← Chapters

အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ အကြိုကာလ

Vol. 100 Ch. 1393

အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ အကြိုကာလ

Vol. 100 Ch. 1393

“အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ ရပါတယ်… ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စ သေးသေးလေးပဲလေ... ဟုတ်တယ် မလား ဝူယု...”

ဝေ့ဝူယင် ခရမ်းရောင် အလင်းတန်းကို သိမ်းဆည်းလိုက်ရင်း ဘေးနားရှိ ဝူယုကို သေဖော်သေဖက် ညှိလိုက်သည်။

“...”

ဝူယု တစ်ယောက် ဆွံ့အ နေခဲ့သော်လည်း အလျှင်အမြန်ပင် ခေါင်းကို ညိတ်လိုက်၏။

“ဟုတ်တာပေါ့... ဟုတ်တာပေါ့...”

ဝှစ်... ဝှစ်...

တစ်ချိန်တည်းတွင်ပင် ဖီဆန် ပေါက်စလေး၏ အပျက်အစီး အာကာသ ပိတ်ဆို့မှုက အဆုံးသတ် သွားကာ လရောင်ဖြာ ဧကရီ၏ ဝိညာဉ်ကို ထွက်ခွာခွင့် ပြုလိုက်သည်။

ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာက ဦးခေါင်းပြတ် ခန္ဓာကိုယ်သာလျှင် ဖြစ်၏။ ဝေ့ဝူယင် မူလ မီးတောက်များဖြင့် လောင်ကြွမ်းနေသည့် ဦးခေါင်းထံ လက်ဆန့်တန်းလိုက်ကာ ၎င်းကို ရှန့်ထို လက်စွပ် အတွင်း ထည့်သွင်းလိုက်သည်။ ဦးခေါင်းပြတ် ခန္ဓာကိုယ်ကိုတော့ ဝူယုထံသို့ ပေးပို့လိုက်၏။

“ဒါကို ထို့ပိဟန်ဆီ ပို့ပေးလိုက်ပါ… သူ့ရဲ့ ဓားကို သုံးပြီး ကျင့်ကြံခြင်း အကြွင်းအကျန်တွေကို စုပ်ယူပါစေ… ကျုပ် ချိပ်ပိတ်ထားပေမဲ့ ဒါက ကြာရှည်ခံမှာ မဟုတ်ဘူး”

ဝူယုက ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကို လက်ခံရင်း ဝိညာဉ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်၏။ ထိုအခါ… အလောင်း၏ လျှို့ဝှက် အမြုတေနှင့် စွမ်းအင်များကို ပြီးပြည့်စုံစွာ ထိန်းသိမ်းထားကြောင်း တွေ့လိုက်ရသည်။

လရောင်ဖြာ ဧကရီမှာ သေဆုံးသွားခဲ့သည့် လူတစ်ယောက်နှင့် ခြားနားခြင်း မရှိတော့ချေ။ ဝိညာဉ် အနေဖြင့် လွတ်မြောက် သွားခဲ့သည့်တိုင် သူမမဖျာ အသိစိတ် မရှိတော့သည့် အကြွင်းအကျန် ဝိညာဉ်သာသာ ဖြစ်ပေသည်။ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းနိုင်လျှင်ပင် မှတ်ဉာဏ် မရှိသည့် လူသစ် တစ်ယောက် အဖြစ်သာ ကြီးပြင်းလာပေလိမ့်မည်။ သူမ အတွက် ကျန်ရှိသည့် တစ်ခုတည်းသော အရာက လျှို့ဝှက် အာဏာရှင် အဆင့် အခြေခံ အုတ်မြစ်သာ ဖြစ်ပေသည်။

ဝေ့ဝူယင်မှာ သူမကို ပေါ့ပေါ့ဆဆ သွားခိုင်းလိုက်ခြင်း မဟုတ်ပါချေ။ သူ၏ အစီအစဉ်ကို တစ်မျိုး ပြောင်းလိုက်ခြင်းသာ ဖြစ်ပေသည်။

''...''

ဝူယုမှာ ဝေ့ဝူယင်ကို လှမ်းကြည့်၏။ တစ်ခါတုန်းက အားနည်းခဲ့သည့် ထိုသေမျိုး လူငယ်မှာ ယခု အခါ အပြည့်အဝ ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ စွမ်းအားနှင့် နည်းလမ်းများမှာ သူ ကိုယ်တိုင် ပင်လျှင် ပုံမဖော်နိုင်သည့် အဆင့် တစ်ခု၌ ရှိနေသည်။ ဝေ့ဝူယင် အနားတွင် ပိုမို၍ နေလေလေ… ဉာဏ်မမှီနိုင်သလို သူ ပိုမို၍ ခံစားရလေလေပင်။

ဝေ့ဝူယင် ဝူယုဘက်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ့ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ကျုပ် ရှာတွေ့ပြီ…”

ယခုလေးတင် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးနှင့် ဆက်နွယ်နေသည့် အရေး အကြီးဆုံး သတင်း အချက်အလက် တစ်ခုကို သူ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

…

ဝေ့ဝူယင်က အာရုဏ်ဦး ကြယ်နယ်မြေကို တည်ထောင်လိုက်ကြောင်း မမျှော်လင့်ဘဲ ကြေညာလိုက်ပြီးနောက်ပိုင်းတွင် ထိုသတင်းကို သေချာစွာ ဆင်ခြင်သုံးသပ်ဖို့ အတွက် အချိန်ရခဲ့သူ အနည်းငယ်သာ ရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ နောက်ပိုင်း အကြီးကျယ်ဆုံး ပွဲတော်များထဲက တစ်ခုဖြစ်သည့် ဝေ့ဝူယင်၏ တစ်ကိုယ်တော် အဂ္ဂိရတ် ကုန်စည် ပြပွဲက ချက်ချင်းဆိုသလို စတင်လာခဲ့သောကြောင့်ပင်။

ထိုကြေညာချက်မှာ ချိပ်ပိတ်နယ်မြေ အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြီးကျယ်ခမ်းနားသည့် ခရီးစဉ် တစ်ခုအား စတင်စေခဲ့လေသည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ လူတိုင်းကို ဖိတ်ခေါ်သည့် ပွဲတစ်ခုဖြစ်ပေသည်။ ဝေ့ဝူယင်က သူ့နာမည်နှင့် အတူ ထိုစကားလုံးများက တရားဝင်ကြောင်း သေချာစေခဲ့သည်။

အမှောင် ဟင်းလင်းပြင် အတွင်း၌ ဟင်းလင်းပြင် သင်္ဘော သိန်းချီမှာ ခရီးနှင် နေကြကာ တစ်ခုချင်းစီမှာ ခရီးသည်ပေါင်း သိန်းသန်း ဂဏန်းခန့်ကို တင်ဆောင် သွားလာ နေခဲ့လေသည်။ ခရီးသည်များထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများမှ အစ ချီပျစ်ခဲခြင်း အဆင့်ထိ အလွှာပေါင်းစုံ ပါဝင်နေသည်။ ကျင့်ကြံခြင်း အခြေခံ နိမ့်ပါးကာ မွေးဖွားရာ ကုန်းမြေတိုက်ကြီးမှ အသက်နှင့် တစ်ကိုယ် မထွက်ခွာဖူးသည့် ကျင့်ကြံသူလေးများ ပင်လျှင် ပွဲတော်၌ ပါဝင်ဖို့ အခွင့်အရေး ရရှိခဲ့ကြသည်။ ၎င်းက မကြုံစဖူး ထူးခြားသည့် အခွင့်အရေးမျိုးပင်။

ဝေ့ဝူယင်၏ လက်အောက်ရှိ သွေးတစ္ဆေများ၏ အကူအညီနှင့် အတူ ရွှေရောင် အသက် နန်းတော်မှာ မိသားစုများ၊ ကျင့်ကြံသူများကို သူတို့၏ ကြွယ်ဝ ချမ်းသာမှုပေါ် မူတည်၍၊ ကုန်ကျစရိတ် အနည်းငယ်၊ သို့မဟုတ်လည်း လုံးဝ ကုန်ကျစရာ မလိုပဲ ကာကွယ်ကာ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ထိုလုပ်ရပ်မှာ ပရဟိတ ဆိုသည့် သဘောတရားထက်ပင် ကျော်လွန်နေပေသည်။

ကုန်ကျစရိတ်မှာ အလွန်ပင် မြင့်မားလှလေရာ ဒေသ အသီးသီးရှိ ရွှေရောင် အသက် နန်းတော် ကိုင်းခွဲ အကြီးအကဲများကို အရေးပေါ် အစည်းအဝေး ထိုင်စေသည် အထိ ဖြစ်စေခဲ့သည်။ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကြားမှ အချိုးမှာ အလွန်ပင် ကွာခြားလွန်းလှသည်။ လူအများ တုန့်ဆိုင်းနေဆဲ ဖြစ်သည့် ပထမဆုံး လတွင်ပင် လည်ပတ်မှု စရိတ်မှာ လျှို့ဝှက် ကျောက်တုံး ခုနစ်ထောင် နီးပါးလောက် အထိ ရောက်ခဲ့သည်။

ထိုအခြေအနေကို သေချာနားလည်အောင် ပြောရလျှင်…

ကြယ်တာရာ အဆင့်၊ ဂြိုဟ်အသေး နှစ်လုံး၏ ပျမ်းမျှ တန်ဖိုးပင် လျှို့ဝှက် ကျောက်တုံး ခုနစ်တုံးလောက်သာ ကုန်ကျသည်။ ထို့ကြောင့်ပင် လျှို့ဝှက် ကျောက်တုံး ခုနစ်ထောင် ဆိုသည်မှာ ကြယ်တာရာ အဆင့် ဂြိုဟ်အသေး နှစ်ထောင်လုံးလောက်ကို ဝယ်ယူနိုင်သည့် ပမာဏ ဖြစ်ပေသည်။ ရွှေရောင်အသက် နန်းတော် ပထမ တစ်လ သုံးခဲ့သည့် ခရီးစရိတ်ပင်လျှင် ထိုမျှလောက် ကြောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း… ဒုတိယလသို့ အရောက်တွင် လူများမှာ ပိုမို၍ အရူးအမူး ဖြစ်လာခဲ့ကြသည်။ ကနဦး ပါဝင်သူအရေအတွက်ထက် ဆယ်ဆကျော်ပင် ဟင်းလင်းပြင် သင်္ဘောများပေါ် တက်ရောက်လာလေရာ ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ အခြား အဖွဲ့အစည်းများထံမှ ဟင်းလင်းပြင် သင်္ဘောများကို ငှားရမ်းခဲ့ရသည်။ သို့တိုင်အောင် လူဦးရေက အလွန်များပြားလှလေရာ အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကြီး၏ လျှို့ဝှက်နယ်မြေ ကိုးဆယ်ကိုးခု ပါဝင်သော နာမည်ကျော် အကန့်အသတ်မဲ့ ဟင်းလင်းပြင် သင်္ဘော ကိုပင် ငှားရမ်းခဲ့ရသည်။

ကုန်ကျစရိတ် ကြီးမားမှုက နေ့စဉ်နှင့် အမျှ မြင့်မားလာနေလေရာ တွက်ချက်ဖို့ အတွက်ပင် အလွန် ခက်ခဲလွန်းတာကြောင့် ပညာရှင်များမှာ ခန့်မှန်းခြေ ကိန်းဂဏန်းများကိုသာ ထုတ်ပြန်နိုင်ခဲ့ကြသည်။

တတိယလ အရောက်တွင်တော့ တုံ့ဆိုင်းနေကြသူများ အတွက် ရည်ရွယ်ပြီး အမြန်ဆုံး ဟင်းလင်းပြင် သင်္ဘောများအပြင် အကွာအဝေးနှင့် အချိန် အကန့်အသတ်ကြောင့် ဟင်းလင်းပြင် ဂိတ်တံခါး အများအပြားကိုပါ အသုံးပြုခဲ့ရသည်။

ထိုကဲ့သို့ ရွှေရောင် အသက်နန်းတော် ပရဟိတ အကျိုး သယ်ပိုးနေချိန်တွင် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို အမှီသဟဲပြုကာ ကိုယ်ကျိုးရှာ နေကြသူများလည်း ရှိပေသည်။ သူတို့က ရွှေရောင် အသက်နန်းတော်၊ ဝေ့ဝူယင်နှင့် အဖွဲ့သားများ မပေးစွမ်းနိုင်ကြသည့် အတွေ့အကြုံများကို ပံ့ပိုးပေးခဲ့ကြသည်။ ဝေ့ဝူယင်နှင့် ရွှေရောင် အသက်နန်းတော်တို့ ဘယ်လောက်ပင် ချမ်းသာစေကာမူ လူတိုင်းအတွက် အကောင်းဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် ဇိမ်ခံအတွေ့အကြုံများကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါချေ။

သို့သော်လည်း ထာဝရ နယ်မြေကတော့ ပေးနိုင်ခဲ့သည်။ ပထမလအတွင်းမှာ သူတို့မှာ ကိုယ်ပိုင် ဇိမ်ခံ ဟင်းလင်းပြင် သင်္ဘောများကို စတင် မိတ်ဆက် ပြသခဲ့သည်။ ၎င်းတို့၏ အမြန်နှုန်းက အမြင့်ဆုံး၌ ရှိသည့် အပြင် တစ်လစာ အကောင်းဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ထည့်သွင်းပေးခဲ့သည်။ ထိုဝန်ဆောင်မှုက ရွေးချယ်ခံ ဧကရာဇ်များ၊ သို့မဟုတ် ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာနိုင်ခြေရှိသူများအား ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းများ အတွက် အဓိက ဦးတည်ခဲ့သည်။

ထာဝရ နယ်မြေ၏ ဝန်ဆောင်မှုက ကျင့်ကြံသူ အတော်များများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူတို့က ထိုဟင်းလင်းပြင် သင်္ဘောများထက်တွင် သီးသန့် အဂ္ဂိရတ် ထုတ်ကုန် အချို့ကိုပါ ရောင်းချမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲမှာ ပင်မပွဲ ဖြစ်သော်လည်း အင်အားစုများမှာ မကြာခင် ရောက်ရှိ လာတော့မည့်ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကိုလည်း လျစ်လျူလို့ မရပါချေ။

ထာဝရ အစည်းအရုံး စတင်ခဲ့သည့် ထိုစီးပွားရေးပုံစံကို အခြား အဖွဲ့အစည်းများနှင့် အစည်းအရုံးများကလည်း အလျင်အမြန် ကူးယူခဲ့ကြသည်။ သူတို့က ဇိမ်ခံ အတွေ့အကြုံများ၊ အပေးအယူများနှင့်၊ တန်ဖိုး ကြီးမြင့်သည့် ရှားပါး ရင်းမြစ်များ၊ ထုတ်ကုန်များနှင့် အတူ အကျိုးအမြတ်ရှာဖွေဖို့ ကြိုးပမ်းလာခဲ့ကြသည်။ ထိုကဲ့သို့ ဆွဲဆောင်မှုများမှာ ဘဝင်မြင့်ကာ သုံးနိုင်ဖြုန်းနိုင်သူများထံမှ ပိုက်ဆံများကို အလွယ်တကူ စုပ်ယူနိုင်ခဲ့သည်။

အချို့သော ကျင့်ကြံသူများမှာ ရွှေရောင် အသက် နန်းတော်နှင့် ဝေ့ဝူယင်၏ စီစဉ်မှုအောက်မှ ခရီးသွားဖို့ ငြင်းဆန်ခဲ့ကြသည်။ အကြောင်းချက်လား…။ ၎င်းက လူမှုစီးပွားရေးနှင့် ကျင့်ကြံခြင်း အဆင့် နိမ့်ကျတဲ့ ကျင့်ကြံသူများနှင့် အတူတူ ခရီးသွားလာရမည် ဆိုသည့် အဓိပ္ပာယ် သက်ရောက်သောကြောင့်ပင်။

သို့သော်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦး၏ အဂ္ဂိရတ် ကုန်စည်ပြပွဲကိုတော့ လွဲချော်ချင်သူ တစ်ယောက်မှ မရှိပါချေ။ ၎င်းက အဂ္ဂိရတ်ပညာရှင်များ အတွက် သူတို့၏ ကြွယ်ဝ ချမ်းသာမှုများကို ပြသရန် အခွင့်ကောင်း တစ်ခု ဖြစ်ကာ ပုံမှန်အားဖြင့် တက်ရောက်သူတိုင်းမှာ ပြောမပြနိုင်လောက်သည့် ကံကောင်းခြင်းများကို ကြုံတွေ့ရလေ့ ရှိသည်။ ထို့အပြင် ကောလာဟလများ ထွက်ပေါ်နေသည့် အာရုဏ်ဦး ဖီဆန် နေကြယ်၏ နေအမတေများအား ထောက်လှမ်းရေး အဖွဲ့အစည်း အသီးသီးက ချီးကျူးထားတာကို ထည့်သွင်းစဉ်းစားရလျှင် မည်သူမှ ထိုအရာကို လက်လွတ်ခံချင်ကြမှာ မဟုတ်ပါချေ။

မည်သို့ပင် ဆိုစေ… လူနည်းစုကတော့ အကောင်းဆုံး ခံစားခွင့်များ၊ အထူးအခွင့်အရေးများနှင့် အတူ ခရီးသွားသင့်သည်ဟု ရိုးရှင်းစွာ ယုံကြည်နေကြဆဲ ဖြစ်သည်။ ဝေ့ဝူယင်နှင့် ရွှေရောင် အသက်နန်းတော် စီစဉ်သည့် ခရီးလမ်းမှာ 'လူတိုင်းအတွက်' ဖြစ်နိုင်သော်လည်း ထာဝရ အစည်းအရုံး ဝန်ဆောင်မှု ပေးသည့် ဟင်းလင်းပြင် သင်္ဘောများကတော့ 'လူချမ်းသာတွေအတွက်' ဆိုသည့် အမြင် တစ်ခု သူတို့ကြား၌ ဖြစ်ပေါ် လာခဲ့သည်။ မည်သို့ပင် ဆိုစေ ထာဝရ အစည်းအရုံးမှာ အဂ္ဂိရတ် ရှန့်ထိုနှစ်ဦးကိုတောင် ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်း တစ်ခု မဟုတ်ပါလား။

၎င်းက လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခု နီးပါးခန့် ကာလအတွင်း အဂ္ဂိရတ် ထုတ်ကုန် စစ်ပွဲတိုင်း နီးပါးတွင် ရှုံးနိမ့်နေခဲ့သည့် ထာဝရ အစည်းအရုံး အတွက် သူတို့၏ အမှတ်တံဆိပ်ကို ပြန်လည် ပြင်ဆင်ဖို့ အခွင့်ကောင်း တစ်ခု ဖြစ်ပေသည်။

လွန်ခဲ့သည့် နှစ်ကာလများ အတွင်း၌ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ အထူးသဖြင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းတွင် ရွှေရောင် အသက် နန်းတော်တို့နှင့် ထာဝရ အစည်းအရုံးတို့ အကြား ကုန်ပစ္စည်း စျေးကွက် ပြိုင်ဆိုင်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ပြိုင်ဘက်နှစ်ဖက်စလုံးမှာ စျေးနှုန်းများကို အပြိုင်အဆိုင် လျှော့ချခဲ့ကြကာ အဖွဲ့အစည်း အသီးသီးက စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ကြသည်။ သို့သော်လည်း နှစ်အနည်းငယ် အတွင်းမှာပင် ထာဝရ နယ်မြေမှာ ထုတ်လုပ်မှုနှုန်းကို မလိုက်မှီနိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။

ရွှေရောင် အသက် နန်းတော်၏ စျေးကွက်ကို သိမ်းပိုက်ခြင်း လုပ်ဆောင်ချက်များကလည်း ရက်စက်လွန်းလှသည်။ သူတို့က ကုန်ကျစရိတ်၊ လုပ်အား၊ ပြုပြင်ထုတ်လုပ်မှု၊ သယ်ယူ ပို့ဆောင်ရေး စသည်တို့ကို ထည့်မတွက်ဘဲ ကုန်ပစ္စည်းများကို မူရင်းစျေးနှင့် ရောင်းချခဲ့ကြသည်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း၏ အကြောင်းပြချက် တစ်ခုမှာ… ရွှေရောင် အသက် နန်းတော် အနေဖြင့် သူတို့၏ ထုတ်ကုန်များကို ထာဝရ နယ်မြေ ကဲ့သို့ ပြင်ပ ရောင်းချသူ ကိုယ်စားလှယ်များ မလိုပဲ တိုက်ရိုက် ရောင်းချနိုင်ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ ပြိုင်ဆိုင်မှု အပြီးတွင် ထာဝရ အစည်းအရုံး၏ ဈေးကွက်မှာ ပြိုလဲလုနီးပါးပင် ဖြစ်သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။

ကံကောင်းထောက်မစွာပင်… ယခု အဂ္ဂိရတ် ကုန်စည်ပြပွဲနှင့် ယှဉ်၍ ဖြစ်ပေါ်လာခဲ့သည့် ခရီးသွားလုပ်ငန်းမှာ ထာဝရ အစည်းအရုံး၏ အရှုံးများကို ထိထိရောက်ရောက် ပြန်လည် ဖြည့်တင်းနေခဲ့ပေသည်။ သူတို့က ရွှေရောင် အသက် နန်းတော် ရှင်းလင်းထားသည့် ခရီးသွား လမ်းကြောင်းများကိုသာ အရှက်မရှိ အသုံးပြုခဲ့ကြကာ ပိုမိုကောင်းမွန်သည့် ဘေးကင်းလုံခြုံမှုကို ရရှိခဲ့ကြသည်။ အခြား စီးပွားရေး လုပ်ငန်းများမှာလည်း ထာဝရ အစည်းအရုံး၏ လမ်းစဉ်အတိုင်း အတိအကျ လိုက်လံ လျှောက်လှမ်းခဲ့ကြသည်။ အံ့ဩစရာကောင်းတာ တစ်ခုကတော့ ရွှေရောင် အသက် နန်းတော်က ထိုလုပ်ရပ်များကို ဘာ စကားတစ်ခွန်းမှ မဆိုပဲ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်းက နောက်ထပ် ပြောင်းလဲမှု တစ်ခုကို စတင်စေခဲ့သည်။

ကျင့်ကြံသူများမှာ သူတို့၏ ကိုယ်ပိုင် ဟင်းလင်းပြင် သင်္ဘောများနှင့် အတူ ရွှေရောင် အသက် နန်းတော်၏ ခရီးသွား လမ်းကြောင်းများ နောက်မှ လိုက်ခြင်းဖြင့် မြင့်မားစွာ ကုန်ကျစရာ မလိုပဲ တစ်ကိုယ်တော် အတွေ့အကြုံများကို ရရှိနိုင်ကြောင်း သဘောပေါက် သွားခဲ့ကြသည်။ ၎င်းက ထာဝရ နယ်မြေ၏ စျေးကြီးသည့် ခရီးသွား ပုံစံ သို့မဟုတ် ဝေ့ဝူယင်နှင့် ရွှေရောင် အသက် နန်းတော်တို့၏ စျေးသက်သာပြီး လူတိုင်း ပါဝင်နိုင်သည့် ပုံစံ နှစ်ခုစလုံးကို ရှောင်ရှားလိုသူတို့ အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာခဲ့သည်။

သူတို့ ယခင်က ထိုကဲ့သို့ မလုပ်ရဲခဲ့သည့် အဓိက အကြောင်းပြချက်မှာ အမှောင် ဟင်းလင်းပြင် အတွင်းရှိ အန္တရာယ်များကို ကြောက်ရွံ့ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

ကံမကောင်းစွာပင် ရှင်းလင်းထားသော လမ်းကြောင်းများမှာလည်း တစ်ချိန်လုံး လုံခြုံသည့် ခရီးလမ်းများ ဖြစ်နေလိမ့်မည် မဟုတ်ပါချေ။

All Chapters