လောကများ စုစည်းခြင်း
Vol. 100 Ch. 1397
“မယုံနိုင်စရာပဲ...”
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲအား ကြေညာခဲ့ပြီး နောက်ပိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ တိကျသေချာစွာဖြင့် စီးဆင်း နေခဲ့သည်။
ဟင်းလင်းပြင် သင်္ဘောများ အာရုဏ်ဦး ဖီဆန် ကြယ်တာရာ နယ်မြေ နယ်နိမိတ်ကို ဆိုက်ကပ်သည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိသည့် လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ကြယ်တာရာ သခင်များမှာ ရောက်ရှိလာသည့် ထောင်ပေါင်း များစွာသော ဧည့်သည်များကို အာရုဏ်ဦး နယ်မြေ နှစ်ခုဖြစ်သည့် လောအာရုဏ်ဦးနှင့် ဖီဆန် အာရုဏ်ဦးတို့ရှိ ကြိုတင် သတ်မှတ်ထားသော နေရာများထံ ဦးဆောင်ကာ ခေါ်ဆောင်သွားကြသည်။
“ဒါ... ဒါက တကယ် ဖြစ်နေတာလား...”
အရင် ရောက်ရှိနှင့်ပြီး ဖြစ်သော သို့တည်းမဟုတ် ယခုမှ ရောက်ရှိကြလာသော ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်စေ၊ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများ ဖြစ်စေ... သူတို့ နေရာချထားခံရသည့် နေရာအသီးသီးတွင် အံ့သြတုန်လှုပ်လျက် ရှိနေကြပေသည်။ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ပေးအပ်သည့် နေရာထိုင်ခင်းများမှာ အလွန်ကောင်းမွန်လှကာ ပတ်ဝန်းကျင်မှာလည်း စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ဖြစ်သည်။
”လေထုက အရမ်းလတ်ဆတ်တယ်... မြေကြီးတွေကလည်း အံ့မခန်းလောက်အောင် မြေဩဇာကောင်းတာပဲ... ဒီနေရာလောက် သန့်စင်တဲ့ ကြယ်တာရာ အမတေတွေကို ငါ့ဘဝ နှစ်ကိုးရာ ကာလ တစ်လျှောက်လုံး တစ်ခါမှ မမြင်ခဲ့ဖူးပဲ”
ကြယ်တာရာ အမြုတေ အဆင့် သက်ကြီးရွယ်အို လယ်သမားတစ်ဦးက ပွင့်ပွင့်လင်းလင်းနှင့် တက်ကြွစွာ ချီးကျူးလိုက်၏။
“ငါကတော့ အဆောက်အအုံတွေပဲ မြင်တယ်... ဒီအဆောက်အအုံတွေကို မကြာသေးခင်ကပဲ အလျင်စလို ဆောက်လုပ်ထားတာ... ပစ္စည်းတွေက အကောင်းစားတွေဆိုပေမယ့် ငါတွေ့ရသလောက် ဘယ်တစ်ခုမှ အမြင့်ဆုံး ဂုဏ်သတ္တိကို မရောက်ဘူး.. တကယ်ဆို ဒီထက် အများကြီး ပိုကောင်းအောင် တည်ဆောက်လို့ ရတယ်... ဘာလို့ ဒီလောက် အလေအလွင့် ခံရတာလဲ”
ဝါရင့် ဗိသုကာနှင့် ဆောက်လုပ်ရေး ပညာရှင်ကြီးတစ်ဦးက သူတို့ တည်းခိုခွင့် ရရှိခဲ့သည့် နေအိမ်များကို လေ့လာရင်း ဝေဖန်သုံးသပ်နေခဲ့သည်။
ထိုလူအိုကြီးမှာ ထင်ရှားသော ဆောက်လုပ်ရေး ပညာရှင်ကြီး တစ်ဦးဖြစ်ကာ သူတို့ နေထိုင်ရာ အရပ် ဒေသတွင် အလွန် ကျော်ကြားသူဖြစ်သည်။ သူ၏ စကားများကြောင့် ဘေးနားရှိ အပေါင်းအဖော်များကို ကြောက်ရွံ့စိတ်ဖြင့် တုန်ရီ သွားစေခဲ့သည်။ သူတို့က ဗိသုကာနှင့် ဆောက်လုပ်ရေး နယ်ပယ်တွင် အမြဲပွင့်လင်းစွာ ပြောဆိုတတ်သော မိတ်ဆွေကြီးအား တိတ်ဆိတ်စွာ နေဖို့ အလျင်စလို တိုက်တွန်း ခဲ့ကြသည်။
ထိုအခါတွင်မှ လူအိုကြီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့တော့၏။ သူက အဝေး တစ်နေရာတွင် ရှိနေသည့် လျှို့ဝှက် အာဏာရှင်များ အဆင့် သွေးတစ္ဆေ အဖွဲ့ဝင်တစ်ဦးဖြစ်ကို လှမ်းကြည့်လိုက်မိသည်။
ဝှစ်...
ရုတ်တရက် ပုံရိပ်မှာ ဝေဝါး ပျောက်ကယ်သွားကာ လူသန်းပေါင်းများစွာ အကြားမှ သူ၏ ရှေ့တည့်တည့်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားပုံကို ကြည့်ကာ လူအိုကြီးမှာ ဘဝကူးလုနီးပါး ခံစားလိုက်ရသည်။ ထို့အပြင် ဤလျှို့ဝှက် အာဏာရှင်မှာ သွေးတစ္ဆေ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး မျက်နှာတွင် ကြောက်စရာ တက်တူးများ ဖုံးလွှမ်းနေလေရာ သူ့ကို ကြည့်မိလေလေ ပို၍ ကြောက်ရွံ့လေလေ ဖြစ်သည်။
ဆောက်လုပ်ရေး ပညာရှင်မှာ တံတွေး တစ်ချက်မျိုချလိုက်မိ၏။ အနီးအနားရှိ အပေါင်း အဖော်များ အားလုံးကတော့ သူတို့၏ မိတ်ဆွေကြီး တစ်ယောက် ဘိုးဘေးများနှင့် တွေ့ဆုံရတော့မည်ဟု ခံစားလိုက်ကြရသည်။ တမလွန်တွင် ထိုဘိုးဘေးများမှာ သူ၏ မဆင်ခြင်မှုအတွက် အပြစ်တင်ကြပေလိမ့်မည်။
သို့သော်လည်း မျှော်လင့် မထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။
“တကယ်လို့ ဆရာ့မှာ အကြံပြု စရာတွေ ဒါမှမဟုတ် အတွေးအခေါ်တွေ ရှိရင် မှတ်သားချင်ပါတယ်”
တက်တူးများနှင့် သွေးတစ္ဆေက ကြောက်မက်ဖွယ် ကောင်းသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သော်လည်း ထိုအပြုံးက ဆန်းကြယ်စွာပင် ရိုးသားမှုနှင့် ဖော်ရွေမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ဒီအဆောက်အအုံတွေကို အလျင်စလို ဆောက်လုပ်ထားတာဆိုတော့ ရေရှည်အတွက် မရည်ရွယ်ထားပါဘူး... ဒါပေမယ့် ဆရာသာ...”
“...”
ပရိသတ်များမှာ ကြောက်ရွံ့ ထိတ်လန့်နေသည့် ဆောက်လုပ်ရေး ပညာရှင် တစ်ယောက် လမ်းညွှန်သူ အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့နေခဲ့ရသည်။ မကြာမီ အခြားသော ပညာရှင်များမှာလည်း သူတို့ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီး အကြောင်း စတင်ကာ ဆွေးနွေးလာကြသည်။
လောက အာရုဏ်ဦး၏ ရှုထောင့် အသီးသီးမှာ အံ့အားသင့်စရာ ကောင်းလှသော်လည်း ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်သေးသည်။ ထိုအချက်က နယ်ပယ်ပေါင်းစုံမှ မရေမတွက်နိုင်သော ပညာရှင်များကို စိတ်ဝင်စားစေခဲ့သည်။ အချို့ဆိုလျှင် ထူးခြားသည့် နယ်မြေ ပတ်ဝန်းကျင်များနှင့် သင့်လျော်သော မြို့ကြီးများကို ဒီဇိုင်းထုတ်ရန်ပင် ကြိုးပမ်းခဲ့ကြသည်။ သူတို့ စိတ်ဝင်တစား ပါဝင် လုပ်ဆောင်မှုများက အာရုဏ်ဦး ကြယ်တာရာနယ်မြေ အတွက် အလွန်ပင် အကျိုးရှိခဲ့သည်။
ဌာနေတိုင်းရင်းသားများ (ယခင် ထာဝရ ကြယ်တာရာ နယ်မြေသားများမှ အစ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖွဲ့စည်းပြီးနောက် ဝင်ရောက်ခဲ့သော အင်အားစုကြီးငယ် အမျိုးမျိုးအထိ) အားလုံးမှာ များလှစွာသော ဧည့်သည်များနှင့် စီမံကိန်းငယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကာ ထိုက်တန်သော အဖိုးအခ ပေးလျော်မှုများပင် ရှိကြသည်။
ညတွင်းချင်းပင် ဆန်းသစ်ကောင်းမွန်သော အဆောက်အအုံသစ်များ ပေါ်ပေါက်လာကာ ယခင်က ရိုးရှင်းခဲ့သော မြို့များမှာလည်း ခမ်းနားထည်ဝါ၍ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ပြောင်းလဲလာသည်ကို လူအများ တွေ့မြင်ခဲ့ရသည်။
ထိုကဲ့သို့ ပြောင်းလဲ တိုးတက်မှုများကို မြင်တွေ့ရခြင်းက ဤနေရာနှင့်အတူ သူတို့ကိုယ်တိုင်ပါ ပြောင်းလဲ တိုးတက်နေသကဲ့သို့ ထူးခြားသော အတွေ့အကြုံသစ်တစ်ခုကို ဖြစ်ပေါ်စေသည်။
အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ ဖီဆန် အာရုဏ်ဦး နယ်မြေနှင့် လောကအာရုဏ်ဦး နယ်မြေ နှစ်ခုစလုံးမှာ အာရုဏ်ဦး ဖီဆန် နေကြယ်၏ အကူအညီနှင့် အတူ ဖွံ့ဖြိုး တိုးတက်ရန် အလားအလာကောင်း များစွာ ရှိနေကြောင်း လူစွာမှာ လျင်မြန်စွာ သဘောပေါက်ခဲ့ကြသည်။
အချို့သော အဂ္ဂိရတ် ပညာရှင်များမှာ ကုန်စည်ပြပွဲ မစတင်မီ တစ်လ သို့မဟုတ် နှစ်လခန့် ကတည်းက စော၍ ရောက်ရှိနေကြလေရာ အတွေ့အကြုံသစ် အနေဖြင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် အမျိုးမျိုးသော စိုက်ခင်းများနှင့် ဝင်္ကပါများကို တည်ထောင်ခဲ့ကြသည်။ ကျင့်ကြံမှု အခြေခံနှင့် လူမှု အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ ဒေသခံ ကျင့်ကြံသူများထံမှ ဖော်ရွေ လေးစားမှုများနှင့် ထောက်ပံ့မှုများ အလျှံပယ် ရရှိခြင်းကလည်း သူတို့ကို ပိုမို၍ တက်ကြွစေခဲ့သည်။
နောက်ပိုင်းမှ ရောက်ရှိလာသော ဧည့်သည်များမှာ လှပစွာ တည်ဆောက်ထားသော မြို့ကြီးများ၊ အံ့မခန်း လက်ရာမြောက်သော နေအိမ်များနှင့် တစ်လ၊ နှစ်လအတွင်း သိသာထင်ရှားစွာ ကြီးထွားလာနေသော စိုက်ပျိုးခင်းများကို တွေ့ရှိခဲ့ကြရသည်။ ပတ်ဝန်းကျင်မှ ရရှိသော စွမ်းအင် ကြွယ်ဝမှုနှင့် ဖီဆန်ပေါက်စ၏ နေအလင်းများသည်ကား ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သည့် အထောက်အပံ့များ သဖွယ် ဖြစ်သည်။
နေ့စဉ်နှင့်အမျှ အာရုဏ်ဦး ကြယ်တာရာနယ်မြေမှာ တည်ငြိမ်စွာပင် တိုးတက် နေခဲ့လေသည်။
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ တရားဝင် မစတင်မီ နောက်ဆုံးနေ့တွင် မဟာစက်ဝန်း ကြယ်ကွင်းပြင် ၏ ထင်ရှားကျော်ကြားသော အဖွဲ့ဝင်များမှာ ကြိုတင်စီစဉ်ထားသည့်အတိုင်းပင် တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့ကြသည်။
သို့သော် အံ့အားသင့်စရာ အကောင်းဆုံးမှာ မည်သူမှ ရောက်လာမည်ဟု မျှော်လင့် မထားသော ထင်ရှားသည့် အင်အားစုနှစ်ခုပင် ဖြစ်သည်။
၎င်းတို့က ထာဝရ အစည်းအရုံးနှင့် တွယ်ရာမဲ့ နှလုံးသားဂိုဏ်းတို့ပင်။
ထာဝရ အစည်းအရုံးမှာ ခုနစ်ရောင်ခြယ် ဟင်းလင်းပြင် သင်္ဘော တစ်စင်းဖြင့် ရောက်ရှိလာခဲ့ကာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကတော့ သူတို့၏ အဖွဲ့ဝင် အများအပြားကို ထည့်သွင်းထားသည့် မိစ္ဆာအရိပ်ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။တော်ဝင် မျိုးနွယ်စုကြီးရှစ်ခုမှ ကျန်းမျိုးနွယ်စုမှာလည် သူတို့၏ နောက်ဆုံး ကျန်ရှိနေသော မြေကြီးရှန့်ထို ကျန်းယုရှန်းနှင့်အတူ ရောက်ရှိလာခဲ့သည်။
ထိုသတင်းများကို ကြားသည်နှင့် ဧည့်သည် အားလုံး၏ စိတ်ထဲတွင် မေးခွန်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ အင်အားစုများ တက်ရောက်လာခြင်းနှင့် အတူ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ ငြိမ်းချမ်းနိုင်ပါမည်လော။ ရုတ်ချည်းပင် လေထု အတွင်းတွင် တင်းမာမှုများ မြင့်တက်လာသလို လူတိုင်း ခံစားလိုက်ရသည်။
ထာဝရ အစည်းအရုံး၏ ခုနစ်ရောင်ခြယ် ဟင်းလင်းပြင် သင်္ဘော အတွင်းရှိ ကျယ်ဝန်းသော သီးသန့်ခန်းတစ်ခုထဲတွင်...
စန်းယွန်းလီမှာ တည်ငြိမ် အေးချမ်းသော အမူအရာတစ်ခုနှင့် လမ်းလျှောက် နေခဲ့၏ စန်းလော့ယန်ကတော့ တင်ပျဉ်ချိတ်ကာ ထိုင်ရင်း အသက်ရှူ လေ့ကျင့်ခန်း တစ်ခုကို ပြုလုပ်နေခဲ့သည်။
စန်းယွန်းလီ၏ လှပသော မျက်ခုံးများမှာ တွန့်ကွေးနေကာ နက်နဲသော အလင်းရောင်များဖြင့် တလက်လက် တောက်ပနေသည်။ ရုတ်တရက် သူမက ရပ်လိုက်ရင်း အဖိုးတန် ကျောက်မျက်ရတနာများကဲ့သို့ မျက်လုံးများနှင့် စန်းလော့ယန်ကို လှမ်းကြည့်လိုက်၏။
“သူ ဘာတွေ ကြံစည်နေတယ်လို့ ထင်လဲ... မွေးစားအဖေ”
“...”
စန်းလော့ယန်မှာ မျက်လုံးများကို မှိတ်ထားပြီး တရားထိုင်နေသည့် အခြေအနေ တစ်ခုတွင် ရှိနေပုံရသော်လည်း စန်းယွန်းလီ၏ စကားသံကြောင့် မျက်ခုံးများ တွန့်ကွေးသွားသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူက အကူအညီမဲ့စွာဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။
“မကြာခင် သိရမှာပေါ့...”
စန်းယွန်းလီက မျက်မှောင်ကြုတ် လိုက်သည်။
“သူ့ရဲ့ အဂ္ဂိရတ် ကုန်စည်ပြပွဲက ထာဝရ အစည်းအရုံးကို ပစ်မှတ်ထားဖို့ ကြံစည်တာ မဖြစ်နိုင်ဘူးလား... သမီးအထင် ပြောရရင် သူက ထာဝရ အစည်းအရုံးဝင်တွေကို ဒီကြယ်တာရာနယ်မြေထဲ မျှားခေါ်နေတာတောင် ဖြစ်နိုင်တယ်... သူ့ ပိုင်နက်ထဲမှာ သူ ဘာလုပ်မယ် ဆိုတာ ဘယ်သူ သိနိုင်မှာလဲ... မွေးစားအဖေကရော အဲဒါကို စိုးရိမ်တာမျိုး မရှိဘူးလား”
စန်းလော့ယန်၏ မျက်လုံးများမှာ နောက်ဆုံးတွင် လေးနက်သည့် အလင်းတန်းများဖြင့် ပွင့်ဟလာခဲ့သည်။
“စိုးရိမ်လား ဆိုရင် မစိုးရိမ်ဘူး... ဒါပေမဲ့ ဒီအဂ္ဂိရတ် ကုန်စည်ပြပွဲက တစ်ခုခုကို ကြိုတင် ကြံစည်ထားတဲ့ ပရိယာယ်တစ်ခုပဲလို့ ငါ ယုံကြည်တယ်... ငါတို့ အားလုံးလည်း သိနေကြတာပဲ... အဲဒါက ငါ ဒီမှာ ရှိနေရတဲ့ အကြောင်းပြချက်ပဲ... “
တစ်ခဏလောက် ရပ်တန့်ပြီးနောက် သူက ထပ်လောင်း ပြောဆိုလိုက်သည်။
“နောက်ပြီး အဲဒါက သူ ဒီမှာ ရှိနေရတဲ့ အကြောင်းပြချက် ဆိုလည်း ဟုတ်တယ်”
“...”
စန်းယွန်းလီ တစ်ယောက် တိတ်ဆိတ်သွားခဲ့၏။
“ဝေ့ဝူယင် ဘာပဲလုပ်လုပ်... ငါတို့မှာ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေရှိတယ်... ထာဝရ အစည်းအရုံးက သမီး ထင်သလောက် မရိုးရှင်းဘူး...”
စန်းလော့ယန်က သူ၏ မွေးစားသမီး ဖြစ်သူ စန်းယွန်းလီကို နက်နက်ရှိုင်းရှိုင်းပင် ကြည့်လိုက်သည်။ အဆိုပါ ယုံကြည်ချက်သာ မရှိပါက သူတို့ အနေဖြင့် အာရုဏ်ဦး ကြယ်တာရာနယ်မြေ ထဲသို့ ဝင်ရောက်ဖို့ တွေးပင် တွေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤသည်မှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် ကုန်စည်ပြပွဲ ဖြစ်သည်။ သူက အားလုံးကို ပါဝင်နိုင်အောင် ဖိတ်ကြားခဲ့သည်။ ၎င်းတွင် ဝေ့ဝူယင်၏ ဂုဏ်သတင်းကို ထောက်ရှု၍ မပြောဘဲ နားလည်နိုင်သော အာမခံချက်များ ပါဝင်သည်။
လေးစားမှုနှင့် ယုံကြည်မှုတို့သည် ကျင့်ကြံခြင်း လောကတွင် အလွန်အရေးကြီးသည်။ ဝေ့ဝူယင်က သူ၏ မျက်နှာဖုံး နောက်ကွယ်မှ အစွယ်များကို ထုတ်ဖော်ပြသကာ လောက၏ ယုံကြည်မှုကို ထာဝရ ဆုံးရှုံးခံရန် ရဲဝံ့ပါမည်လော။
ဟင်းလင်းပြင် သင်္ဘော အတွင်းရှိ ထူးခြားစွာ တည်ဆောက်ထားသော လျှို့ဝှက် နယ်မြေတစ်ခု အတွင်းတွင်တော့...
ထာဝရ နတ်ဘုရားမှာ သူ့ အရှေ့ရှိ ကြေးမုံထဲတွင် ထင်ဟပ်နေသည့် ဖီဆန် နေကြယ်၏ ပုံရိပ်ကို တိတ်ဆိတ်စွာ ငေးမော နေခဲ့သည်။
“ငါ ရောက်လာပြီ...”
သူက ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။