← Chapters

သေမျိုး ပျက်သုဉ်းခြင်း

Vol. 100 Ch. 1390

သေမျိုး ပျက်သုဉ်းခြင်း

Vol. 100 Ch. 1390

"..."

လရောင်ဖြာ ဧကရီ၏ မျက်လုံးများက ထိစပ်လုမတတ် ကျဉ်းမြောင်း သွားခဲ့လေ၏။ သူမ၏ နှလုံးသားက ပြင်းထန်သော သတိပေးသံများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။ ပထမဆုံး အကြိမ် အဖြစ် သူမ၏ လှပသော မျက်ဝန်းများထဲတွင် ကြောက်ရွံ့ ထိတ်လန့်သည့် အငွေ့အသက်များ ပေါ်လာခဲ့၏။

သူမက ရာပေါင်းများစွာ ရှိနေပြီ ဖြစ်သော လက်ဟန် ချိပ်စည်းများ ဖော်ထုတ်မှုကို ရပ်တန့်ကာ တိုက်ခိုက်မှုကို ပယ်ဖျက်လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က ငွေရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ အလွန် လျှင်မြန်သော အရှိန်အဟုန်နှင့် ပြေးထွက်သွားခဲ့တော့၏။ မိန်းကလေးမှာ ထွက်ပြေးဖို့ တစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက် နေခဲ့ပြီ ဖြစ်လေသည်။

ကံဆိုးစွာပင် သူမ လက်ရှိ ရောက်ရှိနေသည့် နေရာက ဝေ့ဝူယင်၏ ကြယ်တာရာ နယ်မြေ ဖြစ်ပေသည်။ သူမမှာ နယ်မြေပိုင်ရှင်၏ သတိပေးမှုကို အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့သည်။ ယခု ထိုအကျိုးဆက်ကို ကျိန်းသေပင် ခံစားရပေတော့မည်။

ဖီဆန်ပေါက်စလေး၏ စွမ်းအားများ သေမျိုးတာအို၏ အကန့်အသတ်ကို ကျော်လွန်၍ နယ်မြေတစ်ခုကို ဖွဲ့စည်းလာခဲ့၏။ လောကချည်နှောင် ကြယ်တာရာ နယ်မြေ၏ အကျိုးကျေးဇူးများထဲမှ တစ်ခုမှာ သေမျိုး ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင်သည့် စွမ်းရည် ဖြစ်သည်။ ၎င်းမှာ သေမျိုးတာအို၏ ဆန္ဒကို အဆုံးစွန်စွာ ကိုယ်စားပြုနိုင်ပေသည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ မူလ အရောင်ကို ဆုံးရှုံးသွားကာ မဟူရာအတိ ဖြစ်လာခဲ့၏။ မျက်သားဖြူဖြူများပင်လျှင် အနက်ရောင် အရိပ်များနှင့် စတင်ကာ ပြည့်နှက် လာခဲ့သည်။ လက်ရှိ ဝေ့ဝူယင်၏ အသွင်အပြင်မှာ ချောမောနေဆဲ ဖြစ်သည့်တိုင် မိစ္ဆာ အငွေ့အသက်များနှင့် ရောနှောနေခဲ့၏။ ထိုအခိုက်၌ သူ၏ ရုပ်ရည်သွင်ပြင်က နတ်ဆိုး အင်ပါယာ တစ်ပါးလိုပင်။

လရောင်ဖြာ ဧကရီမှာ ဝေ့ဝူယင်၏ အသွင်အပြင်ကို ကြည့်ကာ အလွန်တရာပင် ထိတ်လန့် တုန်လှုပ်လာသည့်ပုံ ရသည်။

“နေဦး... နေဦး...”

သူမက အဆောတလျင်ပင် အော်ဟစ် တားဆီးဖို့ ကြိုးပမ်းလိုက်၏။ အံ့ဩဖို့ ကောင်းစွာပင် သူမ၏ အသံထဲမှ ချိုမြိန်မှု၊ တည်ငြိမ်မှု အားလုံးက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်နှင့် စတွေ့ချိန်တည်းက ထိုမြေကြီး ရှန့်ထိုမှာ ဘာကိုမှ စိုးရွံ့နေစရာ မလိုသလို အကြောက်အလန့် ကင်းမဲ့နေခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကပင် ဝေ့ဝူယင်၏ စိတ်ဝင်စားမှုကို ပိုမို၍ မြင့်တက်စေခြင်း ဖြစ်သည်။ သူ သူမကို အကြိမ်ကြိမ် သတိပေးခဲ့သည်။ ကြင်နာသနားမှုကို ပြသခဲ့သည်။ ပူးပေါင်းကာ သူမေးသည့် မေးခွန်း တစ်ချို့ကို ဖြေစေလိုခဲ့သည်။

သို့သော်လည်း သူမက ဝေ့ဝူယင်ကို ဆန့်ကျင်ခဲ့ရုံသာ မက ပြန်လည် တိုက်ခိုက်ဖို့ပါ ကြိုးပမ်းခဲ့သည်။ သူ၏ အဂ္ဂိရတ် သူရဲကောင်းကိုပါ ထိန်းချုပ်ချင်ခဲ့သည်။ ထိုကဲ့သို့ သူခိုးမျိုးကို သနား ညှာတာပေးဖို့ အတွက် ဝေ့ဝူယင်ထံတွင် စိတ်ရှည်များ မရှိပါတော့ချေ။

“သေမျိုး...”

ဝေ့ဝူယင်က ထွက်ပြေးနေသည့် လရောင်ဖြာ ဧကရီ ရှိရာ အရပ်ထံ လက်ညိုးထိုးလိုက်၏။ တုန့်ပြန်ပုံ အရ ဆိုလျှင် သူမမှာ ယခင်ကတည်းက ထိုကဲ့သို့ စွမ်းအားမျိုးကို ရင်ဆိုင်ဖူးခဲ့ကြောင်း ထင်ရှားပေသည်။

"ပျက်သုဉ်းခြင်း...”

ဝေ့ဝူယင်၏ လေသံက သေမင်း၏ တီးတိုး ရေရွတ်သံလို ထွက်ပေါ်လာခဲ့သည်။ ဖီဆန်ပေါက်စလေး၏ နေရောင်ခြည်များက အဆုံးစွန်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ တစ်လောကလုံးမှာ ခက်ထန်စွာ စတင် တုန်ရီလာခဲ့၏။ ၎င်း၏ နေရောင်ခြည်များအား ကျင့်ကြံသူ အားလုံးမှာ သူတို့၏ နှလုံးသားများထဲ၌ ဒေါသနှင့် ရန်လိုစိတ်များ ထွက်ပေါ်လာသလို အလိုအလျောက် ခံစားလိုက်ကြရသည်။

“မလုပ်နဲ့...”

လရောင်ဖြာ ဧကရီက အော်ဟစ်လိုက်ရင်း သူမ၏ ခန္ဓာကိုယ်နှင့် လျှို့ဝှက် ဝိညာဉ် အတွင်းရှိ အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များကို အလျှင်အမြန် ဖယ်ရှားဖို့ ကြိုးပမ်းလိုက်သည်။ ၎င်းမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ သေမျိုး ပျက်သုဉ်းခြင်း စွမ်းအင် (သေမျိုးတာအို၏ အဆက်မပြတ် ငြင်းဆန်မှုနှင့် တိုက်ခိုက်မှု) ကို ကျော်လွှားရန် အကျော်ကြားဆုံး နည်းလမ်း တစ်ခု ဖြစ်ပေသည်။

လရောင်ဖြာ ဧကရီမှာ ဆက်လက် ပြေးလွှားခြင်း မပြုတော့ချေ။ ထို့အစား... အမှောင် ဟင်းလင်းပြင်ထဲတွင် တင်ပျဉ်ချိတ် ထိုင်ချကာ မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် သူမက လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးကာ ခန္ဓာကိုယ် အတွင်းရှိ အဂ္ဂိရတ် အကြွင်းအကျန် မြူမှုန် မှန်သမျှကို စစ်ထုတ် နေခဲ့တော့သည်။

ဝှစ်... ဝှစ်...

မိန်းကလေး၏ ခန္ဓာကိုယ် ဒွါရပေါက် ပေါင်းစုံမှ ခုနစ်ရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ အလောတကြီး လုပ်ရပ်နှင့် ကြမ်းတမ်း ခက်ထန်သည့် နည်းလမ်းမှာ သူမ၏ လျှို့ဝှက် အော်ရာကို သိသိသာသာ အားနည်းလာစေခဲ့၏။

လရောင်ဖြာ ဧကရီ၏ လှုပ်ရှားမှုများမှာ အထစ်အငေါ့ မရှိပဲ ဆုံးဖြတ်ချက် ပြတ်သားသည်ဟု ဆိုနိုင်ပေသည်။ ထိုအချက်က သေမျိုး ပျက်သုဉ်းခြင်းကို ရင်ဆိုင်ဖူးသည့် အတွေ့အကြုံ ရှိကြောင်း ပိုမို၍ သေချာစေသည်။ သို့သော်လည်း... လောကချည်နှောင် ကြယ်တာရာ နယ်မြေ တစ်ခု အတွင်းတွင် မရင်ဆိုင်ဖူးသည်ကတော့ ထင်ရှားသည်။

အဘယ်ကြောင့်နည်း။ လောကချည်နှောင် ကြယ်တာရာ နယ်မြေ တစ်ခု အတွင်းတွင် သေမျိုးတာအို၏ ငြင်းပယ်ခြင်းကို မည်သည့် နည်းလမ်းနှင့်မျှ တားဆီး၍ မရနိုင်ပါချေ။

ရုတ်တရက်... မုန်တိုင်း ဗဟိုချက် တစ်ခု အတွင်း ရောက်ရှိနေသည့် အလား တိတ်တဆိတ်မှု တစ်ခုမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဖြစ်ပေါ်လာခဲ့၏။ မရေမတွက်နိုင်သော မျက်လုံးများမှာ အဝေးဆီမှ လရောင်ဖြာ ဧကရီပေါ်သို့ စုပြုံကျရောက်လာကြသည်။ သူတို့ သူမကို မမြင်နိုင်လျှင်ပင် တစ်စုံတစ်ရာကို ခံစားနိုင်ပေသည်။ ထိုခံစားချက်က ကြောက်မက်ဖွယ် ကောင်းလှ၏။

ဘဝတွင် သေမျိုးတာအိုကို ဒုတိယ အကြိမ်မြောက် ပြန်လည် ခံစားမိလေရာ ဝူယု၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။ ပထမ အကြိမ်က သူ သေမျိုးတာအိုကို့ သက်ဆင်းချိန်တွင် ဖြစ်သည်။ ၎င်းမှာ မိခင် တစ်ဦးနှင့် ဆင်တူကာ ကလေးငယ် အတွက် ပိုမို စိမ်းလန်းသည့် စားကျက်မြေကို ဖန်တီးပေးသည်။ နွေးထွေးမှု၊ ခွင့်လွှတ်ခြင်းနှင့် အားပေးမှုတို့ကို ဆောင်ကျဉ်းလာသည်။ သို့သော်လည်း ယခုတစ်ကြိမ်က လုံးဝ ခြားနားသည်။ မူလနေရာတွင် ရပ်နေရုံဖြင့်ပင် အရိုးထဲထိ စိမ့်ဝင်နေသည့် ဒေါသ၊ အမုန်းတရားတို့ကို သူ ခံစားရသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ စွမ်းအင်များ၊ မန်နာများနှင့် အမတေ အားလုံးတို့မှာ စတင်ကာ တုန့်ပြန်လာကြ၏။ လျှို့ဝှက် နယ်မြေများ၊ လောကနယ်မြေများ၊ ကုန်းမြေတိုက်ကြီးများ၊ ဂြိုဟ်များ၊ လများနှင့် ဖီဆန်ပေါက်စလေး အတွင်းရှိ စွမ်းအင်များပင်လျှင် ချွင်းချက် မရှိပါချေ။

ဘုန်း... ဘုန်း...

တဒင်္ဂ အတွင်းမှာပင် သေမျိုးတာအို၏ ထိန်းချုပ်မှု အောက်၌ ရှိရှိသမျှသော စွမ်းအင်အားလုံးမှာ ကြောက်မက်ဖွယ် ကောင်းလှသော ဒေါသအဟုန်ဖြင့် လရောင်ဖြာ ဧကရီထံ ဘက်ပေါင်းစုံမှ တိုးဝင်လာခဲ့လေသည်။ ၎င်းတို့၏ အမြန်နှုန်းက အလင်းနှင့်ပင် တူညီလာခဲ့သည်။

၎င်းအား တားဆီးလို့ မရနိုင်သလို ရပ်တန့်ဖို့လည်း မဖြစ်နိုင်ပါချေ။

“...”

ထိုမြင်ကွင်းကို ကြည့်ရင်း လရောင်ဖြာ ဧကရီ၏ မျက်ဝန်းများမှာ အကန့်အသတ် ရောက်သည် အထိ ကျဉ်းမြောင်း သွားခဲ့၏။

လှုပ်ရှားဖို့ ကြိုးပမ်းလိုက်သော်လည်း စောစောပိုင်းက လုပ်ရပ်များမှာ သူမ၏ လျှို့ဝှက် အော်ရာကို လဲပြိုကျလုနီးပါး အခြေအနေ အထိ ရောက်ရှိစေခဲ့ပြီး ဖြစ်သည်။ ထို့အပြင်... တိုးဝင်လာသည့် စွမ်းအင်များ၏ စီးဆင်းမှုက အလွန်တရာပင် မြန်ဆန်လွန်းလှသည်။ ခန္ဓာကိုယ် အတွင်းရှိ အဂ္ဂိရတ် အကြွင်းအကျန်များကို ဖယ်ထုတ်ခဲ့ပြီး ဖြစ်သည့်တိုင် ၎င်းတို့က နည်းနည်းလေးမျှ တုန့်နှေးသွားခြင်း မရှိပါချေ။

ဘုန်း... ဘုန်း...

သေမျိုး မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် အမျိုးမျိုးသော စွမ်းအင်များမှာ လရောင်ဖြာ ဧကရီကို ဘက်ပေါင်းစုံမှ ဝန်းရံ တိုက်ခိုက်ခဲ့ပြီး ဖြစ်လေ၏။ သူမက ရောင်စုံ အလင်းမုန်တိုင်းများနှင့် တိမ်တိုက်များ အကြားတွင် နစ်မြုပ် သွားခဲ့လေသည်။ လရောင်ဖြာ ဧကရီမှာ ထိုကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်လေ၏။

“သေမျိုး စွမ်းအင်တွေက လျှို့ဝှက် စွမ်းအင်တွေကိုပါ ယူဆောင်လာတယ်... အဲဒါက ဖီဆန်ပေါက်စလေးရဲ့ သဟဇာတ ဖြစ်မှုကြောင့်လား...”

ဝေ့ဝူယင်မှာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည့် မဟူရာရောင် မျက်ဝန်းများနှင့် အခြေအနေကို လေ့လာနေခဲ့၏။ သူက သေမျိုးတာအို၏ ငြင်းပယ်မှု ဆန္ဒနှင့် ဆက်လက် ချည်နှောင်ထားဆဲ ဖြစ်ပေသည်။

ထိုအရာက ပုံမှန် အဂ္ဂိရတ် ပညာရှင်များ ဖော်ထုတ်နိင်သည့် စွမ်းအား မဟုတ်ပါချေ။ သေမျိုး ငြင်းပယ်မှုထဲ၌ လျှို့ဝှက် အဆင့် စွမ်းအင်များ၊ အမတေများနှင့် မန်နာများပါ ပါဝင်နေကြောင်း သူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ တိုက်ရိုက် ငြင်းပယ်ခြင်းမျိုး မဟုတ်သည့်တိုင် လျှို့ဝှက်တာအိုမှာ သေမျိုးတာအိုကို ကူညီနေပေသည်။

ဝူယုနှင့် ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီတို့ အပါအဝင် မြေကြီး ရှန့်ထို အားလုံးမှာ ထိုမြင်ကွင်းကို စိတ်နှလုံး တုန်လှုပ် ချောက်ချားစွာဖြင့် ကြည့်နေမိကြသည်။ ထိုအရာက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ စွမ်းအားလော။

ဝေ့ဝူယင်၏ မဟူရာ မျက်လုံးများမှာ လရောင်ဖြာ ဧကရီနှင့် အဆက်မပြတ် တိုက်ခိုက်နေသည့် စွမ်းအင်များကို ငေးကြည့် နေခဲ့သည်။ ထိုမြေကြီး ရှန့်ထိုမှာ ခုခံနေပေသည်။

ပြီးပြည့်စုံသည့် အဆုံးသတ် နိဂုံးတစ်ခုကို ဖြစ်ပေါ်စေရန် ဝေ့ဝူယင် လောကချည်နှောင် ကြယ်တာရာ နယ်မြေ၏ နောက်ထပ် စွမ်းအား တစ်ခုကို ထုတ်ဖော်ဖို့ ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် နေကြယ်တစ်စင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည့် ခရမ်းရောင် အလင်းတန်းများမှာ လရောင်ဖြာ ဧကရီ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။

All Chapters