ပြဿနာရှင်းဖို့အိမ်တော်သို့အပြန်
Vol. 19 Ch. 269
အားဟူက...
“ဒါက ရန်သူရဲ့ထောင်ချောက်ပဲ ၊ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က သခင်လေးကို လုပ်ကြံဖို့ပဲ”
ရန်ကျောက်ကဲက ညင်သာစွာဖြင့်...
“ဒါက ‘ရန်’ အိမ်တော်ရဲ့ ပြဿနာပဲ ၊ တခြားလူကိုင်တွယ်လို့ မသင့်တော်ဘူး ၊ အဖေမအားဘူးဆိုတော့ ငါပဲ အိမ်တော်ကို ပြန်ရမှာပေါ့”
အားဟူက ရန်ကျောက်ကဲကို ကြည့်ရင်း...
“သခင်လေး... ဒါဆို သခင်လေးက...”
“အိမ်တော်ကို ပြန်မယ်”
ရန်ကျောက်ကဲက ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးဟန်ဖြင့်...
“ဟုတ်တယ်... ငါ ပြန်မှဖြစ်မယ်”
လုပ်စရာရှိသည့်ကိစ္စအချို့ ရှင်းထုတ်ပြီးသည့်နောက် ရန်ကျောက်ကဲက ပန်ပန်အနားယူနေသည့် အနောက်ဘက်ခြံဝင်းဆီသို့ ရောက်လာသည်။
လဲလျောင်းအပျင်းထူနေသည့် ပန်ပန်သည် ရန်ကျောက်ကဲကိုမြင်သည်နှင့် ချက်ချင်း နိုးနိုးကြားကြားဖြစ်သွားပြီး ပျင်းရိဟန် မပေါက်တော့ပေ။
ရန်ကျောက်ကဲက ပန်ပန်ခေါင်းကို အသာပွတ်သပ်ရင်း အားဟူကိုမေးလိုက်သည်။
“အဖေရော ဒီကိစ္စ သိပြီးပြီလား”
အားဟူက...
“ဟုတ်ကဲ့... အိမ်တော်အကြီးအကဲလည်း သိပြီးပါပြီ”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...
“ကောင်းပြီ ဒါဆိုအဆင်ပြေတယ် ၊ အဖေက စီစဉ်စရာရှိတာတွေ စီစဉ်ပေးလိမ့်မယ် ၊ ငါတို့ အိမ်တော်ပြန်ကြရအောင်”
ဝါဒတောင်၏ တောင်ထွတ်တစ်ခုဖြစ်သော မြေပြင်ဆင်းသက်တောင်ထွတ်မှ ဆင်းလာပြီး ဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူနှင့်အားဟူတို့ ပန်ပန်ကို စီးနှင်ကာ ခရီးဆက်ခဲ့ကြသည်။
တုံးတုံးအအနှင့် ရိုးစင်းဟန်ရှိကာ ခန္ဓာကိုယ်ဝတုတ်သော ပန်ပန်သည် ခရီးနှင်သည့်အခါမှာတော့ လျှပ်စီးလက်သလိုလျှင်မြန်လှပြီး ခဏအတွင်း အလွန်ဝေးကွာသည့်နေရာသို့ ရောက်ရှိသွားသည်။
ပန်ပန်ကိုစီးနှင်ရင်း ရန်ကျောက်ကဲခန္ဓာကိုယ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူက အဝေးသို့ငေးရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။
သူက ခေါင်းငုံ့ပြီး ဘယ်ဘက်လက်ခုံကို ကြည့်လိုက်သည်။ လက်ခုံပေါ်မှ မိစ္ဆာသင်္ကေတက အလွန်မှန်ဖျော့နေပြီ ဖြစ်သည်။ သာမန်အခြေအနေဆိုလျှင် ပျောက်ကွယ်သွားရန် အချိန်သိပ်ကြာမည် မဟုတ်တော့ပေ။
အားဟူက ရန်ကျောက်ကဲလက်ခုံထက်မှ မိစ္ဆာသင်္ကေတကို တစ်ချက်လှမ်းကြည့်ရင်း...
“သခင်လေး ၊ ဒီတစ်ခေါက် နောက်ကွယ်ကကြိုးကိုင်တဲ့သူက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းလို့ထင်လား ၊ နေသူတော်စင်ဂိုဏ်းလို့ထင်လား”
ရန်ကျောက်ကဲက...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ဖြစ်နိုင်ချေ ပိုများတယ် ၊ နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အထိ စောင့်နေဦးမှာဆိုတော့ ပြင်းထန်တဲ့ထိုးဖောက်မှုတွေ လုပ်မှာ မဟုတ်သေးဘူး ၊ ဒါပေမဲ့...”
ရန်ကျောက်ကဲအကြည့်များ နက်ရှိုင်းသွားသည်။
“သူတို့ နှစ်ဖွဲ့လုံး သိထားတဲ့ကိစ္စတွေက မတူညီဘူး ၊ နေသူတော်စင်ဂိုဏ်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကြောင့် ငါတို့တွေ အပြင်းအထန်ခံရမယ့်အချိန်ကို စောင့်နေတာ ၊ ဒါမှ ဟွမ်ကွမ်လီတံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးရင်တောင် သူတို့အတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခု ရမှာလေ”
အားဟူက နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ရင်း...
“အဲဒီနှစ်ဖွဲ့တော့ ပူးပေါင်းမသွားလောက်ဘူး မဟုတ်လား”
ရန်ကျောက်ကဲက...
“သူတို့ ပူးပေါင်းလို့ မဖြစ်နိုင်ဘူးလေ ၊ နေသူတော်စင်ဂိုဏ်းက အဲဒီလောက်အထိ အောက်တန်းကျမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ လောဘတကြီး စောင့်နေကြတာ ၊ လေနယ်မြေမှာဖြစ်ခဲ့တဲ့ကိစ္စတွေနောက်ပိုင်း အချို့ကိစ္စတွေကို သိခဲ့ရတယ် ၊ လက်ရှိ ဒီကမ္ဘာမှာ ငရဲကိုးထပ်အကြောင်းသိတာကို မပြောဘူးဆိုရင်... နေသူတော်စင်ဂိုဏ်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အမြင့်ဆုံးနားလည်ထားတဲ့ တစ်ခုတည်းသောထိပ်သီးသိုင်းဂိုဏ်းတစ်ခုပဲ”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း ဆက်ပြောသည်။
“နှစ်ဖက်လုံးက အနက်ရောင်အိပ်မက်ဆိုးတောင်တန်းက အကြွင်းအကျန်တွေကိုတစ်ဖက်ဆီ ဆွဲထုတ်နေကြတာလေ ၊ ဒါပေမဲ့ အဲဒါကြောင့်ပဲ သူတို့ (၂)ဖွဲ့က အချင်းချင်းနားလည်လာတဲ့ လမ်းကြောင်းတစ်ခုကို တည်ဆောက်မှန်းမသိ တည်ဆောက်မိတာ ဖြစ်နိုင်တယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“... တစ်ယောက်ကိုတစ်ယောက် အသုံးချနေကြတာပေါ့ ၊ သူများဓားငှားပြီးလူသတ်တဲ့သဘောပဲ မဟုတ်လား”
ရန်ကျောက်ကဲက...
“အထောက်အထားတော့ မရှိသေးပါဘူး ၊ ဒါတွေက ငါ့ခန့်မှန်းချက်ပဲ ရှိပါသေးတယ်”
အလယ်ပိုင်းကောင်းကင်ဒေသရှိ ‘ရန်’ အိမ်တော်က ယွင်ကျန်းစီရင်စုတွင် တည်ရှိသည်။ ယွင်ကျန်းစီရင်စုက အလယ်ပိုင်းကောင်းကင်ဒေသ အနောက်တောင်ပိုင်းကျပြီး ဝါဒတောင်နှင့် အတော်လေး အလှမ်းဝေးသည်။
ပန်ပန်ကို စီးနှင်လာသည့်တိုင် အိမ်တော်သို့ပြန်ရောက်ရန်အတွက် ရန်ကျောက်ကဲ အချိန်အတော်ယူခဲ့ရသည်။
ယွင်ကျန်းစီရင်စုအတွင်း ဝင်ရောက်လာသည်နှင့် သူ့ကိုစောင့်နေသည့် လူတစ်ယောက်ကို တွေ့ရသည်။ ထိုသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည်။ သူ့နာမည်က ‘ရန်ဟယ်’ ဖြစ်၏။
ရန်ဟယ်ကို တွေ့သည်နှင့် ရန်ကျောက်ကဲက တခမ်းတနားဟန်ပန်များမလုပ်ဘဲ စကားဆိုသည်။
“ဦးလေး’ဟယ်’ ၊ ဘာတွေများဖြစ်ကြတာလဲ”
ရန်ဟယ်ကလည်း တခမ်းတနားမရှိဘဲ ရန်ကျောက်ကဲကို ရင်းရင်းနှီးနှီးပင် စကားဆိုရင်း ဦးဆောင်ခေါ်လာသည်။
“မကြာခင်ကပဲကွာ... မိသားစုညစာစားပွဲတစ်ခုမှာ စတုတ္ထဦးလေးက ထဖောက်တော့တာပဲ ၊ သူက စာတစ်စောင်ကို အားလုံးရှေ့မှာ ထုတ်ပြတယ် ၊ အဲဒီစာက ပထမဦးလေးမဆုံးခင်က ရေးခဲ့တဲ့စာပဲ ၊ စာမှာပါတဲ့အကြောင်းအရာတွေက ညီလေး’ရန်တိ’က ပထမဦးလေးရဲ့ သားအရင်းမဟုတ်ဘူးတဲ့ ၊ ငယ်ငယ်ထဲက ပထမဦးလေးက မွေးစားထားပြီး သူ့ဇစ်မြစ်ကဘာမှန်းမသိဘူးတဲ့”
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာ ပြောင်းလဲပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်စွာပင် နားထောင်နေသည်။
ရန်ဟယ်ပြောသည့် ပထမဦးလေးဆိုသူမှာ ရန်တိ၏ဖခင် ၊ ရန်ကျောက်ကဲ၏ အဘိုးဖြစ်သည်။ ကျောက်ကျိုးနယ်မှ ကောင်းကင်နယ်မြေသို့ ခရီးထွက်လာစဉ် လမ်းခရီးတွင် အသက်သေဆုံးခဲ့ရသည်။
ထိုအချိန်က ရန်တိသည်ပင် အသက်အရွယ် အလွန်ငယ်ရွယ်သေးလေရာ ရန်ကျောက်ကဲကတော့ ဤကမ္ဘာပေါ်သို့ ရောက်မလာသေးပေ။
ထို့နောက် ရန်ကျောက်ကဲ၏ အဘေး ၊ ရန်တိ၏ အဘိုးက မိသားစုတစ်ခုလုံးကို ကောင်းကင်နယ်မြေတွင် အခြေချနိုင်ရန် ဦးဆောင်ခဲ့ပြီး ရန်တိသည်လည်း ဝါဒတောင်မှတပည့်ဖြစ်လာကာ အဆင့်ဆင့်တက်လာပြီး ရာထူးနေရာများ ရရှိလာခဲ့သည်။
ယခင်အိမ်တော်သခင်ဖြစ်သူ ‘ရန်တိ’ ၏အဘိုးကွယ်လွန်ပြီးနောက် သူ၏သားများကို အိမ်တော်သခင်နေရာ ဆက်ခံခွင့်မပြုခဲ့ဘဲ မြေးဖြစ်သူ ရန်တိကို ဆက်ခံခွင့်ပြုခဲ့သည်။
ရန်တိ၏ တတိယဦးလေး ၊ စတုတ္ထဦးလေးနှင့် သတ္တမဦးလေးများသည် ယခုချိန်ထိ သက်ရှိထင်ရှား ရှိနေကြဆဲ ဖြစ်သည်။
ရန်တိက ဝါဒတောင်တွင်နေထိုင်စဉ် ကောင်းကင်နယ်မြေ ၊ ‘ရန်’ အိမ်တော်၏ ကိစ္စအဝဝကို တတိယဦးလေးဖြစ်သူက အိမ်တော်ထိန်းအဖြစ် တာဝန်ယူပြီး အခြား ဦးလေး (၂)ယောက်နှင့်အတူ ကိုင်တွယ်ဖြေရှင်းသည်။
ရန်ဟယ်က သက်ပြင်းချရင်း...
“စတုတ္ထဦးလေးက ဘာတွေတွေးနေမှန်းမသိဘူး ၊ ဒီကိစ္စကို သေသေချာချာစုံစမ်းပြီး လူတိင်းသိအောင် ထုတ်ဖော်ရမယ်လို့ချည်း ပြောနေတာ ၊ သူ့ကို ဘယ်သူမှ မနိုင်ဘူး ၊ တတိယဦးလေးနဲ့ သတ္တမဦးလေးကလည်း ညီလေး’ရန်တိ’ကိုပဲ သတင်းပေးတာလောက်ပဲ တတ်နိုင်တယ်”
‘ရန်’ အိမ်တော်၏ အသက်ကြီးပိုင်းအနည်းငယ်ထဲတွင် တတိယအဘိုးနှင့် စတုတ္ထအဘိုးတို့က အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များ ဖြစ်ကြပြီး သတ္တမအဘိုးကတော့ ဝိညာဉ်ခန္ဓာ အလယ်ဆင့် ဖြစ်သည်။
“အဖေက အခု ဂိုဏ်းရဲ့ ယာယီဂိုဏ်းချုပ်တာဝန်ယူထားရတော့ ကိစ္စအတော်များများနဲ့ အလုပ်ရှုတ်နေလို့ ပြန်မလာနိုင်ဘူး ၊ ဒါကြောင့် ပြဿနာအတိအကျသိရအောင် ကျွန်တော်ပဲ ပြန်လာခဲ့တာ”
ရန်ကျောက်ကဲက ခပ်တိုတိုပင် စကားဆိုသည်။
ရန်ကျောက်ကဲက အသက်ငယ်ရွယ်သော်လည်း ရန်တိ၏သားအရင်းဖြစ်သလို ဝါဒတောင်တွင် ရရှိထားသည့် ရာထူးနေရာကလည်း မနိမ့်ပါးပေ။ ထိုပြင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်လည်း ‘ဝါဒတောင်သခင်လေး’ အဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။
ထို့ကြောင့် ရန်အိမ်တော်မှအဘိုးများက သူ့ကို မြေးဆိုပြီးနှိပ်ကွပ်နိုင်ခြင်း မရှိပေ။
ရန်ဟယ်က...
“မင်း ပြန်လာတာကောင်းပါတယ် ၊ ဒီပြဿနာကိုသာ ဆက်မကြီးထွားအောင် အရင်ရှင်းစမ်းပါကွာ”
အိမ်တော်သို့ရောက်သည်နှင့် အထဲမဝင်ရသေးခင်မှာပင် တင်းမာသောအငွေ့အသက်များနှင့် ဓားရိပ်လှံငွေ့များကို ခံစားနေရပြီ ဖြစ်သည်။
ခေါင်းမော့ကြည့်လိုက်တော့ လေနှင့်တိမ်တိုက်များ ကောင်းကင်ထက်မြင့်တက်နေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများက နေရာတစ်ခုလုံး ဖုံးလွှမ်းနေသည်။ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက် ရင်ဆိုင်တိုက်ခိုက်နေသည်မှာ ထင်ရှားသည်။
များစွာသောအိမ်များနှင့် ခြံဝင်းများကို ဖြတ်ကျော်ပြီး အဓိကအိမ်တော်ကြီးထဲသို့ ဝင်လိုက်သည်နှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြသည့် အဘိုးအို (၂)ယောက်ကို တွေ့လိုက်ရသည်။ သူတို့မျက်နှာများက တင်းမာနေပြီး မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့ (၂)ယောက်လုံးနောက်တွင် ထောက်ခံအားပေးသူများ အသီးသီးရှိနေကြပြီးလက်ရှိ ‘ရန်’ အိမ်တော်တွင် ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပွားနေသည်မှာ အမှန်ပင်။
ရန်တိဘက်မှရပ်တည်သူတစ်ယောက်က တစ်ဖက်မှလူများကို ဒေါသတကြီးစိုက်ကြည့်ရင်း...
“မင်းတို့အားလုံး ရူးသွားပြီလား ၊ အိမ်တော်သခင် ပြန်လာတဲ့အထိ မစောင့်ဘဲ အခုလိုလုပ်နေရတဲ့ရည်ရွယ်ချက်က ဘာလဲ”
တစ်ဖက်မှလူကလည်း ချက်ကျလက်ကျ ပြန်ငြင်းသည်။
"ရန်တိက သားအရင်းမဟုတ်ဘူးဆိုရင် အိမ်တော်သခင်နေရာကို မရထိုက်ဘူး"
သူက ဆက်ပြောသည်။
"အဲဒီတုန်းက ငါတို့မိသားစုတစ်ခုလုံး ကောင်ကင်နယ်မြေကိုပြောင်းလာတော့... ရန်တိမိဘနှစ်ပါးလုံးဆုံးပါးသွားပြီး သူက မိဘမဲ့အဖြစ်နဲ့ကျန်ခဲ့တာ ၊ အဲဒီတုန်းက အဖြစ်အပျက်တွေကို ဘယ်သူမှ အတိအကျ မသိနိုင်ဘူး ၊ အခု အိမ်တော်အကြီးအကဲဟောင်းဆီ သူ့အဖေရေးခဲ့တဲ့စာကိုတွေ့ရလို့ ဒီကိစ္စရဲ့အမှန်တရားက ထွက်ပေါ်လာပြီ ၊ ရန်တိက 'ရန်' မျိုးနွယ်အစစ်မဟုတ်ဘူး"
"ပြီးတော့.. အဲဒီတုန်းက သူ့မိဘတွေ ဆုံးသွားတယ်ဆိုတာလည်း သူ့အကြောင်းပေါ်သွားမှာစိုးလို့ သူကိုယ်တိုင်လုပ်ကြံလိုက်တာလည်း ဖြစ်နိုင်တာပဲလေ ၊ ဘယ်သူသိနိုင်မှာလဲ"
ရန်တိဘက်မှလူက ဒေါသတကြီးရယ်မောရင်း...
“သူက အိမ်တော်သခင်နေရာကို သူ့အရည်အချင်းနဲ့သူ ရတာလေ ၊ အိမ်တော်အကြီးအကဲဟောင်းကိုယ်တိုင် သူ့အရည်အချင်းကို သဘောကျလို့ ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တာ ၊ သူ ဝါဒတောင်ကိုရောက်ပြီးတဲ့နောက် ကောင်းကင်ထက်ကို တိမ်တစ်စလို့ မြင့်တက်သွားတယ် ၊ အိမ်တော်သခင်က ငါတို့ ‘ရန်’ အိမ်တော်ရဲ့ အရှိန်အဝါကို တစ်ချက်မှအသုံးမချဘဲ သူ့အစွမ်းသူ့အစနဲ့ ကြိုးစားခဲ့တာ ၊ ပြောရရင် သူ ဝါဒတောင်မှာ ရာထူးနေရာတွေရလာတော့ သူ့ကြောင့် ငါတို့အိမ်တော်ကတောင် အကျိုးအမြတ်တွေအများကြီး ရခဲ့တယ်မဟုတ်လား”
သူကဆက်ပြောသည်။
“မင်းတို့က ဘာတွေကို မကျေမနပ်ဖြစ်နေကြတာလဲ ၊ ဘာလဲ... အိမ်တော်သခင်က စည်းကမ်းတင်းကျပ်လို့လား ၊ ဒါမှမဟုတ် သူရရှိထားတဲ့ အောင်မြင်မှုနဲ့ အခွင့်အာဏာတွေကို မနာလိုဖြစ်နေကြတာလား”
ထိုစကားကိုကြားတော့ တစ်ဖက်မှလူက အေးစက်သည့်လေသံဖြင့်...
“ရန်တိ မှားလားမှန်လားတွေ ပြောမနေနဲ့ ၊ သူ့မိဘတွေ ဘာလို့သေဆုံးရသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် အရင်စုံစမ်းရမယ် ၊ ပြီးတော့ သူ့ရဲ့ဇာစ်မြစ်ကိုလည်း သိအောင်လုပ်ရမယ် ၊ ဘယ်ကရောက်လာမှန်းမသိတဲ့လူတစ်ယောက်က အိမ်တော်အကြီးအကဲဖြစ်နေတာ... တကယ်တော့ ရယ်စရာကောင်းလွန်းတယ်”
သူက ဆက်ပြောသည်။
“သူ့သားရန်ကျောက်ကဲလည်း အတူတူပဲ ၊ သူ့အမေ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး ၊ သူလည်း ဘယ်ကရောက်လာလဲဆိုတာ ဘယ်သူသိနိုင်...”
ထိုသူ၏စကားမဆုံးခင်မှာပင် ပုံရိပ်တစ်ခု ထိုသူ့ရှေ့သို့ လှစ်ခနဲ ရောက်လာသည်။
အခြားသူမဟုတ် ၊ ရန်ကျောက်ကဲပါပေ။
ရန်ကျောက်ကဲက မည်သူ့ကိုမှအရေးမစိုက်ဟန် ပြုံးလိုက်ရင်း...
“မင်းတို့ကို ဒီလိုဖြစ်အောင် တွန်းအားပေးနေတဲ့သူ ဘယ်သူလဲဆိုတာ ငါ အရမ်းစိတ်ဝင်စားနေပြီ”
ရန်ကျောက်ကဲကို ရုတ်တရက် တွေ့လိုက်သည့်အခါ ထိုသူက စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ရင်း...
“ရန်ကျောက်ကဲ... မင်းရောက်လာတာ အချိန်ကိုက်ပဲ ၊ အိမ်တော်ဘိုးဘေးတွေက မင်းကို စစ်ဆေးမေးမြန်းစရာတွေ ရှိနေတယ်”
“ဘန်း”
ထိုသူ တစ်ချက်တည်းပင် နောက်သို့လွင့်ထွက်သွားသည်။
ရန်ကျောက်ကဲက သူ၏ခြေကန်ချက်ကို ပြန်လည်ရုတ်သိမ်းရင်း...
“ငါ မေးတဲ့မေးခွန်းကို ဖြေတာကလွဲပြီး ငါ့ကို ဘာသောက်မေးခွန်းမှ မေးပိုင်ခွင့်မရှိဘူး”