အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ အကြိုကာလ (၂)
Vol. 100 Ch. 1394
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ မတိုင်မီ ရက်ပေါင်းလေးဆယ်ခန့် အလိုတွင် ဖြစ်၏။
ကျယ်ပြောလှသော အမှောင် ဟင်းလင်းပြင် အတွင်း၌ လူပေါင်း သန်းနှင့်ချီ တင်ဆောင်နိုင် လောက်အောင် ခမ်းနားထည်ဝါလှသော ဟင်းလင်းပြင် သင်္ဘောကြီးတစ်စင်းသည် ကျင့်ကြံသူ ထောင်ဂဏန်းခန့်ကိုသာ သယ်ဆောင်ကာ မောင်းနှင်လာခဲ့သည်။ ခရီးသည်များ အနက် အချို့မှာ ရွေးချယ်ခံများ ဖြစ်ကြပြီး၊ အချို့ကတော့ ရွှေအဆင့် အင်အားစုများ၏ ဂိုဏ်းချုပ်များနှင့် ဂိုဏ်းဘိုးဘေးများ ဖြစ်ကြသည်။ ဦးဆောင်သူကတော့ ထာဝရသူရဲကောင်းတစ်ဦးပင်။ အကယ်၍ ဝူယုသာ ဤနေရာတွင် ရှိခဲ့ပါက ထိုပုဂ္ဂိုလ်ကို ချက်ချင်းပင် မှတ်မိပေလိမ့်မည်။ သူက အခြားလူ မဟုတ်…။ ဝူယု မြေကြီးရှန့်ထို အဆင့်ကို တက်လှမ်းပြီးနောက် တိုက်ပွဲ တစ်ခု ဆင်နွှဲကာ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့သည့် ထာဝရ သူရဲကောင်းပင်။
ထာဝရ အစည်းအရုံး၏ ဇိမ်ခံ ဟင်းလင်းပြင် သင်္ဘောကြီးမှာ ရွှေရောင် အသက် နန်းတော်၏ သင်္ဘော နောက်မှ နာရီအနည်းငယ်ခန့် နောက်ချန်၍ လိုက်ပါနေခြင်း ဖြစ်သည်။
ထာဝရ သူရဲကောင်း၏ မျက်လုံးများက အာရုဏ်ဦး ကြယ်တာရာ နယ်မြေတည်ရှိရာ အဝေးတစ်နေရာကို စိုက်ကြည့်ခဲ့၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှု အရောင်များ ထွက်ပေါ်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
"တစ်နေ့ပေါ့လေ..."
ထာဝရ သူရဲကောင်းက တီးတိုး ရေရွတ်လိုက်၏။ တစ်နေ့နေ့တွင် ကျိန်းသေ လက်စားချေမည်ဟု သူ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုလိုက်မိသည်။
ရုတ်တရက် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းမှ တောက်ပသော အလင်းတန်းများ ပျံ့နှံ့လာသည်။ နေကြယ်၏ အလင်းရောင်က အဆပေါင်းများစွာ တိုးမြင့်လာသလိုပင်။ ထာဝရသူရဲကောင်းမှာ အံ့အားသင့် သွားသော်လည်း ထိုဖြစ်ရပ်မှာ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
ထာဝရ သူရဲကောင်း တစ်ယောက် အစွမ်းထက် အမြင်အာရုံ ကျင့်စဉ်ကို အသုံးပြု၍ အချက်အလက်များ စုဆောင်းဖို့ ကြိုးစား နေချိန်တွင် အနီးအနားရှိ အမှောင် ဟင်းလင်းပြင်အတွင်းတွင် လှိုင်းထနေသည်ကိုတော့ သူ သတိမမူမိလိုက်ပါချေ။
“ဟမ်…”
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်စက် အန္တရာယ် အငွေ့အသက် တစ်ခုကို သူ ခံစားလိုက်ရ၏။ ထာဝရ သူရဲကောင်းက ချက်ချင်းပက် ဝိညာဉ်အာရုံကို ဖြန့်ကျက်ဖို့ ကြိုးပမ်းလိုက်သော်လည်း အရာရာ နောက်ကျသွားခဲ့ပြီဖြစ်သည်။
ထို့နောက် သူ အပါအဝင် ဟင်းလင်းပြင် သင်္ဘောထက်၌ လိုက်ပါလာသည့် ရွေးချယ်ခံများ၊ ထိပ်သီး ကျင့်ကြံသူ အားလုံး၏ ကံကြမ္မာများသည်ကား…။
ဗွက်…
သွားလေပြီ။ မြေကြီးရှန့်ထို တစ်ဦး ထိန်းကြောင်း လိုက်ပါလာသည့် ဟင်းလင်းပြင် သင်္ဘော တစ်ခုလုံးကား ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ သေဆုံးသွားကြောင်း ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော သက်သေအ ထောက်အထားမှာ အသက်ကျောက်ပြာများစွာ တစ်ပြိုင်နက်တည်း ကျိုးပျက်သွားသည် ဆိုသော သတင်းဆိုးများသာ ဖြစ်သည်။
ရွှေရောင် အသက် နန်းတော်သည်လည်း အစောပိုင်းကာလများတွင် ထိုကဲ့သို့ ရုတ်တရက် ပျောက်ဆုံးမှုမျိုး ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော်လည်း သူတို့သည် ထိုပြဿနာကို တစ်နည်းနည်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီး နောက်ထပ် ဘယ်တော့မှ မဖြစ်ပွားခဲ့တော့ပေ။
ကြိုတင် ပြင်ဆင်မှု ကောင်းမွန်သည့် ရွှေရောင် အသက် နန်းတော် အနေဖြင့် ထိုကဲ့သို့ ရုတ်ချည်း ဖြစ်ပေါ်လာသော အန္တရာယ်ကို ကာကွယ်နိုင်ခဲ့သော်လည်း အခြားသော အဖွဲ့အစည်းများမှာမူ ကာကွယ်နိုင်ခြင်း မရှိခဲ့ချေ။
လအနည်းငယ် အတွင်းမှာပင် ဇိမ်ခံ ဟင်းလင်းပြင် သင်္ဘော များစွာမှာ သယ်ဆောင်လာည့် ခရီးသည်များနှင့် အတူ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ကြသည်။
၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဝေ့ဝူယင်ကို အမှောင် ဟင်းလင်းပြင်အတွင်းမှ စောင့်ကြည့်နေခဲ့သည့် သတ္တဝါကြီးမှာ ဟင်းလင်းပြင် သင်္ဘော များကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် လှုံ့ဆော်ခံနေရကြောင်း ကိုတော့ လူအနည်းငယ်သာ သိရှိ
ကြပေသည်။
အလားတူ ဖြစ်ရပ်များ ဖြစ်ခဲ့ဖူးကြောင်း တစ်ခုတည်းသော သမိုင်း မှတ်တမ်းမှာ အမှောင်ကြယ်ခေတ်တွင် ဖြစ်သည်။ သို့သော်လည်း ၎င်းက နက်နဲဆန်းကြယ်ကာ ယနေ့အချိန်အထိ အဖြေ ရှာမရနိုင်သည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေဆဲ ဖြစ်သည်။
ဝူယု အပေါ် လက်စားချေလိုစိတ် ပြင်းပြနေသည့် ထာဝရ သူရဲကောင်း အပြင်၊ သေမျိုး အဂ္ဂိရတ် အာဏာရှင် အချို့သည်လည်း ဇိမ်ခံဟင်းလင်းပြင် သင်္ဘောများ ပျောက်ဆုံးမှုတွင် ပါဝင်သွားခဲ့သည်။
ထိုဖြစ်ရပ်က မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ လူသိရှင်ကြား အဂ္ဂိရတ် ပညာရှင် အရေအတွက်ကို ၂၄၄ ဦးမှ ၂၄၀ ဦး အထိ ကျဆင်း သွားစေခဲ့သည်။
သုံးလတာ ကာလအတွင်းမှာပင် မြေကြီးရှန့်ထို တစ်ဦးနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် လေးဦးတို့ ပျောက်ကွယ်သွားခဲ့လေရာ ထိုဖြစ်ရပ်က မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ကြောက်ရွံ့စိတ်များ ပျံ့နှံ့သွား စေခဲ့သည်။
ရွှေရောင် အသက် နန်းတော် ၏ ဟင်းလင်းပြင် သင်္ဘောများသာ ဘေးကင်းနေခဲ့လေရာ ချမ်းသာ ကြွယ်ဝသည့် ကျင့်ကြံသူများစွာမှာလည်း သူတို့နှင့်သာ လိုက်ပါခြင်းများ ပြုလုပ်လာခဲ့ကြသည်။
အံ့အားသင့်စရာကောင်းသည်မှာ ထာဝရ အစည်းအရုံး၏ အဖွဲ့ဝင်များမှလွဲ၍ ရွှေရောင် အသက် နန်းတော်မှာ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ပယ်ချမှု မပြုခဲ့ခြင်းပင်။
ထို့အပြင် သူတို့မှာ အခြားသူများ နည်းတူပင် အခကြေးငွေ အနည်းငယ်မျှသာ ပေးဆောင်ဖို့ လိုအပ်ခဲ့ပြီး ကျင့်ကြံခြင်း အဆင့်၊ မိသားစု အရွယ်အစား စသည်တို့အပေါ် မူတည်၍ အနည်းငယ်မျှသော ကွာခြားမှုများသာ ရှိပေသည်။ ထိုလုပ်ရပ်မှာ ရွှေရောင် အသက် နန်းတော်နှင့် ဝေ့ဝူယင်တို့ ကတိကဝတ်ကို စောင့်ထိန်းကြောင်း သက်သေပြနေသည့် နောက်ထပ် လုပ်ရပ် တစ်ခုပင် ဖြစ်သည်။
တစ်ချိန်တည်း၌… ဟင်းလင်းပြင် သင်္ဘော ပျောက်ဆုံးမှုနှင့် အတူ ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းကတော့ ပိုမို၍ ထိုးကျသွားခဲ့သည်။ အဂ္ဂိရတ် ရှန့်ထို နှစ်ဦးသာ ရှိမနေခဲ့ပါက သူတို့၏ ဂုဏ်သတင်းမှာ ပျက်စီးလုနီးပါး အထိ ဖြစ်သွားပေလိမ့်မည်။
မည်သို့ပင် ဆိုစေ… သူတို့မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် အဂ္ဂိရတ် အဂ္ဂိရတ် အဖွဲ့အစည်း ဆိုသည့် ဂုဏ်ပုဒ်ကိုတော့ ဆက်လက်၍ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ဝေ့ဝူယင်မှာ လက်ရှိ အချိန်ထိ အဂ္ဂိရတ် အဖွဲ့အစည်း တစ်ခုကို တည်ထောင်ရသေးခြင်း မရှိသေးသလို ရွှေရောင် အသက် နန်းတော်မှာလည်း အဂ္ဂိရတ်ကို အခြေပြုသည့် အဖွဲ့အစည်း တစ်ခု မဟုတ်ပါချေ။
သို့သော်လည်း အနာဂတ်တွင် မည်သည့် အရာများ ဖြစ်ပေါ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
…
အာရုဏ်ဦး ကြယ်ကွင်းပြင် သည် အလွန်ကြီးမားကျယ်ပြန့်သော်လည်း သန်းထောင်ပေါင်းများစွာသော ကျင့်ကြံသူ များနှင့် ၎င်းတို့၏ မိသားစုများ အားလုံးကို ဂြိုဟ်ပေါင်း လေးဆယ့်ကိုးလုံးနှင့် လပေါင်း ရှစ်ဆယ့်တစ်လုံးတွင် ထားရှိရန်ကတော့ လက်တွေ့မကျသော မျှော်လင့်ချက်တစ်ခု ဖြစ်သည်။
ထို့ကြောင့်ပင် ဟင်းလင်းပြင် သင်္ဘောများကို လောကအာရုဏ်ဦး အတွင်းရှိ လောက နယ်မြေများ၊ လျှို့ဝှက် နယ်မြေများ အတွင်းကိုသာ စနစ်တကျ ပို့ဆောင်ပေးရခဲ့သည်။ လောကအာရုဏ်ဦးသည် ယခင် သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် ၏ နယ်နိမိတ် တစ်ခုလုံးကို ဖြန့်ကျက်ထားလေရာ လွန်စွာ ကြီးမား ကျယ်ပြန့်သည့် နယ်မြေကွင်းပြင်တစ်ခု ဖြစ်သည်။
၎င်း၏ ထူးခြားချက် တစ်ခုမှာ နေရာတိုင်း၌ ပျံ့နှံ့နေသည့် ကြယ်တာရာနှင့် လျှို့ဝှက် အမတေများ၏ အရည်အသွေးပင် ဖြစ်သည်။ အထူးသဖြင့် အာရုဏ်ဦး ဖီဆန် နေကြယ်ထံမှ နေရောင်ခြည်များကို တိုက်ရိုက်ရရှိသော နေရာများတွင် ပိုမို သိသာထင်ရှားသည်။
ရောက်ရှိလာသူ အများစုမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ မဟုတ်ကြလေရာ နေကြယ်မှ တိုက်ရိုက် လာသည့် ကြယ်တာရာနှင့် လျှို့ဝှက် အမတေများ၏ အရည်အသွေးမှာ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းနိုင်ကြောင်း လုံးဝ မသိရှိခဲ့ကြပေ။
အာရုဏ်ဦး နယ်မြေကွင်းပြင်တွင် တစ်ရက်တာ ကျင့်ကြံခြင်းမှာ သူတို့၏ ကြယ်တာရာ နယ်မြေများတွင် ဆယ်ရက်မှ ရက်ပေါင်းတစ်ရာ ကျင့်ကြံခြင်းများနှင့် ညီမျှသည်ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ အစောပိုင်း ရောက်ရှိထားသည့် ဧည့်သည်များ၏ ကျင့်ကြံခြင်း အပေါ် ရူးသွပ်မှုမှာ နောက်မှ ရောက်ရှိလာသော ကျင့်ကြံသူ အသစ်များထံကိုပါ ကူးစက်သွားခဲ့ကာ ငြိမ်းချမ်းသော ကျင့်ကြံခြင်း ကာလတစ်ခု ပေါ်ပေါက်လာခဲ့သည်။