ဒီကားက လေယာဉ်ပျံကိုတောင် ပစ်ချနိုင်တယ်။
Vol. 9 Ch. 113
ဖန့်ကြွယ်ယွီ မျှော်လင့်တကြီးစောင့်ဆိုင်းနေသော သူ၏ Sun Godကားလေးက အိမ်ထဲကိုဝင်လာသည်။ ယခင်က ခရမ်းရင့်ရောင်ရှိသော ကားသည် လုံးဝတောက်ပြောင်နေသော အနက်ရောင်အဖြစ်ပြောင်းလဲသွားသည်။ သတ္ထုဖြင့် ပြုလုပ်ထားသော်ငြား အလေးချိန်ပေါ့ပါးသည့်ပုံစံပေါ်သည်။
ကနဦးကားပုံစံလည်း အနည်းငယ်ပြောင်းလဲခဲ့သည်။ သေချာကြည့်တော့မှ ကား၏ ကိုယ်ထည်ပေါ်တွင် အနုစိတ်ပြောင်းလဲထားသောပုံစံငယ်လေးများကို မြင်ရသည်။
ဖန့်ကြွယ်ယွီက ကားကိုယ်ထည်ကိုပုတ်ကြည့်သောအခါ သူ၏လက်ဖဝါး နာကျင်သွားသည့်ဒဏ်ကို ခံစားရသဖြင့် အံ့ဩသွားမိသည်။
“ပိုင်ရှင် ကားထဲဝင်ပြီး မောင်းကြည့်ပါ့လား” ဟု ရှောင်းရီကပြောသည်။
“ကားသော့ကရော” ဖန့်ကြွယ်ယွီက ဟိုဟိုဒီဒီကြည့်သောအခါ ကားထဲမှာ ကာ့သော့ပေါက် မပါတာကို သတိထားမိသည်။
“ဪ ကားထိန်းချုပ်စနစ်မှာ နည်းနည်းလေးပြောင်းလဲထားပါတယ်။ ခုဆို ကားကို အသံနဲ့ ထိန်းချုပ်လို့ရတဲ့ လုပ်ဆောင်ချက်တစ်ခုကိုထပ်ထည့်ထားပါတယ်။ ကားထဲမှာ အိပ်မောကျနေရင်တောင် လိုရာခရီးကို အန္တရာယ်ကင်းကင်းနဲ့ ပို့ဆောင်နိုင်အောင် စီစဉ်ထားပေးပါတယ်” ဟု ရှောင်းရီကဆိုသည်။
“စိတ်ချရလို့လား” ဖန့်ကြွယ်ယွီအတွက် ထိုနည်းပညာက အစိမ်းသက်သက်ဖြစ်နေသည်။ မောင်းသူမဲ့ကားများ ပေါ်ထွက်နေပြီဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ ပြစ်ချက်တစ်ချို့ရှိနေသေးသည်။
“ဒါပေါ့။ မင်းတို့ကမ္ဘာမြေက ထုတ်တဲ့ နည်းပညာမှမဟုတ်တာ။ ဒီလိုအဆင်မြင့်ပြောင်းလဲမှုတွေက ငါက မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်တယ်”
“ဘယ်ကစရမလဲ။ အမိန့်ပေးတာတစ်ခုခုရှိမလား” ဖန့်ကြွယ်ယွီက ကြိမ်ဖန်များစွာအော်သော်လည်း ကားက တုပ်တုပ်မျှ မလှုပ်နေပေ။
“ဪ ကားတံခါးဖွင့်ဖို့အတွက် အသံစေခိုင်းချက်က “ရွှေတံခါးကြီးဖွင့်ပါဦး” “
“မင်းရူးနေပြီလား” ထိုစကားစုကို လူကြားထဲမှာအော်ရမည့် အရေးကိုကြိုတွေးမိပြီး သူရှက်သွားသည်။
“ဟား..နောက်တာပါ။ အသံစေခိုင်းချက်က ကြိုက်သလိုပြောင်းလဲနိုင်တယ်။ ဒီတစ်ခုက ယာယီပါ”
“ဟူး..မင်းအတော်နောက်တာပဲ”
“ရွှေတံခါးကြီးဖွင့်ပါဦး”
“တီ” ရုတ်တရက်ဆိုသလို ကားထဲမှ အချက်ပြသံမြည်လာသည်။ ကားတံခါးဘေးမှ အလင်းရောင်လေးပေါ်လာချိန်တွင် တံခါးက ဖြည်းဖြည်းချင်းပွင့်လာတော့သည်။
“မိုက်လှချည်လား” ဖန့်ကြွယ်ယွီက ကားထဲဝင်လိုက်သည်။ ကားကိုမောင်းနှင်ရသည့် ခံစားချက်တောင်မတူနိုင်တော့ပေ။
သို့သော်လည်း ကား၏ လုပ်ဆောင်ချက်စနစ်က ပိုမိုရှုပ်ထွေးလာပြီး ဖန့်ကြွယ်ယွီအနေနှင့် မည်သည့်ခလုတ်ကိုနှိပ်ပါက မည်သည့်လုပ်ဆောင်ချက်ဆိုတာ ကွဲကွဲပြားပြားမသိတော့ပေ။
“လူကြီးမင်း ဖန့်ကြွယ်ယွီ ကြိုဆိုပါတယ်” ဟူသော စက်အသံတစ်သံထွက်လာသည်။ ထိုအသံသည် ရှောင်းရီ၏အသံနှင့် တထေရာထဲဖြစ်သည်။
“ရှောင်းရီ ငါ ဒါကို ဘယ်လိုသုံးရမလဲ” ဖန့်ကြွယ်ယွီက ဘယ်ကဘယ်လိုစရမလဲတောင်မသိတော့ပေ။
“ပိုင်ရှင်က အသံနဲ့ အမိန်ပေးရုံပဲလေ။ ပိုင်ရှင်ပြောတဲ့ ညွှန်ကြားချက်တွေကို သေချာပေါက်နားလည်တယ်”
“ကဲ ဒါဆိုလည်း ငါ့အိမ်ပတ်လည် ဖြည်းဖြည်းချင်းလှည့်မယ်”
“အိမ်ရှေ့မှာ ဖြည်းဖြည်းချင်းလှည့်ပါမယ်။ ညွှန်ကြားချက်ကို အတည်ပြုပါသလား”
“အတည်ပြုပါတယ်”
ဖန့်ကြွယ်ယွီ၏ စကားဆုံးသည်နှင့် ကားတံခါးပိတ်သွားကာ ကားကအလိုအလျောက်မောင်းနှင်တော့သည်။ အတားအဆီးများကို ကျော်လွှားပြီး အိမ်ပတ်လည်တစ်ပတ်မောင်းနှင်သည်။
“မိုက်လိုက်တာ ရှောင်းရီ” ဖန့်ကြွယ်ယွီက ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။
“ဒါတွေအပြင် တခြားလုပ်ဆောင်ချက်တွေရှိပါသေးတယ်။ ဒီကားက တစ်နာရီ ငါးရာကီလိုမီတာနဲ့ မောင်းနှင်လျှင်တောင်မှ အတားအဆီးတွေကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်တယ်။ တကယ်လို့တိုက်မိခဲ့လျှင်တောင် ဖြစ်နိုင်တာတစ်ခုပဲရှိတယ်။ အတိုက်ခံရတဲ့ အရာကတော့ အစိတ်စိတ်အမွှာမွှာဖြစ်မှာအသေအချာပဲ”
“ဒါ့အပြင် ဘယ်လိုလုပ်ဆောင်ချက်တွေ ပါသေးလဲ။ ဒီတစ်ခုပဲ မကဘူးဆိုတာ ငါသိတယ်” သူမသိသေးသောလျှို့ဝှက်ချက်များစွာ ကားမှာရှိနိုင်သေးသည်။
“ပိုင်ရှင်ရဲ့ ညာဘက်မှာရှိနေတဲ့ မီးအပြာလေးကိုနှိပ်ကြည့်လေ”
“ဒီတစ်ခုလား”ဟု ဆိုကာ ဖန့်ကြွယ်ယွီနှိပ်လိုက်သည်။ အပြာရင့်ရောင်လှိုင်းတစ်ခုက ကားတစ်ခုလုံးကို လွှမ်းခြုံသွားတာကို သူ၏ မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည်။
“ဝါး..ဒါက ဘာကြီးလဲ။ ကျည်ကာလား”
“ဒါကိုလျှပ်စစ်သံလိုက်အကာအကွယ်လို့ခေါ်ပါတယ်။ ဒီကမ္ဘာမှာရှိနေတဲ့ လက်ရှိနည်းပညာအဆင့်အတန်းအရဆို အဲ့တာကို မထိုးဖောက်နိုင်ဘူး”
“ပြီးတော့ ဒီကားက နေရောင်ခြည်စွမ်းရည်ကိုသုံးပြီး အားဖြည့်ထားပါတယ်။ ဒါ့အပြင် ပြင်ပက အပူစွမ်းအင်ကနေလည်း အင်အားဖြည့်တင်းနိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်လက်နက်မဆို ပိုင်ရှင်ကိုတိုက်ခိုက်လာပြီဆိုတာနဲ့ ဒါက ကားကို အားဖြည့်ပေးသလိုဖြစ်နေမှာ”
“တကယ့်အံ့မခန်းပါလား” ဖန့်ကြွယ်ယွီကလက်မထောင်ပြသည်။
“ကားရဲ့ကိုယ်ထည်ပေါ်မှာ အစင်းရာခြစ်ရာလေးတွေအများကြီးတွေ့တယ်။ အဲ့တာဘာတွေလဲ”
“ဒါက ကမ္ဘာပေါ်မှာနှစ်ပေါင်းရာချီပြီးတဲ့နောက်မှာတောင် ရဖို့မလွယ်တဲ့နည်းပညာပါ။ ပိုင်ရှင်ရဲ့ကားပေါ်မှာ လျှို့ဝှက်လက်နက်တွေတပ်ဆင်ပေးထားပါတယ်”
“လက်နက်တွေဟုတ်လား”
“ဟုတ်ပါတယ်။ ဒီကမ္ဘာပေါ်က ခေတ်မမီတော့တဲ့လက်နက်တွေမဟုတ်ဘူးနော်။ ငါက စက်ပိုင်းဆိုင်ရာ အမြောက်လက်နက်တစ်ခုနဲ့ လေဆာအမြောက်လက်နက်တစ်စုံတပ်ဆင်ပေးထားပါတယ်။ ဒီလက်နက်တွေနဲ့ဆို ကောင်းကင်ပေါ်က လေယာဉ်ကိုတောင် ပစ်ချနိုင်တယ်”
ရှောင်းရီက လက်တွေ့ပြလိုသဖြင့် လေဆာအမြောက်လက်နက်တစ်ခုကို အသင့်ပြင်ရန် ကားကိုအမိန့်ပေးသည်။
အသံတစ်သံတောင်မကြားလိုက်ရဘဲ ကားရှေ့ဘက်ဆီမှ အမြောက်တစ်ခုရုတ်ချည်းပေါ်လာပြီး သိပ်မဝေးသောနေရာက ကန်ကြီးကို ချိန်ရွယ်ထားသည်။
“၁၀% အားဖြည့်” ဟု ရှောင်းရီက အမိန့်ပေးသည်။
အမြောက်၏ ထိပ်ဝတွင် ခပ်မှိန်မှိန်အလင်းတန်းတစ်ခုပေါ်လာသည်။ ထို့နောက် လက်တစ်ချောင်းစာသာ ရှိသော အလင်းတန်းကို ကန်ကြီးဆီသို့ ပစ်ခွင်းလိုက်သည်။
“ဗွမ်း” ကန်ကြီးထဲရှိ ရေများသည် နှစ်မီတာအမြင့်ထိရောက်အောင် ပွက်စင်ကုန်သည်။ ကျယ်လောင်သော ဆူညံသံကို အိမ်ထဲမှာရှိနေသော ကောရှင်းယွီက အတိုင်းသားကြားရသည်။
“ဘာဖြစ်တာပါလိမ့်”
သူမက ဝရန်တာဘက်ကိုထွက်ပြီးကြည့်သောအခါ ကန်ထဲမှာရေပွက်ကြီးတစ်ခုကိုသာမြင်တွေ့ရသည်။
“ဘာမှမဟုတ်ဘူး။ ပေါက်ကွဲတတ်တဲ့ပစ္စည်းသုံးပြီး ငါးမျှားကြည့်နေတာ ဟဲဟဲ”
ဖန့်ကြွယ်ယွီက သူမ မရိပ်မိစေရန် ညာပြောလိုက်သည်။
“ဒါက အမြောက်ရဲ့ ၁၀% အားကိုပဲသုံးရသေးတာ။ သီအိုရီအရဆို ၂၀% အားနဲ့ဆို စစ်ဘက်သုံးတင့်ကားကိုတောင် ဖျက်စီးနိုင်တယ်။ အားအပြည့်သာသုံးမယ်ဆို လေယာဉ်ကိုတောင် ပစ်ချနိုင်တယ်”
“မင်းကထူးခြားလှချည်လားကွ” ပုံစံအသစ်ဖြစ်သွားသော ကားကို တယုတယပွတ်သပ်ရင်းဆိုသည်။
သူ့ကားက ရိုးရိုးပြိုင်ကားတင်မဟုတ်တော့ဘဲ ခေတ်မီစစ်ဘက်ဆိုင်ရာစက်ပစ္စည်းတစ်ခုဖြစ်လာတော့သည်။ ထိုကားနှင့်သာဆို အာဖဂန်စစ်မြေပြင်အတွင်းကို အသာလေးမောင်းနှင်သွားနိုင်သည်။
“ဒါပေမဲ့ ဒီကမ္ဘာမှာရှိတဲ့ ပစ္စည်းအကန့်အသတ်အရ လုပ်ဆောင်ချက်အသစ်တွေအတွက်ထပ်ထည့်တဲ့ပစ္စည်းတွေကြောင့် ကားအလေးချိန်က ၁၀% ကျော်တိုးလာတယ်။ ဒါကြောင့်မို့ သူ့အမြန်နှုန်းကလည်း နည်းနည်းလေးကျသွားမယ်။ ပြီးတော့ ဒီကားကို ဂိုဒေါက်ထဲပဲရပ်ထားမယ်ဆို သူ့အစွမ်းက လျင်လျင်မြန်မြန်ပျက်စီးယိုယွင်းသွားလိမ့်မယ်”
“ကိစ္စမရှိပါဘူး။ ဒီကားကို ဘယ်လက်နက်ကမှ မဖျက်စီးနိုင်တာမို့ နေ့တိုင်းအပြင်မှာပဲ ပါကင်ထိုးမယ်။” ဒီကားက သူ့အတွက် အလွန်အသုံးဝင်သည်။ သူ၏ကြွယ်ဝချမ်းသာမှုကို တစ်ချိန်ချိန်မှာ အကုန်သိကုန်ကြပြီး တစ်စုံတစ်ဦးက သူ့ကိုသတ်ဖို့ကြံရွယ်လျှင်တောင် မဖြစ်နိုင်တော့ပေ။
သူကကူးရီ၏ အကူအညီတောင်မလိုတော့ပေ။ ဤကားတစ်ခုထဲနှင့်ပင် သူ့အတွက် လုံခြုံနေပြီဖြစ်သည်။
“ဒါနဲ့ ဒါတွေအကုန်ပြင်ဖို့ဘယ်လောက်ကုန်ကျလဲ”
“ဒေါ်လာ နှစ်ဘီလီယံလောက်ပေါ့။ ကားရဲ့အစိတ်အပိုင်းတွေက ပိုင်ရှင်ရဲ့ လုပ်ငန်းတွေကပဲရတာပါ။ ဒါကြောင့်မို့ ဒါက ပစ္စည်းဖိုးချည်းသပ်သပ်ပါ”
“အဲ့လောက်စျေးမကြီးပါဘူး” အဆင်မြင့်ကားတစ်စီးကို နှစ်ဘီလီယံနှင့် ရရှိသည်မှာ စျေးတန်သည်ဟု သတ်မှတ်နိုင်သည်။
“နောက်တစ်စီးလောက်မလုပ်ပေးချင်ဘူးလား။ ရှင်းယွီကိုလည်း တစ်စီးပေးချင်လို့ပါ”
“တော်ပါတော့။ ကားအတွက် ပစ္စည်းရှာရတာခက်တာ။ ဒီကားတစ်စီးလုပ်ပေးရတာ ငါ့အလုပ်လုပ်နိုင်စွမ်းအားတွေတောင် ကျဆင်းလာသလိုပဲ”
“ပိုင်ရှင်က ငါ့ကိုအဖေလို့ခေါ်လျှင်တောင် မလုပ်ပေးနိုင်တော့ဘူး”
“အဖေ”ဟု ဖန်ကြွယ်ယွီက မျက်နှာပြောင်တိုက်ပြီးခေါ်သည်။
“ကောင်းပြီ ကောင်းပြီ ဘယ်နှစီးလိုချင်တာလဲ”
“သဘောကောင်းလိုက်တာ”