← Chapters

မုန်တိုင်းမလာခင်ငြိမ်သက်ခြင်း - အဆုံးသတ်ပြီလား

Vol. 19 Ch. 268

မုန်တိုင်းမလာခင်ငြိမ်သက်ခြင်း - အဆုံးသတ်ပြီလား

Vol. 19 Ch. 268

ရန်ကျောက်ကဲတစ်ကိုယ်လုံး ရွှေရောင်တောက်ပနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းရောင်တိမ်တိုက်များက ဝန်းရံထားသည်။ သူ၏ကြယ်တာရာချီစွမ်းအားများကလည်း တဟုန်းဟုန်းတောက်‌လောင်နေ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများနှင့် အာရုံကြောများ တုန်ခါလှုပ်ရှားသွားပြီး ကိုယ်တွင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားများ ထွက်ပေါ်လာသည်။

ကြယ်တာရာချီစွမ်းအားများက များပြားလှစွာသောနဂါးများ ရစ်ခွေနေသည့်အလား ထင်မှတ်ရသည်။ အလင်းရောင်တိမ်တိုက်များက ဖုံးကွယ်ထားသဖြင့် ခပ်မှိန်မှိန်ဖြစ်နေသည့် နဂါးများက ဟိန်းဟောက်သံများကို သံပြိုင်ထုတ်လွှတ်လျှက်ရှိ၏။

ရေခဲပမာအေးစက်သည့်ချီစွမ်းအားနှင့် မီးတောက်ပမာပူလောင်သော ချီစွမ်းအား (၂)ခုသည် ယခုတော့ မည်သည့်ကွဲပြားချက်မှ မရှိတော့ဘဲ ပြင်းထန်သောစွမ်းအားများကို တစ်ပြိုင်တည်းထုတ်လွှတ်လျှက် ရှိသည်။

ရန်ကျောက်ကဲ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

သူ့ပတ်ဝန်းကျင်မှ တောက်ပနေသောတိမ်တိုက်များ တဖြည်းဖြည်းအလင်းရောင်လျော့နည်းသွားပြီး  နောက်ဆုံး တောက်ပမှု ပျောက်ကွယ်သွားသည်။ နဂါးပုံရိပ်ကြယ်တာရာချီစွမ်းအားများသည်လည်း ငြိမ်သက်သွားလေ၏။

ရန်ကျောက်ကဲ၏ ပုံရိပ်ကတော့ တိမ်ခိုးများကြားတွင် မပြတ်မသားဖြင့် ပန်းချီကားတစ်ခု၏ အစိတ်အပိုင်းတစ်ခုပမာ ဖြစ်နေသည်။ သူ့အနေအထားက အရှေ့ ၊ အနောက် ၊ အပေါက် ၊ အောက် မည်သည့်နေရာတွင်ဖြစ်သည်ကို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် အချိန်နှင့်ဗလာနယ်တည်ရှိမှု အဓိပ္ပါယ်များအားလုံး ဆုံးရှုံးသွားပြီး ကမ္ဘာဦးကာလ ပရမ်းပတာဖြစ်ခြင်း အခြေအနေသာ ကျန်ရှိသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖုံးလွှမ်းနေသည့် ချီစွမ်းအားအစုအဝေးသည် သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်အတွင်းမှ ချီစွမ်းအားအစုအဝေးအလား တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်သည်။

ထိုအချိန် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်က လုံးဝပျောက်ကွယ်သွားသည်။ သူ့မျက်ဝန်းများအတွင်းမှ အလင်းရောင်များသည်လည်း တဖြည်းဖြည်းမှေးမှိန်သွားပြီး သူ့ပုံစံက သာမန်လူတစ်ယောက်ပမာ ရိုးရိုးရှင်းရှင်းပင် ရှိနေသည်။

ပရမ်းပတာချီစွမ်းအားအစုအဝေးသည် ကြယ်တာရာချီစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှတစ်ဆင့် သူ၏ သွေးကြောဆုံချက်များဆီသို့ တဖြည်းဖြည်း ပြန်လည်လှည့်ပတ်သွားသည်။

ရန်ကျောက်ကဲ ထိုင်ရာမှ မတ်တတ်ထရပ်လိုက်သည်။ သူ့ပုံစံက ကမ္ဘာကိုအုပ်စိုးမည့် ဓားတစ်လက်အလား ဖြစ်သည်။

ထက်ရှသောဓားသွားကို ဓားအိမ်ထဲတွင် ယာယီဖုံးကွယ်ထားသည့်ပမာ လိုအပ်သည့်အချိန်တွင် ကြီးကျယ်ခမ်းနားသည့်စွမ်းအားများ ပေါက်ကွဲထွက်လာမည် ဖြစ်သည်။

ရန်ကျောက်ကဲ ပြုံးလိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားများက ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နက်နေပြီး  ဖုံးကွယ်ထားသည့်တိုင် ပိုမိုပြင်းထန်လေးလံလျှက် ရှိသည်။

သိုင်းတာအိုလမ်းစဉ်အား နားလည်မှုတိုးတက်လာသည်ဟု ယောင်ဝါးဝါး ခံစားမိသည်။

ယခု နားလည်ခြင်းနှင့် အရင်ဘဝက သင်ယူထားသမျှ ပေါင်းစပ်လိုက်သည့်အခါ သူ၏သိုင်းတာအိုလမ်းစဉ်က တိုးတက်မြင့်မားလာပြီး သူ့မျက်စိရှေ့တွင် ဝေဝါးသည့်လမ်းတစ်သွယ်ကို စတင်တွေ့မြင်ရပြီ ဖြစ်သည်။

ထိုအရာက သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။ ယခု ဆက်လျှောက်လှမ်းရန် အခြေခံအုတ်မြစ်တစ်ခု ရှိပြီဖြစ်လေရာ နားလည်နိုင်စွမ်းနှင့် တိုးတက်မှုများမတိုင်မီ စုစည်းမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို အရင်ဆုံး ပြုလုပ်ရပေမည်။

ယခု သူ သိုင်းဆရာသခင်အဆင့်သို့ အောင်မြင်စွာ ခြေလှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

ကြီးမြတ်သည့်တံခါးတစ်ချပ် သူ့ရှေ့တွင်ပွင့်နေပြီဖြစ်ပြီး မိုးမြေတစ်ခွင်သို့‌ စတင်ခြေလှမ်းခွင့် ရရှိပေပြီ။

ကနဦး သိုင်းဆရာသခင်အဆင့်ဖြစ်သော “ဝိညာဉ်ခန္ဓာ” အဆင့်။

ကြယ်တာရာချီစွမ်းအားထဲမှ ဝိညာဉ်စွမ်းအားများ စတင်ထွက်ပေါ်လာသည်။ လက်သီးသိုင်းဝိညာဉ်က ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ် ခြေတစ်လှမ်းတိုးသွားပြီး ဝိညာဉ်နယ်မြေ စတင်ဖြစ်တည်လာသည်။

ဤသည်က သိုင်းဆရာသခင်များ၏ အခြေခံအုတ်မြစ်ဖြစ်သည်မှာ အတိအကျပင်။ ရန်ကျောက်ကဲ၏ လက်သီးဝိညာဉ်မှ ဖြစ်ပေါ်လာသော ဝိညာဉ်နယ်မြေသည် သူ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်းမှ ချီစွမ်းအားအစုအဝေးအတိုင်း ရှုတ်ထွေးနက်နဲပြီး မှန်းဆမရသော ပရမ်းပတာဖြစ်တည်မှုနှင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲ သူ့အခြေအနေကို အချိန်အတန်ကြာထိန်းညှိပြီးနောက် တံခါးကိုဖွင့်ကာ အခန်းထဲမှ ထွက်လိုက်သည်။

အပြင်ဘက်တွင် အားဟူက သူ့ကို စောင့်နေလေသည်။ ရန်ကျောက်ကဲ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင် ပျောက်ကွယ်သွားသည်ကို အားဟူ ချက်ချင်း သတိပြုမိသည်။

ရန်ကျောက်ကဲ၏ ကိုယ်ရည်ကိုယ်သွေးအရ  အလွန်ထူးခြားသောအခြေအနေမှလွဲပြီး သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းကို ဘယ်သောအခါမှ ကွယ်ဝှက်ရုပ်သိမ်းထားမည် မဟုတ်ပေ။

ယခုတော့ ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်း ပျောက်ကွယ်သွားခဲ့သည်။ ရန်ကျောက်ကဲကို သေသေချာချာ အကဲခတ်နေရင်း အားဟူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများအားလုံးမှာ နတ်ပူးသည့်အလား တုန်ခါသွားသည်။

တစ်ချိန်က သူကိုယ်တိုင် ကြုံတွေ့ဖူးသည့် အတွေ့အကြုံကို ရန်ကျောက်ကဲသည်လည်း ဖြတ်ကျော်ခဲ့လေပြီလား။

အားဟူ ခဏမျှ မှင်တက်ထိတ်လန့်သွားပြီးနောက် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။

“သခင်လေး... သခင်လေး သိုင်းဆရာသခင်အဆင့် ရောက်သွားပြီလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“စမှတ်အသစ်တစ်ခုရောက်ပြီလေ...”

အားဟူက...

“သခင်လေး... သခင်လေးကတော့ အသက်အငယ်ဆုံးသိုင်းဆရာသခင်ဆိုတဲ့ အိမ်တော်သခင်ရဲ့စံချိန်ကို ချိုးဖျက်လုနီးပါးပါပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့် သိုင်းပညာရှင်ဖြစ်လာတဲ့အချိန်ကနေ အခုချိန်ထိ ရေတွက်မယ်ဆိုရင် သခင်လေးကတောင် အိမ်တော်သခင်ထက် ပိုမြန်နေသေးတယ်”

အမှန်တော့ အားဟူ ရန်ကျောက်ကဲထံရောက်လာသည်မှာ အရေးကြီးကိစ္စတစ်ခု ရှိသောကြောင့်ဖြစ်သည်။ သို့‌သော် ရန်ကျောက်ကဲ သိုင်းဆရာခင်အဆင့်ရောက်သွားကြောင်း သိရသည့်အခါ သူ့နှလုံးသားအောက်ခြေမှ ပျော်ရွှင်မှုကို ခံစားရသောကြောင့် ချီးကျူးစကားများဆိုနေမိခြင်းပင်။

ရန်ကျောက်ကဲသွားလေရာရာလိုက်နေသည့် အမြဲပြုံးရွှင်ရယ်မောနေတတ်သော ထိုလူထွားကြီး မည်မျှပျော်ရွှင်သည်ကို မပြောနှင့် ၊ သူက ရန်ကျောက်ကဲနှင့် ရန်တိအတွက်ဆိုလျှင် ထိုသို့ပင် စိတ်ရင်းရှိသူ ဖြစ်သည်။

အားဟူ (ခေါ်) ဟွမ်ဟူထင်သည် လူအများနှင့် ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်နေတတ်သော်လည်း သူ့နှလုံးသားထဲတွင်တော့ တောင်မြင့်ကြီးထက်မှကျားတစ်ကောင်ပမာ ရင့်ကျက်သော ကိုယ်ပိုင်ဂုဏ်သိက္ခာကို မှတ်ယူထားသူဖြစ်သည်။

ယခုတော့ ရန်ကျောက်ကဲ သိုင်းဆရာသခင်အဆင့်သို့ရောက်ရှိသွားသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြင့် သက်ပြင်းချလျှက်ရှိသည်။

ဤသည်က ရန်ကျောက်ကဲ၏ရာထူးဂုဏ်ဓနများကြောင့် ဖားနေခြင်းမျိုးမဟုတ်ဘဲ စိတ်ရင်းဖြင့် ချီးမွမ်းခြင်းသာ ဖြစ်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“အဖေက အသက် (၂၂)နှစ်မှာ သိုင်းဆရာသခင်ဖြစ်လာတယ် ၊ ဒါက ချိုးဖျက်ဖို့မလွယ်တဲ့ စံချိန်ပဲလေ ၊ ငါသိသလောက် အဖေ့ကို စံချိန်ချိုးသွားနိုင်မယ့်သူဆိုလို့ ဟန်လုန်အာတစ်ယောက်ပဲ ရှိနိုင်တယ်”

သူက အားဟူကို လှမ်းကြည့်ရင်း...

“ဒါနဲ့... မင်း ငါ့ကိုစောင့်နေတာ ကိစ္စတစ်ခုခုများ ရှိလို့လား”

အားဟူ၏မျက်နှာက အနည်းငယ်ခက်ထန်သွားပြီး ခေါင်းတစ်ချက်ညိတ်ရင်း...

“သခင်လေး... အိမ်တော်မှာ မတည်မငြိမ်ဖြစ်နေတယ်”

ရန်ကျောက်ကဲ မျက်မှောင်ကြုတ်ရင်း...

“ဟမ်... အိမ်တော်မှာ ဟုတ်လား”

အားဟူပြောသည့် “အိမ်တော်” ဆိုသည်မှာ မိုးကြိုးနယ်မြေ ၊ ကျောက်ကျိုးဒေသရှိ ‘ရန်’ အိမ်တော်ကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ရန်ကျောက်ကဲ မွေးဖွားခဲ့သော အလယ်ပိုင်းကောင်းကင်ဒေသရှိ ‘ရန်’ အိမ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။

ထိုစဉ်အချိန်က ကျောက်ကျိုးနယ် ၊ ‘ရန်’ အိမ်တော်မှ ခွဲထွက်လာသော ‘ရန်’ မိသားစုသည် အန္တရယ်များနှင့် ခြိမ်းခြောက်မှုများကို ရှောင်လွှဲရန် ခရီးဝေးနှင်ခဲ့ကြပြီး ကောင်းကင်ဒေသသို့ ရောက်ရှိလာကြသည်။

အလယ်ပိုင်းကောင်းကင်ဒေသဆိုသည်က ဝါဒတောင်ဂိုဏ်းဌာနချုပ် တည်ရှိရာနေရာဖြစ်သဖြင့် ပထမအဆင့်စွမ်းအားစုများကို အာဏာခြေကုပ်ယူခွင့် မပြုပေ။ ဤဒေသတွင် ကျက်စားကြသည့် သိုင်းဂိုဏ်းများမှာ ဒုတိယအဆင့် စွမ်းအားစုများသာလျှင် ဖြစ်ကြသည်။

သို့ပေသိ ခြွင်းချက်အနေဖြင့် ပထမအဆင့် အင်အားစု (၂)ခုကိုတော့ လက်ခံထား၏။ တစ်ခုမှာ ရန်တိနှင့် ရန်ကျာက်ကဲတို့၏ "ရန်" အိမ်တော်ဖြစ်ပြီး နောက်တစ်ခုမှာ ဘိုးဘေးအကြီးအကဲ "ကျန်း" ၏ ကျန်းအိမ်တော် ဖြစ်သည်။

ရန်တိနှင့် အကြီးအကဲ’ကျန်း’ တို့မျက်နှာကြောင့် ဤ အိမ်တော် (၂)ခုသည် အလယ်ပိုင်းကောင်းကင်ဒေသတွင် အမြစ်တွယ်နိုင်ခဲ့ကြသည်။ သို့သော် သူတို့က သိုသိုသိပ်သိပ်သာလျှင် နေထိုင်ကြ၏။

အပင်မြင့်လေ အရိပ်ကောင်းလေးဆိုသလို ရန်တိ၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအနေအထား မြင့်မားလာသည်နှင့်အမျှ အလယ်ပိုင်းကောင်းကင်ဒေသရှိ ‘ရန်’ အိမ်တော်သည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျော်ကြားသည့်စွမ်းအားစုတစ်ခု ဖြစ်လာခဲ့သည်။

ကျောက်ကျိုးနယ်မှ ‘ရန်’ အိမ်တော်က ဤသည်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သော်လည်း အလယ်ပိုင်းကောင်းကင်ဒေသ ‘ရန်’အိမ်တော်ကလည်း သူတို့၏ အသိအမှတ်ပြုခြင်းကို အရေးမစိုက်ခဲ့ပေ။

အလယ်ပိုင်းကောင်းကင်ဒေသ ၊ ‘ရန်’ အိမ်တော်၏ လက်ရှိအိမ်တော်သခင်မှာ ရန်ကျောက်ကဲ၏ ဖခင် “ရန်တိ” ဖြစ်၏။

သို့သော် ရန်တိက ဝါဒတောင်မှ အကြီးအကဲတစ်ယောက်ဖြစ်သဖြင့် ‘ရန်’ အိမ်တော်ထက် ဝါဒတောင်တွင်သာ အချိန်ကုန်ဆုံးလေ့ရှိသည်။ ‘ရန်’ အိမ်တော်သခင်ထက် ဝါဒတောင်၏ သိုင်းပညာဆက်ခံသူခန်းမ၏ အကြီးအကဲအဖြစ် လူသိများသည်။

ထို့ကြောင့် ‘ရန်’ အိမ်တော်၏ကိစ္စအဝဝကို အိမ်တော်ထိန်းဖြင့်သာ လွှဲအပ်ထားပြီး အရေးကြီးကိစ္စရှိမှသာ အိမ်တော်ထိန်းက ရန်တိကို တင်ပြလေ့ရှိသည်။

ရန်ကျောက်ကဲက...

“အိမ်တော်မှာ ဘာဖြစ်လို့လဲ”

အားဟူက ရွံလျှာစက်ဆုပ်ဟန်အမူအရာဖြင့်...

"နှုတ်မစောင့်တဲ့လူတချို့က အိမ်တော်သခင်ကို အရင်အိမ်တော်သခင်ဟောင်းရဲ့ သားအရင်းမဟုတ်ဘူးလို့ လျှောက်ပြောနေကြတာ ၊ သခင်လေးနဲ့ သခင်မကြီးကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း စော်ကားပုတ်ခတ်ကြသေးတယ်”

ထိုစကားကြောင့် ရန်ကျောက်ကဲက ဒေါသထွက်သွားခြင်းမရှိဘဲ အေးစက်စွာ ရယ်မောလိုက်သည်။

"ဒီကိစ္စက အတော်စိတ်ဝင်စားစရာကောင်းတာပဲ ၊ အဖေ ဝါဒတောင်ဂိုဏ်းချုပ်ဖြစ်သွားပြီး မျှော်လင့်ချက်တွေ အောင်မြင်သွားတဲ့အချိန်မှာ လူကြီးလူကောင်းမဆန်တဲ့နည်းလမ်းနဲ့ အချိန်ကိုက်ပြဿနာရှာတာပဲ”

“ဒီအခြေအမြစ်မရှိတဲ့ ကောလဟလတွေက ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို မပြောခင်... ဒါတွေက အမှန်ဖြစ်နေဦးတော့ ငါက အဖေ့ဘက်ကရပ်တည်ပြီး အထောက်အထားတွေဖျက်ဆီး ၊ ပဋိပက္ခမှန်သမျှကို ချေမှုန်းဖို့ ကူညီရမှာပဲ ၊ အဖေက စွမ်းအားမြင့်မားလာတာနဲ့အမျှ သူ့ရာထူးနေရာကလည်း အလယ်ပိုင်းကောင်းကင်ဒေသမှာ ပိုပြီးတည်ငြိမ်လာလိမ့်မယ် ၊ ရာထူးမြင့်လာသရွေ့ အကျိုးအမြတ်တွေလည်းများလာတဲ့အချိန်မှာ ဒီလိုပြဿနာမျိုး ဖန်တီးတာကတော့ သူတို့ဘက်က အတော်လေးကို တုံးတာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“ဒါပေမဲ့ သူတို့က အဲဒီလောက်လည်း တုံးတဲ့သူတွေ မဟုတ်နိုင်ဘူး ၊ ဒါက အဓိပ္ပါယ်တစ်ခုခု ရှိရမယ်”

“အဖေက ဝါဒတောင်ရဲ့ ယာယီဂိုဏ်းချုပ်ရာထူးကို ယူထားတော့ အလုပ်တွေများလွန်းလို့ အချိန်မအားနိုင်ဘူး ၊ ဒါပေမဲ့ အိမ်နောက်ဖေးမီးလောင်တဲ့ကိစ္စကတော့ လျစ်လျူမရှုနိုင်တဲ့ကိစ္စပဲ ၊ ကိုယ့်အိမ်တော်မတည်မငြိမ်ဖြစ်နေတာတောင် မထိန်းနိုင်တဲ့လူတစ်ယောက်က ဝါဒတောင်အရေးကိစ္စတွေကို ဘယ်လိုစီမံထိန်းချုပ်မလဲဆိုပြီး ပြောစရာဖြစ်လာလိမ့်မယ်”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ဆိုတော့... ဒီကိစ္စက အိမ်တော်ထိန်းနဲ့ လွှတ်ထားလို့ရတဲ့ ပြဿနာမဟုတ်ဘူး ၊ အဖေ့ရဲ့သားတစ်ယောက်အနေနဲ့ ငါကပဲ ဒီပြဿနာကို ဖြေရှင်းဖို့ အိမ်တော်ကို ပြန်ရလိမ့်မယ်”

ရန်ကျောက်ကဲက အေးစက်စွာပြုံးရင်း အဝေးသို့ လှမ်းကြည့်သည်။

“တကယ်တော့ မုန်တိုင်းမထန်ခင် ငြိမ်သက်နေတာမျိုးပါပဲ ၊ အခု ရန်သူက လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေပြီ”

***

All Chapters