← Chapters

ဥရောပ၏ ပြောရေးဆိုခွင့်ရှိသူ

Vol. 9 Ch. 119

ဥရောပ၏ ပြောရေးဆိုခွင့်ရှိသူ

Vol. 9 Ch. 119

အခန်းအသစ်တွင် အိပ်ရသဖြင့် ဖန့်ကြွယ်ယွီသည် ကောင်းကောင်းအိပ်မပျော်ပေ။ ဖန့်ကျင့်ဟုခေါ်သော သူ၏ ဘိုးဘေးတစ်ဦးဖြစ်သူသည် အနီရောင်ကြိမ်လုံးကိုကိုင်ပြီး သူ့ကိုခဏခဏလာနှိုးနေသည်ဟု အိမ်မက်မက်သည်။

ညက သူမအိပ်ခင်တွင် ပို့စ်တစ်ခုတောင်တင်ခဲ့သည်။ မနက်အိပ်ရာနိုးသောအခါ ကောမန့်များက ပလူပျံနေသည်။

တစ်ညတာကို ပလက်တီနမ်နန်းတော်မှာကုန်ဆုံးခြင်း၊ ဘုရင်မကြီးနှင့် အတူတူညစာစားခြင်း နှင့် နတ်ဘုရားတစ်မျှလှပသော မင်းသမီး ဆီယက်တယ်နှင့် အတူဓာတ်ပုံရိုက်ခြင်း စသည်တို့ကိုတင်ခဲ့သောကြောင့်ဖြစ်သည်။

မနေ့က သူရရှိခဲ့သော ဘဝသည် သာမန်လူတစ်ဦးဘဝမှာ အလိုချင်ဆုံးတောင့်တခဲ့သော အရာများဖြစ်သည်။ မနာလိုမှု၊ အားကျမှုနှင့် အမုန်းတရားကြောင့်သာ သူသေရမည်ဆို အကြိမ်ပေါင်းများစွာသေနိုင်သည်။

ဖန့်ကြွယ်ယွီက ထိုကောမန့်များကို မမှုပေ။

ဒီကနေ့မှာ သူသည် ကုမ္ပဏီကို သွားရောက်စစ်ဆေးဖို့လိုသလို ဘုရင်မကြီး၏ တော်ဝင်မိသားစုက စီစဉ်ကျင်းပသော သီးသန့်ညစာစားပွဲကိုတက်ရောက်ရမည်။ ထိုပွဲကို နာမည်ကြီးအနုပညာရှင်များစွာလည်း တက်ရောက်မည်။

ဆန်ယာမှာ ပြုလုပ်ခဲ့သော ညစာစားပွဲက သေးငယ်ရုံသာမက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်လည်းကွာခြားလှသည်။

ယနေ့ညပွဲတွင် လူတစ်ဦးကိုတွေ့မည်ဆိုပါက ထိုလူသည် တော်ဝင်မိသားတစ်ဦး သို့ ဘီလီယံနာတစ်ဦး သို့ အော်စကာဆုရအနုပညာရှင်တစ်ဦးဖြစ်နိုင်သည်။

“သခင်လေး ဒီနေ့ညပွဲမှာ ဘာဝတ်သွားမလဲရှင့်” ကျွမ်းရီက သူဝတ်ဆင်ဖို့ ပွဲတက်ဝတ်စုံတစ်ချို့ပြင်ဆင်ထားခဲ့သည်။

“ဒါတွေက အရမ်းကြီးပိုလွန်းနေမလား”ဖန့်ကြွယ်ယွီက အင်္ဂလိပ်စတိုင် အနက်ရောင် ဝတ်စုံကိုဝတ်ဆင်သည်။ ထိုဝတ်စုံက သူ့နှင့်ကွက်တိတိုင်းချုပ်ထားသဖြင့် တည်ကြည်ခံ့ညားလှသော သူ၏အသွင်အပြင်ကို ပိုမိုပေါ်လွင်စေသည်။

“သခင်လေး ရောမလိုရောက်ရင် ရောမလိုကျင့်ရမယ်လေ။ ဒီနေ့ပွဲက သာမန်ပွဲအခမ်းအနားမှမဟုတ်တာ”ဟု ပြောရင်း ကျွမ်းရီက နောက်ထပ်ဝတ်စုံများကို ထုတ်လာသည်။

“ထားလိုက်ပါ။ သာမန်ဝတ်စုံပဲပေးပါ။ ဒါကြီးကို ငါ ဝတ်နေကျမဟုတ်တော့ နေသားမကျဘူး” ဖန့်ကြွယ်ယွီက ကုမ္ပဏီစစ်ဆေးရန်ရှိသေးသည်။ ထိုကဲ့သို့ ဝတ်ဆင်သွားပါက သူ့ကို မှော်ပညာရှင်ဟု အမှတ်မှားကြမည်။သူလိုအပ်သည်မှာ မှော်ဦးထုပ်နှင့် ကြိမ်တံသာရှိတော့သည်။

“ဟုတ်ကဲ့ပါ” ကျွမ်းရီက သူ့ကို မငြင်းဆန်လိုပေ။ ဖန့်ကြွယ်ယွီက သူများနှင့်မတူဘဲ တမူထူးခြားစွာ ဝတ်ဆင်သွားပါကလည်း မည်သူကမှ သူ့ကိုအပြစ်ပြောရဲကြမည်မဟုတ်ပေ။

“ဒီတစ်စုံကိုပိုကြိုက်တယ်” ဖန့်ကြွယ်ယွီက သူ့အကြိုက် ဝတ်စုံတစ်စုံကို ရွေးလိုက်သည်။ သူ့ကိုယ်တိုင်းနှင့် ချုပ်ထားသော ဝတ်စုံများကို သူ၏ ကိုယ်ပိုင်စက်ရုံမှထုတ်လုပ်ထားပြီး တစ်စုံကိုဒေါ်လာနှစ်သိန်းခွဲ တန်ကြေးရှိသည်။

“အင်္ဂလန်မှာဆို သခင်လေးပိုင်တဲ့ကုမ္ပဏီ ငါးရာရှိတဲ့အထဲမှ ဘာလို့ လျန်းဟွာကုမ္ပဏီကို သွားပြီးစစ်ဆေးချင်တာလဲ။” ကားက လမ်းမထက်မှာမောင်းနေစဉ်တွင် သူ၏ ပြင်ပဒီဇိုင်းက လူအများ၏ အာရုံကိုဖမ်းစားနိုင်သည်။

“ငါ ဂျူနီယာအတန်းတုန်းက လျန်းဟွာအုပ်စုရဲ့ ကျန်းနန်ရုံးခွဲမှာ အလုပ်သင်ဆင်းဖို့ လျှောက်တုန်းက ပဏမအဆင့်မှာတင်ပြုတ်သွားတာ။ ဒါကြောင့်မို့လို့ ဒီကုမ္ပဏီကို ဘယ်လိုလူမျိုးတွေကပဲ ဝင်ခွင့်ရလဲဆိုတာ သွားကြည့်မလို့”

“ဟားဟား သခင်လေးက ကလေးဘဝက အငြိုးမကြေသေးတာပဲ” ဖန့်ကြွယ်ယွီ၏ အကြောင်းပြချက်ကို နားထောင်ပြီး ကျွမ်းရီအံ့အားသင့်မိသည်။

“ငါက အခုထိ ကလေးပဲရှိသေးတာ။ ခုမှ အသက်နှစ်ဆယ်ပဲရှိသေးတယ်”

“မင်း ကောင်းကင်ဘုံနှင့်စစ်ပြိုင်ခြင်း ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးလား။ ဆင်းရဲတဲ့လူငယ်တွေကို ဘယ်တော့မှ အထင်မသေးနဲ့။ ဟားဟားဟား ဖန့်ကြွယ်ယွီ ပြန်လာပြီကွ”

လျန်းဟွာအုပ်စု၏ ရုံးချုပ်သည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာဟု အထင်မှားရလောက်အောင် ကြီးကျယ်ခမ်းနားသည်။

အဆောက်အဦး၏ ဒီဇိုင်းကထူးခြားသည်။ အပြင်နံရံကို မှန်များဖြင့် ဒီဇိုင်းဆင်ထားသဖြင့် အဆောက်အဦထဲကို နေရောင်က တိုက်ရိုက်ထိုးဖောက်နိုင်သည်။ ထိုအဆောက်အဦးတွင် နေရောင်ခြည်စွမ်းအင်သုံးစက်ပစ္စည်းများစွာရှိသည်။

“ဟဲလို ချိန်းဆိုထားတာရှိပါသလားရှင်” ရွှေအိုရောင်ဆံပင်၊ မျက်လုံးပြာပြာ၊ အပြုံးချိုချိုနှင့်

ဧည့်ကြိုကောင်တာရှိဝန်ထမ်းက သူတို့ကို ဆီးကြိုနေသည်။

“မစ္စတာချားလ်စ်ကို ငါတို့ရောက်ပြီလို့ ပြောပေးပါ။ သူနဲ့ အရင်ချိတ်ဆက်ထားပြီးသားပါ” ဟုကျွမ်းရီက ဖြေသည်။

ထိုစကားကိုကြားပြီး ဧည့်ကြိုဝန်ထမ်းက အံ့အားသင့်နေသည်။ မစ္စတာချားလ်စ်သည် ကုမ္ပဏီ၏ ၇၁% ရှယ်ယာများကို ပိုင်ဆိုင်ထားသော အကြီးဆုံးရှယ်ယာရှင်တစ်ဦးဖြစ်သည်။

သူက ဒီမနက်ရုံးကိုရောက်ရောက်ချင်း အထူးဧည့်သည်နှစ်ဦးရောက်လာပါက သူ့ကိုချက်ချင်း သတင်းပို့ရန် မှာကြားသည်။

“ဟုတ်ကဲ့ မစ္စတာချားလ်စ်ကို သတင်းပို့ပေးမှာမို့ ခဏလောက်စောင့်ပါဦးရှင်”

“ချားလ်စ်ဆိုတာ ဘယ်သူကြီးလဲ”

“ဪ ကျွန်မပြောဖူးတယ်လေ။ ရှင့်ရဲ့ ကုမ္ပဏီတွေကို ခုနှစ်ပိုင်းပိုင်းပြီး မတူညီတဲ့ မိသားစုတွေက စီမံခန့်ခွဲတယ်လို့ ပြောပြဖူးတယ်မလား။ဥရောပက ကုမ္ပဏီတွေကို လာဒီနစ်မိသားစုက စီမံခန့်ခွဲတာ။ ခုပြောနေတဲ့ ချားလ်စ်ဆိုတဲ့လူက လာဒီနစ်မိသားစုဝင်ပါ”

“ဩော် သိပြီ သိပြီ ရှုပ်လိုက်တာ”

“လာဒီနစ်မိသားစုကို လျှော့မတွက်နဲ့။ သူတို့က နာမည်လည်းကြီးသလို ပိုင်ဆိုင်မှုကလည်းအများကြီးပဲရှိတယ်။ရှင့်ကိုယ်စား သူတို့စီမံပေးနေရတဲ့ ပိုင်ဆိုင်မှုတွေက ကျွမ်းမိသားစုထက် နှစ်ဆလောက်ပိုများတယ်”

“အဲ့လောက်တောင်ပဲလား”ဖန့်မိသားစု၏ ပိုင်ဆိုင်မှုက မည်မျှတောင်ပေါများလဲဆိုတာ သူမတွေးတတ်တော့ပေ။ လာဒီနစ်မိသားစုသည် ဖန့်မိသားစု၏ ဥရောပကိုယ်စားလှယ်များဟု မှတ်ယူနိုင်သည်။

“ရှောင်းရီ လာဒီနစ်မိသားစုနဲ့ ငါတို့မိသားစုနဲ့ ဘယ်လိုအဆက်အစပ်ရှိသွားတာလဲ”ဟု ဖန့်ကြွယ်ယွီက သိချင်ဇောဖြင့် မေးသည်။

“ငါ့အထင် ၁၆ရာစုအလယ်လောက်ဖြစ်မယ်။ အဲ့အချိန်တုန်းက လာဒီနစ်မိသားစုဆိုတာ သာမန် အလယ်အလတ်တန်းစား မိသားစုသာသာပဲရှိတာ။ အဲ့လောက်လည်း မချမ်းသာသေးဘူး။ ဒီမိသားစုမှာ တရားမဝင်သားတစ်ဦးရှိလာလို့ အမွေဆက်ခံပိုင်ခွင့်နဲ့ပတ်သပ်ပြီး ပဋိပက္ခတွေရှိလာမှာဆိုးပြီး တိတ်တဆိတ်အပြတ်ရှင်းဖို့ကြံစည်ခဲ့ကြတယ်”

“ပြီးတော့ သူ့ကို ငါ့ဘိုးဘေးတွေကကယ်တင်ခဲ့တာလား။ ဒါတွေက တွေ့မြင်နေကျ ပုံပြင်ဟောင်းတွေပါ”

“အဲ့လိုပဲဆိုပါတော့။ ဖန့်ယန်လို့ ခေါ်တဲ့ဘိုးဘေးတစ်ဦးက သူ့ကို ကယ်တင်ပြီး မွေးစားခဲ့တဲ့အတွက် ပရီလီလာဒီနစ်က ဖန့်ယန်ကို သူ့ရဲ့ ခေါင်းကိုင်ဖခင်ဆိုပြီး သတ်မှတ်ခဲ့တာ”

“အင်း အဲ့လိုကျ မိုက်တာပေါ့။ ကျေးဇူးမမေ့ဘူးပဲ”

“ဟုတ်တာပေါ့ ဟားဟား။ ဒါပေမဲ့ ဒီကောင်လေးက ဥာဏ်ကောင်းတယ်။ ဖန့်ယန်ရဲ့ အကူအညီနဲ့ လာဒီနစ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို တဖြည်းဖြည်းယူလာခဲ့တယ်။ လာဒီနစ်မိသားစုက တဖြည်းဖြည်း အင်အားကြီးမားလာပေမဲ့ ဖန့်မိသားစုရဲ့ အာဏာကို မလွန်ဆန်နိုင်ဘူး။ အဲ့အချိန်ကစပြီး လာဒီနစ်မိသားစုက ဖန့်မိသားစုရဲ့ အမိန့်ကို ဘယ်လိုအကြောင်းကြောင်းကြောင့် ဖြစ်စေ မလွန်ဆန်ရဘူးလို့ အမိန့်ထုတ်ထားတယ်”

“အခွင့်အရေးသာရမယ်ဆို လာဒီနစ်မိသားစုဆီ အလည်တစ်ခေါက်သွားချင်ပါတယ်”

“သူတို့မိသားစု စံအိမ်က ဆွစ်ဇာလန်မှာရှိတယ်။ သခင်လေးသွားလည်ချင်တယ်ဆို အင်္ဂလန်ကကိစ္စတွေပြီးတာနဲ့ အဲ့နေရာကိုသွားဖို့ စီစဉ်ပေးပါ့မယ်” ဟု ကျွမ်းရီကပြောသည်။

ဧည့်ကြိုကောင်တာမှ ဖုန်းဆက်ပြောတာ နှစ်မိနစ်ကြာပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် ဓာတ်လှေကားမှ ထွက်လာသည်။ ဧည့်ကြိုဌာနရှိဝန်ထမ်းများအားလုံးက ပျာပျာသလဲလဲ လမ်းဖယ်ပေးကြသည်။

“မင်္ဂလာပါ မစ္စတာဖန့်ပါလား ခင်ဗျ” ဟု ချားလ်စ်က ပြုံးပြုံးရွှင်ရွှင်မေးသည်။ လာဒီနစ်မိသားစုဝင်တိုင်းက ဖန့်မိသားစုဝင်တိုင်းကို အလေးထားရသည်။ သို့သော် လာဒီနစ်မိသားစုဝင် တချို့သာ ဖန့်မိသားစုဝင်ကိုများကို တွေ့ဖူးသည်။ ထို့ကြောင့် ဖန့်ကြွယ်ယွီနှင့် ဆုံတွေ့ရတာ ချားလ်စ်အတွက်တော့ ဂုဏ်ယူဖွယ်ရာအတိဖြစ်သည်။

“မစ္စတာချားလ်စ် အရမ်းကြီးတရိုတသေဆက်ဆံဖို့ မလိုပါဘူး ခင်ဗျာ။ ခင်ဗျားတို့ ကုမ္ပဏီမှာ အဖွဲ့ဝင် အစည်းအဝေးကျင်းပနေတယ်ဆိုပြီး ကျွမ်းရီဆီကနေ သတင်းရလို့ပါ”

“ဟုတ်ပါတယ် ခင်ဗျာ။ နှစ်ကုန်ခါနီးဆိုတော့ ကုမ္ပဏီရဲ့တစ်နှစ်တာလုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး နောက်နှစ်အတွက် စီမံချက်တွေကို ချမှတ်နိုင်ဖို့ အစည်းအဝေးကျင်းပကြတာပါ”

“အတော်ပဲ။ အချိန်ကိုက်ပဲပေါ့။ အဲ့အစည်းအဝေးမှာ ငါလာထိုင်လို့ အဆင်ပြေမလား”

“ကျွန်တော်က မစ္စတာဖန့်ကိုယ်စား ရှယ်ယာတွေစီမံခန့်ခွဲနေရတာပါ။ မစ္စတာဖန့်က ဒီကုမ္ပဏီရဲ့ တရားဝင်ပိုင်ရှင်တစ်ဦးဖြစ်တာမို့ အဆင်ပြေပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အစည်းအဝေးခန်းမထဲ ခေါ်သွားပါ့မယ်”

အဆောက်အဦမှာ ၄၇လွှာရှိပြီး ဓာတ်လှေကားတစ်ခုလုံး မှန်အကြည်များဖြင့် ကာထားသည်။

အပေါ်ဆုံးထပ်တွင် ဒါရိုက်တာရုံးနှင့် ဘုတ်အဖွဲ့ဝင်အခန်းများစွာရှိသည်။ ယာယီဥက္ကဌဖြစ်သော ချားလ်စ်မရှိသေးသဖြင့်မည်သူကမှ အစည်းအဝေးကို ဆက်ပြီး မကျင်းပရဲပေ။

“မစ္စတာချားလ်စ် ဘာတွေဖြစ်နေတာလဲ။ အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦးက စိတ်မရှည်သည့်ပုံစံဖြင့်မေးသည်။

“ဖုန်းတစ်ချက်ဝင်လာပြီး ဘာကြောင့်မို့ ရေးကြီးသုတ်ပျာဖြစ်နေရတာလဲ။”

“ဒီနေ့မနက်ဧည့်ကြိုကောင်တာကလူတွေကို တရုတ်က အထူးဧည့်သည်နှစ်ဦး လာခဲ့ရင် သူ့ကိုခေါ်ပါဆိုပြီး မှာထားတာရှိတယ်ကြားတာပဲ”

“တရုတ်ပြည်ကဧည့်သည်!!! သေချာတယ် အရေးကြီးပုဂ္ဂိုလ်ပဲဖြစ်ရမယ်။ တရုတ်ကလာတဲ့ ဧည့်သည်ကိုကြိုဆိုဖို့ ဒါရိုက်တာအဖွဲ့ဝင်တွေကို ဒီတိုင်းပစ်ထားခဲ့တယ်ဟုတ်လား။ ချားလ်စ်က အဓိက နဲ့ သာမည ကွဲကွဲပြားပြား မသိတဲ့ပုံပဲ”

“အဲ့နိုင်ငံကလာတဲ့လူတွေကလည်း ယဉ်ကျေးမှုမရှိတာများတယ်။ ဥက္ကဌကလည်း သူတို့ကို တကူးတကကြီး ထွက်ကြိုနေသေးတယ်”ဖန့်ကြွယ်ယွီက အစည်းအဝေးခန်းမနားကိုရောက်လာချိန်တွင် ထိုစကားကိုကြားလိုက်ရသည်။ သူ၏နောက်မှာ ကပ်လိုက်လာသော ချားလ်စ်ကလည်း ထိုစကားကိုကြားရပြီး ကြက်သီးမွေးညင်းထလာသည်။ အခြေအနေတွေဆိုးဝါးလာတော့မည်။

All Chapters