ဘုရင်မကြီး၏ စံအိမ်
Vol. 9 Ch. 121
“ကျွန်တော့်ဆုံးဖြတ်ချက်ကိုငြင်းဆန်လိုတဲ့လူရှိပါသလား”
ဖန့်ကြွယ်ယွီက သူဌေးတစ်ဦး၏ အာဏာကိုအပြည့်အဝဆုပ်ကိုင်ထားသည်။
“ခင်ဗျားတို့လည်း သူ့လိုအဆုံးမသတ်ချင်ဘူးဆိုရင် ကိုယ့်အပြုအမူ အပြောအဆိုတွေကို ဆင်ခြင်ကြပါ”
ဒါရိုက်တာအဖွဲ့လည်း အခုလိုမျိုး စည်းကမ်းတင်းကြပ်ပြီး ချုပ်ကိုင်လွှမ်းမိုးတတ်သော သူဌေးနှင့် ယခုမှ ကြုံတွေ့ရသည်။
သူက သူဌေးနေရာရသည်နှင့် တပြိုင်နက် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကို အလုပ်ထုတ်ပစ်သည်။
ထိုအချက်က သူ၏ ဩဇာတိက္ကမကြီးမားမှုကို အတိုင်းသားပေါ်လွင်စေသည်။
ကုမ္ပဏီ၏ စီးပွါးရေးလုပ်ဆောင်ချက်များက အလွန်ကောင်းမွန်သည်။ ထိုဒါရိုက်တာအဖွဲ့ဝင်များလည်း နှစ်စဉ်နှစ်တိုင်းလိုလို အကျိုးအမြတ်များစွာရရှိသည်။ ကုမ္ပဏီမှ အခုလိုမျိုးထွက်သွားပါက သူ့တို့အတွက် ကောင်းကျိုးတစ်ခုမှမရှိနေပေ။
“ကောင်းပါပြီ။ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး စီစဉ်လိုက်ရတဲ့အပေါ် အားလုံးကနားလည်မယ်ထင်ပါတယ်။ ဒီနေ့ဒီအချိန်ကစပြီး စည်းကမ်းချက်အသစ်ထုတ်ပါတော့မယ်”
ဟု ဖန့်ကြွယ်ယွီက ဆိုသည်။
ဒါရိုက်တာအဖွဲ့ဝင်များကလည်း မည်သည့်စည်းကမ်းကို ထုတ်ပြန်မလဲဆိုတာ နားစွင့်နေကြသည်။
“ခုချိန်ကစပြီး ကျွန်တော့်ကုမ္ပဏီမှာ လူမျိုးရေးခွဲခြားတာတွေ ဖိနှိပ်တာတွေမလုပ်ရဘူး။ ဘယ်နိုင်ငံကပဲလာလာ ဘာလူမျိုးပဲဖြစ်နေပါစေ အားလုံးကို တန်းတူညီမျှ ဆက်ဆံရမယ်။ နောက်နောင် ဒီလိုဖြစ်ရပ်မျိုးထပ်ဖြစ်မယ်ဆို နှစ်ခါမစဉ်းစားဘဲ ချက်ချင်းထုတ်ပစ်မယ်။ အဲ့ကိစ္စမျိုးဖြစ်လာခဲ့လျှင် သတင်းပို့တင်ပြတဲ့သူကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မယ်။နားလည်ကြလား”
ဒါရိုက်တာအဖွဲ့ဝင်များက ခေါင်းညိမ့်ပြကြသည်။ သူ့ညွှန်ကြားချက်က သူတို့၏ အကျိုးစီးပွါးကို မထိခိုက်သဖြင့် သဘောတူနိုင်ကြသည်။
“မစ္စတာချားလ်စ် ခုနကအဘိုးကြီးကဘယ်သူလဲ”
ဟု ဖန့်ကြွယ်ယွီက မေးသည်။
သူ့ကိုဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ တာဝန်ရပ်ဆဲလိုက်သော်လည်း သူပိုင်ဆိုင်သောရှယ်ယာများကို လွှဲပြောင်းပေးဖို့ မလိုပေ။
“သူက ဖူခါ ကုမ္ပဏီပိုင်ရှင်သူဌေးပါ။သူက ကုမ္ပဏီရှယ်ယာရဲ့ ၈.၇%ကိုပိုင်ဆိုင်ပါတယ်။ ဒါကြောင့်မို့ ကျန်တဲ့ရှယ်ယာရှင်တွေကြားမှာသူက အာဏာရှိနေတာပါ”
“များသားပဲ” ဖန့်ကြွယ်ယွီက ၇၁%ပိုင်ဆိုင်သဖြင့် ကျန်ရှိနေသောရှယ်ယာ ၂၉% ၏ သုံးပုံတစ်ပုံကို သူက လက်ဝယ်ရရှိထားသည်။
“အမရီ..ငါက စတော့ရှယ်ယာတွေအကြောင်းတော့ သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ သူ့ဆီကရှယ်ယာတွေကိုဘယ်လိုနည်းလမ်းနဲ့ရနိုင်မလဲ”
“အင်း နည်းလမ်းကတော့ အများကြီးရှိတာပေါ့။ ဒါပေမဲ့ အရိုးရှင်းဆုံးနည်းလမ်းကတော့ တိုက်ရိုက်ဝယ်ယူခြင်းပဲပေါ့။ ဒါပေမဲ့ သူ့ဘက်က ရောင်းချင်ဦးမှ အဲ့နည်းလမ်းကအဆင်ပြေမှာ”
“ဟုတ်တယ် ကိုယ့်ဘက်က တအားလိုချင်နေတာသိရင် သူက စတော့ရှယ်ယာတွေကိုကိုင်ထားမှာပဲ”
စီးပွါးရေးအတွေ့အကြုံမရှိသော ဖန့်ကြွယ်ယွီက ရှယ်ယာဝယ်ယူခြင်းနှင့် ရောင်းချခြင်းအကြောင်းနားမလည်ပေ။
“ငါ့ဆီမှာ သူနဲ့လုပ်ငန်းတူတဲ့ ကုမ္ပဏီမျိုးမရှိဘူးလား။ ငါတို့က သူ့ကုမ္ပဏီကို အခြေအနေမဟန်အောင် လုပ်ပစ်လိုက်မယ်ဆို သူဒေဝါလီခံရမှာဆိုးပြီး ရှယ်ယာတွေ ထုတ်ရောင်းမှာပဲလေ။ ဒီကိစ္စကျွန်တော့်တာဝန်ထား။ ပိုက်ဆံသာရှိမယ်ဆို ကြိုက်တဲ့စျေးကွက်ကို နှောင့်ယှက်နိုင်မယ်။ပိုက်ဆံနဲ့ပတ်သက်လာရင် ဖန့်မိသားစုကို ဘယ်သူမှ မယှဉ်နိုင်ဘူးလေ”
သူတို့အချင်းချင်းအပြန်အလှန်ပြောဆိုနေကြသည်များကိုကြားရပြီးနောက် ဖန့်ကြွယ်ယွီက တကယ့်ကိုဆုံးဖြတ်ချက်ပြတ်သားပြီး အညှာအတာကင်းမဲ့သည်ဟု ကောက်ချက်ချမိသည်။
တစ်ဖက်လူက တရုတ်နိုင်ငံနှင့် လူမျိုးအပေါ် အနည်းငယ်စော်ကားပြောဆိုမှုအပေါ် ဖန့်ကြွယ်ယွီ၏ တုံ့ပြန်မှုက ပြတ်သားလှသည်။
“မစ္စတာချားလ်စ် ခုနက သူဌေးကြီးရဲ့ လူယုံတွေ ကုမ္ပဏီမှာကျန်ခဲ့မှာပဲ။ သူတို့ကို သေချာရှာပြီး ကုမ္ပဏီက ထုတ်ပစ်လိုက်။ သူ့ကို ဘာအခွင့်အရေးမှမပေးနဲ့”
“ဟုတ်ကဲ့ နားလည်ပါပြီ”
ထို့နောက် ဖန့်ကြွယ်ယွီက ရှယ်ယာလွှဲပြောင်းပေးသော စာချုပ်ကိုဖြဲလိုက်သည်။ သူက ထိုရှယ်ယာများကို ပြန်လည်ရယူလိုခြင်းမရှိပေ။ တရုတ်နိုင်ငံအပေါ် အထင်အမြင်သေးသော လူများကို ပညာပေးလိုရုံသာဖြစ်သည်။
“အစည်းအဝေးကိုဆက်ပြီးကျင်းပါကြပါ”
ဖန့်ကြွယ်ယွီက ခုံတစ်ခုံကိုဆွဲယူပြီး ဆွေးနွေးပြောဆိုသည်များကို နားထောင်သည်။
သို့သော် ဒါရိုက်တာအဖွဲ့က သူ့ကိုလေးစားသလို ကြောက်လည်းကြောက်ကြသည်။ ဥက္ကဌနေရာကို ချားလ်စ်ကို ပြန်လည်လွှဲအပ်ခဲ့ပြီဆိုသော်ငြား ဖန့်ကြွယ်ယွီကသာ ကုမ္ပဏီ၏
အမှန်တကယ်သူဌေးဖြစ်ကြောင်းကို အားလုံးနားလည်သဘောပေါက်ကြသည်။
လျန်ဟွား အုပ်စု၏ ယခုနှစ် အသားတင်အမြတ်ငွေသည် ယူရို ဘီလီယံ၅၀ကျော်ရှိသည်။ အမြတ်ငွေကို အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းမှ အများဆုံးရရှိသည်။ ဖန့်ကြွယ်ယွီ၏ ရှယ်ယာပိုင်ဆိုင်မှုအရ သူရရှိသော တစ်နှစ်ဝင်ငွေကလည်းမနည်းပေ။
သို့သော် သူ၏ ပိုင်ဆိုင်မှုပမာဏနှင့်ယှဉ်ပါက မြူမှုန်တစ်မှုန်စာလောက်ပင်ရှိသည်။
“သွားကြစို့လေ။ ဘုရင်မကြီးရဲ့ မိတ်ဆုံစားပွဲကျင်းပတော့မဲ့အချိန်တောင်ရောက်တော့မယ်”
ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးသည် ညနေပိုင်းထိဆက်လက်ကျင်းပမည်ဖြစ်သော်ငြား ဖန့်ကြွယ်ယွီက ဘုရင်မကြီး၏ ပွဲအခမ်းအနားကိုတက်ရောက်ဖို့ရှိသည်။
ထိုမိတ်ဆုံစားပွဲကို ဘုရင်မကြီးပိုင်ဆိုင်သော ကျွန်းပေါ်မှာကျင်းပမှာဖြစ်သောကြောင့် ကားတစ်ဆင့် လှေတစ်ဆင့်ဖြင့် သွားရောက်နေပါက နောက်ကျပေလိမ့်မည်။ ထို့ကြောင့်သူက ရဟတ်ယာဉ်ဖြင့်သွားဖို့ ဆုံးဖြတ်လိုက်သည်။
“သခင်လေးက အခုတလောအများကြီးပြောင်းလဲသွားတယ်”
“ဟုတ်လား”
“တကယ်ပြောတာ ဟား။ ကျွန်မက အမှန်အတိုင်းပြောရင် စိတ်ဆိုးမလားတော့ မသိ”
“ပြောပါ စိတ်မဆိုးပါဘူး”
“ကျွန်မနဲ့ သခင်လေး စတွေ့တဲ့အချိန်တုန်းက သခင်လေးက မအူမလည်လေး။ ပိုက်ဆံတောင် ဘယ်လိုသုံးရမယ်မှန်းမသိဘူးလေ”
“ဟားဟား ဟုတ်ပါ့။ အာ့ဆိုအခုကျတော့ရော”
“ခုကျတော့ သခင်လေးရဲ့ ပြောပုံဆိုပုံ နေပုံထိုင်ပုံတွေကအစ သူဌေးပုံစံတကယ်ပေါက်လာတာ”
“တကယ်တော့ ငါ့အရင်တုံးက ပုံစံကို သဘောကျပါတယ်။ကိုယ့်ဘာသာပျော်နေမယ်ဆို ဘယ်သူ့ရဲ့ အမြင်တွေကို ဂရုစိုက်နေရဦးမှာလဲ”
ရဟတ်ယာဉ်က ကုမ္ပဏီနားမှာရှိသော ရဟတ်ယာဉ် ကွင်းအတွင်းဆင်းသက်လာသည်။ ထိုယာဉ်က လူအနည်းငယ်မျှသာဆံ့ပြီး ကားလည်း ယူသွားဖို့ အဆင်မပြေပေ။
“အမရီက ကျွန်တော့်ကားကိုမောင်းခဲ့ပေးပါ။ ကူးရီက ငါနဲ့လိုက်ခဲ့”
အဆင့်မြင့်ပွဲအခမ်းအနားဖြစ်တာမို့ သက်တော်စောင့်များခေါ်ခွင့်မရှိပေ။သို့သော် မိမိလုံခြုံရေးအတွက် မည်သူကမှ အပြည့်အဝအာမမခံပေးနိုင်ပေ။ ကူးရီက သာမန်လူလိုမဟုတ်ပေ။ပွဲကျင်းပရာနားတွင် သူရှိနေပြီး ဖန့်ကြွယ်ယွီ၏ လုံခြုံရေးအတွက် ကာကွယ်ပေးရန် သူ၏တာဝန်ဖြစ်သည်။
ရဟတ်ယာဉ်မှူးက တရုတ်လူမျိုး လူငယ်တစ်ဦးဖြစ်သော်လည်း သူ၏အရည်အချင်းက အတော်လေးပြည့်ဝနေသည်။ မကြာခင်မှာ သူတို့စီးနင်းလာသော ရဟတ်ယာဉ်သည် ကျွန်းစုများအပေါ်ဖြတ်သန်းသည်။
“မစ္စတာဖန့် ဒါက ခင်ဗျားပိုင်တဲ့ကျွန်းလေ”ဟု ရဟတ်ယာဉ်မှူးကညွှန်ပြသည်။
“ဘယ်မှာလဲ။ ငါမမြင်ရဘူး” ဖန့်ကြွယ်ယွီက မြေပြင်ကိုသေချာကြည့်သော်လည်း စိမ်းစိုစိုတောအုပ်ကြီးကိုသာတွေ့သည်။
“ဒီကျွန်းတစ်ခုလုံးခင်ဗျားပိုင်တာလေ။ ဒါက ခင်ဗျားကျွန်းပေါ်က တောအုပ်ဥယျာဉ်ငယ်လေးတစ်ခုပေါ့”
ရဟတ်ယာဉ်က ကျွန်းကြီးတစ်ခုပေါ်သို့ဆင်းသက်သည်။ ရွက်လှေငယ်များနှင့်ရဟတ်ယာဉ်များစွာရှိနေသည်။ ဧည့်သည်များ လမ်းအကြာကြီး လျှောက်နေရမှာဆိုးသဖြင့် ဘုရင်မကြီးက အပို့အကြိုစီစဉ်ထားပေးသည်။
“မစ္စတာဖန့် ကြိုဆိုပါတယ်ခင်ဗျာ”
သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ခရီးဦးကြိုသည်။
“ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူးခင်ဗျာ”
“ဟုတ်ကဲ့ ကျွန်တော်က ခရိုလီ ပါ။ ဘုရင်မကြီးရဲ့ လူယုံပါ။ လူကြီးမင်းကို ကြိုဆိုဖို့ လွှတ်လိုက်တာပါ”
“ကူးရီ မင်းဒီအနီးအနားဝန်းကျင်မှာ လျှောက်ပတ်ကြည့်လေ”
ထိုသို့ပြောပြီး ဖန့်ကြွယ်ယွီက သူ့ကိုလာကြိုသော ကားပေါ်တက်ခဲ့သည်။
“ဟုတ်ကဲ့ပါ” ဤကျွန်းက အရမ်းမကျယ်ပေ။ ထို့ကြောင့် ဘယ်အချိန်မှာမဆို သူ့ကိုခေါ်လိုက်သည်နှင့် ဖန့်ကြွယ်ယွီ၏ အနားကိုချက်ချင်းရောက်လာနိုင်သည်။
ကားက ရဲတိုက်လိုအဆောက်အဦရှေ့မှာရပ်သည်။ မိတ်ဆုံစားပွဲတွင် တက်ရောက်လာသူများက အထက်တန်းကျကျ ဝတ်စားဆင်ယင်ထားသည်။အမျိုးသားများကခံ့ညားပြီး အမျိုးသမီးများက လှပကြသည်။ပွဲအခမ်းအနားက ကိန်းစ်ရုပ်ရှင်ဆုပေးပွဲနှင့် ဆင်တူသည်။
“မစ္စတာဖန့်” ဖန့်ကြွယ်ယွီက ဘယ်ကိုသွားပြီး ဘာလုပ်ရမှန်းမသိချိန်တွင် သူ၏နောက်မှ လူတစ်ယောက်က သူ့ကို လှမ်းခေါ်ခဲ့သည်။
ဖန့်ကြွယ်ယွီက နောက်ကိုလှည့်ကြည့်သောအခါ ထိုလူ၏မျက်နှာကို ဖောဘိစ် (Forbes)စာရင်းတွင် မြင်ဖူးနေသလိုလိုရှိသည်။
ထိုသူသည် ကမ္ဘာ့အချမ်းသာဆုံးတွင် ၁၆ယောက်မြောက်ဖြစ်သူ ဂျက်ဟီတန်ဖြစ်သည်။
ထိုလူက သူ့အားဘာကြောင့်မှတ်မိနေရသနည်း။