← Chapters

လရောင်ဖြာ ဧကရီ

Vol. 100 Ch. 1387

လရောင်ဖြာ ဧကရီ

Vol. 100 Ch. 1387

“ကျုပ် မေးခွန်းကို လိမ်လိမ်မာမာ ဖြေရင် ခင်ဗျား အသက်ကို ချမ်းသာပေးဖို့ စဉ်းစားမယ်လို့ ကျုပ် ပြောထားတယ်နော်”

ဝေ့ဝူယင်က အပြုံးတစ်ခုကို ဖော်ထုတ်လိုက်၏။ သို့သော်လည်း ထိုအရာက အပြုံး မဟုတ်ပါချေ။ ကြယ်တာရာ နယ်မြေ အတွင်း ကျူးကျော်ခြင်း၊ လဂြိုဟ်များအား ချိပ်ပိတ်ဖို့ ကြိုးပမ်းခြင်း စသည်တို့ပင်လျှင် လွယ်လင့်တကူ ခွင့်လွှတ်နိုင်သည့် ကိစ္စများ မဟုတ်ချေ။ သူမ၏ ရည်ရွယ်ချက်များကို စူးစမ်း ဖော်ထုတ်လိုခြင်းကြောင့်သာ မဟုတ်ပါက သူ ဝူယုနှင့် အခြား မြေကြီး ရှန့်ထိုများကို အမိန့်ပေးကာ သူမကို ဖမ်းခိုင်းလိုက်ပြီ ဖြစ်သည်။

လရောင်ဖြာ ဧကရီ ပြုတ်ကျမှုကြောင့် ဖြစ်ပေါ်လာသည့် တွင်းပေါက်နားသို့ ဝေ့ဝူယင် တည်ငြိမ်သည့် ခြေလှမ်းများနှင့် ချဉ်းကပ်လာခဲ့၏။

"..."

လရောင်ဖြာ ဧကရီ၏ ခန္ဓာကိုယ်က အပေါ်သို့ ပြန်လည် ပျံတက်လာခဲ့သည်။ သူမ၏ မျက်ဝန်းများက လရောင် အလင်းများနှင့် တောက်ပနေကာ လျှို့ဝှက် စွမ်းအင်ကို ညင်သာစွာ ထုတ်ဖော်လာခဲ့သည်။ အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားက အသက်ဝင်လာကာ သူမ မျက်နှာထက်ရှိ ဒဏ်ရာမှာ ပြန်လည်၍ ကောင်းလာခဲ့၏။ ကျိုးသွားသည့် သွားပင်လျှင် ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူမ မျက်ဝန်း အတွင်း ဖြစ်ပေါ်နေသည့် ဖီဆန်လိုမှုနှင့် ခိုင်မာသော ဆန္ဒတို့ကို ဝေ့ဝူယင် သတိထားလိုက်မိသည်။

ဝေ့ဝူယင် ဆက်လက်၍ ချဉ်းကပ်လာခဲ့၏။ ခြေလှမ်းတိုင်း၌ သူ့ ခန္ဓာကိုယ်က ရှေ့သို့ မီတာပေါင်း များစွာ ရွေ့လျားသွား နေခဲ့သည်။ လရောင်ဖြာ ဧကရီ၏ ခြိမ်းခြောက်မှုများကို လျစ်လျူကာ ဝေ့ဝူယင် သတိပေးဖို့ ကြိုးပမ်းလိုက်၏။

“ခင်ဗျားက အခု ကျုပ်ရဲ့ ကြယ်တာရာ နယ်မြေထဲမှာ ရှိနေတာနော်... သေသေချာချာ စဉ်းစားပါ... ကောင်းကောင်းမွန်မွန် စကားပြောမလား... ဒါမှမဟုတ်...”

ယခုတစ်ကြိမ်လည်း ဝေ့ဝူယင် စကားမဆုံးလိုက်ပါချေ။ ဝိညာဉ် အင်အား တစ်ခုမှာ ရှေးဟောင်း သလင်းကျောက်လဆီမှ ပေါက်ကွဲ ထွက်ပေါ်လာကာ မြေမျက်နှာပြင် တစ်ခုလုံး တုန်ရီ သွားစေခဲ့လေသည်။

ဝိညာဉ် အစီအရင် တစ်ခု...

၎င်းက သူ့ထံကို ဦးတည်နေခြင်း မဟုတ်ချေ။ ထို့အစား... မြေကြီး အတွင်းမှ လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် သက်ရောက်နိုင်သည့် လှိုင်းတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။ လရောင်ဖြာ ဧကရီက ထိုအခွင့်အရေးကို ယူကာ သူမ၏ ကျင့်ကြံခြင်းကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

လမ်းစဉ် ခြောက်ခု...

၎င်းက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ စံနှုန်းအရ ဆိုလျှင် ကြောက်မက်ဖွယ် ကျင့်ကြခြင်း အခြေခံ တစ်ခု ဖြစ်စည်။ သူမက ဓားတစ်လက် ကျန်းကျင်းရှီထက်ပင် တစ်ဆင့်သာ နိမ့်ပေသည်။

လရောင်ဖြာ ဧကရီ၏ အစီအစဉ်က ရိုးရှင်းသည်။ ဝင်လာသမျှ မည်သည့် မြေကြီး ရှန့်ထိုကို မဆို ဟန့်တားကာ ဝေ့ဝူယင်ကို အပြည့်အဝ ထိန်းချုပ်ဖို့ ဖြစ်ပေသည်။ သူမ၏ လက်ရှိ ခွန်အား အရ ဝေ့ဝူယင် လက်အောက်ရှိ မြေကြီး ရှန့်ထိုများကို ယှဉ်တိုက်ဖို့ မဖြစ်နိုင်ပါချေ။ အထူးသဖြင့် နဂါးခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထိုနှင့် ဝူယုတို့ပင်။

လရောင်ဖြာ ဧကရီ၏ အတွေးက မမှားပါချေ။ ဂရုတစိုက် ဖုံးကွယ်ထားခဲ့သည့်တိုင် ဝေ့ဝူယင်မှာ သူမကို ရှာတွေ့ခဲ့ပြီး ဖြစ်သည်။ ထိုအရာက သူမ၏ ဖုံးကွယ်ခြင်း ကျင့်စဉ်မှာ သိပ်မထိရောက်ခဲ့ကြောင်း ဖော်ပြနေပေသည်။ လရောင်ဖြာ ကြယ်တာရာ နယ်မြေမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် အလွန် ဝေးကွာသည့် နေရာ တစ်ခု၌ ရှိနေပေသည်။ သူမ အနေဖြင့် ထိုနေရာသို့ ပြန်လိုပါက စိတ်ချရသည့် ဓားစာခံ တစ်ယောက်ကို လိုအပ်သည်။

ဝေ့ဝူယင်မှာ သေမျိုးတစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အာဏာရှင် အင်ပါယာ ဆိုသူလည်း ဖြစ်သည်။ ထိုလူငယ်မှာ သူမအတွက် အကောင်းဆုံးသော ပစ်မှတ်ပင် ဖြစ်ပေသည်။ စောစောပိုင်းက ဝေ့ဝူယင်၏ လက်ဝါးရိုက်ချက်မှာ သူမကို အံ့အားသင့်စေသည့်တိုင် ထိုအရာက သူမ သတိလက်လွတ် ဖြစ်သွားခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် လက်ရှိ အချိန်ထိ လျှို့ဝှက် စွမ်းအင် တစ်စကိုမျှ သူမ မသုံးရသေးချေ။

လရောင်ဖြာ ဧကရီ၏ ရည်ရွယ်ချက်ကို မြင်နိုင်သည့်တိုင် ဝေ့ဝူယင် နည်းနည်းလေးမျှ နောက်ဆုတ်ဖို့ စိတ်ကူး မရှိပါချေ။ သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရာ ဖီဆန်ပေါက်စမှာ အလွန် လှပသော အလင်းတန်းများနှင့် စတင်ကာ တောက်ပလာခဲ့၏။ ၎င်း၏ အရောင်က အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှလေရာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေအတွင်း မှီတင်း နေထိုင်ကြသူများ အားလုံး အံ့အားသင့် သွားကြလေတော့သည်။

ရောင်စဉ် အလင်းတန်းများမှာ ရှေးဟောင်း သလင်းကျောက်လထက်သို့ နှိုင်းယှဉ်၍ မရနိုင်လောက်သော တိကျမှုမျိုးနှင့် ကျဆင်းလာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် လရောင်ဖြာ ဧကရီမှာ သူမ၏ အသက်ရှင်သန်ရေး အတွက် ရုန်းကန် တိုက်ခိုက်မှုကို စတင်ခဲ့ပြီ ဖြစ်လေသည်။

ဘုန်း...

လရောင် စွမ်းအားက ပေါက်ကွဲ ထွက်ပေါ်လာကာ သူမမှာ ဝေ့ဝူယင်ထံသို့ နောက်တစ်ကြိမ် အရှိန်အဟုန် ပြင်းစွာ တိုးဝင်လာခဲ့၏။

"ဟမ်..."

ထိုအခိုက်အတန့်တွင်ပင် လရောင်ဖြာ ဧကရီမှာ ကမ္ဘာလောကကြီး တစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ ရှေးဟောင်း သလင်းကျောက် တစ်ခုလုံးမှာ ဖြည်းညင်းစွာ တောက်ပလာနေသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ သူမ၏ အရှေ့ မီတာ အနည်းငယ်မျှ အကွာအဝေးတွင် ရှိနေပေသည်။ ၎င်းက မြေကြီး ရှန့်ထို တစ်ယောက် အတွက် မပြောပလောက်သည့် အကွာအဝေး ဖြစ်သည်။ သူမ နှောင့်နှေးခြင်း မပြုပါချေ။ လက်ဝါးကို ဝေ့ဝူယင်၏ ထျန်းတျန် ရှိရာထံ ဦးတည်ကာ ရိုက်ချလိုက်၏။ သူမ၏ ရည်ရွယ်ချက်က ရှင်းပေသည်။ ဝေ့ဝူယင်၏ ကျင့်ကြံခြင်းကို လှုပ်ရှားမှု တစ်ခုတည်းဖြင့် ချိပ်ပိတ်ပစ်ဖို့ ဖြစ်ပေသည်။

ရုတ်တရက် အချိန်က ရပ်တန့်သွားသလို လရောင်ဖြာ ဧကရီ ခံစားလိုက်ရသည်။ ငွေရောင် မျက်လုံးများနှင့် သေမျိုးလူငယ်၏ လက်က သူမ ပါးထက်သို့ ဖြည်းညင်းစွာ ကျဆင်းလာနေသည်ကို မြင်တွေ့ နေရ၏။ ထို့နောက် ပထမ တစ်ကြိမ် ထိမှန်ခဲ့သည့် နေရာထံသို့ အတိအကျ အတိုင်း...

ဖောင်း...

မယုံကြည်နိုင်သော ခံစားချက်များနှင့် အတူ ခန္ဓာကိုယ်က ဒုတိယ အကြိမ်မြောက် ချာလပတ် ဝှေ့ယမ်းရင်း နောက်သို့ လွင့်စဉ် သွားသည်ကို လရောင်ဖြာ ဧကရီ ခံစားလိုက်ရပြန်လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူမမှာ အမှောင် ဟင်းလင်းပြင် အတွင်းကို လွင့်စဉ် သွားခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း ဝေးကွာသွားသည့် လ၏ မျက်နှာပြင်နှင့် အမှောင် ဟင်းလင်းပြင်ကို တစ်လှည့်စီ မြင်တွေ့လိုက်ရလေ၏။

ယခုတစ်ကြိမ်တွင်တော့ သုံးလေးကြိမ်မျှသာ မကချေ။ သူမမှာ ကိုးပတ်တိတိ လည်ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ ဘယ်ဖက် ပါးပြင်ထက်တွင်တော့ လက်ဝါးရာ တစ်ခု စွဲထင်နေခဲ့၏။ သေချာစွာ စစ်ဆေးကြည့်လိုက်သော အခိုက်၌ ပါးရိုးပါ ကျိုးသွားကာ သွားအများအပြားလည်း မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

ရှေးဟောင်း သလင်းကျောက်လကတော့ ဖီဆန်ပေါက်စလေး၏ နေအလင်း အကာအကွယ် အောက်တွင် မတုန်မလှုပ် တည်ငြိမ်စွာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ အကာအကွယ်က မြေကြီး ရှန့်ထို တစ်ယောက် ပင်လျှင် လှုပ်ရှားအောင် မလုပ်နိုင်သည့် အဆင့်တစ်ခု အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်း သလင်းကျောက်လထက်ရှိ လူများမှာ လမျက်နှာပြင်ထက်၌ ငွေရောင် အလင်းလွှာ တစ်ခု ပေါ်လာသည်ကို ကြည့်ကာ အံ့ဩသွားကြ၏။ သို့သော်လည်း ၎င်းက နှိုင်းယှဉ်၍ မရနိုင်အောင် သိမ်မွေ့ကာ သူတို့ ခန္ဓာကိုယ်များ အတွင်း တိုးဝင်၍ ကျင့်ကြံခြင်း ဝိညာဉ်များကို တိုးမြှင့်ပေးနေသည်။ ထိုနည်းဖြင့် သူတို့၏ ကျင့်ကြံခြင်း အခြေခံများမှာ မယုံကြည်နိုင်လောက်အောင် တိုးတက်လာနေခဲ့လေသည်။

များလှစွာသော လူသားများ၊ အယ်ဗန်များနှင့် သားရဲများမှာ သူတို့ ရောက်ရှိနေသည့် နေရာများ၌ ထိုင်ကာ စတင်၍ ကျင့်ကြံကြတော့၏။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ကျေးဇူးတော်ကို သူတို့ စိတ်ထဲမှ အကြိမ်ကြိမ် ချီးမြှောက်လိုက်မိကြသည်။ သို့သော်လည်း... ရှေးဟောင်း သလင်းကျောက်လ တစ်ခုလုံး လရောင်ဖြာ ဧကရီကြောင့် ပြိုကွဲလုနီးနီး ဖြစ်သွားခဲ့သည့် အဖြစ်ကိုတော့ သူတို့ သိရှိခြင်း မရှိလိုက်ပါချေ။

ဝေ့ဝူယင် ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ရှေးဟောင်း သလင်းကျောက်လ တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ လောကချည်နှောင် ကြယ်တာရာ နယ်မြေ၏ အကာအကွယ် အောက်တွင် အရာအားလုံး တည်ငြိမ်နေသည်ကို သတိပြုမိသော အခါတွင်မှ သူက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင် အတွင်း တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့လေသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း၌...

ဖီဆန်ပေါက်စလေး၏ ရောင်ခြည် အလင်းတန်းများမှာ လပေါင်း ရှစ်ဆယ့်တစ်စင်းနှင့် ဂြိုဟ်ပေါင်း လေးဆယ့်ကိုးခုကို လွှမ်းခြုံကာ အလင်းပေးလျှက် ရှိပေသည်။ အရာအားလုံးက ငြိမ်းချမ်းနေကာ ပုံမှန်အတိုင်း ဆက်လက် စီးဆင်းလျှက် ရှိပေသည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ချို့သာလျှင် အကာသ အတွင်း၌ ပုံမှန် မဟုတ်သည့် လှုပ်ရှားမှု တစ်ချို့ ရှိနေကြောင်း သတိထားမိကြပေသည်။ သို့သော်လည်း... သူတို့ သွားရောက် စုံစမ်းခြင်း မပြုကြချေ။ အာဏာရှင် အင်ပါယာ ကိုယ်တိုင် လှုပ်ရှားနေလေရာ သူတို့ အထူးတလှယ် လှုပ်ရှားဖို့ မလိုအပ်ပါချေ။

“အား...”

လရောင်ဖြာ ဧကရီမှာ လည်ချောင်းထဲမှ ထူးဆန်းသည့် အသံတစ်ခုကို ထုတ်လွှတ်ရင်း လရောင် စွမ်းအားနှင့် မန်နာ ထိန်းချုပ်နိုင်စွမ်းကို အသုံးပြုကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းလိုက်သည်။ နောက်ဆုံး ခန္ဓာကိုယ် ရပ်တန့်သွားသော အချိန်၌ သူမ၏ လှပသော မျက်ဝန်းများမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေခဲ့လေတော့၏။

ဖီဆန်ပေါက်စလေးမှ ထုတ်လွှတ်နေသည့် ငွေရောင် အလင်းတန်းများကို လှမ်းကြည့်ရင်း သူမ၏ နှလုံးသားက တုန်လှုပ် သွားခဲ့သည်။ မည်သည့် ဝင်္ကပါ၊ အစီအရင်ကိုမှ သူမ အာရုံ မခံမိပါချေ။ ထိုအချင်းအရာက နေကြယ် တစ်စင်း အပေါ် သူမ၏ နားလည်ထားမှုများကို ပြောင်းလဲပစ်နေပေသည်။ မည်သည့် ဝင်္ကပါ အထောက်အပံ့မှ မပါပဲ နေကြယ်တစ်စင်းမှာ ဂြိုဟ်များ၊ လများကို မည်ကဲ့သို့ ကာကွယ်ပေးနိုင်သနည်း။

မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း စဉ်းစားလို့ မရနိုင်ခင်မှာပင် ငွေရောင် မျက်လုံးမျးနှင့် လူငယ်မှာ သူမနှင့် မီတာ ဒါဇင် အနည်းငယ်ခန့် အကွာအဝေးတွင် ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူက အေးစက်စက် အပြုံးတစ်ခုကို ဆင်မြန်းထား၏။

“ငါ မင်းကို ဒုတိယ အကြိမ်မြောက် သတိပေးနေတာ... တတိယ တစ်ကြိမ် ရှိမှာ မဟုတ်ဘူး”

"..."

လရောင်ဖြာ ဧကရီက ဘာမှ ပြန်မပြောပဲ အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားကို သုံးကာ မျက်နှာထက်ရှိ ထိခိုက် ပျက်စီးမှုများကို ကုသလိုက်သည်။ ထိုအချက်က သူမမှာ ရုပ်ရည်ကို အလွန်ပင် အလေးထားသူ တစ်ယောက် ဖြစ်ကြောင်း ထင်ရှားစေသည်။ သို့သော်လည်း... သက်တမ်း နှစ်ရာမျှ လျော့ကျသွားသည်ကို သတိထားမိသော အခိုက်၌ သူမ၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။

ဝေ့ဝူယင်၏ တိုက်ခိုက်မှုများမှာ သာမည အချိန် ဥပဒေသကို ထိန်းသိမ်းထားလေရာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို ပြန်လည် အသက်သွင်းဖို့ပင် ခက်ခဲပေသည်။ ထို့ကြောင့်ပင် လရောင်ဖြာ ဧကရီ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အသေးစား‌ ဒဏ်ရာ ကုသခြင်း နှစ်ကြိမ်နှစ်ခါ အတွက်ပင် သက်တမ်း နှစ်ရာခန့်ကို စတေးခဲ့ရခြင်း ဖြစ်လေသည်။

“နင်က ဘယ်သူလဲ...”

ပထမဆုံး အကြိမ် အဖြစ် လရောင်ဖြာ ဧကရီက စကားပြောလိုက်၏။ သူမ၏ အသံက ချိုမြိန် အိစက်နေကာ ကြားရသူတိုင်းကို နားအတွင်း ပျားရည်ချိုများ စီးဝင်သွားသကဲ့သို့ ခံစားရစေသည်။ ပုံမှန် ယောက်ျားများ အတွက်တော့ ၎င်းက အသက်ကိုပင် ပေးစွန့်ဖို့ ဝန်မလေးစေနိုင်သည့် အသံမျိုး ဖြစ်သည်။

“ဂျိုးငှက်နီမြို့ ဝေ့ကလန်က ဝေ့ဝူယင်... ဒီအာရုဏ်ဦး ကြယ်တာရာ နယ်မြေရဲ့ အာဏာရှင် အင်ပါယာ... ချိပ်ပိတ် နယ်မြေရဲ့ သေမျိုး အဂ္ဂိရတ် ရှန့်ထို... ကျုပ် အကြောင်းက အဲဒါ အကုန်ပဲ... ခင်ဗျားကရော ဘယ်သူလဲ... လရောင်ဖြာ ဧကရီဆိုတာ ကျုပ် သိပြီးသား... ကျုပ်ကြားချင်တာက ဘာလဲ ဆိုတာ ခင်ဗျား နားလည်မှာပါ”

***

All Chapters