ကပ်ဘေး၏ မူလဇစ်မြစ်
Vol. 100 Ch. 1391
သေမျိုး ပျက်သုဉ်းခြင်းမှ ဆင့်ခေါ်ထားသည့် စွမ်းအင်များ၊ အမတေများနှင့် မန်နာတို့ လှုပ်ရှားနေသည့် လေပွေမုန်တိုင်းကြီးမှာ မြင်ရသူတိုင်း၏ ဝိညာဉ်များကို လှုပ်ခတ်စေခဲ့သည်။ ၎င်းမှာ အဆုံးမဲ့သော ပျက်သုဉ်းခြင်းတို့၏ မြင်ကွင်းတစ်ခု ဖြစ်ကာ သေမျိုးတာအို၏ အဆုံးစွန်သော ဒေါသနှင့် ဆန္ဒတို့ကို ပုံဖော် နေခဲ့သည်။
ကျင့်ကြံခြင်း လောက၏ အတွေ့အကြုံရင့် မြေခွေးအိုကြီးများ ဖြစ်စေ၊ အသိဉာဏ်၊ ဗဟုသုတ နိမ့်ပါးနေသေးသည့် နောက်ပေါက်လေးများ ဖြစ်စေ အမှောင် ဟင်းလင်းပြင်ကို လွှမ်းမိုးထားသည့် ရောင်စုံ အလင်းတန်းများကို ရင်သပ်ရှုမောစွာ ကြည့်ရှု နေမိကြသည်။ ၎င်းက စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်အောင် လှပလွန်းလှသည်။
ဘုန်း... ဘုန်း...
ထိုအခိုက်တွင်ပင် မုန်တိုင်း အတွင်း၌ ခရမ်းရောင် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ကြရ၏။
“သခင်လေး...”
ထိုမျှော်လင့် မထားသည့် ဖြစ်ရပ်ကြောင့် ဝူယုက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ရင်း ဝေ့ဝူယင်ထံ ပျံသန်းဖို့ ကြိုးပမ်းလိုက်၏။ ထိုအခိုက်တွင်ပင် သူ့ သွေးများ အတွင်းရှိ တစ်စုံတစ်ရာက စတင်တုန်ရီလာသည်ကို သတိထားလိုက်မိသည်။ သူ့ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ခရမ်းရောင် အလင်းမှာ တစ်စုံတစ်ရာကို အထူးတလှယ် ရှာဖွေနေသကဲ့သို့ သွေးများထဲတွင် ကူးခပ်နေ၏။ ဝူယု ဝေ့ဝူယင် ပြောခဲ့သည့် စကားလုံးများကို ချက်ချင်းပင် ပြန်လည် ကြားယောင်လာမိခဲ့သည်။
“အော်ရာက ခင်ဗျားရဲ့ သွေးအမတေထဲမှာ ရှိတဲ့ တစ်ခုခုကို ရှာဖို့ ကြိုးစားနေသလိုပဲ... အဲဒါက ခင်ဗျားရဲ့ အင်ပါယာ ကောင်းကင် မျိုးရိုး အမတေနဲ့ အင်ပါယာ ကောင်းကင် အော်ရာတေထဲမှာ ကပ်ညိနေတာ...”
“စိတ်မပူနဲ့... အဲဒါက ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံကို မထိခိုက်စေဘူး... အချက်ပြမှု တစ်ခုကို လက်ခံရရှိနေသလိုမျိုးပဲ ရှိတယ်... နောက်ပြီး စွမ်းအင်မှာ အသိစိတ် မရှိဘူး... ပြင်ပ စွမ်အား တစ်ခုရဲ့ ရလဒ်တို့ ပြောလို့ရတယ်”
ကံကောင်း ထောက်မစွာပင် ဝေ့ဝူယင်၏ စကားမှာ မှန်ကန်ခဲ့သည်။ မည်သည့် အရာကိုမှ ရှာမတွေ့ခဲ့သည့်နောက်တွင် ၎င်းမှာ ပျောက်ကွယ်သွားခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝူယု၏ လက်ရှိ နားလည်နိုင်စွမ်းနှင့် ကျင့်ကြံခြင်း အခြေခံကို ကျော်လွန်နေသည့် ခရမ်းရောင် အလင်းမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ အံ့အားသင့်မှုကြောင့် ဝူယုမှာ ကူညီလိုသည့် ဆန္ဒကို မေ့လျော့ နေခဲ့၏။ ပြန်လည် အသိဝင်သည်နှင့် တစ်ပြိုင်နက် သူက အလျှင်အမြန်ပင် ဝေ့ဝူယင်ကို ရှာဖွေဖို့ ကြိုးစားတော့သည်။
...
အခြားတစ်ဖက်၌...
ဝေ့ဝူယင်၏ မဟူရာ မျက်ဝန်းများမှာ အဆုံးစွန်ထိ ရောက်အောင် ကျဉ်းမြောင်းနေကာ သူ့ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခတ်နေ၏။
ခရမ်းရောင် အလင်းတန်းမှာ သေမျိုး ပျက်သုဉ်းခြင်းကို စတင်ကာ ခုခံရင်း လရောင်ဖြာ ဧကရီ၏ နွမ်းလျနေသော ပုံရိပ်ကို ဝန်းရံကာ ကာကွယ်ပေးနေခဲ့သည်။ တစ်ချိန်တည်း၌ ၎င်းမှာ ဝေ့ဝူယင်၏ နှလုံးသားကို မြင်းပေါင်း တစ်သန်း ဖြတ်ပြေးနေသလို တုန်ရီစေသည့် အော်ရာ တစ်မျိုးကို ထုတ်လွှတ် နေခဲ့၏။
ဝေ့ဝူယင် သူ၏ ခြေများ၊ လက်များ၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့ကိုပင် မခံစားရတော့ချေ။ ပြင်းထန်သည့် နှလုံးခုန်သံ တစ်ခုတည်းကသာလျှင် သူ ဆက်လက် အသက်ရှင်သန်နေသေးကြောင်း ပြသနေသည့် တစ်ခုတည်းသော အထောက်အထား ဖြစ်သည်။
“ဧဒင်...”
ခရာတိုက ပေါက်ကွဲသံကြီးဖြင့် အော်ဟစ်လိုက်၏။
“ငါ သိတယ်... ငါ သိတယ်...”
ဧဒင်က အလျှင်အမြန်ပင် ပြန်ဖြေလိုက်သည်။
တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်မှာ စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိလာကာ သူ၏ မဟူရာ မျက်ဝန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့ သွားခဲ့၏။ မကြာခင်မှာပင် ၎င်းတို့က မူလအတိုင်း တောက်ပသည့် ငွေရောင် အဆင်းကို ပြန်လည်၍ ရရှိလာသည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ ဟင်းလင်းပြင် မူလ ပေါင်းစည်းခြင်း ကျင့်စဉ်ကို ချက်ချင်းပင် အသုံးပြုရင်း ဟင်းလင်းပြင် အတွင်းသို့ ချောမွေ့စွာ ဆုတ်ခွာ သွားခဲ့၏။ ဟင်းလင်းပြင် မူလ ပေါင်းစည်းခြင်း ကျင့်စဉ်မှာ ရိုးရိုးရှင်းရှင်း ပတ်ဝန်းကျင် ပေါင်းစည်းရေး ကျင့်စဉ် တစ်ခုမျှသာ မဟုတ်ပါချေ။ ၎င်းက လှုပ်ရှားမှု ကျင့်စဉ် တစ်ခုလည်း ဖြစ်ပေသည်။
လျှို့ဝှက် အာဏာရှင် အဆင့်၏ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ မိုင်သိန်းပေါင်းများစွာ အကွာအဝေးတွင် ပြန်လည်၍ ပေါ်လာခဲ့၏။ တစ်ချိန်တည်း၌ ခရမ်းရောင် အလင်းကလည်း ပိုမို၍ ပြင်းထန်လာခဲ့လေသည်။
“အဲဒါက ဘာလဲဟ...”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ စောစောပိုင်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာ သူ့ထံမှ လာခြင်း မဟုတ်ပါချေ။ တိတိကျကျ ဆိုရလျှင် ဧဒင်ထံမှ ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ သူ့ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ထိခိုက်ခဲ့ကာ တစ်ခဏမျှ သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။
“အစွမ်းထက် နတ်ဆိုး တစ်ယောက်ရဲ့ ဝိညာဉ် အော်ရာပဲ...”
ဧဒင်က ဖြေလိုက်၏။ ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ နတ်ဆိုး စွမ်းအင်များနှင့် အမတေများကို အဟန့်အတား မရှိ ကျင့်ကြံနိုင်သည့် စွမ်းအား အပါအဝင် ဧဒင်၏ နတ်ဆိုး ဂုဏ်သတ္တိများကို ယခင်ကတည်းကပင် ဝေ့ဝူယင် ကျွမ်းဝင်ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ သူ့ ကျင့်ကြံခြင်း လမ်းစဉ်၏ စဦး လျှို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်ကာ ဝတ်စုံနက် ဝေ့ဝူယင်ပင်လျှင် အဖြေမရှာနိုင်ခဲ့သော တစ်စုံတစ်ရာ ဖြစ်သည်။
နတ်ဆိုးများ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ လူသားများနှင့် ဆင်တူကာ ပိုမို ကြီးကျယ် ခမ်းနားသည့် သက်ရှိ တစ်ဦး၏ အော်ရာနှင့် တွေ့ဆုံခွင့် ရရှိခြင်းက တစ်စုံတစ်ယောက်၏ စိတ်ကို အပြောင်းအလဲများစွာ ဖြစ်စေနိုင်စွမ်း ရှိသည်။၎င်းက လူသားတစ်ပိုင်း ကျင့်ကြံသူများကို သိမ်ငယ်မှုနှင့် ဖိနှိပ် ခံရမှု ခံစားချက်များ ဖြစ်ပေါ်စေနိုင်ကာ နတ်ဆိုးများထံကိုတော့ ပျက်စီးမှုနှင့် မညီညွှတ်မှုတို့ကို ဆောင်ကျဉ်းလာနိုင်စွမ်း ရှိသည်။ အကယ်၍ ဧဒင်သာ ထိုအရာကို မျှော်လင့်ထားခဲ့ပါက စိတ်တာအိုနှင့် လျှို့ဝှက် တာအို နှစ်ခုစလုံးကို သုံးကာ ရှောင်တိမ်းနိုင်စွမ်း ရှိခဲ့လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ အာရုံစူးစိုက်မှုများက လရောင်ဖြာ ဧကရီနှင့် သေမျိုး ပျက်သုဉ်းခြင်း မုန်တိုင်းထံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ လောလောလတ်လတ် ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်ကို ခွဲခြမ်း စိတ်ဖြာရန် အတွက်တော့ သူက ဒုတိယမြောက်စိတ်ကိုသာ တာဝန် ပေးအပ်ခဲ့၏။
“ဆိုတော့ ဒါက မင်းရဲ့ ဝှက်ဖဲပေါ့လေ... မင်းယုံကြည်ချက် ရှိနေရတဲ့ အကြောင်းရင်းပေါ့”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ၎င်းက အံ့အားသင့်စရာ ကောင်းခဲ့သည်ကိုတော့ သူ ဝန်ခံရမည် ဖြစ်သည်။
ဝေ့ဝူယင် ညာဘက်လက်ကို မြှောက်လိုက်၏။ နဂါးဟိန်းသံ သဲ့သဲ့နှင့် အတူ ဟင်းလင်းပြင် ကြယ်အင်အားများ ထွက်ပေါ်လာကာ ပုံရိပ် တစ်ခုကို ဟင်းလင်းပြင်ထဲမှ ဆွဲထုတ်လိုက်၏။
သူက အခြားလူ မဟုတ်...။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဝူယုပင်။
“ဒီမှာနေ...”
ဝေ့ဝူယင်က အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို ထုတ်ဖော်ရင်း တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။ ဝူယုမှာ ရုတ်တရက် တည်နေရာ ပြောင်းလဲ သွားသည်ကို အံ့ဩသွားသော်လည်း ရုတ်တရက် နှစ်သိမ့်ပေးနိုင်သည့် စွမ်းအား တစ်ခုကို ခံစားလိုက်ရ၏။ သူ၏ နှလုံးသားက ခပ်မြန်မြန်ပင် ပြန်လည် တည်ငြိမ်သွားခဲ့ကာ ဝေ့ဝူယင်၏ နောက်ကြောဘက်ကို ရွှေ့၍ တိတ်တဆိတ် ရပ်နေလိုက်သည်။ သူက ဝေ့ဝူယင်ကို ကူညီရန် အတွက် သေမျိုး ပျက်သုဉ်းခြင်း စွမ်းအင်ထဲကို ပြေးဝင်ခါနီး အချိန်တွင် ပြန်လည်၍ ဆင့်ခေါ် ခံလိုက်ရခြင်း ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်က မဆိုင်းမတွ သစ္စာရှိမှုကို ပြညွှန်နေပေသည်။
သူတို့ နှစ်ယောက်စလုံးမှာ အခြေအနေကို ဆက်လက်၍ အကဲခတ် နေကြ၏။ တောက်ပသော ခရမ်းရောင် အလင်းတန်းများမှာ သေမျိုး ပျက်သုဉ်းခြင်းကို စတင်ကာ တိုက်ခိုက်စပြုလာကြသည်။ သို့သော်... မူလ အာရုဏ်ဦးနှင့် လောက အာရုဏ်ဦး နှစ်ခုစလုံးမှ စွမ်းအင်၊ အမတေနှင့် မန်နာများမှာလည်း အဆုံးမရှိသကဲ့သို့ ထင်ရလေရာ ပြင်းပြ ခက်ထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“သခင်လေး...”
ဝူယုမှာ သိလိုစိတ်ကို မထိန်းနိုင်တော့ရာ မေးခွန်း မေးမြန်းဖို့ ကြိုးပမ်းလိုက်၏။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ လက်ဟန် ချိပ်သည်း တစ်ခုကို ဖော်ဆောင်နေခြင်း ဖြစ်သည်။ ထိုလက်ဟန်နှင့် အတူ ဖီဆန် ပေါက်စလေးထံမှ ရောင်စဉ် အလင်းတန်းများမှာ ပိုမို တိုးမြင့်လာခဲ့၏။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်၏ စိတ်မျက်လုံး အတွင်းရှိ ဖီဆန်ကလေးမှာ ထူးခြားသော ဆက်သွယ်မှု တစ်ခုနှင့် အတူ ဖီဆန် ပေါက်စလေးထံ စစ်ကူ အလင်းတန်းများကို ပေးပို့နေကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် မှီတင်း နေထိုင်သူများ၏ အကာအကွယ်ကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ပေးနေခဲ့လေသည်။
သို့သော်လည်း ၎င်းမှာ ဝူယု ပြောချင်သည့် အကြောင်းအရာ မဟုတ်ပါချေ။
ဝေ့ဝူယင်က သူ၏ အဂ္ဂိရတ် သူရဲကောင်းကို လှည့်ကြည့်လိုက်၏။
“ကျုပ် အဲဒါကို ခြေရာခံကြည့်နေတာ... အလင်းရဲ့ အင်အားကတော့ ကျုပ်ရဲ့ လက်ရှိ စွမ်းရည်တွေနဲ့ ကိုင်တွယ်နိုင်တဲ့ အဆင့်ထက်ကို ကျော်နေတယ်... ဒါပေမဲ့ အဲဒါက အစစ်အမှန် အင်အားရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုကိုပဲ ထုတ်လွှတ်နိုင်တဲ့ပုံ ရတယ်... ဘာပဲ ဖြစ်ဖြစ် သေမျိုး ပျက်သုဉ်းခြင်းနဲ့ ရင်ဆိုင်ရမယ် ဆိုရင်တော့ အဲဒါကလည်း အချည်းနှီးပဲ"
ဧဒင်၏ အကူအညီနှင့် အတူ ဝေ့ဝူယင် ထိုအော်ရာ၏ စွမ်းအား တစ်ချို့ကို တိုင်းတာ အကဲဖြတ် နိုင်ခဲ့သည်။ ၎င်းက လောကရှန့်ထို အဆင့်ကို ကျော်လွန်နေတာတော့ သေချာသည်။ ထို့ကြောင့်ပင်... ၎င်းမှာ မည်သည့် အရာပင် ဖြစ်စေကာမူ... ပြင်းထန်သည့် အကန့်အသတ်များအောက်တွင် ရှိနေသည်ဟု ဝေ့ဝူယင် မှတ်ချက်ချနိုင်ပေသည်။
ဝူယု၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာခဲ့သော်လည်း ဆက်လက်၍ လေ့လာနေခဲ့၏။
သေမျိုး ပျက်သုဉ်းခြင်း...
၎င်းကို ဝမ်ယုထျန်းက အကြောင်းရင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားဟု သတ်မှတ်ခဲ့ခြင်း မဟုတ်ချေ။ လောကရှန့်ထို တစ်ယောက်ပင်လျှင် ထိုစွမ်းအားကို ကြောက်လန့်ရသည်။ ပိုဆို၍ ဆိုးရွားသည့် အရာက ဝေ့ဝူယင်၏ လက်ရှိ တိုက်ခိုက်မှုကို လျှို့ဝှက် တာအိုကပါ ပါဝင်အားဖြည့်နေခြင်း ဖြစ်သည်။
ဘုန်း... ဘုန်း...
အဆုံးမဲ့ သေမျိုးစွမ်းအင်များနှင့် လျှို့ဝှက် စွမ်းအင်များ၏ အဆက်မပြတ် တိုးဝင် တိုက်ခိုက်မှုများ အောက်တွင် ခရမ်းရောင် အလင်းတန်းများမှာ ပြင်းထန်စွာပင် ရုန်းကန်နေရ၏။ တိုက်ပွဲက အလွန်ပင် ပြင်းထန်ကာ လျှို့ဝှက် ဆန်းကြယ်စွာ ဖြစ်ပွား နေခဲ့သည်။
အပြင်ကမ္ဘာရှိ လူများ အတွက်တော့ အမှောင် ဟင်းလင်းပြင် အတွင်းတွင် ခမ်းနားသည့် အလင်းပြပွဲ တစ်ခုကိုသာ တွေ့မြင်နေရသည်။ လက်တစ်ဆုပ်စာသော အစွမ်းထက် ကျင့်ကြံသူများသာလျှင် ထိုနေရာရှိ အာကာသ အလွှာ သုံးခုလုံးက ပြိုလဲကျနေကြောင်း တွေ့မြင်နိုင်ပေသည်။ အဆိုပါ အလင်းတန်းများ၏ တိုက်ခိုက်မှုများက လောကရှန့်ထို တစ်ယောက်၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ ရှုယုလို လောကရှန့်ထို တစ်ယောက်ပင်လျှင် ထိုတိုက်ပွဲ အတွင်း ကျဆင်းသွားပါက အကြီးအကျယ် ဒဏ်ရာများနှင့် ပြန်လည် ထွက်ပြေးလာရမှာ ကျိန်းသေပေသည်။
လရောင်ဖြာ ဧကရီ အတွက် ကံဆိုးခဲ့သည့် အရာ တစ်ခုက ထိုသေမျိုး ပျက်သုဉ်းခြင်းမှာ ဖီဆန်ပေါက်စလေးထံမှ မဟုတ်တော့ခြင်း ဖြစ်သည်။ ၎င်းမှာ အဆပေါင်းများစွာ ပိုမို ကြီးကျယ် ခမ်းနားသည့် ဖီဆန်ကလေးထံမှ ဖြစ်သည်။ ၎င်းက အဆက်မပြတ်ပင် ခရမ်းရောင် အလင်းတန်းများကို ဖျက်ဆီး ပစ်နေလေရာ တိုက်ပွဲ၏ ပြင်းထန်မှုမှာလည်း တဖြည်းဖြည်း လျော့ကျလာခဲ့သည်။
ဘာမှ လုပ်စရာ မရှိတော့လေရာ ဝေ့ဝူယင် ဝူယုဘက်ကို လှည့်လိုက်၏။
“ကိုးခုမြောက် လျှို့ဝှက် သင်္ကေတကို ဖွဲ့စည်းနိုင်ခဲ့တယ် အတွက် ဂုဏ်ယူပါတယ်... ခင်ဗျားရဲ့ ပါရမီနဲ့ ဆိုရင် အချိန် သိပ်ကြာမှာ မဟုတ်ဘူး ဆိုတာ ကျုပ် အစတည်းက သိတယ်”
သူက အပြုံးနှင့် ပြောလိုက်လေတော့၏။