ထူးဆန်းသော စွမ်းအား
Vol. 100 Ch. 1388
“...”
လရောင်ဖြာ ဧကရီ၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။ သူမ၏ မျက်လုံးများက မသေချာ မရေရာမှု၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် သွားခဲ့သည်။
သေမျိုး အဂ္ဂိရတ် ရှန့်ထို...
ထိုအသုံးအနှုန်းကို သူမ တစ်ခါမှ မကြားခဲ့ဖူးချေ။ ၎င်းက ဘာကို မဆိုသနည်း။ သေမျိုး အဂ္ဂိရတ် အာဏာရှင်နှင့် အဂ္ဂိရတ် ရှန့်ထို ကြားထဲက အဆင့်တစ်ခုလော။
“ခင်ဗျားက တော်တော် တည်ငြိမ်နေတာပဲ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ အချိန်မရွေး အဖမ်းခံရနိင်သည့် အခြေအနေ တစ်ခုအတွင်း ကျရောက်နေသည့်တိုင် သူမ၏ အမူအရာက အလွန် တည်ငြိမ်နေဆဲ ဖြစ်သည်။
ထိုယုံကြည်မှုက မည်သည့် နေရာမှ လာသနည်း။ လမ်းစဉ် ခြောက်ခု မြေကြီး ရှန့်ထို ဆိုသည့် အဆင့်အတန်းမှ လာသလော။ မှန်ပေသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ကျင့်ကြံခြင်း စံနှုန်းများ အရ ဆိုလျှင် သူမမှာ အစွမ်းထက်သည်။ သို့သော်လည်း သူ့ မျက်လုံးထဲတွင်တော့ ၎င်းက ထူးခြားခြင်း မရှိချေ။ လရောင်ဖြာ ဧကရီ ကိုယ်တိုင်လည်း ကျန်းကျင်းရှီ၏ ကံကြမ္မာကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်ပေသည်။
"..."
မိန်းကလေးက အကြောင်းမပြန်ပါချေ။ ထို့အစား ဝိညာဉ် အာရုံကိုသာ မိုင်သိန်းပေါင်းများစွာ ဖြန့်ကျက်လိုက်၏။ ထိုအခါ အဝေးဆီတွင် လျှို့ဝှက် အော်ရာ ဖျော့ဖျော့ကို တွေ့မြင်လိုက်ရလေသည်။
သူမက ထိုအရပ်သို့ လှည့်ကာ နူးညံ့စွာ ဆိုလိုက်၏။
“ကျွန်မကို ကူညီပါရှင်...”
“...”
ဝေ့ဝူယင် အံ့အားသင့်သွားကာ ထိုအရပ် မျက်နှာသို့ လှည့်ကြည့်လိုက်၏။ ထိုနေရာ၌ ရှိနေသည့် မည်သူ မဆို လရောင်ဖြာ ဧကရီ ယုံကြည်ချက် ရှိနေခဲ့ရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ချက်ချင်းပင် သူ့ မျက်လုံးများမှာ မသေချာ မရေရာသည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့လေ၏။ အဝေးရှိ ပုံရိပ်မှာလည်း အလားတူပင် အံ့ဩသွားသည့်ပုံ ပေါ်သည်။
အဘယ်ကြောင့်နည်း။
လရောင်ဖြာ ဧကရီ စကားပြောလိုက်သည့် ပုဂ္ဂိုလ်မှာ အခြားလူ မဟုတ်ပဲ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဖြစ်နေခဲ့သောကြောင့်ပင်။
“ငါကလား...”
ဝူယုက သူ့ကိုယ်သူ လက်ညိုးဖြင့် ထိုးရင်း မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေ၏။ ဝေ့ဝူယင် ရှေးဟောင်း သလင်းကျောက်ပေါ် ဆင်းသက်သွားသည့် အချိန်က စလို့ ဝူယုမှာ အဝေးဆီမှ ထိုဖြစ်ရပ် တစ်ခုလုံးကို စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် တစ်ခုခု ဖြစ်ပါက ဝင်ရောက် ကူညီဖို့ သူ အသင့်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် လွန်ခဲ့သည့် နှစ်လကျော်ခန့်တည်းက ထိုမိန်းမကို သူ ကိုယ်တိုင် ဖမ်းယူကာ ဝေ့ဝူယင်လက်သို့ အပ်ချင်နေခဲ့ခြင်း ဖြစ်သည်။
“...”
သို့သော်လည်း ယခုတွင်တော့ သူမက သူ့ကို ကူညီဖို့ တောင်းဆိုလာခဲ့သည်။ သူက ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်းဆိုတာ ထိုမိန်းမ မသိသည်လား။ သို့တည်းမဟုတ် သူတို့ နှစ်ယောက်ကြားတွင် အထင်အမြင် လွဲအောင် ဖန်တီးနေသည်လား။
“...”
ဝေ့ဝူယင်သည်လည်း ဝူယု ကဲ့သို့ပင် ဆွံ့အ နေခဲ့၏။ သူ၏ အဂ္ဂိရတ် သူရဲကောင်းနှင့် ထိုမိန်းမတို့ အကြားတွင် မည်သည့် အဆက်အစပ်ကိုမှ သူ ရှာမတွေ့ပါချေ။ သူနှင့် ဝူယုတို့၏ ဆက်ဆံရေးမှ အလွန် ပွင့်လင်းသည်။ သူတို့ကြား၌ ဖုံးကွယ်ထားသည့် အရာ အလွန်နည်းသည်။ ထို့အပြင်... ဝူယု၏ ပင်ကိုယ်စရိုက် အရ သူနှင့် လရောင်ဖြာ ဧကရီတို့ အကြား၌ ဆက်ဆံရေး တစ်ခု ရှိသည် ဆိုလျှင် ဖုံးကွယ်ထားလိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင် လရောင်ဖြာ ဧကရီကို ပြန်လည်၍ ကြည့်လိုက်၏။ သူမ၏ အမူအရာက တည်ငြိမ်ကာ ယုံကြည်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ မိန်းကလေးမှာ ဝူယု လှုပ်ရှားလာမည့် အချိန်ကို စောင့်ဆိုင်းနေသည့်ပုံ ရသည်။
ဝေ့ဝူယင်၏ အတွေးများမှာ အလွန် လျှင်မြန်စွာ ပြေးလွှား နေခဲ့၏။ သူ့စိတ်အတွင်း ပေါ်လာသည့် ပထမဆုံးသော အကြံက ဝူယုကို လရောင်ဖြာ ဧကရီနှင့် ပူးပေါင်းစေဖို့ ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းမှာ သူမထံမှ ယုံကြည်မှုကို ရရှိကာ လျှို့ဝှက်နှင့် ရည်ရွယ်ချက်များကို ပူးပေါင်း ဖော်ထုတ် နိုင်လိမ့်မည် ဖြစ်သည်။
“မဟုတ်သေးဘူး...”
ရုတ်တရက် ဝေ့ဝူယင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်နည်း။ ဒုက္ခ အကြီးအကျယ် ရောက်တော့မှာ မလို့ပင်။
သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ မူလ နေရာမှ ပျောက်ကွယ်သွားကာ လရောင်ဖြာ ဧကရီ ရှေ့တွင် ရုတ်ချည်းပင် ပြန်လည် ပေါ်လာခဲ့၏။
မိန်းကလေးမှာ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။ သို့သော်လည်း... တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ပါးပြင်ထက်မှ နာကျင်သည့် ခံစားချက် တစ်ခုကို သူမ ခံစားလိုက်ရလေ၏။
ဖောင်း...
တတိယ အကြိမ်မြောက် အဖြစ် သူမ၏ ခန္ဓာကိုယ်က ချာလပတ်လည် ဝှေ့ယမ်းရင်း မိုင်သောင်းပေါင်း များစွာတိုင်အောင် လွင့်စဉ် သွားခဲ့ပြန်သည်။
ဝူယုမှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ ဝေ့ဝူယင်၏ တိုက်ခိုက်မှုက အလွန်တရာ လျှင်မြန်သလို သေသပ်လွန်းသည်။ သူ ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရပါက အချိန်မှီ ရှောင်တိမ်းနိုင်ဖို့ မသေချာပါချေ။
ခန္ဓာကိုယ် အရှိန်ကို ပြန်လည် ထိန်းသိမ်းနိုင်ပြီးနောက် လရောင်ဖြာ ဧကရီ၏ မျက်နှာ တစ်ခြမ်းက လုံးဝ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ အရေပြား အားလုံး ကျွတ်ထွက်သွားလေရာ ပါးစပ် ပင်လျှင် ဟောင်းလောင်း ပေါ်နေခဲ့၏။ သူမက ယခင်ကလို ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် တစ်ယောက် မဟုတ်ပါတော့ချေ။
“ဒါက တတိယ အကြိမ်မြောက် သတိပေးတာ မဟုတ်ဘူး... မင်းရဲ့ အခြေအနေကို သဘောပေါက်အောင် အချက်ပြတာပဲ... စိတ်မပူနဲ့... ငါ့ရဲ့ ကမ်းလှမ်းမှုက အခုထိ စားပွဲပေါ်မှာ ရှိသေးတယ်”
ဝေ့ဝူယင်က ပြုံးလိုက်ရင်း လက်နှစ်ဖက်ကို နောက်ကြောဖက်သို့ ပစ်လိုက်၏။ ပိုမို၍ လှုပ်ရှားလေလေ၊ သူ ခန္ဓာကိုယ်စွမ်းအားကို ပိုမို၍ ထိန်းချုပ်နိုင်လေလေ ဖြစ်သည်။ ထိုခံစားချက်က အတော်လေး ကောင်းမွန် ပေသည်။
ပါရဂွန် ခန္ဓာကိုယ်ကို မပိုင်ဆိုင်ခင် အချိန်သခင် အဆင့်မှာတုန်းက ဝေ့ဝူယင် သူ့ ခွန်အားကို လက်အောက် ငယ်သား သုံးယောက် ဖြစ်သည့် တိမ်ပြာ၊ ခွန်ရီမင်၊ ခုတ်ပိုင်းခြင်းဓားတို့နှင့် စမ်းသပ်ခဲ့ဖူးသည်။
တိမ်ပြာမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို အသစ် တက်လှမ်းထားသည့် ဝိညာဉ် အစီအရင် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကာ ခုတ်ပိုင်းခြင်းဓားမှာ လောက နှလုံးသား ရည်ရွယ်ချက်ကို လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ ဖြစ်သည်။ ခွန်ရီမင်မှာလည်း အလွန် ပါးနပ်သည့် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် ဖြစ်သည်။ ထိုသုံးယောက်မှာ သူ့ကို သေမျိုးနှင့် လျှို့ဝှက် အာဏာရှင် အဆင့်အကြား ခြားနားချက်ကို နားလည်စေခဲ့သည်။
သို့သော်လည်း... သူ ဆေဘာကို အသုံးပြုကာ အနိုင်ယူနိုင်ခဲ့သည်။
အာရုဏ်ဦး ပါရဂွန် ခန္ဓာကိုယ်ကို ရရှိခဲ့ပြီး နောက်တွင် ဝေ့ဝူယင် ဟယ်ပို့ကျွင်းနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်။ ဟယ်ပို့ကျွင်းမှာ အားနည်းခြင်း မရှိချေ။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူ့ ခန္ဓာကိုယ်က အကန့်အသတ်ထိ ရောက်အောင် သန်မာပေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း စွမ်းအား တစ်ခုတည်းကို သုံးကာ သူ့ကို ယှဉ်တိုက်ခိုက်နိုင်ခဲ့သည်။
ယခုတွင်တော့ သူ ကြယ်အမြုတေ အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာလည်း စဦး အဆင့်များကို ဝင်ရောက်ခဲ့လေပြီ။ သူ၏ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်မှာလည်း လွန်ခဲ့သည့် နှစ်များတည်းက လျှို့ဝှက် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် ခွန်အားက များစွာ မြင့်တက်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။
လရောင်ဖြာ ဧကရီမှာ ပေါ့သေးသေး မြေကြီး ရှန့်ထို တစ်ယောက် မဟုတ်ချေ။ လမ်းစဉ် ခြောက်ခုကို ပိုင်ဆိုင်ထားလေရာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း ထိပ်တန်း ကျင့်ကြံသူများထဲ၌ ပါဝင်ပေသည်။ ယခု တိုက်တိုက်ဆိုင်ဆိုင် ထိုအမျိုးသမီးနှင့် ထိပ်တိုက် ရင်ဆိုင်နေခဲ့ရချေပြီ။
ဝေ့ဝူယင် သူ့ ခွန်အား အသစ်ကို စမ်းသပ်ချင်နေခဲ့သည်မှာ အူကလီစာများပင် ယားကျိကျိ ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း ယခုတွင်တော့ သူ ဖိနှိပ်ထားရပေဦးမည်။
“ကမ်းလှမ်းမှုကို ရွေးချယ်ဖို့ ခင်ဗျား အတွက် သုံးစက္ကန့် အချိန် ရှိတယ်”
ဖိိနှပ်ထားဦးမည် ဆိုသော်လည်း အချိန် အကြာကြီးတော့ မဟုတ်ပါချေ။ ခေါင်းမာသည့် ထိုအမျိုးသမီး အတွက် သူ့ စိတ်ရှည်မှုများက အကန့်အသတ်ကို ရောက်နေခဲ့ပြီ ဖြစ်သည်။ ထိုမိန်းမမှာ သူ့ ကြယ်တာရာ နယ်မြေကို ကျူးကျော်ခဲ့သည်။ မြေကြီး ရှန့်ထို အဆင့် စွမ်းအားကို သုံးကာ ရှေးဟောင်း သလင်းကျောက်လကို ကွဲကြေလု နီးပါး ဖြစ်စေခဲ့သည်။ သူ့လက်အောက်ငယ်သား တစ်ယောက်ကို အာခံစေဖို့ ကြိုးပမ်းခဲ့သည်။ အကယ်၍ သိလိုစိတ်ကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် သူမကို သုတ်သင် ရှင်းလင်းလိုက်ပြီ ဖြစ်သည်။
"..."
လရောင်ဖြာ ဧကရီမှာ သူမ၏ ရုပ်ရည်ကို ပြန်လည် ကုစားရန် အတွက် အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုလိုက်၏။ တတိယ အကြိမ်မြောက် ရိုက်ချက်က အတော်လေး ပြင်းထန်လေရာ သူမ သက်တမ်း ရာဂဏန်း အနည်းငယ်လောက်ကိုပင် စတေးလိုက်ရသည်။ သို့သော်လည်း... သူမ၏ မျက်ဝန်းများက ယခင်ကလို တည်ငြိမ်ခြင်း မရှိတော့ပါချေ။ ပြင်းပြ ခက်ထန်သည့် ဒေါသ အငွေ့အသက်များနှင့်သာ ပြည့်နှက် နေခဲ့လေ၏။
သူမက ဝေ့ဝူယင်ကို ဂရုစိုက်ခြင်း မပြုချေ။ ထို့အစား ဝူယုကိုသာ လှမ်းကြည့်လိုက်၏။ ချက်ချင်းပင် သူမ၏ မျက်လုံးနှစ်ခုစလုံးက ခရမ်းရောင် ပင်လယ်ပြင် အဖြစ် ပြောင်းလဲ သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ ထောင်ပေါင်းများစွာသော ကြယ်တာရာများနှင့် အတူ နတ်ဆိုး အော်ရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“သူ့ကို သတ်စမ်း...”
လရောင်ဖြာ ဧကရီက ဝူယုကို ပြင်းထန်စွာ အမိန့်ပေးလိုက်လေ၏။ တစ်ချိန်တည်း၌ သူမ၏ နဖူးထက်တွင် ထူးဆန်းသော ခရမ်းရောင် ပုံရိပ် တစ်ခု ဖွဲ့စည်းလာလေသည်။ ၎င်းက ဝေဝေဝါးဝါး တည်ရှိလေရာ မည်သည့် ပုံစံ ဖြစ်ကြောင်း ပြောပြဖို့ ခက်ခဲလှသည်။ သို့သော်လည်း မြွေတစ်ကောင်လို ပိန်ပိန်သွယ်သွယ်နှင့် အမြီးနှင့် ခေါင်း များစွာ ရှိကြောင်းကိုတော့ သူ ခန့်မှန်းနိုင်ပေသည်။ ထိုထက် ကျော်လွန်၍ ပြောပြရန်တော့ အလွန်ပင် ခက်ခဲလှပေသည်။
တစ်ချိန်တည်း၌ သူမက လက်ဟန် ချိပ်စည်း သုံးခုကို ဖွဲ့စည်းလိုက်၏။ သူမ၏ ခန္ဓာကိုယ်က အာကာသ အလင်းတန်းများနှင့် စတင်ကာ တောက်ပလာခဲ့သည်။ သူမက အဆင့်မြင့် အာကာသ ရွှေ့ပြောင်းခြင်း ကျင့်စဉ် တစ်ခုကို အသုံးပြုနေတာ ရှင်းလင်းပေသည်။ ထိုကဲ့သို့ အာကာသ လမ်းစဉ် အပေါ် နက်ရှိုင်းစွာ နားလည်ထားမှုကြောင့် လရောင်ဖြာ ဧကရီမှာ ကြယ်တာရာ နယ်မြေပေါင်းများစွာကို မည်သူမှ မသိလိုက်ခင် ဝင်နိုင် ထွက်နိုင်နေခြင်း ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်၌ ဝူယုက မိန်းကလေး၏ နဖူးထက်ရှိ အမှတ်ကို ကြည့်လိုက်၏။ အဘယ်ကြောင့်မှန်း မသိသော်လည်း ထိုမိန်းမမှာ သူ့ကို တစ်နည်းနည်းဖြင့် ထိန်းချုပ်ဖို့ ကြိုးပမ်းနေသလို ခံစားရသည်။ ဝူယု တစ်စုံတစ်ရာ မလှုပ်ရှားရသေးခင်မှာပင် ခရမ်းရောင် အလင်းတန်းများမှာ သူ့ခန္ဓာကိုယ်ကို စတင်ကာ ဝန်းရံ လာခဲ့လေ၏။
ဝူယု၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူ ချက်ချင်းပင် အင်ပါယာ ကောင်းကင် အော်ရာကို သုံးကာ ၎င်းကို ပယ်ဖျက်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ၎င်းနှင့် ဆက်သွယ်၍ မရကြောင်း သူ တွေ့ရှိလိုက်ရ၏။
အဘယ်ကြောင့်နည်း။ ၎င်းက သူ အင်ပါယာ ကောင်းကင် အော်ရာကိုပါ တိုက်စားနေသောကြောင့်ပင်။
***