစရာမလိုပေ။ သူက အစကတည်းက ခုနစ်စဉ်ကြယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ထမင်းစားရေသောက်ပမာ ဖြတ်ကျော်ခဲ့သူ ဖြစ်သည်။
စစ်ခုန်ချင်းကို မမီသေးသော်လည်း သူ၏အဆင့်တက်ခြင်းက သိုင်းပညာရှင်အဆင့်တွင်လည်း အလွန်လျှင်မြန်နေဆဲ ဖြစ်၏။
လူတိုင်းက စူးစမ်းချင်စိတ်ရှိကြသည်မှာ ဓမ္မတာပင်ဖြစ်ပြီး ရန်ကျောက်ကဲသည်လည်း ချွင်းချက် မဟုတ်ပေ။ သို့သော် စစ်ခုန်ချင်း ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာသည်နှင့်ပတ်သက်ပြီး စူးစမ်းလိုစိတ် မရှိခဲ့ပေ။ စစ်ခုန်ချင်းက သူ၏ရန်သူမဟုတ်ဘဲ ဂိုဏ်းတူညီမလေးဖြစ်သည် မဟုတ်လား။
ထိုအချိန် စစ်ခုန်ချင်းက သူ့ကို ထူးဆန်းစွာ ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရန်ကျောက်ကဲက သူ့မျက်နှာကို လက်ဖြင့်ထိလိုက်ပြီး...
“နင် ငါ့ကို ဘာလို့ကြည့်နေတာလဲ ၊ ငါ့မျက်နှာမှာ ပန်းတွေပွင့်နေလို့လား”
စစ်ခုန်ချင်းက ခေါင်းခါယမ်းရင်း...
“မဟုတ်ပါဘူး... ဂိုဏ်းတူအစ်ကိုကြီး’ရန်’ကို ကြည့်ရင်း တွေးမိတာလေး ရှိလို့ပါ”
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...
“အိုး... ဘာများတွေးမိတာလဲ”
စစ်ခုန်ချင်းက...
“အရင်က ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲကို ကျွန်မကိုယ်တိုင်ကြုံခဲ့ဖူးတယ် ၊ ပြီးတော့... အခု ကန္တာဒေသ ၊ ယွင်ဝူစီရင်စု တိုက်ပွဲအကြောင်းလည်း ကျွန်မသတင်းကြားရတယ် ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’က တခြားသိုင်းပညာရှင်အဆင့် ကျင့်ကြံသူတွေ မလုပ်နိုင်တဲ့အရာကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တယ်”
သူမက ဆက်ပြောသည်။
“ဟိုး ရှေးခေတ်ကနေ အခုအချိန်ထိ ဂိုဏ်းတူအစ်ကိုကြီးက အတော်ဆုံးသိုင်းပညာရှင်အဆင့်ကျင့်ကြံသူ ဟုတ်မဟုတ် အတိအကျ မပြောနိုင်ပေမယ့်... စွမ်းအားမြင့်မားတဲ့ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတာတော့ သေချာတယ်”
ရန်ကျောက်ကဲက အနည်းငယ် ပြုံးလိုက်ရင်း...
“ဒီတော့...”
စစ်ခုန်ချင်းက...
“ဒီတော့... ကျွန်မလည်း နည်းနည်းပါးပါး ပြောင်းလဲဖို့ လိုမယ်ထင်တယ်”
“မင်း ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေတာလား”
ရန်ကျောက်ကဲက သူမအား အကဲခတ်ရင်းမေးသည်။
“မင်းစိတ်ထဲမှာ သိုင်းတာအိုကလွဲပြီး တခြားဘာမှ မရှိခဲ့ဘူး ၊ အစီအရင်ပညာတွေ ၊ လက်နက်ပစ္စည်းတွေ ၊ အဂ္ဂိရတ်ပညာ ၊ ဆေးပညာ ဘာကိုမှစိတ်မဝင်စားဘဲ သိုင်းတာအိုတစ်ခုတည်းကိုပဲ စွဲလန်းခဲ့တာ ၊ အဲဒီအချက်ကို မသေမချာဖြစ်နေတာလား”
စစ်ခုန်ချင်းက...
“ဟင့်အင်း... ကျွန်မ ဘယ်တုန်းကမှ စိတ်ဓာတ်မယိမ်းယိုင်ခဲ့ပါဘူး”
သူမက ဆက်ပြောသည်။
“ကျွန်မလျှောက်တဲ့လမ်းက မမှားဘူးဆိုတာ အခိုင်အမာယုံကြည်တယ် ၊ ကြည်လင်လျှို့ဝှက်ရေကန်တုန်းကနဲ့ အခု ကျွန်မတို့ဂိုဏ်း လှိုင်းလေပြင်းထန်တော့မယ့်အချိန်တွေမှာ ကျွန်မက မထင်မရှားနဲ့စွမ်းအားမဲ့သလို ခံစားရပေမယ့် ကျွန်မရွေးချယ်တဲ့လမ်းကို တစ်ခါမှ သံသယမဝင်မိပါဘူး ၊ အားလုံးက ကျွန်မရဲ့ အရည်အချင်းမရှိမှုနဲ့ အားနည်းလွန်းတာပါပဲ”
စစ်ခုန်ချင်းကို ကြည့်လိုက်တော့ သူမ၏မျက်ဝန်းများက ထူးထူးခြားခြား တောက်ပလင်းလက်နေသည်ကို တွေ့ရသည်။
သူမက...
“ကျွန်မ အခုခံစားနေရတာက ကျွန်မရောက်နေတဲ့ ပတ်ဝန်းကျင်က အရမ်းလုံခြုံပြီး အန္တရယ်ကင်းလွန်းနေတာပဲ ၊ ဂိုဏ်းရဲ့ ကာကွယ်ပေးမှုအောက်မှာ ကောင်းကောင်းမွန်မွန်ပညာသင်ရတယ် ၊ ဒါက အကျိုးရှိတဲ့ ကျင့်ကြံခြင်းပုံစံမျိုးဖြစ်သလို ကျွန်မလည်း လုံ့လစိုက်ထုတ် ကြိုးစားခဲ့ပါတယ် ၊ ဒါပေမဲ့ အရမ်း အန္တရယ်ကင်းပြီးလုံခြုံလွန်းနေတယ်”
စစ်ခုန်ချင်းက ရန်ကျောက်ကဲကို တည့်တည့်စိုက်ကြည့်ရင်း...
“ကျွန်မ ခဏလောက် အပြင်လောကကိုထွက်ချင်တယ် ၊ အမြဲတမ်း အန္တရယ်ကင်းနေတဲ့အနေအထားကနေ ရုန်းထွက်လိုက်ရင် အတွေ့အကြုံတွေအများကြီးရလာမယ် ၊ ကျွန်မကိုယ်ကျွန်မ လေ့ကျင့်သင်ကြားနိုင်မယ် ၊ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ရင်ဆိုင်နိုင်မယ်”
***