ရည်မှန်းချက်များစုစည်းခြင်း
Vol. 100 Ch. 1398
“မလာတဲ့သူရော ရှိသေးရဲ့လား...”
အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ ဖီဆန် အာရုဏ်ဦး အလွှာကို ခွင့်ပြုချက် မလိုဘဲ ဖြတ်သန်းခွင့်ရထားသည့် ဟင်းလင်းပြင် သင်္ဘော အနည်းငယ်ထဲမှ တစ်စီးဖြစ်သော “တဟုန်ထိုး” အမည်ရှိ သင်္ဘောပေါ်မှ ထိတ်လန့် တုန်လှုပ်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
အဆိုပါ အသံမှာ သင်္ဘောထက်ရှိ လျှို့ဝှက် ဝိညာဉ် အဆင့် အရှင် သွေးစီးကြောင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မဟုတ်သေး... ယခုအခါတွင် သူမမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်လေရာ သေမျိုးတစ်ပိုင်းအရှင် သွေးစီးကြောင်းဟု ရည်ညွှန်းရပေလိမ့်မည်။
သွေးစီးကြောင်း၏ နံဘေးတွင်တော့ ဝဖိုင့်သည့် သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ရှိနေခဲ့လေသည်။
ဟွမ်ရှောင်လုံ...
သူတို့ နှစ်ဦးစလုံးသည် တစ်ခေတ်တစ်ခါက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ နှစ်လျှောက် လျှောက်လှမ်းခဲ့ကြသည့် ကျင့်ကြံခြင်း လမ်းကြောင်းများကတော့ မတူညီသော ရှုထောင့်နှစ်ခုကို ကိုယ်စားပြုခဲ့ပေသည်။
အရှင်မ သွေးစီးကြောင်းမှာ ကြမ်းတမ်း ခက်ထန်ကာ သေမင်းနှင့် နီးစပ်သည့် စွန့်စားခန်းများကို ဆင်နွှဲဖို့ လိုလားသူ တစ်ယောက် ဖြစ်သည်။ သူမက ပြော မပြနိုင်လောက်အောင် ရဲရင့်သော အမျိုးသမီး တစ်ဦးဟု ဆိုနိုင်ပေသည်။ ဟွမ်ရှောင်လုံကတော့ တည်ငြိမ် ဖော်ရွေကာ ဆက်ဆံရေး ပြေပြစ်သူ ဖြစ်သည်။ သူက ကျင့်ကြံခြင်း လမ်းစဉ်ကို အပြန်အလှန် ကျေးဇူးတရားများဖြင့် တည်ဆောက်ထားကာ ဇွဲလုံ့လ ရှိသူ တစ်ယောက် ဖြစ်ပေသည်။
မည်သည့် လမ်းကြောင်းမှာ ပိုမို ကောင်းမွန်သည်ဟု တိတိကျကျ မဆိုနိုင်သော်လည်း သူတို့နှစ်ဦးစလုံးမှာ ကိုယ်စီ လမ်းကြောင်းများတွင် အံ့ဝင်ခွင်ကျ ဖြစ်ခဲ့ကြကာ သေမျိုးအဆင့်များကို ကျော်လွန်၍ စစ်မှန်သည့် လျှို့ဝှက် အာဏာရှင် အဆင့် စွမ်းအားကို ဆုပ်ကိုင်နိုင်ခဲ့ကြသည်။
“ဟား ဟား... အာဏာရှင် အင်ပါယာဝေ့က လူတိုင်းကို ဖိတ်ခေါ်ထားတာပဲ... ဘယ်သူက မလာရဲမှာလဲ...”
ဟွမ်ရှောင်လုံက သဘောကျစွာဖြင့် ရယ်မောရင်း ဆိုလိုက်၏။ သူ၏ စကားများက ဂုဏ်ယူသကဲ့သို့ ထင်ရသော်လည်း... သေချာစွာ သတိထားကြည့်မည် ဆိုပါက ဆူးများဖြင့် ပြည့်နှက်နေသည့် အန္တရာယ်ရှိသော လျှို့ဝှက်သဲလွန်စ တစ်ခုလည်း ပါဝင်နေပေသည်။
သွေးစီးကြောင်းမှာ အင်ပါယာ ထျန်းမျိုးနွယ်၊ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၊ ထာဝရ အစည်းအရုံးနှင့် ကြယ်တာရာ နယ်မြေ ၁၉ ခုမှ ထိပ်တန်း အင်အားစုများ ရောက်ရှိလာသည်ကို ကြည့်ရှုရင်း မျက်မှောင်ကြုတ်ခဲ့သည်။ ထိုအဖွဲ့အစည်း အားလုံးမှာ စကားလုံးများ မလိုပဲ နားလည်နိုင်သည့် သဘောတူညီချက်များမှ တစ်ဆင့် စည်းလုံးညီညွတ်မှုကို ပြသရန် တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကြိုတင်သိရှိထားသော်လည်း ထိုမြင်ကွင်းက သူမ၏ နှလုံးသားကို တုန်လှုပ်စေသည်။
သို့စေကာမူ သွေးစီးကြောင်းမှာ ဟွမ်ရှောင်လုံ၏ စကား အဓိပ္ပာယ်ကို ချက်ချင်းပင် သဘောပေါက်ခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ ဟင်းလင်းပြင် မုဆိုး တစ်ယောက် အဖြစ် ကျင်လည်ခဲ့ပြီး ကြယ်တာရာ နယ်မြေပေါင်းများစွာ၏ ဖမ်းဝရမ်း ထုတ်ခံထားရသော ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်ကို သူမ မည်ကဲ့သို့ သတိမထားမိပဲ နေပါမည်နည်း။
“မှန်တယ်”
သွေးစီးကြောင်းက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း သဘောတူ ထောက်ခံလိုက်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ နာမည်ကြီး လူပုဂ္ဂိုလ် တစ်ယောက် မလာပါက အဂ္ဂိရတ် ကုန်စည်ပြပွဲ အပြီးတွင် ဝေ့ဝူယင်က ၎င်းကို အရေးယူရန် အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်သည်။ အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ ပထမဆုံး အဂ္ဂိရတ် ကုန်စည်ပြပွဲကို မလာရောက်ခြင်းမှာ အလွန် မလေးစားရာ ရောက်သော လက္ခဏာ တစ်ရပ် ဖြစ်သည်။
ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် လူတိုင်းကို ဖိတ်ကြားခဲ့သည်။ ထို့အပြင် လမ်းခရီး အတွက် အမျိုးမျိုးသော အစီအစဉ်များနှင့် နေရာထိုင်ခင်းများကိုပါ စီစဉ်ပေးခဲ့သည်။ အဆင့်နိမ့်၊ ဆင်းရဲသား ကျင့်ကြံသူများပင် ငွေကြေး အကုန်အကျ နည်းပါးစွာဖြင့် သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်နိုင်ပေသည်။
“အာဏာရှင် အင်ပါယာဝေ့က အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို မဟာစက်ဝန်း ကြယ်ကွင်းပြင်နဲ့ မိတ်ဆက်ပေးခဲ့တယ်... နောက်ပြီး ရွေးချယ်ခံဘွဲ့နဲ့ ဂိုဏ်ေအဖွဲ့တွေ အတွက် စံနှုန်းအသစ်တွေလည်း ချမှတ်ပေးခဲ့တယ်... တစ်နည်း ပြောရရင် သူက ခေတ်သစ် တစ်ခု အပြောင်းအလဲကို ဦးဆောင် နေခဲ့တာပဲ... အဲဒီလို လူတစ်ယောက်ရဲ့ ဖိတ်ကြားချက်ကို ဘယ်သူက လက်မခံရဲပဲ နေမှာလဲ...”
“ပိုပြီးတော့ အရေးကြီးတာက ဒီအာရုဏ်ဦး ကြယ်တာရာနယ်မြေပဲ... အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်ရုံနဲ့တင် ကြယ်တာရာ နယ်မြေ အသစ်ရဲ့ အခြေအနေကိုလည်း ကျူးကျော်စရာ မလိုပဲ စုံစမ်းစစ်ဆေးနိုင်မယ်လေ”
ဟွမ်ရှောင်လုံက သူ၏ အတွေးအမြင်များကို ခွဲခြမ်း စိတ်ဖြာရင်း ပြောပြလိုက်၏။ ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိထားရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ကျူးကျော်တယ် ဆိုလို့ ပြောရဦးမယ်... လွန်ခဲ့တဲ့ တစ်လခွဲလောက်က နေကြယ်ရဲ့ အလင်းတွေ ဖြာထွက်လာတာကို နင် မှတ်မိမယ် မလား... အဲဒါက အစွမ်းထက်တဲ့ လူတစ်ယောက် ကျူးကျော်ခဲ့တာကြောင့်လို့ သတင်း ကြားရတယ်...”
တစ်ချိန်တည်း၌ သူ၏ မျက်လုံးများက သွေးစီးကြောင်း၏ တုန့်ပြန်ပုံကို အကဲခတ်လိုက်သည်။ ထိုဖြစ်ရပ်၏ အမှန်တရားကို သိရှိခဲ့သူ တစ်ယောက်ယောက် ရှိမည် ဆိုပါက ဝေ့ဝူယင်၏ မိန်းမများထဲမှ တစ်ဦးဦးပင် ဖြစ်ပေလိမ့်မည်။ သွေးစီးကြောင်းနှင့် ဝေ့ဝူယင်တို့ အကြားတွင် ခုတင်ထက်မှ ဆက်ဆံရေးများ ရှိကြောင်း သူသိထားသည်။
သွေးစီးကြောင်း ကိုယ်တိုင်မှာလည်း ထိုဆက်ဆံရေးကို ဖုံးကွယ်ရန် အနည်းငယ်သာ လုပ်ဆောင်ခဲ့သည်။ အမှန်တကယ်အားဖြင့် သူမမှာ ထိုအောင်မြင်မှုကိုပင် ဂုဏ်ယူဝင့်ကြွားခဲ့သည်။
မည်မျှ များပြားသော မိန်းကလေးများမှာ ဝေ့ဝူယင်၏ မျက်နှာပေးမှုကို လိုလားခဲ့ကြသနည်း။ သူ၏ အိပ်ရာသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသနည်း။
သို့သော်လည်း နောက်ဆုံးတွင် သူတို့အားလုံး ကျရှုံးခဲ့ကြကာ အိပ်မက်မက်ရုံသာ တတ်နိုင်ခဲ့ကြသည်။ ဝေ့ဝူယင်၏ တရားဝင် ချစ်သူအများစုမှာ အလွန်ပင် ကျော်ကြားကာ ထူးချွန် ထက်မြက်ကြသူများ ဖြစ်သည်။ ထူးထူးဆန်းဆန်းပင် သူတို့ တစ်ဦးတစ်ယောက်ချင်းစီက များစွာ ခြားနားကြပေသည်။ ဝေ့ဝူယင်ထံတွင် ရှို့ရန်များမှ အယ်ဗန်များ၊ နတ်ဆိုးများ အထိ... ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် အရသာ အမျိုးမျိုး ရှိသော အလှပဂေးများစွာ ရှိပေသည်။
သွေးစီးကြောင်းက ပြုံးလိုက်သော်လည်း ချက်ချင်း ပြန်မဖြေခဲ့ချေ။ လွန်ခဲ့သည့် သုံးပတ်ခန့်က သူမ ဝေ့ဝူယင်နှင့် ခဏတာ သွေးပူသွေးလော တွေ့ဆုံခွင့် ရရှိခဲ့ကာ ထိုအကြောင်းကို မေးမြန်းဖြစ်ခဲ့သည်။ ထိုအခါက ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ဤကဲ့သို့ ဖြေခဲ့သည်။
“အဲဒီကိစ္စက လျှို့ဝှက်ချက်မဟုတ်ပါဘူး... တရားဝင် ကြေညာဖို့ ကျုပ် အလုပ်များနေလို့ပါ... ဒါပေမယ့် ထိပ်သီး အင်အားစုအများစုကတော့ သူတို့ရဲ့ ကောင်းကင် ပရောဟိတ်တွေ၊ သတင်းအချက်အလက် လမ်းကြောင်းတွေကနေ တစ်ဆင့် အမှန်တရားကို မှန်းဆမိပြီးသား ဖြစ်လိမ့်မယ် ထင်တယ်...”
ထို့နောက် သူက သူမကို ကျူးကျော်သူမှာ လရောင်ဖြာ ဧကရီ ဖြစ်ကြောင်း ပြောပြခဲ့သည်။ ထိုဖြစ်ရပ် အကြောင်း ရှာဖွေနိုင်သည့် နည်းလမ်းများ ရှိသည် ဆိုလျှင် ဝေ့ဝူယင်မှာ ၎င်းနှင့် ပတ်သက်၍ 'တရားဝင်' ကြေညာချက် မထုတ်ပြန်သေးသော်လည်း သတင်းများ ပြန့်နှံ့စေရန် ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုထားသည်မှာ ရှင်းလင်းလှသည်။
သို့သော်လည်း... အာရုဏ်ဦး ကြယ်တာရာနယ်မြေကို ကျူးကျော် ဝင်ရောက်ခဲ့သူက လရောင်ဖြာ ဧကရီ ဖြစ်ကြောင်း၊ တိုက်ပွဲ အပြီးတွင် ရုပ်ခန္ဓာကို ဆုံးရှုံးခဲ့ရကြောင်းကိုတော့ လူအနည်းငယ်သာ သိရှိခဲ့ကြသည်။ အများစု သိထားသလောက်က ရိုးရှင်းသည်။ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ကျူးကျော်ရန် ကြိုးပမ်းခဲ့ပြီးနောက် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုမျှလောက်သာပင်။
အဆိုပါ ကျူးကျော်မှုနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပျံ့နှံ့နေသော်လည်း တစ်လကြာပြီးနောက်တွင်ပင် လရောင်ဖြာ ကြယ်တာရာနယ်မြေ အပေါ် မည်သူမျှ လှုပ်ရှားမှု မပြုလုပ်ခဲ့ခြင်းကတော့ အနည်းငယ် ထူးဆန်းပေသည်။
ဟွမ်ရှောင်လုံ တစ်ယောက် သွေးစီးကြောင်း၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ထိုဖြစ်ရပ်ကို သူမ အပြည့်အဝ သိရှိထားကြောင်း မှတ်ချက်ချနိုင်ခဲ့သည်။ ထင်မှတ်ထားသည့် အတိုင်းပင် တစ်ခဏ ကြာပြီးနောက် သွေးစီးကြောင်းက လေးလေးနက်နက် အမူအရာဖြင့် ဖြေလိုက်သည်။
“ကျူးကျော်တဲ့သူက လရောင်ဖြာ ကြယ်တာရာနယ်မြေ ရဲ့ ခေါင်းဆောင်ပဲ... သူက တကယ် ကြောက်ဖို့ ကောင်းတယ်”
လေသံက အလွန်အမင်း လေးနက် နေသယောင် ထင်ရသော်လည်း သူမမှာ သေချာပေါက်ပင် ပျော်ရွှင်နေခဲ့သည်။
“...”
ဟွမ်ရှောင်လုံ၏ နှလုံးသားက တုန်လှုပ်သွား၏။ နောက်ဆုံးတွင်တော့ သူက သက်ပြင်းချကာ ပြုံးရုံသာ ပြုံးလိုက်သည်။
“ဒါနဲ့ အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပမယ် ကာလ အတွင်းမှာ ပြဿနာရှာမယ့်သူ ရှိမလား မသိဘူး”
“ဘယ်သူက ဒီလောက် သတ္တိရှိမှာလဲ...”
သွေးစီးကြောင်းက ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်၏။ သူမ၏ လေသံက ထိုအကြောင်းအရာ အတွက် လုံးဝ စိုးရိမ်စိတ် မရှိသည့်ပုံပင်။
သို့သော်လည်း သွေးစီးကြောင်း မသိလိုက်သည့် အချက်ကား လူတိုင်းမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ပွဲကြည့်ရန် သက်သက် ရောက်ရှိလာမှု မဟုတ်ခဲ့ခြင်းပင်။
...
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ အရိပ်ဥထက်တွင် မျက်နှာဖုံးတပ် ကျင့်ကြံသူ တစ်ဦးမှာ သူ့ကဲ့သို့ အခြား ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့် ရှိနေခဲ့၏။ သူက အခြားလူ မဟုတ်...။ ဝေ့ဝူယင် အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာနယ်မြေကို သိမ်းပိုက်ဖို့ ကြိုးစားချိန်တွင် သူ့ကို ပထမဆုံး လာရောက် တွေ့ဆုံခဲ့သည့် မျက်နှာဖုံး ညှိနှိုင်းသူပင်။
သင်္ဘောထက်ရှိ အဖွဲ့ဝင်များအားလုံးမှာ ပြင်းထန်သည့် ဝိညာဉ် အော်ရာများကို ပိုင်ဆိုင်ထားကာ သူတို့မှာ တစ်ခုခုကို လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းပေသည်။ သူတို့ တစ်ဦးချင်းစီမှာ အရိပ်ကဲ့သို့ ဝတ်စုံများကို ဝတ်ဆင်ထားကြကာ ဆင်တူ မျက်နှာဖုံးများကို တပ်ဆင်ထားကြ၏။ ဝိညာဉ် အော်ရာများမှ လွဲ၍ သူတို့ထံတွင် ကွဲပြားသော အရာ မရှိပါချေ။
ဝှစ်...
ရုတ်တရက် သူတို့ အကြားတွင် ပိုမို အစွမ်းထက်သည့် ဝိညာဉ် အော်ရာနှင့် ပုဂ္ဂိုလ် တစ်ဦး ပေါ်လာခဲ့၏။
“ဒီကြယ်တာရာနယ်မြေအသစ်မှာ ငါတို့ရဲ့ အရိပ်ဥကို ခြိမ်းခြောက်နိုင်တဲ့သူ မရှိစေရဘူး... နားလည်ကြလား...”
သူက သွေးများ ပွက်ပွက်ဆူနေသည့် အသံဖြင့် အော်ဟစ်လိုက်၏။
“နားလည်ပါတယ်...”
မျက်နှာဖုံးတပ်များက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ခေါင်းဆောင်က သဘောကျစွာ ခေါင်းညိတ်လိုက်၏။
“အစစ်အမှန် မွေးဖွားခြင်း အတွက်...”
“အစစ်အမှန် မွေးဖွားခြင်း အတွက်...”
အားလုံးက လက်သီး လက်မောင်းတန်းကာ လိုက်လံ၍ အော်ဟစ်လိုက်ကြတော့၏။ အကယ်၍ သာမန် လူတစ်ဦးသာ ထိုအနားတွင် ရှိနေပါက သူတို့၏ စိတ်ဓာတ် ပြင်းပြမှုများကြောင့် ကြက်သီး ဖြိုင်ဖြိုင် ထသွားမိကြလိမ့်မည် ဖြစ်သည်။