ဒီမှာရှိနေတဲ့လူတွေအားလုံးက တကယ့်အမှိုက်တွေပဲ
Vol. 9 Ch. 120
“ကျွီ” အစည်းအဝေးခန်းမကြီး၏ တံခါးက ပွင့်လာသည်။ တကယ်တော့ ဖန့်ကြွယ်ယွီက တံခါးကို အားပြင်းပြင်းဖြင့် ကန်ပြီးဖွင့်ချင်သော်လည်း သူ၏ ဘောင်းဘီကြီးပြဲသွားမှသာ ရှက်စရာကောင်းပေလိမ့်မည်။
ယနေ့ခေတ်အချိန်အခါထိတိုင်အောင် လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံရေးခွဲခြားမှုများက ရှိနေသေးသဖြင့် အံ့ဩရသည်။ တခြားနိုင်ငံမှလာသော ဧည့်သည်များကို ဧည့်သည်ဟု ခေါ်ထိုက်ပြီး တရုတ်မှလာသော ဧည့်သည်များက ဧည့်သည်ဟု မခေါ်ထိုက်ပေဘူးလား။
“ဒီကုမ္ပဏီရဲ့ ရှယ်ယာအများစုကို တရုတ်ပြည်သားပိုင်တယ်ဆိုတာ သူတို့မသိတာဖြစ်မယ်”
ဖန့်ကြွယ်ယွီက အခန်းတွင်းမှာရှိနေသော လူအားလုံးကို တချက်ဝေ့ကြည့်သည်။ အခန်းထဲတွင် လူစုစုပေါင်း ဆယ့်ခုနစ်ယောက် သို့ ဆယ့်ရှစ်ယောက်ရှိမည်။ အသက်အကြီးဆုံးလူသည် အသက်ခုနစ်ဆယ်အရွယ်ဖြစ်ပြီး အငယ်ဆုံးလူသည် အသက်လေးဆယ်အရွယ်ဖြစ်ပြီး အားလုံးက လူဖြူများဖြစ်ကြသည်။
လျန်းဟွာအုပ်စုသည် အင်္ဂလန်နှင့် ဂျာမဏီရှိ ကုမ္ပဏီများပေါင်းစည်းပြီးဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် လျန်းဟွာအုပ်စုရှိလူများသည် ထိုနိုင်ငံနှစ်ခုမှ လူများဖြစ်ကြသည်။
“အစည်းအဝေးကိုအနှောင့်အယှက်ဖြစ်သွားစေခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်တော်က မစ္စတာ ချားလ်စ်လာကြိုတဲ့ တရုတ်ပြည်သားပါ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ စိတ်ထဲ မကျေနပ်ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ကိုတောင် အထင်သေးတယ်မဟုတ်လား”
ဖန့်ကြွယ်ယွီက ထိုစကားကို ဘယ်သူပြောလဲဆိုတာမသိပေ။ သို့သော် ထိုအခန်းထဲရှိလူများကို သူလိုက်ကြည့်သောအခါ အားလုံးက အပြစ်လုပ်ထားသူပီပီ အကြည့်လွှဲကြသည်။
“မင်းက ဘယ်သူလဲ” ဟု အသက်ကြီးကြီး ဒါရိုက်တာတစ်ဦးက ဒေါသတကြီးမေးသည်။ သူက ဖန့်ကြွယ်ယွီ အခုလိုမျိုးဝင်လာသည်ကို မကြိုက်ပေ။ ဖန့်ကြွယ်ယွီက ဥက္ကဌ၏ အထူးဧည့်သည်ဖြစ်နေလျှင်တောင်မှ အစည်းအဝေးခန်းထဲကို ခုလိုမျိုးလာနှောင့်ယှက်တာကို မကြိုက်ပေ။
ဖန့်ကြွယ်ယွီက အစည်းအဝေးစားပွဲအနားကိုသွားပြီး ဥက္ကဌနေရာမှာဝင်ထိုင်သည်။ သူ၏ နောက်တွင် ချားလ်စ် နှင့် ကျွမ်းရီက မတ်တပ်ရပ်နေသည်။
“မစ္စတာချားလ်စ် ကျွန်တော်ဘယ်သူလဲဆိုတာ သူတို့ကိုပြောပြလိုက်ပါ”
“လူကြီးမင်းတို့…တရုတ်ပြည်ကလာတဲ့ အထူးဧည့်သည် မစ္စတာဖန့်ကြွယ်ယွီနဲ့ မိတ်ဆက်ပါရစေ။ သူက လျန်းဟွာအုပ်စုရဲ့ ဥက္ကဌပါ။ ကျွန်တော်ကိုင်ထားတဲ့ ရှယ်ယာတွေက တကယ်တော့ မစ္စတာဖန့်ကြွယ်ယွီပိုင်ဆိုင်တာပါ။ ကျွန်တော့်ကို ရှယ်ယာတွေ ခဏလွှဲအပ်ထားတာပါ”
အမှန်အတိုင်းပြောရမည်ဆို ချားလ်စ်သည် ဒါရိုက်တာအဖွဲ့ကို သဘောမကျပေ။သူတို့က အကျိုးအမြတ်ခွဲမည့်ကိစ္စဆို အရှေ့ဆုံးမှရောက်နေသူများဖြစ်ကြပြီး ကုမ္ပဏီမှာ ကိစ္စတစ်ခုခု ရှိလာလျှင်တော့ ခေါင်းရှောင်သွားကြသည်။ သူတို့ထဲမှ လူအများစုသည် တရုတ်ပြည်သားများကို အထင်သေးကြသည်။
လျန်းဟွာအုပ်စုတွင် တရုတ်ပြည်သားအကြီးအကဲဟူ၍ မရှိပေ။ အနေအထားတူနေလျှင်တောင်မှ သူတို့ရရှိသော လစာနှင့် အကျိုးခံစားခွင့်များက အလွန်နည်းပါးသည်။ချားလ်စ်က ထိုအကျင့်ကိုပြောင်းရန်ကြိုးပမ်းသော်လည်း ထိုသူများ၏ ခံယူချက်ကို မပြောင်းလဲနိုင်ပေ။
ဖန့်ကြွယ်ယွီရောက်ရှိလာမှုက ထိုသူများကို ထုတ်ပယ်ရန် အချိန်ကိုက်ဖြစ်သည်။
“ဟမ် ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဒါရိုက်တာများအားလုံးမျက်စိမျက်နှာပျက်ကုန်ကြသည်။
ဒီတရုတ်ပြည်သားက လျန်းဟွာအုပ်စု၏ အကြီးဆုံးရှယ်ယာရှင်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ချားလ်စ်က နောက်နေတာလား။
ချားလ်စ်က ဥက္ကဌဖြစ်နေသည်မှာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။
“ဘာလဲ ခင်ဗျားတို့ကမယုံဘူးပေါ့” ဖန့်ကြွယ်ယွီက ချားလ်စ်ကို လှည့်ကြည့်သည်။
ချားလ်စ်က ချက်ချင်းသဘောပေါက်သည်။ သူ၏ အတွင်းရေးမှူးကိုလှမ်းခေါ်ပြီး မိနစ်ပိုင်းအတွင်းမှာ စတော့ရှယ်ယာလွှဲပြောင်းရေးစာချုပ်ကို အစည်းအဝေးခန်းမထဲ လာပို့သည်။
ထိုစာချုပ်ကို ချားလ်စ်၏ ရုံးခန်းတွင် အမြဲတစေထိန်းသိမ်းထားသည်။ အကယ်၍ ဖန့်မိသားစုက ရှယ်ယာများကို ပြန်လည်ရယူလိုပါက အချိန်မရွေးလွှဲပြောင်းပေးနိုင်ရန်ဖြစ်သည်။
တစ်ချက်လေးတောင်မတွေဝေဘဲ ချားလ်စ်က စာချုက်ပေါ်လက်မှတ်ထိုးပြီး တံဆိပ်တုံးထုပေးသည်။
တခဏအတွင်းမှာ ဖန့်ကြွယ်ယွီသည် လျန်ဟွားအုပ်စု၏ တရားဝင်ဥက္ကဌတစ်ဦးဖြစ်လာသည်။
“ကဲ မယုံတဲ့သူရှိသေးလား” ဟုမေးပြီး ဖန့်ကြွယ်ယွီက စာချုပ်ကိုစားပွဲပေါ်တင်လိုက်သည်။
စာချုပ်ကိုမြင်လိုက်ရသောအခါ မည်သူကမှ မငြင်းဆန်ဝံ့တော့ပေ။
“ကဲ အားလုံးလည်း လက်ခံကြပြီဆိုတော့ ခုချိန်ကစပြီး ကျွန်တော်က လျန်းဟွာအုပ်စုရဲ့ ဥက္ကဌဖြစ်သွားပါပြီ။ ဒါဆို ကျွန်တော်တို့ကုမ္ပဏီမှာရှိနေတဲ့ အစဉ်အလာတွေပြောင်းလဲသင့်ပြီလို့ထင်တယ်။ ခုနက ကျွန်တော်တို့ ဆွေးနွေးတဲ့အကြောင်းအရာကို ပြန်သွားကြတာပေါ့။တရုတ်ပြည်ကလာတဲ့လူမို့ မကြိုဆိုထိုက်ဘူးလို့ ထင်ကြတဲ့လူတွေရှိလား။ ရှိတယ်ဆို ထပြီး ကျွန်တော့်မျက်နှာတည့်တည့်ကြည့်ပြီးပြောကြပါ။ ခင်ဗျားတို့ ပွင့်ပွင့်လင်းလင်းပြောလို့ ကျွန်တော်စိတ်မဆိုးပါဘူးခင်ဗျာ”
မည်သူမှ အသံမထွက်ရဲပေ။ ခန်းမတစ်ခုလုံးအပ်ကျသံကြားရသည်အထိ တိတ်ဆိတ်နေသည်။
“ဘာလဲ ဘယ်သူမှ ဝန်မခံရဲကြဘူးလား။ ဒါဆိုတစ်ခုပဲပြောတော့မယ်ဗျာ။ ဒီမှာရှိနေတဲ့ ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်းက အမှိုက်ကောင်တွေပဲ”
“မစ္စတာဖန့် ခင်ဗျားက ကုမ္ပဏီဥက္ကဌဖြစ်သွားပြီဆိုဦးတော့ စကားကိုဒီလိုလက်လွယ်စပယ်မပြောပါနဲ့။”
အသက်အကြီးဆုံးဒါရိုက်တာက ထပြောသည်။
“ခုနကပြောတဲ့—တရုတ်တွေက လူ့အခြေခံကျင့်ဝတ်ကိုတောင် နားမလည်ဘူးဆိုတာ တကယ်မှန်တာပဲ”
“ခင်ဗျား ဘာမှထမပြောဘူးဆို ခင်ဗျားအသံကိုကျုပ်မှတ်မိမှာမဟုတ်ဘူး။ ဟားး” ထိုလူကြီးက သူကြားလိုက်ရသော စကား၏ အသံပိုင်ရှင်ဖြစ်နေသည်။
“ခင်ဗျားက ကျွန်တော့်ကိုကျင့်ဝတ်အကြောင်းလာပြောနေတယ်ဟုတ်လား။ တပါးသူရဲ့နောက်ကွယ်မှာ သူ့နိုင်ငံအကြောင်းရှုံ့ချတာ လူယဉ်ကျေးတွေရဲ့ ကျင့်ဝတ် ဟုတ်လား။ တရုတ်ပြည်ဆိုပြီး ပေါ်ထွန်းလာခဲ့တာ နှစ်ပေါင်း၅၀၀၀ရှိပြီ။ ခင်ဗျားတို့ထက်ပိုပြီး အသိဥာဏ်ကြွယ်ဝပြီး ယဉ်ကျေးပျူငှါတယ်။ အနည်းဆုံးတော့ ငါတို့တွေက သူများနောက်ကွယ်မှာအတင်းမပြောဘူး”
“ဟမ်။ နှစ်ပေါင်း ၅၀၀၀ကြာနေပြီးတော့ ခုမှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေတုန်းလား”
“ကြည့်ရတာ ခင်ဗျားက တရုတ်လူမျိုးကို အတော်လေးအထင်သေးတဲ့ပုံပဲ။ ဂျင်ဂျစ်ခန်က မွန်ဂိုပြည်ထောင်စုတည်ထောင်ဖို့ ဥရောပကိုသိမ်းပိုက်ချိန်မှာတောင် ခင်ဗျားဘိုးဘေးတွေက ရှိနေမဲ့ပုံမပေါ်ဘူး”
“ခုလိုခေတ်ကြီးမှာ နည်းပညာတိုးတက်မှုက အရေးအကြီးဆုံးပဲဆိုတာ သိရဲ့လား။ ငါတို့ အင်္ဂလန်နိုင်ငံမှာဆို နိုဘယ်ဆုရှင်တွေမှ အများကြီး။ မင်းတို့နိုင်ငံမှာရော ဘယ်လိုလဲ”
“ခင်ဗျားက ကျွန်တော့်ကို နည်းပညာအကြောင်းတွေလာပြောနေတာလား။ငါ့ဘိုးဘေးတွေရဲ့ တီထွင်စမ်းသပ်မှုတွေမပါလျင်တောင်မှ မင်းတို့လောက်ကို အသာလေးပဲ”
“မိုက်ရိုင်းလှချည်လား” ဒါရိုက်တာက စားပွဲကို အသံမြည်အောင်ရိုက်ချသည်။
“ဘာလဲ။ တော်တော်လေးခံပြင်းသွားလား။ တလက်စတည်းပြောရဦးမယ်။ ခင်ဗျားကို ဒါရိုက်တာအဖွဲ့ဝင်ထဲက ထုတ်လိုက်ပြီ”
“ဘာပြောတယ်။ မင်းလုပ်ချင်တိုင်းလုပ်လို့မရဘူးကွ။ ငါလည်းပဲ ရှယ်ယာရှင်ပဲ။ ငါ့ကိုထုတ်ချင်တယ်ဆိုလျှင်တောင် ဒါရိုက်တာအဖွဲ့ရဲ့ ခွင့်ပြုချက်လိုသေးတယ်”
“ဟုတ်ပြီလေ။ ဒါဆို မဲခွဲကြမယ်။သူ့ကို ဒါရိုက်တာအဖွဲ့ထဲက ထုတ်ချင်တယ်ဆို လက်ထောင်ပါ”
မည်သူမှ လက်မထောင်ပေ။ ဒါရိုက်တာအဖွဲ့ဝင်များက ဖန့်ကြွယ်ယွီ၏ ဘက်တွင် မရှိနေပေ။
ဖန့်ကြွယ်ယွီက သူ့လက်ကိုထောင်ပြီး
“ဟုတ်ပြီ အကြီးမားဆုံးရှယ်ယာရှင်ဖြစ်တဲ့ ငါကလက်ထောင်တာဆိုတော့ ခင်ဗျားကို အလုပ်ဖြုတ်လိုက်ပြီ”
“ဘာ”
“ဟုတ်တယ်လေ။ ကျွန်တော်က ကုမ္ပဏီရှယ်ယာ ၇၁% ပိုင်ဆိုင်တာလေ။ မဲပေးခွင့် ၇၁ခု ကျွန်တော့်မှာ ရှိတယ်။
၇၁% က ခင်ဗျားကို အလုပ်ဖြုတ်ပစ်ဖို့သဘောတူတာဆိုတော့ ခင်ဗျားငြင်းရဲသေးလား”
“ခင်ဗျားလက်မခံလည်း ကိစ္စမရှိပါဘူး”
“ဟား ခုချိန်ကစပြီး ခင်ဗျားတို့ အထင်မကြီးတဲ့ တရုတ်လူမျိုးသူဌေးရဲ့ စကားကို နားထောင်ကြရတော့မယ်”