မင်းရောလိုက်မလား
Vol. 9 Ch. 116
“တောင်းပန်ပါတယ် ကျွန်မအဲ့လိုဖြစ်ဖို့ မရည်ရွယ်ပါဘူး” မင်းသမီး ဆီယက်တယ်က သူမ၏လက်ကိုပြန်ရုတ်လိုက်သည်။ မတော်တဆဖြစ်သည်ဆိုသော်ငြား လူအများ၏ ရှေ့မှာမို့ ရှက်စဖွယ်ကောင်းလှပေသည်။
“ခံစားချက်ကတော့ တစ်မျိုးလေးပဲ”
အပြင်ပန်းမှာတော့ ဖန့်ကြွယ်ယွီသည် အရပ်ရှည်ပြီးပိန်ပိန်ပါးပါးဆိုသော်ငြား တကယ်တမ်းကျတော့ သူ့မှာတောင့်တင်းသော ခန္ဓာကိုယ်ရှိသည်။
“မင်းသမီးကျွန်တော့်ကိုအဲ့လိုပဲ ဆက်ကြည့်နေမယ်ဆို ကျွန်တော်မနေတတ်တော့ဘူးဗျာ” မင်းသမီးက သူ့ကိုကြည့်ပြီး ဘာတွေးနေလဲဆိုတာ သေသေချာချာမသိသော်ငြား သူမ၏ အကြည့်ထဲမှာတော့ အချစ်အရိပ်အယောင်များ ပါဝင်နေသည်။
“ပိုင်ရှင်…ဒီမြင်ကွင်းကို မြင်ဖူးနေသလိုပဲ” ဟု ရှောင်းရီက စနောက်သည်။
“လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက ပိုင်ရှင်ရဲ့အဘိုးက အင်္ဂလန်ကိုရောက်လာခဲ့တုန်းကလည်း ဘုရင်မကြီးက သူ့ကို ဒီလိုပဲကြည့်ခဲ့တာ”
“ဝိုး..ဖန့်မိသားစုရဲ့ ဆွဲဆောင်မှုက တယ်ဟုတ်ပါ့လား”
“ဟားး..အဲ့လိုဖြစ်တာကလည်း ပိုင်ရှင်တို့ မိသားစုက ချမ်းသာလို့ပါ” ဟု ရှောင်းရီက ပြန်ပြောသည်။
“ကျုပ်ကြောင့်သာမဟုတ်ရင် ပိုင်ရှင်တို့မိသားစု ဘာမှဖြစ်လာမှာကို မဟုတ်ဘူး”
“ဟုတ်ပါတယ် ကျေးဇူးရှင်ကြီးရေ အကုန်လုံးက မင်းကျေးဇူးတွေပါ။ ဒါပေမဲ့ မင်းစဉ်းစားကြည့်ကွာ။ ငါတို့မိသားစုကြောင့်သာမဟုတ်ရင် မင်းလည်း ခုထိ အသက်ရှင်နေမယ်ထင်လား”
“မင်း…”ရှောင်းရီက ဖန့်ကြွယ်ယွီ၏ ချေပပြောဆိုမှုအောက်တွင် ဘာမှပြန်မပြောနိုင်ပေ။ သူပြောတာလည်းမှန်ပေသည်။ လူတိုင်းက သူ့ကိုလက်ခံသည့်ပိုင်ရှင်မဖြစ်နိုင်ပေ။
ဖန့်မိသားစု၏ သွေးသားမှာထူးခြားသော စွမ်းရည်ရှိခြင်းကြောင့် သူ့ကိုလက်ခံထားနိုင်ခြင်းဖြစ်သည်။
မင်းသမီးဆီယက်တယ်က ကိုယ်နေဟန်ထားကိုပြန်ပြင်သည်။ သူမ၏ ဖရိုဖရဲဖြစ်နေသောအကျီအဝတ်အစားကိုပြန်ပြင်ဆင်ပြီး ဆံပင်ကိုလည်း ပြန်စည်းသည်။ သူမ၏ စိန်နားကပ်ကိုလည်း သက်တော်စောင့်ကိုပေးလိုက်သည်။
“မစ္စတာဖန့်ရဲ့ သဘောကောင်းကြင်နာမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်မအဘွား အင်္ဂလန်ဘုရင်မကြီးကိုယ်စား အင်္ဂလန်မှကြိုဆိုပါတယ်ရှင့်”
“ဘုရင်မကြီးက မွေးနေ့ပွဲကိုဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဒါနဲ့ ကျွန်တော်ဘယ်နေရာမှာတည်းခိုရမလဲခင်ဗျာ”
ကျွမ်းရီကို အနီးအနားရှိဟိုတယ်မှာ ကြိုတင်ဘွတ်ကင်လုပ်ထားရန် ဖန့်ကြွယ်ယွီက စီစဉ်ထားပြီးဖြစ်သည်။ သို့သော် ဘုရင်မကြီးက သူတည်းခိုဖို့အတွက် ကြိုတင်စီစဉ်ထားပုံရသည်။
“အိုးး ကျွန်မအဘွားက နေဖို့ထိုင်ဖို့ စီစဉ်ထားပေးပါတယ်။ မစ္စတာဖန့်က ဘက်ကင်ဟမ်နန်းတော်မှာတည်းခိုနေထိုင်လို့ရပါတယ်။ မစ္စတာဖန့်နဲ့အဖွဲ့အတွက်လည်း အခန်းစီစဉ်ထားပြီးသားမို့ အဆင်ပြေတဲ့အချိန် ဝင်ရောက်နေထိုင်နိုင်ပါတယ်”
“ဘက်ကင်ဟမ်နန်းတော်မှာတည်းရမယ်” ဘက်ကင်ဟမ်နန်းတော်သည် တော်ဝင်မိသားစုနေထိုင်ရာနေရာတစ်ခုဖြစ်ပြီး ကြီးကျယ်ခမ်းနားသောပွဲများကျင်းပရာ နေရာလည်းဖြစ်သည်။
သူတည်းခိုဖို့ ထိုနေရာတွင် ဘုရင်မကြီးက စီစဉ်ပေးလိမ့်မည်ဟု မထင်ထားပေ။
“ပိုင်ရှင် မသိတဲ့ကိစ္စတွေရှိသေးတယ်။ ပိုင်ရှင်ရဲ့ ဘိုးဘေးတွေက ဘက်ကင်ဟမ်နန်းတော်ကြီးတည်ထောင်ဖို့ ကူညီပေးခဲ့တာ”
“ဘယ်လို” သိလိုက်ရသည့် သတင်းအပေါ် ဖန့်ကြွယ်ယွီ အံ့အားသင့်မိသည်။
“ပိုင်ရှင်ရဲ့ ဘိုးဘေးတွေက အင်္ဂလန်ကိုလာလည်တုန်းက ဘက်ကင်ဟမ်မြို့စားကြီးရဲ့ အိမ်တော်မှာတည်းခိုခဲ့တယ်။ အဲ့အချိန်မှာတစ်ခုခုလိုအပ်နေသလိုမျိုး သူတို့ခံစားမိခဲ့တယ်”
“ဒါကြောင့်မို့ နောက်တစ်ခါ သူတို့လာလည်တဲ့အချိန်မှာ ပိုကောင်းတဲ့နေရာလေးဖြစ်နေစေဖို့ ဒီဘက်ကင်ဟမ် နန်းတော်ကြီးကို တည်ထားပေးခဲ့တာ”
သူ့ ဘိုးဘွားများ၏ အသုံးအစွဲရက်ရောမှုကို သူအံ့အားသင့်ရပြန်သည်။ သူတို့လာလည်နေကျမဟုတ်သော နေရာအတွက် နန်းတော်ကြီးတစ်ခုတည်ထားပေးခဲ့သည်။
“ဘာဖြစ်လို့လဲဟင်”ဟု မင်းသမီးက မေးသည်။ ဖန့်ကြွယ်ယွီ၏ ဘိုးဘွားများက ဘက်ကင်ဟမ်နန်းတော်မှာ တည်းခဲဖူးတာကို သိရချိန်တွင် သူမအံ့အားသင့်ခဲ့ရသည်။
“ဘာမှမဟုတ်ပါဘူး သွားကြမလား”
“ ဟုတ်ပါပြီ မစ္စတာဖန့် ကားက လေဆိပ်အပြင်မှာ အဆင်သင့်စောင့်နေပါတယ်” ဘုရင်မကြီးအပြင်ထွက်ရင် သွားနေကျ ကားကို ဖန့်ကြွယ်ယွီအား အကြိုအပို့လုပ်ရန် တော်ဝင်မိသားစုက စီစဉ်ပေးထားသည်။
“မင်းသမီးခင်ဗျာ..ကျွန်တော်စီးနေကျကားကို လေယာဉ်ထဲမှာ ထည့်ပြီးယူလာခဲ့ပါတယ်။ ခရီးသွားရင် သူများကားကို မစီးတတ်လို့ပါ”
“ဟုတ်လား အဲ့တာဆို ရှင့်ကားကို ကြည့်လို့ရမလား”
“ရတာပေါ့ဗျာ”
သူတို့၏ မြင်ကွင်းတွင်ပေါ်လာသော အနက်ရောင်ပြိုင်ကားကို ကြည့်ပြီး မင်းသမီးဆီယက်တယ် အံ့အားသင့်မိသည်။
“ကားက လှလိုက်တာ” အမျိုးသားများသာမက အမျိုးသမီးများလည်း ပြိုင်ကားကိုနှစ်ခြိုက်ကြသည်။ ထိုကား၏ လှပသေသပ်သောဒီဇိုင်းကြောင့် အကြည့်ပင်မခွါနိုင်ပေ။
“ဒီကားမှာထိုင်လို့ရမလား”
“မိန်းကလေးတွေက အတူတူပါပဲလား” ဟု ဖန့်ကြွယ်ယွီ ရေရွတ်မိသည်။
သူ၏ ကောင်မလေးဖြစ်သူ ရှင်းယွီတောင်မှ ဒီကားမှာတစ်ခါမှ မထိုင်ရသေးပေ။
သူနှင့် အတူခရီးစဉ်ကို လိုက်ပါလာသော ကျွမ်းရီတောင်မှ ကူးရီနှင့်အတူ တခြားကားတစ်စီးကိုစီးခဲ့သည်။
“သခင်လေး..တော်ဝင်မင်းသမီးတွေက ဒီလိုစိတ်ဝင်တစားရှိတာရှားတယ်။ အတူစီးဖို့ ဖိတ်လိုက်လေ” ဟု ကျွမ်းရီက အကြံပေးသည်။
“ကူးရီနဲ့ကျွန်မက ဘုရင်မကြီးစီစဉ်ပေးတဲ့ကားမှာစီးမယ်လေ”
“ဟုတ်ပြီလေ အဲ့တာဆိုလည်း”
ဧည့်သည်တစ်ဦးအဖြစ် လာရောက်သူမို့ ဖန့်ကြွယ်ယွီ မရိုင်းပျလိုပေ။ သူ၏ ပြိုင်ကားထဲတွင် စီးနင်းခွင့်ပေးခြင်းက ကိစ္စမရှိပေ။ အရှေ့ခရီးသည်ထိုင်ခုံတွင် “ကောရှင်းယွီ၏ ထိုင်ခုံ” ဟု နာမည်တပ်ထားကတည်းက သူ့ရပ်တည်ချက်ကရှင်းလင်းနေပေသည်။
“ကားတံခါးဖွင့်ပါ” ရှက်စရာကောင်းသော အသံဖြင့်ပေးရသည့် အမိန့်ကိုဖန့်ကြွယ်ယွီပြင်လိုက်သည်။
“အသံနဲ့ဖွင့်ရတာလား” သူမ၏ မောင်တော် အကိုတော်များလည်း ပြိုင်ကားကိုနှစ်ခြိုက်ကြသည်။ သို့သော် ဤမျှလောက် နည်းပညာမြင့်မားပြီး ကောင်းမွန်သည့်ကားမျိုးသူမမမြင်ဖူးပေ။
“ဒီကားက စျေးကြီးမဲ့ပုံပဲ”
“ပြိုင်ကားထုတ်တာ ကျွန်တော့်ကုမ္ပဏီပဲဆိုတော့ ထုတ်လုပ်စရိတ်ပဲကုန်တာပါ”
“နည်းနည်းပါးပါး ပြင်ဆင်မွမ်းမံတဲ့စရိတ်လည်း ကုန်ကျတယ်။ အပြီးအစီးဆို ဒေါ်လာနှစ်ဘီလီယံပဲဆိုပါတော့”
“ဒေါ်လာ နှစ်ဘီလီယံ ဟုတ်လား” မင်းသမီးဆီယက်တယ် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ထိုပမာဏနှင့်ဆို ဂျက်လေယာဉ်တစ်စီးကိုတောင် ထုတ်လုပ်နိုင်သည်။ နှစ်ဘီလီယံဖြင့် ပြိုင်ကားတစ်စီးဝယ်ယူသည်မှာ မများလွန်းပေဘူးလား။
သူမက လူချမ်းသာများစွာကိုမြင်ဖူးသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ဘီလီယံနှင့်ချီပြီးမချမ်းသာပေ။ ဖန့်ကြွယ်ယွီက မည်မျှတောင် ချမ်းသာနေသနည်း။ သူမ၏ အဘွားဖြစ်သူက မစ္စတာဖန့်ကို အလေးထားသည့်အပေါ် သူမမအံ့ဩတော့ပေ။
ဖန့်ကြွယ်ယွီက ထိုင်ခုံကိုနောက်ကို စောင်းချပြီး အလိုအလျောက် မောင်းနှင်သည့်စနစ်ကို ဖွင့်သည်။
“ဘက်ကင်ဟမ်နန်းတော်ကိုမောင်းပါ”
ထိုကဲ့သို့ အသံဖြင့်အမိန့်ပေးပြီး မောင်းခိုင်းသည့်အပေါ် မင်းသမီးအနေဖြင့် စိုးရိမ်မိသည်။ အလိုအလျောက်မောင်းနှင်သည့် စနစ်အပေါ် ဖန့်ကြွယ်ယွီက စိတ်အေးလက်အေးရှိသည့်ပုံပေါ်သည်။ ၈၀ကီလိုမီတာအမြန်နှုန်းနှင့်ဆိုဖြစ်ပွါးသည့် မတော်တဆမှုက အရမ်းအန္တရာယ်များလှသည်။
“မစ္စတာဖန့် အလိုအလျောက်မောင်းတဲ့စနစ်က စိတ်ချလက်ချလိုက်လို့ရပါ့မလား”
“စိတ်ချပါ မင်းသမီး။ ဒီကားကို ဥက္ကာပျံကလွဲလို့ ဘယ်အရာကမှ မတိုက်နိုင်ပါဘူး” ရှောင်းရီက စီစဉ်ထားပေးသော ကားဖြစ်သဖြင့် ဖန့်ကြွယ်ယွီက မစိုးရိမ်ပေ။
“မင်းသမီး ဒီကနေဆို ဘက်ကင်ဟမ်နန်းတော်ကိုရောက်ဖို့ နှစ်နာရီလောက်ကြာမယ်။ကျွန်တော်ကတော့ အိပ်ပြီးလိုက်ခဲ့မှာ။မင်းသမီးလည်း သက်တောင့်သက်သာနားနေလေ”
“စိတ်လျလက်ချသာအိပ်ပါ။ မင်းသမီးက ရှင့်ကိုဘာမှမလုပ်ပါဘူး”
သူမကားပေါ်တက်ကတည်းက ထိုင်ခုံနေရာတွင် စတစ်ကာတစ်ခုကပ်ထားသည်ကို သတိထားမိသည်။ တော်ဝင်မိသားစုတစ်ဦးဖြစ်တာမို့ ကောင်းမွန်သော ပညာရေးတတ်မြောက်ထားသော သူမက တရုတ်ဘာသာစကားကို နားလည်သည်။
“ကောရှင်းယွီ” ဆိုသော အမျိုးသမီးက ဘယ်သူလဲဆိုတာ သူမသိချင်နေသည်။ မင်းသမီးလည်း ခုံကိုအနောက်သို့မှီပြီး မျက်လုံးမှိတ်ထားသည်။ ကားက တစ်ချက်လေးတောင် ခုန်လည်းမခုန် လှုပ်လည်းမလှုပ်ပေ။
ဒီပြိုင်ကားက တစ်နာရီ ၈၀ကီလိုမီတာအမြန်နှုန်းဖြင့် လမ်းပေါ်မှာသွားလာနေတာလား။
“ဘယ်လိုလဲ မင်းသမီး ကျွန်တော့်ကားပေါ်အိပ်ရတာ သက်တောင့်သက်သာရှိရဲ့လား” ဖန့်ကြွယ်ယွီက သူ၏ မျက်လုံးကို မှိတ်ရင်း မေးသည်။
“မင်းသမီးကို စနောက်ရဲတယ်ပေါ့လေ” သူမက ဖန့်ကြွယ်ယွီ၏ အနားကိုကပ်ရင်း “အရမ်းအဆင်ပြေတာပေါ့ရှင်။ ဒါပေမဲ့ ဒီကားက တုန်ခါမှုတွေကို ဘယ်လိုမျိုး အဆင်ပြေအောင်လုပ်လဲဆိုတာ သိချင်တယ်”
သူ၏ နား အနားဘက်ကို တိုးဝှေ့လာသော ပူနွေးသော အသက်ရှုသံက သူ့ကိုကြက်သီးမွေးညင်းထစေသည်။ အမှန်တော့ သူက မင်းသမီးကိုစနောက်ခြင်းဖြစ်သည်။သို့သော် သူမက ဂိမ်းကိုပိုပြီးပြင်းထန်လာစေရန် အသက်သွင်းသလိုဖြစ်နေသည်။