ဘုရင်မကြီး၏ မွေးနေ့ပွဲဖိတ်ကြားခြင်း
Vol. 9 Ch. 112
ပြိုင်ပွဲက အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ကောရှင်းယွီ၏ နာမည်သည်လည်း တစ်နိုင်ငံလုံးအနှံ့ကျော်ကြားလာသည်။ သူမ၏ လမင်းသံသရာသီချင်းကို ရက်အနည်းငယ်အတွင်း သန်းနှင့်ချီပြီး ဒေါင်းလုတ်လုပ်ခဲ့ကြသည်။ထိုပမာဏသည် သာမန်ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ဦး လွယ်လွယ်နှင့်မရနိုင်သော အနေအထားဖြစ်သည်။
ထိုဖြစ်ရပ်ကြီးပြီးသည့်နောက် ဖန့်ကြွယ်ယွီက မည်သည့်အကျိုးအမြတ်မှမရရှိခဲ့ပေ။ သူ၏ရက်ရောစွာလှူဒါန်းမှုကြောင့် နာမည်ကောင်းရခဲ့သည့်အပေါ် ပထမအဆင့်ပြီးမြောက်နှုန်းသည် ၆၀% ကျော် တက်လာခဲ့သည်။
ပိုက်ဆံသုံးဖြုန်းသည့် အဆင့်ပြီးသည့်နောက်မှာသာ ပထမအဆင့်သည် ၁၀၀% ပြီးမြောက်မည်။ ကူးရီ၏ အစွမ်းကို မျက်ဝါးထင်ထင်တွေ့ကြုံပြီးနောက် ဆန်းကြယ်လှသောစွမ်းအားရှင်တစ်ဦးအကြောင်း ပိုပြီးသိချင်စိတ်ပြင်းပြလာခဲ့သည်။
“ရှင်းယွီ မင်းဘာတွေဆက်လုပ်မယ်စိတ်ကူးထားလဲ” သူတို့နှစ်ဦးက မနက်စာအတူတူစားနေကြသည်။
“ကျွန်မ ဂီတဘက်ကိုဆက်ပြီးလေ့လာမယ်လေ” ဒီအချိန်မှာ ကြော်ငြားများစွာရိုက်ကူးရန် ကမ်းလှမ်းလာသော်လည်း ကောရှင်းယွီက ပယ်ချခဲ့သည်။ သူမမှာ အဆိုတော်တစ်ဦးဖြစ်ချင်သည့် စိတ်ကူးအိပ်မက်သာရှိသည်။
သူမလေ့လာဖို့ များစွာလိုသေးသည်ဟု ခံစားရသည်။ သီချင်းရေးစပ်ခြင်း၊ သီကုံးဖွဲ့သီခြင်းကဲ့သို့သော အရာများသည် သူမမှာ ဂီတအခြေခံရှိသော်ငြား အချိန်တိုအတွင်းကျွမ်းကျင်တတ်မြောက်နိုင်သော အရာများမဟုတ်ခဲ့ပေ။ သူမအဖြစ်ချင်ဆုံးအိပ်မက်သည် တရုတ်ပြည်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပနိုင်ရန် ဖြစ်သည်။
“သခင်လေး..အီလက်ထရောနစ်ဖိတ်ကြားလွှာတစ်စောင်ဝင်လာပါတယ်” မနက်စာစားပြီးချိန်တွင် ကျွမ်းရီက ရောက်လာပြီး သူ့အားတက်ဘလတ်ကိုလှမ်းပေးသည်။
“အီလက်ထရောနစ်ဖိတ်ကြားလွှာ ဟုတ်လား။ ဘယ်သူ့ဆီကလဲ”ဖန့်ကြွယ်ယွီက အံ့အားသင့်နေခဲ့သည်။ ယခုမှ မနက်ပိုင်းပဲရှိသေးတာမို့ ဖုန်းသို့ စာဖြင့်ဖိတ်ကြားခြင်းကို ဘာကြောင့်များ အသုံးမပြုရသနည်း။
“အို..အင်္ဂလန်က ဖိတ်တာပဲ။ ဒါဆို အင်္ဂလန်ဘုရင်မဆီကပဲဖြစ်ရမယ်။ အရင်တစ်ခေါက်တုန်းက ဘုရင်မကြီးမွေးနေ့နီးလာပြီဆိုပြီး မစ္စတာဟီရမ်ပြောသွားသေးတယ်မဟုတ်လား။ ကြည့်ရတာ ဒါက သခင်လေးတက်ဖို့ ဖိတ်စာလှမ်းပို့လိုက်တာပဲ ဖြစ်ရမယ်” ဟု ကျွမ်းရီက ဆိုသည်။
“အင်္ဂလန်ဘုရင်မဆီက မွေးနေ့ဖိတ်စာ..ဟုတ်လား” ကောရှင်းယွီက အလန့်တကြား အာမေဍိတ်ပြုသည်။ ဖန့်ကြွယ်ယွီက ချမ်းသာသည်ဆိုတာသိသော်လည်း ထိုမျှလောက်အဆက်အသွယ်ကျယ်ပြန့်လိမ့်မည်ဟု မထင်ထားပေ။ အင်္ဂလန်ဘုရင်မကြီက သူမ၏မွေးနေ့ပွဲအတွက် ကိုယ်တိုင်ကိုယ်ကျဖိတ်ကြားပေးတာနှင့်ပင် ဂုဏ်ယူဖွယ်ကောင်းနေပါသည်။
ဖန့်ကြွယ်ယွီက တက်ဘလတ်ကိုယူပြီး ဖိတ်ကြားလွှာကိုဖွင့်လိုက်သည်။ ခေတ်မီအဝတ်အစားဝတ်ဆင်ထားသော ခေါင်းဖြူဖြူအမျိုးသမီးကြီးတစ်ဦးက ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
“ဒါက တကယ်ဘုရင်မကြီး ရီရှားပဲ”ကောရှင်းယွီက ဖန်သားပြင်ပေါ်တွင် ပေါ်လာသော ပုဂ္ဂိုလ်ကိုကြည့်ပြီး အလန့်တကြားထအော်မိသည်။
အသက်ရှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ဘုရင်မကြီးသည် ဆံပင်ဖြူတာပဲရှိပြီး ကျန်းမာရေးကောင်းမွန်နေသည်။ သူမက ကျော့ကျော့ရှင်းရှင်းဝတ်စားဆင်ယင်ပြီး ကျောက်မျက်သရဖူတစ်ခုကိုဆောင်းထားသည်။ ထို့ပြင် အလွန်တရာမှ ခမ်းနားထည်ဝါသော လည်ဆွဲတစ်ခုကိုလည်းဆင်မြန်းထားသည်။
“ဒီစိန်တန်ဖိုးက မသေးလောက်ဘူး။ ဟုတ်တယ်မလား” ဟု ဖန့်ကြွယ်ယွီက တိုးတိုးလေးရေရွတ်မိသည်။ သူက ကောရှင်းယွီကိုလက်ဆောင်ပေးသော နတ်သမီးနှလုံးလည်ဆွဲတောင်မှ ထိုမျှမကြီးပေ။
“ပိုင်ရှင်..ဒီစိန်က ဘုရင်မကြီးကို ပိုင်ရှင်ရဲ့အဘိုးက လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်က မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာပါ။ ဒီလည်ဆွဲရဲ့ ကာလပေါက်စျေးက အနည်းဆုံး ဒေါ်လာသန်း၆၀ ရှိပါတယ်။ ဒီလိုရတနာမျိုးက စျေးကွက်မှာတွေ့ရဖို့ အလွန်ရှားပါတယ်” ဟု ရှောင်းရီက ရှင်းပြသည်။
“တကယ့်ကို ရက်ရက်ရောရောပေးတာပါလား”
“အဲ့လောက်လည်းမဟုတ်ပါဘူး။ အာဖရိကမှာ ပိုင်ရှင်ပိုင်တဲ့ အရမ်းကောင်းတဲ့ စိန်တွင်းတွေရှိတယ်လေ။ သာမန်စိန်တွေနှစ်စဉ်နှစ်တိုင်းထုတ်ပေးတာအပြင် အရမ်းကြီးမားတဲ့စိန်တွေ ရံဖန်ရံခါရသေးတာ။ အဲ့ရတဲ့ထဲကမှ အချို့ကိုလက်ဆောင်ပေးတာပါ”
“ငါတောင် စိန်တွင်းကို သွားကြည့်ချင်လာပြီ” ဖန့်ကြွယ်ယွီက ယခုအသက်အရွယ်ထိ စိန်တွင်းဆိုတာ ကြားပဲကြားဖူးပြီး မမြင်ဖူးပေ။
“ချစ်လှစွာသော ဖန့်..နောက်လ ၁၅ရက်နေ့က ငါ့ရဲ့ အသက်၉၀ပြည့်မွေးနေ့ပါ။ မွေးနေ့ပွဲကို ပလက်တီနမ်ခန်းမမှာ ကျင်းပမှာပါ။ အဆွေတော်အနေနဲ့ ငါ့မွေးနေ့ပွဲကို တက်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ငါ့မွေးနေ့မှာ အဆွေတော်နဲ့ ဆုံတွေ့ရဖို့ မျှော်လင့်စောင့်စားနေပါတယ်” ဘုရင်မကြီးက တရုတ်ဘာသာစကားဖြင့် ကြိုးစားပမ်းစားပြောနေပုံကိုကြည့်ပြီး ဤဗီဒီယိုအတွက် အချိန်အများကြီးယူပြီးပြင်ဆင်ထားကြောင်း သိသာထင်ရှားနေသည်။
“သခင်လေး..ဒါရောပဲ လွန်ခဲ့တဲ့ရက်ကမှ ရောက်လာတာ” ဟုဆိုကာ ကျွမ်းရီက ဖိတ်စာကိုပေးသည်။ ထိုဖိတ်စာသည် အလွန်တရာထူးခြားသည်။
ဖိတ်စာထဲတွင် အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ပါသည်။ ဖန့်ကြွယ်ယွီ၏ အင်္ဂလိပ်စာ နားလည်မှုအဆင့်သည် အဆင့်ခြောက်ရှိသဖြင့် ထိုစာပိုဒ်၏ဆိုလိုရင်းကိုနားလည်သည်။
နောက်ဆုံးစာကြောင်းသည် “တရုတ်ပြည်မှ ဖန့်မိသားစု၏ ဆက်ခံသူ- ဖန့်ကြွယ်ယွီ”ဟု ရေးသားထားသည်။
ဘုရင်မကြီးက သူ့မိဘများ ဒီကမ္ဘာမှာမရှိတော့ဘူးဆိုတာ သိပုံမရပေ။ ထိုဖိတ်စာသည် ဖန့်မိသားစုအတွက်မဟုတ်ဘဲ ဖန့်ကြွယ်ယွီအတွက်သာ သီးသန့်ဖိတ်ကြားခြင်းဖြစ်သည်။
“သခင်လေးမွေးနေ့ပွဲကို သွားမှာလား။ သွားမယ်ဆို လိုအပ်တဲ့အရာတွေပြင်ဆင်ဖို့လုပ်ရတော့မယ်”
“သွားမှာပေါ့။ သူတို့ဘက်က တလေးတစားဖိတ်ကြားလာတာမဟုတ်လား။ဘုရင်မကြီးက အသက်ကိုးဆယ်ထိ အသက်ရှည်ရှည်နေနိုင်တယ်ဆိုတာ နည်းတဲ့ကုသိုလ်မှ မဟုတ်တာ။ သွားကိုသွားရမှာပေါ့”
“ဒါနဲ့ ရှင်းယွီ မင်းလည်း ငါနဲ့အတူလိုက်ခဲ့ပါလား”
“ဟင့်အင်း ကျွန်မမသွားပါဘူး” ကောရှင်းယွီက ထိုမျှ ကြီးကျယ်ခမ်းနားသော ပွဲအခမ်းအနားကို တစ်ခါမှ မတက်ဖူးပေ။ ထိုပွဲမျိုးမှာမည်သို့ပြုမူပြောဆိုရမည်ဆိုတာလည်း သူမ မသိပေ။ ပိုပြီးအရေးကြီးသည်မှာ နောက်လတွင် သူမအနေနှင့် ထရိန်နင်ဆင်းဖို့ရှိနေသည်။
“အဲ့ပွဲမှာဆို ကျွန်မနေတတ်ထိုင်တတ်မှာမဟုတ်ဘူး” ဟု ကောရှင်းယွီက ဆိုသည်။
“ဒါဆိုလည်း မင်းသဘောပါ။ နောက်ပိုင်းတွေမှာ ငါ့ကို မွေးနေ့ပွဲတွေ ပါတီတွေတက်ပေးဖို့ တခြားနိုင်ငံက မင်းသားတွေ မင်းသမီးတွေဖိတ်ရင်လည်း အမြဲတမ်းငါတစ်ယောက်တည်းသွားလိုက်ရမလား” ဟု ဖန့်ကြွယ်ယွီက ရယ်ကျဲကျဲလုပ်ကာ မေးသည်။
“အရင်ဆုံးကျွန်မက ပွဲအခမ်းအနားတွေမှာ ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ လေ့လာကြည့်ပါဦးမယ်။ နောက်ခေါက်တွေကျ လိုက်မှာပေါ့ရှင်” ကောရှင်းယွီက အနည်းငယ်တွေဝေတုံ့ဆိုင်းနေသည်။ ဘုရင်မကြီး၏ မွေးနေ့ပွဲဖြစ်သဖြင့် အားလုံးက မျက်စိဒေါက်ထောက်ကြည့်နေကြမည်မှာ မလွဲဧကန်ဖြစ်သည်။ သူမက မသင့်လျော်စွာ ပြောဆိုပြုမူမိပါက ဖန့်ကြွယ်ယွီကို အရှက်ရစေနိုင်မည် မဟုတ်ပါလော။
“ကဲပါ..အဲ့တာဆိုလည်း ငါ့ဘာသာပဲသွားလိုက်ပါ့မယ်” ဖန့်ကြွယ်ယွီက သူမကို အတင်းအကြပ်မလိုက်ခိုင်းလိုပေ။
“အမရီ..ကျွန်တော်မွေးနေ့ပွဲတက်မယ်ဆိုပြီး ဘုရင်မကြီးကို အကြောင်းပြန်ပေးပါဦး”
“ဟုတ်ကဲ့ပါ သခင်လေး။ အကြောင်းပြန်လိုက်ပါ့မယ်”
ကျွမ်းရီ၏ ခေါင်းထဲရုတ်တရက်ဆိုသလို မေးခွန်းတစ်ခုပေါ်လာသည်။
“သခင်လေး ဘုရင်မကြီးအတွက် မွေးနေ့လက်ဆောင်ဘာပေးမယ်လို့ စီစဉ်ထားလဲ”
“အင်း…” ဘုရင်မကြီးအတွက် မွေးနေ့လက်ဆောင်ကို ပေါ့ပေါ့တန်တန်စီစဉ်လို့မဖြစ်ပေ။ သို့သော်ဖန့်ကြွယ်ယွီက ဘာမှ စဉ်းစားလို့မရနေပေ။ သူ့မှာ မည်သည့်အဖိုးတန်ပစ္စည်းရှိနေလဲဆိုတာ မသိနေပေ။
“အဖေနဲ့ အဘိုးကရော ဘာတွေပေးခဲ့ကြလဲ”
“သခင်လေးရဲ့ အဘိုးက စိန်လည်ဆွဲပေးခဲ့ပြီး သခင်လေးရဲ့အဖေကတော့ ပေါင် လေးသိန်းခွဲတန်ကြေးရှိတဲ့ ရထားလုံးတစ်စီးပေးခဲ့တာပါ”
“အင်း ဒီလက်ဆောင်တွေက ပေးလို့အဆင်ပြေပါ့တော့မလား” ဖန့်ကြွယ်ယွီက တစ်ခဏကြာစဉ်းစားလိုက်ပြီး “ အမရီပဲ လက်ဆောင်ကိစ္စစီစဉ်ပေးတော့လေ။ ကျွန်တော်လည်းမျက်နှာပန်းလှမဲ့ လက်ဆောင်လေးဆို ပိုအဆင်ပြေမယ်။ ဘယ်လောက်ကုန်ကုန်ရတယ်”
“ဟုတ်ကဲ့ပါ စီစဉ်လိုက်ပါ့မယ်”
ကျွမ်းရီထွက်သွားသောအခါ ဖန့်ကြွယ်ယွီ၏ အတွေးထဲမှာ ရှောင်းရီ၏ အသံပေါ်လာသည်။
“ပိုင်ရှင်ရဲ့ကားကို အကုန် ပြင်ပြီးပြီ”
“ဟမ် မြန်လှချည်လား” သူက စက်ရုံကိုပြန်ပို့လိုက်သည်မှာ ၁၅ရက်သာရှိသေးသည်။ ထိုစက်ရုံသည် စစ်ဘက်ဆိုင်ရာလက်နက်ပစ္စည်းထုတ်လုပ်သော ဖန့်ကြွယ်ယွီ၏ကိုယ်ပိုင်စက်ရုံဆိုလည်း မမှားပေ။
ထိုစက်ရုံနားမှာ ဓာတုလက်နက်စက်ရုံတစ်ရုံလည်းရှိသည်။ ထိုစက်ရုံနှစ်ခုပေါင်းစပ်ပြီးမှ ကားကိုပြင်ဆင်မွမ်းမံခြင်းဖြစ်သည်။ လုပ်ဆောင်ချက်များအတွက် ရှောင်းရီက အဝေးမှစီစဉ်ညွှန်ကြားသည်။
“ကားကို ပြန်ပို့လိုက်ပါပြီ။ ဒီကို နှစ်နာရီ သုံးနာရီအတွင်းရောက်ပါ့မယ်”
“ကားကဘယ်လိုဖြစ်သွားလဲ” ဟု ဖန့်ကြွယ်ယွီက သိချင်ဇောဖြင့်မေးသည်။
“ငါ စီစဉ်တဲ့ဒီဇိုင်းပဲလေ မမိုက်ပဲနေမလား” ဟု ရှောင်းရီက အားပါးတရဝံ့ကြွားပြောဆိုသည်။
“ကားထဲမှာ သုံးထားတဲ့ ပစ္စည်းအကုန်ပြန်လဲလိုက်တယ်။ပြီးတော့ နည်းနည်းပါးပါး မွမ်းမံထားတယ်။ ကားရောက်လာလျှင် ပိုင်ရှင်သိမှာပေါ့”