မင်းကအဆင့်မမီသေးဘူး
Vol. 20 Ch. 271
ရန်ကျောက်ကဲက လက်ဖဝါးကို ဦးခေါင်းအမြင့်ထက်ထိ ပင့်မြှောက်လိုက်ပြီးမှ အောက်သို့ဆောင့်ချကာ ရိုက်နှက်လိုက်သည်။
စွမ်းအားအတိုင်းအတာ မြင့်မားပြီး လှုပ်ရှားမှုက လေးလံသည်။ လက်ဝါးရိုက်ချက်က အနည်းငယ်နှေးကွေးသည်ဟု ထင်ရသော်လည်း အပြောင်းအလဲများက လျှင်မြန်သည်။
သို့သော် ထူးဆန်းသည်မှာ ထိုလက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် ရန်ဟယ်၏နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ရှောင်လွှဲရန် ၊ သို့မဟုတ် ခုခံရန်ကြိုးစားသည့်တိုင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်မှ မလွတ်မြောက်နိုင်ဟု တွေးထင်မိပြီး သူ့ဦးနှောက်တစ်ခုလုံး ပေါက်ထွက်လုမတတ် ဖြစ်သွားရသည်။
ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်တွင် မိုးမြေတစ်ခုလုံး ပါဝင်နေသည့်အလားပင်။
ရန်ကျောက်ကဲ လက်ဖဝါးကိုလှန်လိုက်သည့်အခါ မိုးမြေတစ်ခုလုံးပြောင်းပြန်လန်သွားပြီး ရန်သူအတွက် လွတ်မြောက်ရန်လမ်းမရှိ ၊ ခုခံရန် နည်းလမ်းမရှိ. ကောင်းကင်ကြီးတစ်ခုလုံး အထက်မှအောကသို့ ပြိုကျလာသည့်အလား သေခြင်းတရားကို တိတ်တဆိတ် လက်ခံရုံသာ ရှိသည်။
လက်ဝါးရိုက်ချက်ကျဆင်းလာသည်နှင့်အမျှ ရန်ဟယ်၏မျက်ဝန်းထဲတွင် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးပမာ ယခင်ကထက် အဆပေါင်းများစွာ မြင့်မားနေသည်ဟု ထင်မှတ်မိသည်။
ကြီးကျယ်ခမ်းနားသော စွမ်းအားကြီးက ရန်ဟယ်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး လေးလံထူထပ်သည့် ကြယ်တာရာချီစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးအား ပိတ်ဆို့ထားသည်။ ရန်ဟယ်မတ်တတ်ရပ်နေသည့်နေရာကို ဗဟိုပြုကာ ပတ်ဝန်းကျင်တစ်ခုလုံး စတင်ပြိုကျသွားသည်။
ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်မှ တစ်ခုဖြစ်သော ကောင်းကင်ဝါဒလက်ဝါးသိုင်း။
လက်ဝါးရိုက်ချက်မှာ ကောင်းကင်ထက်မှ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
လက်ဝါးရိုက်ချက်ထဲတွင်ပါဝင်သည့် စွမ်းအား ၊ လေးလံမှု ၊ အဖျက်တရားနှင့် ဖိအားများကို ခံနိုင်ရည်ရှိစေရန် သူ့စိတ်ထဲတွင် သတိထားနေသော်လည်း တကယ်တမ်းရင်ဆိုင်ရသည့်အခါ သတိလက်လွတ်ဖြင့် လက်တစ်ဖက်မြှောက်ကာ ခုခံလိုက်မိသည်။
ရန်ဟယ်က ဝိညာဉ်ခန္ဓာ အလယ်ဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး အစကတည်းက ရန်ကျောက်ကဲကို လွယ်လွယ်နှင့် အနိုင်ယူနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။
ထို့ကြောင့် သူ၏ လျှို့ဝှက်ရတနာပစ္စည်းဖြစ်သော အေးစိမ့်အဆိပ်ငွေ့ကို အသုံးပြုပြီး ရန်ကျောက်ကဲ၏ ရတနာပစ္စည်းများကို ခဏမျှ တံဆိတ်ခတ်ကာ အခွင့်အရေးတစ်ခု ရရှိလေမလားဟု....။
ရန်ဟယ်၏အတွေးမဆုံးခင်မှာပင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က သူ့ထံ ကျရောက်လာပြီ ဖြစ်သည်။
ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို လက်တစ်ဖက်ဖြင့် ခုခံလိုက်သည့်အခါ ထိုလက်မှတစ်ဆင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးမျာ အက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။
ကောင်းကင်ပြိုကျလာသည်ကို တွန်းလှန်ရန် နည်းလမ်းမရှိသည့်အလား သူ့ထံသို့ကျရောက်လာသည့် လက်ဝါးရိုက်ချက်ကို ဤအတိုင်းသာ ငေးကြည့်နေနိုင်ခဲ့သည်။
ရန်ကျောက်ကဲက ရန်ဟယ်ကို တည်ငြိမ်စွာကြည့်ရင်း သိမ်မွေ့စွာ စကားဆိုသည်။
“ငါ့မှာ ရတနာပစ္စည်းတွေ တစ်ခုနှစ်ခုမကဘူး ၊ အများကြီးရှိတယ် ၊ ဒါကြောင့် လူတွေက ငါ့အရည်အချင်းကို မမြင်တော့ဘဲ ရတနာပစ္စည်းတွေကိုပဲ အားကိုးနေတယ်လို့ ထင်နေကြတယ် ၊ ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသေးပေမယ့်... မင်းကတော့ ငါ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ အဆင့်မမီသေးဘူး”
ရန်ဟယ်၏ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ခန္ဓာအလယ်ဆင့် သိုင်းဆရာသခင်ဖြစ်သော်လည်း ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ အချို့သော ဝိညာဉ်ခန္ဓာကနဦးအဆင့် သိုင်းဆရာသခင်များသည်ပင် သူ့ကို အနိုင်ယူနိုင်စွမ်း ရှိကြသည်ပင်။
ရန်ကျောက်ကဲဆိုသည်က ထိပ်သီးသိုင်းဂိုဏ်းကြီးများရှိ မျိုးဆက်တူ ပါရမီရှင်ကျင့်ကြံသူများကြားမှ သိုင်းဆရာသခင်အဆင့်သို့ တက်ရောက်ခဲ့သည့် လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်လေရာ ရန်ဟွန်ကို သတ်ဖြတ်ရန်က သူ့အတွက် ရိုးရှင်းသောကိစ္စတစ်ခုသာ ဖြစ်သည်။
ရန်ဟယ်က ရန်ကျောက်ကဲကို အလစ်ချောင်းတိုက်ခိုက်သည်မှာ ကျောက်တုံးကို ကြက်ဥနှင့် တိုက်ခြင်းပင် ဖြစ်သည်။
ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်သည်နှင့် ရန်ဟယ်၏မျက်ဝန်းများတွင် စိတ်ဓာတ်လျော့လျဲမှုများ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက သူ့ကိုမကြည့်ဘဲ အေးစိမ့်အဆိပ်ငွေ့များပြည့်နေသည့် သေတ္တာလေးဆီ အကြည့်ရောက်သွားသည်။
ယခုတော့ အေးစိမ့်ချီစွမ်းအားများ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်ရာတွင် အချိန်ဆွဲရန်အသုံးပြုခဲ့သော သေတ္တာငယ်သည် ယခုတော့ အမှုန့်အဖြစ်ကူးပြောင်းကာ လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားလေပြီ။
တစ်ဖက်တွင်လည်း ရန်ဝမ်ကျန်းက ရန်ဝမ်တောက်ကို အချိန်တိုအတွင်း အနိုင်ယူလိုက်ပြီး ဖမ်းဆီးထိန်းချုပ်ထားလိုက်သည်။ ရန်ဝမ်တောက်မှာ ‘ရန်’ အိမ်တော်ပင်မအစီအရင်ဖြင့် တိုက်ခိုက်ခ့ရသည့်အတွက် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိခဲ့ပေ။
နောက်ဆုံးတော့ ရန်သူများအားလုံးကို အသေသတ်ခြင်း ၊ သို့မဟုတ် အရှင်ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သည်။
‘ရန်’ အိမ်တော်မှ သိုင်းသမားများကတော့ ရန်ကျောက်ကဲကိုကြည့်ရင်း ထိတ်လန့်တုန်လှုပ်လျှက် ရှိကြ၏။
သိုင်းဆရာသခင်အဆင့်...။
ရန်ကျောက်ကဲ၏ဖခင်ရန်တိက အသက် (၂၂)နှစ်အရွယ်တွင် သိုင်းဆရာသခင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဤကမ္ဘာပေါ်တွင် အသက် (၂၅)နှစ်အောက် သိုင်းဆရာသခင် ထပ်မံထွက်ပေါ်လာခြင်း မရှိသေးပေ။
ယခု ရန်ကျောက်ကဲက အချိန် (၂)နှစ်အတွင်း ရန်တိထက်ပင်လျှင်မြန်သောအရှိန်အဟုန်ဖြင့် ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ခုန်တက်သွားခဲ့သည်။
သူက သိုင်းပညာရှင်အဆင့်ကတည်းကပင် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ဝါဒတောင်တွင် ပထမအဆင့်အကြီးအကဲတစ်ယောက်ပမာ သြဇာအာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏အခွင့်အာဏာနှင့် အဆင့်အတန်းသည် ဤကမ္ဘာရှိ ပထမအဆင့် စွမ်းအားရှင်များရရှိထားသည့် ခေါင်းဆောင်ပိုင်းနေရာသို့ပင် ဦးတည်နေခဲ့သည်။
သမိုင်းတစ်လျှောက်မှ ယခုအချိန်ထိ သူလိုလူ မည်သူရှိပါသနည်း။
ဤနှစ်ပိုင်းအတွင်း ရန်ကျောက်ကဲက ‘ရန်’ အိမ်တော်တည်ရှိရာ ယွင်ကျန်းစီရင်စုသို့ ပြန်မလာဖြစ်ဘဲ ဝါဒတောင်တွင်သာ အနေများသည်။ ထို့ကြေင့် ‘ရန်’ အိမ်တော်မှလူများက ဝါဒတောင်သခင်လေး၏ အောင်မြင်မှုများကို မယုံသင်္ကာ ရှိခဲ့ကြဟန်ပင်။
ရန်ကျောက်ကဲ၏ ကိုယ်ရည်ကိုယ်သွေးကို သတင်းသာကြားရပြီး မျက်မြင်မတွေ့ရသောကြောင့် လျှော့တွက်မိကြသည်မှာ သဘာဝကျပါသည်။
ယနေ့တော့ ရန်ကျောက်ကဲ၏အစွမ်းအစကို မျက်မြင်တွေ့ရပြီဖြစ်ရာ ရန်တိကိုထောက်ခံသော ရန်ဝမ်ကျန်းသည်ပင် စကားမပြောနိုင်ဘဲ ဆွံ့အလျှက်ရှိ၏။
ရန်ကျောက်ကဲက ရန်ဝမ်တောက်နှင့် အခြားဖမ်းဆီးရမိသူများကို အိမ်တော်ထိန်းကြီးရန်ဝမ်ကျန်းလက်သို့ အပ်လိုက်ပြီး ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
ထို့နောက် သူက ကောင်းကင်ထက်သို့ မော့ကြည့်ရင်း...
“ဒီတစ်ခေါက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ အစီအစဉ်တွေက ကန္တာဒေသမှာလောက် မပြင်းထန်ဘူး ၊ ကြည့်ရတာ... အခုကိစ္စက သူတို့အစီအစဉ်ဆိုတာထက် ရန်ဝမ်တောက်နဲ့ ရန်ဟယ်ရဲ့ အစီအစဉ် ဖြစ်ဖို့များတယ် ၊ ဒါဖြင့်... ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဘယ်နေရာမှာ တကယ်လှုပ်ရှားဖို့ စီစဉ်နေတာလဲ”
‘ရန်’ အိမ်တော်ရှိ များပြားလှစွာသော ခြံဝင်းများနှင့်အဆောက်အဦးများက ပိတ်ဆို့နေသည့်တိုင် ရန်ကျောက်ကဲသည် ဝါဒတောင်တည်ရှိရာ အရှေ့မြောက်ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်မိလေသည်။
***
ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံနေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံပြီးနောက်ပိုင်း ဝါဒတောင်သည်လည်း ရန်တိ၏အုပ်ချုပ်မှုအောက်တွင် စနစ်တကျ အဆင်ပြေပြေဖြင့် လည်ပတ်လျှက် ရှိသည်။
အရာအားလုံးက ယခင်ကအတိုင်း ပုံမှန်ပင် လှုပ်ရှားလျှက်ရှိသည်။
သို့သော် တကယ်တမ်းတွင် ဝါဒတောင်အတွင်းပိုင်း၌ အခြေအနေများတင်းကျပ်နေပြီး ထိပ်တန်းအကြီးအကဲများအားလုံး အချိန်တိုင်း သတိရှိစွာဖြင့် စောင့်ကြည့်နေကြသည်။ အလယ်အလတ်အဆင့် သိုင်းသမားများနှင့် အဆင့်နိမ့်သိုင်းသမားများသည်ပင် လေထုထဲတွင် တစ်စုံတစ်ခု မူမမှန်သည်ကို ရိပ်မိနေကြသည်။
ယနေ့ ကျင့်ကြံခြင်းပြီးဆုံးသည့်နောက် ရွှီဖေး သူနေထိုင်ရာနေရာမှ ထွက်ခွာလာသည်။
ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ခါတိုင်းနှင့်မတူ မိုးအုံ့နေသည်ကို တွေ့ရသည်။ ရာသီဥတု အုံ့မှိုင်းနေခြင်းက လူများကို အေးမြလန်းဆန်းသောခံစားချက် မပေးစွမ်းသည့်တိုင် ပူပြင်းသည့်နေရောင်ခြည်ကိုတော့ အနည်းငယ်ခံသာသည်။
သို့ပေသိ ဝါဒတောင်၏ကောင်းကင်ယံထက် တိမ်ညိုများပြည့်နက်နေသဖြင့် ခံစားချက်ကတော့ အနည်းငယ်ထိုင်းမှိုင်းလို့နေသည်။
ရွှီဖေးသည် တောင်ပေါ်လမ်းအတိုင်းလမ်းလျှောက်လာရင်း မျက်ခုံးများကို တွန့်ချိုးထားသည့်တိုင် သူ့စိတ်က အေးချမ်းလျှက် ရှိသည်။
လမ်းတစ်လျှောက်တွင် ဂိုဏ်းတူမောင်နှမများက...
“ဂိုဏ်းတူအစ်ကိုကြီး’ရွှီဖေး’...”
ဟု ခေါ်ဆိုကာ ဦးညွှတ်နှုတ်ဆက်ကြသည်။
ရွှီဖေးက သူတို့ကို ခေါင်းညိတ်အသိအမှတ်ပြုရင်း လမ်းဆက်လျှောက်လာသည်။
တစ်နေရာအရောက်တွင်တော့ ရွှီဖေး၏ ခြေလှမ်းများ နှေးကွေးသွားပြီး လမ်းဘေးတစ်နေရာသို့ အကြည့်ရောက်သွားသည်။
ထိုနေရာတွင် အဖြူရောင်အဝတ်အစားထက် အပြာရောင်ဝတ်ရုံခြုံထားသော ငယ်ရွယ်သည့် တပည့်မလေးတစ်ယောက် မတ်တတ်ရပ်လျှက်ရှိသည်။ သူမက စိုးရိမ်ပူပန်သည့်မျက်ဝန်းများဖြင့် နက်ရှိုင်းသည့်တောအုပ်အတွင်းသို့ ငေးစိုက်ကြည့်နေ၏။
ထိုမိန်းမပျိုလေး မည်သူဖြစ်ကြောင်း ရွှီဖေး သိရှိလေသည်။ သူမက သူတို့နှင့် မျိုးဆက်တူတပည့်တစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်သည်။ ပင်မတိုက်ရိုက်တပည့်တစ်ယောက် မဟုတ်သေးသော်လည်း သူမကို လေ့ကျင့်သင်ကြားပေးရန် ဝါဒတောင်က အတော်လေးအားစိုက်ခဲ့သလို ဂိုဏ်း၏တန်ဖိုးထားခံရသော တပည့်တစ်ယောက်ဖြစ်သည် အမှန်ပင်။
မိန်းမပျိုလေးက ရွှီဖေးထက်အသက်ငယ်ပြီး ရန်ကျောက်ကဲနှင့် သက်တူရွယ်တူခန့် ဖြစ်သည်။
ရွှီဖေး သူမကို သတိထားမိနေရသည့်အကြောင်းရင်းမှာ သူမက လုဝမ်နှင့် အလွန်ရင်းနှီးသောဆက်ဆံရေးရှိသောကြောင့် ဖြစ်သည်။
လုဝမ်ကတော့ သူမကို ဂိုဏ်းတူညီမလေးတစ်ယောက်အဖြစ်သာ သဘောထားသော်လည်း သူမကတော့ လုဝမ်ကို သဘောကျမေတ္တာရှိနေလေ၏။
ယခု သူမ ငေးစိုက်ကြည့်နေသည့်နေရာမှာ လုဝမ် တံခါးပိတ်ကျင့်ကြံရာ နေရာဖြစ်သည်။
ရွှီဖေး မျက်ခုံးများ တွန့်ချိုးလိုက်သည်။ သူ အမှတ်မမှားဘူးဆိုလျှင် လုဝမ် တံခါးပိတ်ကျင့်ကြံနေသည်မှာ အတော်လေးအချိန်ကြာနေပေပြီ။
သူက မိန်းမပျိုအနားသို့ လမ်းလျှောက်သွားရင်း...
“ဂိုဏ်းတူညီမလေး’ဝမ်’ ၊ မင်း ဂိုဏ်းတူညီလေး’လုဝမ်’ကို စောင့်နေတာလား”
ရွှီဖေး၏ အမေးစကားကိုကြားတော့မှ ဂိုဏ်းတူညီမလေး’ဝမ်’ ဆိုသူက သတိပြန်ဝင်လာပြီး...
“ဂိုဏ်းတူအစ်ကိုကြီး’ရွှီ’ ၊ ဂိုဏ်းတူအစ်ကို’လု’ တံခါးပိတ်ကျင့်ကြံနေတာ (၂)နှစ်နီးပါးရှိနေပြီ”
သူမမျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုများက ဖုံးကွယ်မထားနိုင်ပေ။
သူမစကားကိုကြားတော့ ရွှီဖေး တွေးလိုက်သည်။
“ဂိုဏ်းတူညီလေး’လု’က ဂိုဏ်းတူညီလေး’ရန်’ ကို ရှုံးနိမ့်ပြီးကတည်းက တံခါးပိတ်ကျင့်ကြံနေတာ ၊ တစ်ခါမှ အပြင်ထွက်မလာဘူးပဲ”
ရွှီဖေးက လုဝမ်နှင့် ခင်မင်ရင်းနှီးသူ မဟုတ်ပေ။ သူ၏ ကြမ်းကြမ်းတမ်းတမ်းနေတတ်မှုနှင့် သေရည်သောက်ခြင်းကို လုဝမ်က သဘောမကျသည့်အပြင် သူတို့ (၂)ယောက် စိတ်ဝင်စားသည့်အရာများကလည်း မတူညီသောကြောင့် အချင်းချင်း ပတ်သက်မှု သိပ်မရှိကြပေ။
လုဝမ် မည်မျှမာနကြီးကြောင်း ရွှီဖေး သိရှိထားသော်လည်း ယခု အခြေအနေကို ကြားလိုက်ရသည့်အခါ အနည်းငယ် စိတ်ပူပန်သွားသည်။
အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း ခပ်စိတ်စိတ်လှုပ်ရှားလာသော ငရဲကိုးထပ်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်း စဉ်းစားမိသောအခါ လုဝမ်အတွက် ပိုမိုစိုးရိမ်မိသည်။
သို့ပေသိ ရွှီဖေးက စိုးရိမ်ပူပန်မှုကို မျက်နှာထက် ထုတ်ဖော်ပြသခြင်းမရှိဘဲ ဂိုဏ်းတူညီမလေး’ဝမ်’ကို နှစ်သိမ့်စကားဆိုလိက်သည်။
“စိတ်မပူပါနဲ့ ၊ (၃)နှစ်လောက်အပြင်မထွက်ဘဲ မတောက်ပခဲ့ပေမယ့် အပြင်ထွက်လာချိန်မှာ လူတိုင်းကို ထိတ်လန့်သွားစေတယ်ဆိုတဲ့ စကားပုံရှိတယ်လေ ၊ ဂိုဏ်းတူညီလေး’လု’က အဲဒီလိုမျိုးဖြစ်မယ့်သူပါ”
ရွှီဖေးက ဂိုဏ်းတူညီမလေး’ဝမ်’ကို စိတ်အေးအေးထားပြီး အိမ်ပြန်ရန် ပြောဆိုနှစ်သိမ့်လိုက်သည်။ သူမပြန်သွားတော့မှ ရွှီဖေး ပင့်သက်တစ်ချက်ရှိုက်ရင်း တောနက်ထဲသို့ ဝင်လာခဲ့သည်။
မကြာမီ...
တောင်နံရံတစ်ခုကို ထွင်းဖောက်ဆောက်လုပ်ထားပြီး ကျောက်တုံးတံခါးတစ်ချပ်ဖြင့် တင်းကျပ်စွာပိတ်ဆို့ထားသော ကျောက်သားအခန်းတစ်ခုအား ရွှီဖေး၏မျက်လုံးများရှေ့တွင် တွေ့မြင်လိုက်ရလေ၏။
***