သိုင်းဆရာသခင်အဆင့်သို့တက်ရောက်ပြီ
Vol. 19 Ch. 267
စစ်ခုန်ချင်းကိုကြည့်ပြီး ရန်ကျောက်ကဲ ခပ်ဖွဖွပြုံးလိုက်သည်။
သူ့အနေဖြင့် စစ်ခုန်ချင်း၏ ရည်ရွယ်ချက်ကို သဘောမတူစရာ အကြောင်းမရှိပေ။
ဤသည်က သိုင်းကျင့်ကြံသူများ၏ ကမ္ဘာဖြစ်သည်။ လူတစ်ယောက်အနေဖြင့် ပြိုင်ဘက်ကင်းစွမ်းအားများပိုင်ဆိုင်ထားမှသာ အားလုံးနှင့်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မထင်မရှားဖြစ်ခြင်းမှ ကင်းလွတ်ပေမည်။
အရှင်းဆုံးဥပမာပေးရလျှင် မိစ္ဆာသူတော်စင်ယွမ်ထျန်း ဖြစ်သည်။ ဘာသိုင်းကွက်မှ ထုတ်ပြနေစရာမလို နေရာတွင် ရပ်နေရုံဖြင့် သိုင်းသမားများအားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြပြီ ဖြစ်သည်။
လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်နေပါက မည်သည့်စည်းမျဉ်းစည်းကမ်းကိုမှ လိုက်နာရန် မလိုအပ်ပေ။ အဆင့်တူညီသည့် အခြားသိုင်းသူတော်စင်တစ်ယောက်ကသာလျှင် အခြားတစ်ယောက်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
စစ်ခုန်ချင်းပြောသလိုပင် သူမ၏ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသည့်အတွက် သူမကိုယ်သူမ အားနည်းသည်ဟု ခံစားရသည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသည့်အတွက် သူမကို အပြစ်ဆို၍မရပေ။ သူမ၏အသက်အရွယ် ၊ ကျင့်ကြံခဲ့သည့်အချိန်ကာလကိုကြည့်လျှင် သူမ၏ကျင့်ကြံခြင်းအဆင့်က ဤမျှသာဖြစ်နိုင်သည်။ သို့တိုင် စစ်ခုန်ချင်းက များစွာသောလူများထက် သာလွန်နေပြီဖြစ်သည်။
သို့ပေသိ ဤသို့ကျင့်ကြံခြင်းအဆင့်နိမ့်ပါးပြီး စွမ်းအားမလုံလောက်သည့်အချိန်တွင် အသတ်ခံလိုက်ရပါက အချည်းနှီးဖြစ်ပေမည်။
ဤကမ္ဘာ၏ အဖြစ်ဆိုးအများစုသည် ဤအချက်မှ အစပြုခြင်း ဖြစ်၏။
အခြားရှုထောင့်မှကြည့်လျှင် ရန်ကျောက်ကဲသည်လည်း အလားတူအခြေအနေတွင် ရှိနေသည်ပင်။ သို့ပေသိ သူက ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာ ရှိနေခဲ့သည်။
အတိအကျဆိုရသော် ရန်ကျောက်ကဲက ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသူ ဖြစ်သည်။ သာမန်ယုတ္တဗေဒအားဖြင့် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့် ၊ သိုင်းစွမ်းအးဖြင့် မဖြေရှင်းနိုင်လျှင်တောင်မှ သူ၏ လက်ရှိအဆင့်အတန်း ၊ ဂုဏ်သိက္ခာကျော်ကြားမှုများဖြင့် ဖြေရှင်းနိုင်ပေလိမ့်မည်။
ရန်ကျောက်ကဲက စစ်ခုန်ချင်းကိုကြည့်ရင်း...
“စောစောကပြောသလို ပြင်ပလောကိုထွက်ခွာပြီး လေ့ကျင့်ချင်တယ်ဆိုရင်တော့ မင်းကို ဦးဆောင်သွားမယ့် အကြီးအကဲတစ်ယောက်လောက်ပါမှဖြစ်မယ် ၊ ဒါမှ သေခြင်းရှင်ခြင်းအခြေအနေရင်ဆိုင်ရတဲ့အခါ ကူညီနိုင်လိမ့်မယ် ၊ ဂိုဏ်းကလည်း ပြင်ပလေ့ကျင့်ရေးနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားပေးတာပဲ မဟုတ်လား”
စစ်ခုန်ချင်းက...
“အဲဒီလိုဆိုရင် ကျွန်မစိတ်ထဲမှာ တခြားသူတွေကိုအားကိုးတဲ့ ခံစားချက်ကြီး ရှိနေဦးမှာပေါ့”
သူမက အဝေးဆီမှ ရေတံခွန်ကို လှမ်းကြည့်ရင်း တဟုန်ထိုးစီးဆင်းနေသည့်ရေသံကို နားထောင်နေသည်။
“အခု ဂိုဏ်းတူအစ်မ’ဖန်းယွင်ရှန်း’ ဒီလိုနေရာမျိုးရောက်လာတာဟာ သူလိုက်လံသတ်ဖြတ်ခံနေရတဲ့ (၂)နှစ်ဆိုတဲ့ အချိန်ကာလရဲ့ အရေးပါတဲ့အတွေ့အကြုံတွေကြောင့်ပါပဲ ၊ အဲဒါက ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့်လည်းပေါ့”
စစ်ခုန်ချင်းပြောသည့်စကားက ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာအပြင် ခြင်ဆီအေးစိမ့်အပ်နည်းလမ်း ၊ ထိုက်ယင်းကျင့်စဉ်ကျမ်းများနှင့် လုံးဝ မသက်ဆိုင်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။
သူမ ပြောချင်သည်က ဖန်းယွင်ရှန်းက အတွေ့အကြုံများပြားသည့်အတွက် မျိုးဆက်တူသူများကြားတွင် တစ်ပန်းသာသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဖန်းယွင်ရှန်းက အစကတည်းက အရည်အချင်းရှိသူဖြစ်သော်လည်း အတွေ့အကြုံနှင့်လည်းသက်ဆိုင်သည်မှာ ငြင်းမရသည့်ကိစ္စပင်။ တကယ်လည်း ဖန်းယွင်ရှန်းက ကျင့်ကြံခြင်းအဆင့်တူညီသူများကြားတွင် သိုင်းစွမ်းသာလွန်သူ ဖြစ်သည်။
ရန်ကျောက်ကဲသိသလောက် ဖူအန်းစု၏တပည့်များဖြစ်ရခြင်းအတွက် ဖန်းယွင်ရှန်းရော စစ်ခုန်ချင်း နှစ်ယောက်လုံး အနည်းငယ် စိတ်ဓာတ်ကျခဲ့ရသည်။
ထို့ပြင် ဤဂိုဏ်းတူညီအစ်မနှစ်ယောက်က အတော်လေး စိတ်ဝင်စားစရာကောင်းသည်။ ဖန်းယွင်ရှန်းက စစ်ခုန်ချင်းကို ဂိုဏ်းတူအစ်မ “စစ်ခုန်” ဟု ခေါ်ပြီး စစ်ခုန်ချင်းကလည်း ဖန်းယွင်ရှန်းကို ဂိုဏ်းတူအစ်မ’ဖန်း’ ဟုသာ ခေါ်သည်။
သူတို့နှစ်ယောက်ကြားတွင် မည်သည့်တင်းမာမှုနှင့် ပဋိပက္ခမှ မရှိသည်မှာ ထင်ရှားသည်။
ဖန်းယွင်ရှန်းက စစ်ခုန်ချင်းထက် အသက်ကြီးသော်လည်း ဂိုဏ်းထဲသို့ဝင်လာသည်မှာ နောက်ကျသည့်အတွက် စစ်ခုန်ချင်းကို “ဂိုဏ်းတူအစ်မ” ဟု ခေါ်ခြင်း ဖြစ်၏။
စစ်ခုန်ချင်းက ဖန်းယွင်ရှန်းကို ဂိုဏ်းတူအစ်မဟု ခေါ်ရသည့်အကြောင်းပြချက်ကတော့ အလွန်ရိုးရှင်းသည်။ ဖန်းယွင်ရှန်းက သူမထက် အသက်ကြီးသောကြောင့် ဖြစ်သည်။
ဖန်းယွင်ရှန်းက စစ်ခုန်ချင်းထက် အနည်းငယ်သာလွန်သည့်တိုင် အခြားသောတပည့်များကဲ့သို့ အချင်းချင်း အာဃာတထားခြင်း ၊ ရန်ညိုးဖွဲ့ခြင်းနှင့် ထိုးနှက်ခြင်းမျိုး မရှိကြပေ။
သေခြင်းရှင်ခြင်းတိုက်ပွဲနှင့် ရင်ဆိုင်ရပါက ဖန်းယွင်ရှန်းက စစ်ခုန်ချင်းထက် အားသာချက် ပိုမိုကြီးမားသည်ကတော့ အမှန်ပင်ဖြစ်သည်။
ရန်ကျောက်ကဲက စစ်ခုန်ချင်း၏ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်လိုစိတ်မရှိပေ။
သူက ပြုံးလိုက်ရင်း...
“မင်းမှာ ဒီလိုအတွေးမျိုးရှိတာကောင်းပါတယ် ၊ သိုင်းတာအိုနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိပြီး အမြဲတမ်းတိုးတက်ဖို့ကြိုးစားနေတယ်ဆိုတာကို ပြသတာပဲ ၊ ဒါကြောင့် ငါ့အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး ၊ တခြားသူအတွက်တော့ မပြောနိုင်ပေမယ့် မင်းအတွက်တော့ လက်တွေ့ကျတဲ့လမ်းကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်”
“ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင် ဆရာဒေါ်လေး’ဖူ’ ရဲ့ ထင်မြင်ချက်ကို အရင်တောင်းကြည့်ပါဦး ၊ ပြီးတော့ မင်း ပြင်ပလောကကို သွားမယ်ဆိုရင် ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံရာကထွက်လာတဲ့အချိန်ထိ စောင့်သင့်တယ် ၊ အားလုံးအဆင်ပြေတဲ့အချိန်ကျမှာ ဒီအကြောင်းကိုပြောရတာ ပိုကောင်းပါတယ် ၊ အခုက ပြဿနာတွေကလည်း အများကြီးမဟုတ်လား”
စစ်ခုန်ချင်းက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ရဲ့ စကားတွေက အဓိပ္ပါယ်ရှိတယ် ၊ ကျွန်မ နားလည်ပါပြီ”
ထို့နောက် သူမက ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း ထွက်ခွာသွားသည်။
စစ်ခုန်ချင်း၏ ကျောပြင်ကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“စီးဆင်းဖို့လမ်းကြောင်းရှာနေတဲ့ လှေပေါင်းတစ်ရာမှာ... သူတို့ထဲက ဘယ်နှစ်ယောက်က အောင်မြင်သူတွေ ဖြစ်လာကြမလဲ”
ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း သူနေထိုင်ရာနေရာသို့ ပြန်လာခဲ့သည်။
ကျင့်ကြံခြင်းတွင် ဇွဲလုံ့လဝီရိယအကြောင်း ပြောရလျှင် ရန်ကျောက်ကဲ၏ ဇွဲလုံ့လနှင့်စိတ်ဆန္ဒသည်လည်း အခြားသူများထက် အနည်းငယ်ပင် အားနည်းခဲ့ခြင်း မရှိပေ။
သူက သိုင်းဆရာသခင်အများစုပင် မလုပ်နိုင်သောအလုပ်များကိုလုပ်ကိုင်နိုင်စွမ်းရှိပြီး အောင်မြင်မှုကြီးကြီးမားမား ရရှိထားသူဖြစ်ကြောင်း သူ၏လုပ်ရပ်များက မီးမောင်းထိုးပြနေသည်။ သို့သော် ရန်ကျောက်ကဲ၏အတွင်းစိတ်ထဲတွင် သူ့ကိုယ်သူမြှင့်တင်ချင်သောစိတ်ဆန္ဒသည် အခြားသူအများစုထက် ပိုမိုပြင်းထန်နေဆဲ ဖြစ်၏။
အခန်းပြန်ရောက်သည်နှင့် ရန်ကျောက်ကဲက တင်ပျဉ်ခွေထိုင်ပြီး ကြယ်တာရာချီစွမ်းအားကို အနည်းငယ်လှည့်လိုက်သည်။ သူ့ဦးခေါင်းထက်မှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းနှင့် ချိတ်ဆက်သွားကာ လင်းထိန်တောက်ပလာသည်။
သူက ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လက်ဖမိုးထက်ရှိ မိစ္ဆာသင်္ကေတကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အတွင်းထဲမှ သဘောတရားများကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာသုတေသန ပြုလုပ်သည်။
သူ၏ စွမ်းအင်ဗဟိုချက်မှ ပရမ်းပတာချီစွမ်းအားအစုအဝေးက မှေးမှိန်လျှက် ရှိသည်။
သူက အခြေအနေကို ခဏမျှ ထိန်းထားပြီးနောက် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဦးခေါင်းထက်တွင် ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားအလင်းရောင်ကို ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းလိုက်သည်။
သူထုတ်ယူလိုက်သည့်ပစ္စည်းက မှန်သာမျက်နှာပြင်နှင့်ဆင်တူသော ကျောက်တုံးတစ်တုံးဖြစ်သည်။ သို့သော် ကျောက်တုံးက နောက်ကျိနေပြီး ထွင်းဖောက်မြင်ရခြင်း မရှိပေ။
သို့သော် ရန်ကျောက်ကဲအကြည့်က ထိုကျောက်တုံးထက်သို့ ကျရောက်သွားချိန် ကျောက်တုံးမျက်နှာပြင်ထက်တွင် အလင်းရောင်များတဖျတ်ဖျတ်ခတ်ထွက်ပေါ်လာပြီး သူ့ပုံရိပ်က ကျောက်တုံးထက် ထင်ဟပ်လာသည်။
ထိုကျောက်တုံးမှာ လွတ်လပ်သမားတော်’ဟယ်’ တည်ဆောက်ခဲ့သော အခြားကမ္ဘာငယ်ထဲမှ ရန်ကျောက်ကဲ ရရှိခဲ့သည့် ဘဝအလင်းအမတကျောက်တုံး ဖြစ်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ဤသို့သောရတနာပစ္စည်းမျိုးမှာ အခြားသူများကို ပြသရန်အတွက် ကျင့်ကြံသူတစ်ယောက်၏ ကြယ်တာရာချီစွမ်းအားလည်ပတ်သည့်လမ်းကြောင်းများကို တောက်ပစေရန် အသုံးပြုခြင်း ဖြစ်သည်။
တစ်နည်းဆိုရသော် ဆရာများက တပည့်များအားသင်ပြပေးရာတွင် အဓိကအသုံးပြုကြသည်။
ကြယ်တာရာချီစွမ်းအားဖြန့်ကျက်ခြင်းကို အကြီးပိုင်းမျိုးဆက်များက လူငယ်မျိုးဆက်သစ်များကို သရုပ်ပြရာတွင် ဘဝအလင်းအမတကျောက်တုံးဖြင့် ကြယ်တာရာချီလည်ပတ်လမ်းကြောင်းကို ထင်ရှားလာစေရန် အသုံးပြုသည်။ သို့မှသာ လူငယ်မျိုးဆက်များအနေဖြင့် လေ့လာသိရှိနားလည်နိုင်ပေမည်။
သို့သော် ဤရတနာပစ္စည်းက နောက်တစ်မျိုးအသုံးပြု၍ရနိုင်ကြောင်း ရန်ကျောက်ကဲ သိရှိထားသည်။
သူက လက်ချောင်းများကို ဆန့်ထုတ်ပြီး ဘဝအလင်းအမတကျောက်တုံးကို ညင်သာစွာပွတ်ဆွဲရင်း အတွင်းမှ သွေးကြောများကို ခြေရာခံလိုက်သည်။ ထိုအခါ ကျောက်တုံးမျက်နှာပြင်က ထူးခြားသည့်မြင်ကွင်းများအဖြစ် ပြောင်းလဲသွား၏။
မူလက နောက်ကျိနေသည့် ကျောက်တုံးသည် မှန်သားပမာ ကြည်လင်လာပြီး လင်းလက်တောက်ပလာသည်။
ရန်ကျောက်ကဲဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်း ထပ်မံထွက်ပေါ်လာပြီး အလင်းတန်းအတွင်းမှ မြင်ကွင်းများက ချွင်းချက်မရှိ ထူးခြားဆန်းကျယ်လွန်းသည်။
နောက်ရက်များတွင်တော့ ရန်ကျောက်ကဲ ကျင့်ကြံခြင်းတွင်သာ နစ်မြုပနေတော့သည်။
သိုင်းဆရာသခင်အဆင့်သို့တက်ရောက်ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ကျင့်ကြံခြင်းများပြုလုပ်ခြင်း ၊ သူ၏ဘယ်ဘက်လက်ခုံထက်မှ မိစ္ဆာသင်္ကေတကို ခွဲခြမ်းစိတ်ဖြာသုတေသနပြုခြင်းနှင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဖြင့် နတ်ဆိုးခွင်းမြားတံများကို နောက်တစ်ဆင့်ထပ်မံသန့်စင်ခြင်းများကို ပြုလုပ်နေခဲ့၏။
ထိုသို့ဖြင့် အချိန်များလျှင်မြန်စွာ ကုန်ဆုံးသွားခဲသည်။
ဂိုဏ်းချုပ်ဟောင်း ‘ယွမ်ကျန်းဖုန်း’ တံခါးပိတ်ကျင့်ကြံနေသည်မှာလည်း အချိန်အတော်ကြာမြင့်ခဲ့ပေပြီ။
ဝါဒတောင်က ပုံမှန်အတိုင်းလည်ပတ်နေပြီး ရန်တိသည်လည်း ဝါဒတောင်ဂိုဏ်းချုပ်အဖြစ် အပြည့်အဝ တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။ နေသူတော်စင်ဂိုဏ်းနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းများကလည်း အဓိကလှုပ်ရှားမှုကြီးများကို မပြုလုပ်ကြသေးပေ။
ယခုအချိန်တွင် လူတိုင်းက တစ်စိတ်တည်းရှိနေကြသည်။ ယွမ်ကျန်းဖုန်း အောင်မြင်စွာဖြင့် သိုင်းသူတော်စင်အဆင့်တက်ရောက်ပြီး တံခါးပိတ်ကျင့်ကြံရာမှထွက်လာရန် အားလုံးက စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြသည်။
သို့သော် ရန်ကျောက်ကဲပဲဖြစ်ဖြစ် ၊ ရန်တိပဲဖြစ်ဖြစ် ၊ အခြားသူများပဲဖြစ်ဖြစ် ဤသည်က တံလျှပ်တစ်ခုသာဖြစ်ပြီး မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဖြစ်ကြောင်း သိရှိထားကြသည်။
***
ယနေ့...
ရန်ကျောက်ကဲ သူ့အခန်းထဲတွင် ငြိမ်သက်စွာထိုင်နေသည်။ သူ့လက်ထဲတွင်ကိုင်ထားသည့် ဘဝအလင်းအမတကျောက်တုံးကတော့ ပင့်ကူအိမ်ပမာ အက်ကြောင်းများထင်လျှက် ရှိသည်။
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူက လက်ချောင်းများဖြင့် ဘဝအလင်းအမတကျောက်တုံးကို ဖိချေလိုက်သည်။
သလင်းကျောက်ပမာ ကြည်လင်နေသောကျောက်တုံးသည် အသံတစ်ချက်မထွက်ဘဲ ကွဲကြေသွားကာ အမှုန့်ဖြစ်သွားပြီး မြူခိုးများပမာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်က အစွမ်းကုန်လင်းလက်နေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်တိုင်းမှ အလင်းရောင်များ ဖြည်းဖြည်းချင်း ဖြာလင်းထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက အလင်းရောင်များကြား လုံးဝနစ်မြုပ်လျှက် သူ၏ ကြယ်တာရာချီစွမ်းအားများက တိမ်တိုက်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်ကာ ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ အလင်းရောင်များ အပြည့်အဝ ထွက်ပေါ်လာသည့်အခါ သူ၏ဦးခေါင်းထက်တွင် တောက်ပစွာထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားအလင်းရောင်က သူ၏ဦးရစ်သရဖူရှိရာနေရာသို့ ဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာသည်။
ယနေ့...
ရန်ကျောက်ကဲ “သိုင်းဆရာသခင်အဆင့်” သို့ အဆင့်တက်ရောက်သွားပြီဖြစ်လေ၏။
***