အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဆုံးဖြတ်ချက် ချမှတ်သူ
Vol. 100 Ch. 1396
“ဒီနှစ်ယောက်…”
ကိုးရောင်ခြယ် အောက်ခံ ဝတ်ရုံနှင့် အဖြူရောင် အပေါ်ထပ်တို့ကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးမှာ ဒြပ်စင်သစ်ပင်၏ ထူထဲခိုင်ခံ့သော အကိုင်းတစ်ခုပေါ်တွင် ထိုင်ကာ လင်းမျိုးနွယ်ဝင် နှစ်ဦးအား လှမ်းကြည့် ကြည့်နေခဲ့သည်။
သူ၏ ညာဘက်တွင်တော့ ရင့်ကျက် တည်ငြိမ်သည့် အသွင်အပြင်ရှိပြီး ထူးခြားစွာ လှပသည်ဟု မဆိုနိုင်သော်လည်း သိမ်မွေ့၍ ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ သူမသည် အစိမ်းရောင် အခွံနှင့် ရွှေရောင် အသားများ ပါရှိသော မက်မွန်သီးကဲ့သို့ အသီးတစ်လုံးကို ညင်သာစွာ ကိုက်ကာ ၎င်း၏ စွဲမက်ဖွယ်ရာ အရသာကို ကျေနပ်အားရစွာဖြင့် မျိုချလိုက်သည်။
ထိုနှစ်ယောက်က အခြားလူများ မဟုတ်ပါချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မြေကြီးရှန့်ထိုများ ဖြစ်ကြသော ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ပင် ဖြစ်လေသည်။
ကျန်းကျိရီသည် ဒြပ်စင်သစ်သီး၏ အရသာနှင့် ချိုမြိန်မှုတို့ထဲတွင် နှစ်မြှုပ်နေလေရာ လင်းမင်နှင့် လင်းရှန်းရှဲ့တို့ကို သတိထားမိခြင်း မရှိပါချေ။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်ကဆိုလျှင် သူမမှာ လင်းရှန်းရှဲ့၏ ပျက်စီးခြင်း သို့မဟုတ် သူမ၏ လမ်းကြောင်း အပေါ် အဟန့်အတား ဖြစ်စေမည့် နည်းလမ်းများကို ကျိန်းငေ ရှာဖွေ ခဲ့မိလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူမမှာ လင်းမျိုးနွယ် အပေါ် မုန်းတီးခြင်း မရှိတော့သလို သူတို့၏ ကံကြမ္မာကို စိတ်ဝင်စားခြင်းလည်း မရှိတော့ချေ။
လင်းရှန်းရှန်းမှာ ဝေ့ဝူယင်၏ အတွင်းလူ တစ်ယောက် ဖြစ်လာခဲ့သည့် အတွက် လင်းမျိုးနွယ်နှင့် ဆန့်ကျင်ဘက် ပြုလုပ်ရန် မလိုအပ်တော့ဟု ကျန်းကျိရီ ဆင်ခြင်မိသည်။
တစ်ချိန်တစ်ခါက လင်းမျိုးနွယ်မှာသည် အစစ်အမှန် ဒြပ်စင်ဂိုဏ်းထံ ကံဆိုးမိုးမှောင်ကျစေခဲ့သည့် အတိတ်ကို ယူဆောင်လာခဲ့သည်မှာ မှန်သည်။ သို့သော်လည်း ယခုတွင်တော့ သူတို့၏ မျိုးဆက်သည် ထိုအမှားများကို ပြုပြင်ရန် အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပေသည်။ ဥပမာအားဖြင့်... လင်းရှန်းရှန်းသည် ဝေ့ဝူယင်နှင့် တိုက်ရိုက် ဆက်သွယ်ခွင့်ရရှိခဲ့ကာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းထံ စိတ်ကူး မယဉ်နိုင်သော အကျိုးကျေးဇူးများစွာ ယူဆောင်လာခဲ့သည်။
ပိုမို၍အရေးကြီးသည့် အရာကား ကျန်းကျိရီ ကိုယ်တိုင်မှာ အလွန် တိုတောင်းသော အချိန်ကာလအတွင်းမှာပင် လမ်းစဉ် သုံးခုကို ရောက်ရှိခဲ့ကာ ပျမ်းမျှ မြေကြီးရှန့်ထိုများထက် မြင့်မားသော အဆင့်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်၌ ဟန်ယုဟိုင်ကတော့ လင်းမင်ကို စိုက်ကြည့်နေခဲ့၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရှေးဟောင်း ရွေးချယ်ခံဟု ခေါ်ဆိုခံထားရသော ထိုလူငယ်သည် သူ့ မြေးမလေး ပိုင်ယုရှီ၏ နှစ်သက်မှုကို ရရှိခဲ့သည်။ ထိုကလေးမမှာ သူ့အပေါ် အလွန်အမင်း စွဲလမ်းနေခဲ့ခြင်း ဖြစ်သည်။
ဟန်ယုဟိုင် တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း ပိုင်ယုရှီကတော့ သူမ၏ အပျိုစင်ဘဝ အပါအဝင် အရာအားလုံးကို သူ့ထံ အပ်နှင်းခဲ့ပြီးဖြစ်သည်။ ဟန်ယုဟိုင်၏ ရင်ထဲ၌ လောင်မြိုက်နေသည့် ဒေါသမှာ ထိန်းချုပ်ရန် ခက်ခဲလှပြီး လင်းမင်ကို ဖုန်မှုန့်အဖြစ်သို့ပင် ပြောင်းလဲပစ်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။ ကံကောင်းစွာပင် သူ၏ ဝမ်းကွဲ အကိုထံတွင် လင်းမင်အတွက် အစီအစဉ်များ ရှိပေသည်။ သူ ထိုအစီအစဉ်များကို မဖျက်ဆီးလိုပါချေ။
နောက်ဆုံး၌ ဟန်ယုဟိုင်မှာ ပိုင်ယုရှီ၏ အနာဂတ်အတွက် သက်ပြင်း တစ်ချက် ချရုံသာ တတ်နိုင်ခဲ့ပေသည်။
ရွှမ်း...
ကျန်းကျိရီက သစ်သီးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်၏။ ထိုအသီးထဲတွင် အဆင့်မြင့် သစ်သား ရည်ရွယ်ချက်၊ အမတေနှင့် စွမ်းအင်များ ထူးခြားဆန်းကြယ်စွာ ပေါင်းစပ် ပါဝင်နေသည်။ ၎င်းက ဒြပ်စင်သစ်ပင်၏ အကျိုးကျေးဇူးပင် ဖြစ်လေသည်။
သို့သော်... သူတို့၏ လက်ထဲတွင် ရှိစဉ်အခါတုန်းက ၎င်းမှာ အဆင့်နိမ့် အသီးများကိုသာ မွေးဖွားပေးလေ့ ရှိပေသည်။ သို့သော် လက်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး နောက်တွင် ဒြပ်စင်သစ်ပင်မှာ အထိုက်တန်ဆုံးသော ပိုင်ရှင်ကို တွေ့ရှိခဲ့ဟန် ရ၏။ အပြည့်ဝဆုံး၊ အတောက်ပဆုံးသော နေရောင်ခြည်များ စွမ်းအင် လင်းလက်နေသည့် ဤအံ့ဖွယ် ကြယ်တာရာ နယ်မြေတွင် ၎င်းမှာ အသက်နှင့် တစ်ကိုယ် မကြုံစဖူး ထူးကဲသော တိုးတက်မှုများများနှင့် ကြုံတွေ့နေရပေသည်။
တစ်ချိန်တစ်ခါတုန်းက ဤသစ်ပင်မှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ စမ်းသပ်ပွဲများ ကျင်းပရာ နေရာ ဖြစ်ခဲ့ဖူးပေသည်။ ကြယ်တာရာ အမြုတေ အဆင့် နုငယ်စဉ် ဘဝတုန်းက လူအုပ်ကြားထဲတွင် တိုက်ခိုက်ခဲ့ရသည်ကို ကျန်းကျိရီ မှတ်မိနေခဲ့သေးသည်။ ထိုအချိန်အခါက သူမ၏ နာမည်ကို မည်သူမှ မသိခဲ့ကြချေ။
သို့သော်လည်း နောက်ဆုံးတွင် ထိုထူးချွန်သော ပါရမီရှင်များ၊ သူမကို အထင်သေးခဲ့သည့် တန်ခိုးရှင် သူရဲကောင်းများ၊ သူမ ကိုယ်တိုင် မနာလိုခဲ့ရသော တန်ခိုးရှင် နတ်မိမယ်များထဲမှ မည်မျှများများမှာ သူမ၏ အဆင့်သို့ ရောက်ရှိခဲ့ပါသနည်း။ လျှို့ဝှက်အာဏာရှင်အဆင့် ရောက်ရှိခဲ့သူပင် ဘယ်လောက် ရှိခဲ့လို့နည်း။
သူမက ယခု မြေကြီးရှန့်ထို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ကျင့်ကြံခြင်း လမ်းစဉ်တွင် လုံ့လ၊ ဝီရိယနှင့် ကံတရားတို့မှာ ပါရမီကို အနိုင်ရနိုင်ကြောင်း ထင်ရှားစွာ ပြသနေသည်။
ဟန်ယုဟိုင်ကို လှမ်းကြည့်လိုက်ရင်း ကျန်းကျိရီ၏ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့၏။ နောက်ထပ် တစ်ကိုက်ကို ညင်သာစွာ ကိုက်လိုက်ရင်း သူမက ညင်သာစွာ ပြောလိုက်သည်။
"ကျွန်မ တစ်ခုတော့ အမြဲ တွေးမိတယ်"
“ဟမ်...”
ဟန်ယုဟိုင်၏ အာရုံစိုက်မှုမှာ လင်းမျိုးနွယ်ဝင် နှစ်ဦးထံမှ ဘေးနားရှိ မြေကြီး ရှန့်ထိုထံ ပြန်လည် ပြောင်းလဲ သွားခဲ့၏။
ကျန်းကျိရီမှာ လမ်းစဉ် သုံးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ပိုမို ယုံကြည်ချက် ရှိလာခဲ့ကာ ထိုအရာကပင် သူမ၏ ရုပ်ရည်သွင်ပြင်၌ ထူးခြားသည့် ဆွဲဆောင်မှုတစ်မျိုးကို ပေါင်းထည့်ပေးခဲ့သည်။ သူမထံတွင် သူ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်သည့် အရာ မရှိသော်လည်း ယခင်ကထက် ပိုမိုလေးစားထိုက်သည်ဟု ခံစားရသည်။
ထို့အပြင် ကျန်းကျိရီ၏ အငုံ့စိတ်နှင့် ပါရမီရှင် လူငယ်များအပေါ် အနိုင်ကျင့်လိုသော စရိုက်သည်လည်း သိသိသာသာပင် လျော့ကျသွားခဲ့သည်။ ယခင်က ထိုအရာများကြောင့် သူမမှာ သူ့အတွက် အနည်းငယ် စက်ဆုပ်ဖွယ်ရာ ကောင်းခဲ့သည်။
သို့သော်လည်း ကျန်းကျိရီကတော့ ဟန်ယုဟိုင်၏ ပြောင်းလဲသွားသော သဘောထား အမြင်ကို သတိထားမိခြင်း မရှိပဲ သူမ သိလိုနေသည့် အရာကိုသာ မေးလိုက်သည်။
“အဲဒီနေ့တုန်းက ဘာလို့ အာဏာရှင် အင်ပါယာဝေ့ဆီမှာ အညံ့မခံခဲ့တာလဲ...”
“အာဏာရှင် အင်ပါယာ...”
ဟန်ယုဟိုင်၏ ဘယ်ဘက်မျက်ခုံးက အနည်းငယ် ပင့်တက်သွားကာ ပြုံးလိုက်သည်။ ကျန်းကျိရီက ဆက်ပြော လိုက်၏။
“အဲ့ဒီနေ့တုန်းက ရှင်သာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို အာရုဏ်ဦး ကြယ်ကွင်းပြင်ထဲ ပြောင်းဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ကျွန်မ ကန့်ကွက်မှာ မဟုတ်ဘူး...”
ဤသည်မှာ သူမ စိတ်ထဲတွင် အတန်ကြာ ရှိနေခဲ့သော မေးခွန်းဖြစ်သည်။ ထိုနေ့က အဓိက အင်အားကြီးလေးခုဖြစ်သည့် အင်ဖာနို နေမီးတောက် ဘုရားကျောင်း၊ ပြည်ထောင်စု ရင်းမြစ် သန့်စင် နန်းတော်၊ သွေးတစ္ဆေများနှင့် မဟာ ပင်လယ်ပြာ တော်ဝင် ကလန်တို့ အပြင် အင်အားငယ်များစွာတို့မှာ ဝေ့ဝူယင်ထံတွင် လက်နက်ချ အညံ့ခံခဲ့ကြသည်။
လူအများစုက အစစ်အမှန် ဒြပ်စင်ဂိုဏ်းသည်လည်း အလားတူ လိုက်ပါ အညံ့ခံလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သူမသည်လည်း အလားတူ တွေးတောခဲ့သည်သာ ဖြစ်သည်။
ဟန်ယုဟိုင်၏ မျက်နှာထက်ရှိ အပြုံးက ဖြည်းညင်းစွာပင် မှေးမှိန်သွားကာ ခေါင်းခါလိုက်သည်။
“ငါက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ခေါင်းဆောင် မဟုတ်ဘူး... ဒါကြောင့် ဘာဆုံးဖြတ်ချက်ကိုမှ မချနိုင်ဘူး... နင်သိတဲ့ အတိုင်း ငါ့ရဲ့ ရာထူးက ဒြပ်စင် ကာကွယ်သူပဲလေ... အဲဒါက ငါ့ရဲ့ အခွင့်အာဏာ အတိုင်းအတာပဲ... အစစ်အမှန် ဒြပ်စင်ဂိုဏ်းနဲ့ ပတ်သက်ရင် ငါ့မှာ တာဝန် တစ်ခုပဲ ရှိတယ်... အဲဒါက ကာကွယ်ဖို့ပဲ... နင်လည်း သတိထားမိမှာပါ... ဂိုဏ်းကို စရောက်တဲ့ အချိန်တည်းက စလို့ ဘယ်လို အရေး ကိစ္စမျိုးတွေကိုမှ ငါ ဝင်မစွက်ဖက်ခဲ့ဘူး... နင် ကိုယ်တိုင်လည်း အစစ်အမှန် ဒြပ်စင်ဂိုဏ်း ကိုယ်စား လက်နက်မချရဲသလို ငါလည်း မချရဲဘူး...”
“...”
ကျန်းကျိရီ မျက်မှောင်ကြုတ်လိုက်၏။ လူအိုကြီးမှာ တိုက်ရိုက် မပြောသော်လည်း တစ်စုံတစ်ယောက်က သူ့ကို လက်နက်မချဖို့ ညွှန်ကြားခဲ့ဟန် ရခဲ့ပြီး ဟန်ယုဟိုင်ကိုယ်တိုင်ကလည်း ထိုဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြောင်း ရှင်းလင်းပေသည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ စစ်မှန်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
“နောက်ပြီး အဲဒီနေ့တုန်းက ငါသာ အဲ့ဒီမှာ လက်နက်ချခဲ့မယ်ဆိုရင် အနာဂတ်မှာ သူ့ရဲ့ အဂ္ဂိရတ် သူရဲကောင်း ဖြစ်လာနိုင်မယ့် အခွင့်အရေးအားလုံးကို ဆုံးရှုံးသွားနိုင်တယ်”
ဟန်ယုဟိုင်က တည်ကြည်စွာဖြင့် ထပ်လောင်းပြောလိုက်၏။ သူ၏ လေသံမှ တစ်ဆင့် မြင့်မားသော ရည်မှန်းချက်များက ပေါက်ကြား၍ လာသည်။ ဝေ့ဝူယင်၏ လက်အောက်ခံတစ်ဦး အနေဖြင့် အခွင့်ကောင်းများ ရရှိနိုင်သော်လည်း အဂ္ဂိရတ် သူရဲကောင်း ဆိုသော အဆင့်အတန်းနှင့် ခြားနားပေသည်။ အဂ္ဂိရတ် သူရဲကောင်းများမှာ အဂ္ဂိရတ်ပညာရှင်တစ်ဦး အတွက် ဓားနှင့် ဒိုင်းများ သဖွယ် ဖြစ်သည်။
သို့သော်လည်း... ဟန်ယုဟိုင်မှာ ဝူယုလို အဆင့်အတန်းမျိုးကိုတော့ မျှော်လင့် မထားပါချေ။ ဝူယုမှာ ဝေ့ဝူယင် ယခုလောက် နာမည် မရှိခင် ကတည်းက နောက်မှ လိုက်ခဲ့သည့် သစ္စာအရှိဆုံး အဂ္ဂိရတ် သူရဲကောင်း ဖြစ်ပေသည်။ ဝူယု၏ နောက်တွင် မိုင်ပေါင်းများစွာ ပြတ်ကျန်ခဲ့ပြီ ဆိုသည့် အသိက ဟန်ယုဟိုင်၏ နှလုံးသားကို အနည်းငယ်တော့ နာကျင်စေသည်။
“...”
ကျန်းကျိရီမှာ တိတ်ဆိတ်နေခဲ့၏။ သူမ၏ စိတ်အစဉ်က ဟန်ယုဟိုင် အစောပိုင်း ပြောခဲ့သည့် “ဆုံးဖြတ်ချက် ချမှတ်သူ” ဟူသော စကားလုံး အပေါ်တွင် နက်ရှိုင်းစွာ နစ်မြုပ်နေဆဲဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကျော် ပျောက်ကွယ်နေခဲ့သည့် ဒြပ်စင်ကိုးပါး ဆန်းကြယ်ဧကရာဇ်မှာ အသက်ရှင်လျက် ရှိနေနိုင်သေးကြောင်း သူမ တွေးလိုက်မိ၏။