← Chapters

သေမျိုး ပျက်သုဉ်းခြင်း အဆုံးသတ်ခြင်း

Vol. 100 Ch. 1392

သေမျိုး ပျက်သုဉ်းခြင်း အဆုံးသတ်ခြင်း

Vol. 100 Ch. 1392

“...”

ဝူယုမှာ စိတ်အေးလက်အေး စကားပြောနေနိုင်သေးသည့် ဝေ့ဝူယင်ကြောင့် အနည်းငယ် အံ့ဩသွားခဲ့၏။ သို့သော်လည်း သူက ယုံကြည်ချက် ရှိစွာပင် ပြုံးလိုက်သည်။ စောစောပိုင်းက သူ ခံစားနေရသော ထိတ်လန့် တုန်လှုပ်သည့် ခံစားချက်များမှာ ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ယုံကြည်ချက်များက သူ့ထံ ကပ်ပါး ရောဂါပိုး တစ်ခုလို ပျံ့နှံ့ ရောက်ရှိလာသည့်ပုံ ရသည်။

“ကျေးဇူးပါပဲ... သခင်လေးရဲ့ အကူအညီသာ မရှိရင် ကျုပ် ကျုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး”

ဝေ့ဝူယင်က ညင်သာစွာပင် ပြုံးလိုက်၏။

“ဘာပဲ ဖြစ်ဖြစ် ခင်ဗျားလို ပါရမီမျိုးနဲ့ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ မွေးလာခဲ့မယ် ဆိုရင် ကျုပ် မရှိဘူး ဆိုရင်တောင် ခင်ဗျား လုပ်နိုင်မှာပါ”

ဝူယုက တစ်ခဏမျှ စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။ ဝေ့ဝူယင်၏ စကားက မှန်ကောင်း မှန်နိုင်ပေသည်။ သို့သော် လူငယ်၏ အကူအညီ မပါပဲ ကိုးခုမြောက် သင်္ကေတကို ဆယ်စုနှစ် အနည်းငယ် ဖန်တီးနိုင်ပါမည်လော ဆိုလျှင်တော့ သူ ငြင်းရပေလိမ့်မည်။ လုံးဝ မဖြစ်နိုင်ပါချေ။

ဝေ့ဝူယင်တို့ စကားပြောနေစဉ်မှာပင် ခရမ်းရောင် အလင်းမှာ စတင်ကာ ဆုတ်ခွာ သွားခဲ့၏။ အကန့်အသတ်မဲ့လု နီးပါး စွမ်းအားနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းက ရူးသွပ်ရာ ကျလွန်းပေသည်။ သေမျိုး ပျက်သုဉ်းခြင်းကို လောကရှန့်ထို အဆင့်များ ပင်လျှင် ထိတ်လန့်ရသည့် အကြောင်းပြချက် တစ်ခု ရှိပေသည်။ ၎င်းက အဆုံးမရှိခြင်းပင် ဖြစ်လေ၏။ သေမျိုး ပျက်သုဉ်းခြင်းကို ထုတ်ဖော်ရာတွင် အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များနှင့် လောကချည်နှောင် ကြယ်တာရာ နယ်မြေတို့ ကဲ့သို့ အကန့်အသတ်များ ရှိပေသည်။ ထိုအရာများ ကွဲကြေခြင်း မပြုသရွေ့ ၎င်းကို ခုခံဖို့ မဖြစ်နိုင်ပါချေ။

ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိလေရာ စိတ်ထဲမှ ပြုံးလိုက်မိ၏။ ၎င်းက လောကချည်နှောင် ကြယ်တာရာ နယ်မြေ၏ စွမ်းအား အတွက် အကောင်းဆုံး စမ်းသပ်မှု တစ်ခု ဖြစ်ပေသည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ ဆင်းသက်လာမည်မှာ သေချာနေလေရာ သူ့ ကြယ်တာရာ နယ်မြေကို ကာကွယ်နိုင်ဖို့ သိရှိထားခြင်းက ကောင်းမွန်သည်။ ထို့အပြင်... သူ့အနေဖြင့် တတိယ ချိပ်ဆက်ကို လောဘသားကောင်များ၏ လက်မှ ထိန်းကြောင်းထားဖို့လည်း လိုသည်။

ယခု သူ၏ ကြိုးပမ်း အားထုတ်မှုနှင့် စွန့်စားမှုများမှာ အရာထင်ခဲ့ကြောင်း သေမျိုး ပျက်သုဉ်းခြင်းက ထင်ရှားစွာ ပြသ နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ ပျော်ရွှင် ဝမ်းမြောက်မိပေသည်။

“သခင်လေး...”

ဝူယုက ခေါ်လိုက်၏။ ရောင်စုံ စွမ်းအင် ထုထည်များ အကြားတွင် အရိပ် တစ်ခုကို သတိပြုမိလိုက်ရာ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက တလက်လက် တောက်ပလာခဲ့၏။ ၎င်းမှာ လရောင်ဖြာ ဧကရီ၏ နဖူးထက်ရှိ အမှတ်နှင့် ဆင်တူသော်လည်း ယခုတွင်တော့ ပိုမို ကြည်လင်ကာ ထင်ရှား လာခဲ့ပြီ ဖြစ်သည်။ ၎င်းက ဦးခေါင်းများစွာကို ပိုင်ဆိုင်ထားကာ မြွေကဲ့သို့ လည်ပင်းများကို ကြားခံလုပ်၍ ကြီးမားသော ခန္ဓာကိုယ်ကြီးကို တွဲချိတ်ထားသည်။ ကံမကောင်းစွာပင် ထိုပုံရိပ်မှာ လူသား တစ်ဦးလောက်သာ အရွယ်အစား ရှိလေရာ ဝေ့ဝူယင်မှာ ၎င်း၏ ဦးခေါင်းများကို ထင်ရှားစွာ ရှုမြင်နိုင်ခြင်း သို့မဟုတ် တိုက်ရိုက် ရေတွက်ခြင်း မပြုနိုင်ပါချေ။

“မင်းက ကြယ်တာရာဖျက် ကပ်ဘေးရဲ့ မူလ အစလား...”

ဝေ့ဝူယင်မှာ ပူးတွဲချည်နှောင်ထားသည့် သဲလွန်စများကို မမြင်နိုင်လောက်အောင် မိုက်မဲသူ တစ်ယောက် မဟုတ်ပါချေ။

ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးမှာ သူနှင့် သက်ဆိုင်ဖွယ် ရှိကြောင်း အစောကတည်းကပင် ဝေ့ဝူယင် ကောက်ချက်ချခဲ့သည်။ ထိုကဲ့သို့ ကောက်ချက်ချခဲ့ရခြင်းမှာလည်း အမှန်တရား မျက်လုံးက ကပ်ဘေး၏ တည်ရှိမှုကို အချိန်ကိုက် ဖော်ပြခဲ့သောကြောင့် ဖြစ်သည်။ လရောင်ဖြာ ဧကရီ၊ ကြယ်တာရာမိုးများ၊ နေကြယ် အမတေ စုဆောင်းခြင်းနှင့် ဖီဆန်ပေါက်စတို့၏ တည်ရှိမှုများကိုပါ ချိတ်ဆက် စဉ်းစားခြင်း မပြုပါက သူက အသုံးမကျသည့် လူနုံလူအ၊ လူမိုက် တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ကောင်းကင်တာအိုများမှာ သူ လောကချည်နှောင် ကြယ်တာရာ နယ်မြေ တစ်ခုကို တည်ထောင်လိမ့်မည်ဟု ကြိုတင် ခန့်မှန်းမိခဲ့ကြသည်လား။

ဝေ့ဝူယင် စဉ်းစားလိုက်မိ၏။ အပြစ်သား တက်တူးမှာ ကောင်းကင်တာအိုများအား မျက်ကွယ်ပြုနိုင်အောင် ကူညီပေးသော်လည်း၊ သူ့ထံ ကမ္မ ကံကောင်းခြင်းများ ပေးစွမ်းနိုင်သေးသည်ကို ထောက်ရှုရလျှင် ၎င်းမှာ သူ၏ လုပ်ဆောင်ချက် အချို့နှင့် လမ်းကြောင်းအချို့ကို မှန်ကန်စွာ ခန့်မှန်းနိုင်စွမ်း ရှိသေးသည့်ပုံ ရသည်။ ၎င်းက လောက စီးဆင်းမှုများ အတွက်လည်း မှန်ကန်ပေသည်။

ဝေ့ဝူယင်သည် သူ မသိရှိသေးသည့် အလွန် အရေးကြီးသော အရာတစ်ခုခု ရှိနေသေးသလို ခံစားရသည်။အလွန်အရေးကြီးသည့် အရာတစ်ခုခုပင်။

အချိန်အတော်ကြာပြီးနောက်... ဝေ့ဝူယင် ထိုအချက်ကို ဘေးဖယ်ထားလိုက်ရုံသာ တတ်နိုင်ခဲ့သည်။ ခရမ်းရောင်အလင်းနှင့် ပုံရိပ်မှာ ဖြည်းညင်းစွာပင် ပျောက်ကွယ်သွားခဲ့၏။

''ပြီးပြီ...''

ဝေ့ဝူယင်၏ မျက်လုံးများမှာ မဟူရာ အရောင်သို့ ပြန်လည်ရောက်ရှိသွားပြီးနောက် သေမျိုး ရည်ရွယ်ချက် မှတစ်ဆင့် သေမျိုးပျက်သုဉ်းခြင်း၏ စွမ်းအားကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သေမျိုးပျက်သုဉ်းခြင်းမှာ အားလျော့ ပျက်ပြယ်သွားကာ တစ်နေရာတည်းတွင် စုစည်းနေသည့် စွမ်းအင်များမှာ လျှို့ဝှက် ဆန်းကြယ်သည့် ထိန်းချုပ်မှုအောက်တွင် နဂိုမူလ နေရာများသို့ ပြန်လည်ရောက်ရှိ သွားခဲ့သည်။

ဟူး... ဟူး...

ဖီဆန်လေးထံမှ နေရောင်ခြည် စွမ်းအင်များမှာ ထွက်ပေါ်လာကာ ကုန်ဆုံးသွားခဲ့သည့် အမတေများ၊ မန်နာများနှင့် စွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးလိုက်သည်။

ပုံမှန်အခြေအနေတွင် ဆိုပါက သေမျိုး တာအိုမှာ သေမျိုး ပျက်သုဉ်းခြင်းတွင် အသုံးပြုခဲ့သော စွမ်းအင်များနှင့် အမတေများကို ပြန်လည် ဖြည့်တင်းပေးမည် ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေ၏ သေမျိုးပျက်သုဉ်းခြင်း ဖြစ်လေရာ ထိခိုက်ခဲ့သမျှ ပျက်စီးဆုံးရှုံးမှုများနှင့် စွမ်းအင်၊ အမတေများကို ပြန်လည် ပြင်ဆင်ရန်အတွက် ကုန်ကျစရိတ်ကို ပေးဆပ်ရသည်။

ထိုသို့ မလုပ်ဆောင်နိုင်ပါက... သေမျိုး တာအိုမှာ ပြင်းထန်သော တုံ့ပြန်မှုများကို လှုံ့ဆော်ပေးကာ ဆုံးရှုံးမှုများကို ပြန်လည် ဖြည့်တင်းရန်အတွက် နေကြယ်အား သိမ်းယူခြင်းမျိုးကိုပင် လုပ်ဆောင်နိုင်ပေသည်။ ဤသည်မှာ သေမျိုးပျက်သုဉ်းခြင်းအား အသုံးပြုခြင်း၏ ကုန်ကျစရိတ်နှင့် အားနည်းချက်ပင် ဖြစ်လေ၏။

ကံကောင်း ထောက်မစွာပင်... ဝေ့ဝူယင်မှာ ဖီဆန်ပေါက်စလေး၏ ကြီးမားသော စွမ်းအင်များနှင့် မူလ သာမည အာဏာ ဥပဒေသ တို့ကြောင့် ထိုကုန်ကျစရိတ်ကို အလျင်အမြန်ပင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

“အခြားလူတွေက ဒီစွမ်းအားကို ငါ့လို ပေါ့ပေါ့ဆဆ သုံးလိမ့်မှာ မဟုတ်ဘူး”

ဝေ့ဝူယင်က စဉ်းစားရင်း အမှောင် ဟင်းလင်းပြင်ထဲတွင် လွင့်ပျံနေသည့် ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်၏။ ထိုခန္ဓာကိုယ်မှာ တစ်ဝက်တစ်ပျက် ပျက်စီးနေပြီ ဖြစ်ပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်နေသည်။ တစ်ချိန်က အသက်ရှူ မှားလောက်အောင် လှပခဲ့သော မိန်းကလေးမှာ ယခုအခါတွင်တော့ အသက်ဓာတ် တစ်ဝက်မျှပင် မကျန်ရှိတော့သော အသားဆိုင် ခန္ဓာကိုယ်တစ်ခု အဖြစ်သာ ကျန်ရှိ ပေတော့သည်။

ဝူယု၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွား၏။ ဝေ့ဝူယင်က တုန့်ဆိုင်းမနေဘဲ ထိုခန္ဓာကိုယ်ဆီသို့ ပျံသန်းသွား လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင်ပင် ထိုနေရာသို့ သူ ရောက်ရှိသွားခဲ့၏။

“သူ အသက်ရှင်နေတုန်းပဲ...”

ဝူယုမှာ နောက်မှ လိုက်လာရင်း ထိုအချင်းအရာကို သတိထားမိရာ အံ့ဩသွားခဲ့၏။

“...”

ဝေ့ဝူယင်မှာလည်း အလားတူပင် လရောင်ဖြာ ဧကရီ အသက်ရှင်နေသေးသည့်အပေါ် အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူက သိပ်ဂရုမစိုက်ပေ။

ရွှမ်း...

ဝေ့ဝူယင်၏ လက်ဖဝါးကို ဓားသဏ္ဍာန် အသုံးပြုကာ မိန်းကလေး၏ သွယ်လျသော လည်ပင်းကို ခုတ်ဖြတ်လိုက်သည်။ တစ်ချိန်က လှပခဲ့သော ဦးခေါင်းမှာ လွင့်စဉ်သွားကာ မူလမီးတောက်၏ အစအနတစ်ခုက ၎င်းကို ဝန်းရံ၍ စတင် လောင်ကြွမ်းတော့သည်။

“သိမ်းပိုက်မယ်...”

ဝေ့ဝူယင်က ဆက်စပ်မှု စစ်အလံ အတွင်းရှိ စစ်ဥပဒေသကို စတင်ကာ အသက်သွင်းလိုက်၏။ လရောင်ဖြာ ဧကရီသာ စစ်ဝိညာဉ် တစ်ယောက် ဖြစ်လာပါက သူမထံမှ လျှို့ဝှက်ချက်များကို နှိုက်ထုတ်ကာ နက်နဲမှုများစွာကို သူ အဖြေရှာနိုင်ပေလိမ့်မည်။ ၎င်းမှာ သူ၏ မူလ ရည်မှန်းချက်တော့လည်း မဟုတ်ပါချေ။ ဝေ့ဝူယင်ထံတွင် အမှန်တရားကို ရှာဖွေရန် အခြားနည်းလမ်းများ ရှိပေသည်။

“မဟုတ်ဘူး...”

ရုတ်တရက်... လရောင်ဖြာ ဧကရီ၏ ရုပ်အလောင်းမှာ အဆုံးမဲ့ နက်ရှိုင်းသော ချောက်နက်ကြီး တစ်ခု၏ အောက်ခြေမှ ထွက်ပေါ်လာပုံရသည့် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ ထိုအသံမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှကာ နတ်ဆိုး တစ်ကောင်၏ ပြင်းပြသော ဒေါသများဖြင့် ပြည့်နှက်နေခဲ့၏။

ဝူယု၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

ဘုန်း...

ရုတ်ချည်းပင် လရောင်ဖြာ ဧကရီ၏ မူလ ဝိညာဉ်ထံမှ ခရမ်းရောင် စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ၎င်းက အလင်း၏ အလျင်ဖြင့် အဆုံးမဲ့ အမှာင် ဟင်းလင်းပြင်ကို ဖြတ်သန်း ပြေးလွှား သွားသည်။

“ဟားဟား...”

ဝေ့ဝူယင် ပျော်ရွှင်စွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ငါ တစ်ယောက်ယောက်ကို သတ်ချင်ရင် နတ်ဘုရားတွေတောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး...''

ရွှမ်း...

ဆေဘာ၊ ပျက်သုဉ်းခြင်း၊ အင်ပါယာ၊ အာကာသ၊ အချိန်နှင့် မူလ လမ်းစဉ်တို့အပေါ် သာမည အာဏာများမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်းမှ စတင်ကာ ကွန့်မြူး ထွက်ပေါ်လာကြ၏။ သူက လှုပ်ရှားမှုကို စတင်တော့မည် ဖြစ်သည်။ ဆေဘာ သွေးကြောများ အတွင်း၌ ဒြပ်စင်မှာ ဟိန်းဟောက် နေခဲ့၏။ သေမျိုးတစ်ယောက် အနေဖြင့်ပင် ဝေ့ဝူယင်၏ အော်ရာက နတ်ဘုရား တစ်ပါးနှင့် နှိုင်းယှဉ်လာနိုင်ခဲ့သည်။

ဝူယု၏ နှလုံးသားက တုန်ရီသွားခဲ့၏။ ထိုအရာက မည်ကဲ့သို့သော စွမ်းအားနည်း။ ကြယ်တာရာ သခင် တစ်ပါးက မည်ကဲ့သို့ ထိုမျှလောက် အစွမ်းထက်နိုင်သနည်း။

ထို့နောက် ခရမ်းရောင် အလင်း တစ်ခုမှာ သူ့ရှေ့တွင် လက်ခနဲ ပေါ်လာခဲ့၏။ ၎င်းမှာ ဟင်းလင်းပြင် အတွင်းမှ တိုးထွက်လာသည့်ပုံ ရသည်။

ဝေ့ဝူယင်က ချက်ချင်းပင် ရပ်တန့်လိုက်၏။ သူ၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ လက်ကို ဆန့်ထုတ်ကာ ထိုခရမ်းရောင် အလင်းတန်းကို ဆုပ်ကိုင်လိုက်၏။ သူ၏ အော်ရာက ချက်ချင်းပင် ပြန်လည် ကျဆင်းသွားကာ တောက်ပစွာ ပြုံးလိုက်သည်။ ဆက်စပ်မှု စစ်အလံ အတွင်းရှိ စစ်ဥပဒေသမှာလည်း ပြန်လည်၍ ဆုတ်ခွာ သွားခဲ့၏။ ၎င်းမှာ လရောင်ဖြာ ဧကရီ၏ ဝိညာဉ်ကို ယူဆောင်ခြင်း မပြုတော့ချေ။

“နတ်ဘုရားတွေက ငါ့ကို မတားနိုင်ပေမဲ့ လာဘ်လာဘတွေကတော့ သက်ရောက်မှု ရှိတယ်…”

ဝေ့ဝူယင်က အရှက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ ဘေးနားရှိ ဝူယု တစ်ယောက်ကတော့ ပါးစပ် အဟောင်းသား ဖြစ်သွား လေခဲ့တော့၏။

All Chapters