← Chapters

နားထဲမှာတိုးတိုးလေးကပ်ပြောနေတယ်

Vol. 20 Ch. 272

နားထဲမှာတိုးတိုးလေးကပ်ပြောနေတယ်

Vol. 20 Ch. 272

တင်းတင်းကျပ်ကျပ်ပိတ်ထားသည့် ကျောက်တုံးတံခါးကိုကြည့်ရင်း ရွှီဖေး အတွေးနက်လျှက်ရှိသည်။

သိုင်းကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံသည့်အခါ သူတို့နေထိုင်ရာသီးသန့်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခြင်းကို တင်းကျပ်စွာတားမြစ်ထားသည်။ အခြားသူများ ဝင်ရောက်လာခြင်းက တံခါးပိတ်ကျင့်ကြံသူများကို များစွာအနှောက်အယှက်ဖြစ်စေသဖြင့် အချို့ဆိုလျှင် ကျူးကျော်လာသူများကို သေသည်အထိပင် ရန်ငြိုးဖွဲ့လေ့ရှိကြသည်။

ထို့ကြောင့် သိုင်းသမားတစ်ယောက် တံခါးပိတ်ကျင့်ကြံရာနေရာသို့ သွားရောက်လိုလျှင် အကြီးအကဲများသည်ပင် ကြိုတင်ခွင့်ပြုချက်ရယူပြီးမှ ဝင်ရောက်လေ့ ရှိကြသည်။

ထို့ပြင် အဆိုးရွားဆုံးအခြေအနေမရှိဘဲ အခြားသူများ တံခါးပိတ်ကျင့်ကြံရာနေရာသို့ မည်သူမှ ပေါ့ပေါ့တန်တန် ချဉ်းနင်းဝင်ရောက်ခြင်း မရှိကြပေ။

ဤသည်က ကိုယ်ကျင့်တရားဆိုင်ရာသတ်မှတ်ထားသည့် စည်းကမ်းချက်ဖြစ်သည်။ တံခါးပိတ်ကျင့်ကြံနေစဉ် သေးငယ်သောအနှောက်အယှက်လေး ကြုံတွေ့ရခြင်းက တစ်လျှောက်လုံးကျင့်ကြံထားသမျှ အချည်းနှီးဖြစ်စေသည်။ ထို့ထက်ဆိုးရွားလျှင် ဒဏ်ရာပြင်းထန်စွာပင် ရရှိနိုင်သည်။

ကျင့်ကြံခြင်း၏ အရေးကြီးဆုံးအခိုက်အတန့်တွင် ရုတ်တရက် နှောက်ယှက်ခံလိုက်ရပါက ရလဒ်က စိတ်ကူးမရနိုင်လောက်အောင် ဆိုးရွားပြင်းထန်ပေလိမ့်မည်။

ထို့ကြောင့် အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံကြသည့်အခါမျိုးတွင် ကျင့်ကြံရာနေရာသို့ မည်သူမှဝင်ရောက်နှောက်ယှက်ခြင်းမရှိစေရန် ယုံကြည်ရသူများကို အစောင့်အကျပ်အဖြစ် ဖိတ်ခေါ်ခြင်း ၊ သို့မဟုတ် အားကောင်းသည့်အစီအရင်များတည်ဆောက်ကာ ကာကွယ်ခြင်းများ ပြုလုပ်လေ့ ရှိကြသည်။

လုဝမ်က ဝါဒတောင်မှ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး  အကြီးအကဲတစ်ယောက် မဟုတ်သောကြောင့် သူ တံခါးပိတ်ကျင့်ကြံရာနေရာတွင် မည်သည့်အစောင့်အကြပ်မှ ရှိမနေပေ။ သို့သော် ဝါဒတောင်ရှိ တံခါးပိတ်ကျင့်ကြံရန်ပြုလုပ်ထားသည့် နေရာတိုင်းတွင် အားကောင်းသည့်အရံအတားအစီအရင်များ ပြုလုပ်ပေးထားသည်။

လုဝမ် ယခုတံခါးပိတ်ကျင့်ကြံနေသည့်နေရာက လုဝမ်၏ ကိုယ်ပိုင်နေရာမဟုတ်သော်လည်း ဝါဒတောင်က သူတို့၏ထိပ်တန်းတပည့်များ တံခါးပိတ်ကျင့်ကြံရန်အတွက် အထူးပြင်ဆင်ပေးထားသော သီးသန့်နေရာတစ်ခု ဖြစ်သည်။

ယခင် ရွှီဖေးတံခါးပိတ်ကျင့်ကြံစဉ်ကလည်း အလားတူနေရာတစ်ခုတွင် ကျင့်ကြံခဲ့သည်ပဲ ဖြစ်သည်။

လုဝမ်နေထိုင်ရာ ကျောက်သားအခန်းကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ ရွှီဖေး စိတ်မသက်မသာ ခံစားလိုက်ရသည်။

ရွှီဖေးက စုကျိုးမြို့၏ လုပ်ငန်းဆိုင်ရာအကြီးအကဲရာထူးကို လွှဲပြောင်းခဲ့ပြီးနောက် ရာထူးအသစ်တစ်ခု ထပ်မံရရှိခဲ့သည်။ ဆရာဖြစ်သူရှီတိ ​ကိုင်တွယ်ထိန်းချုပ်သည့် စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် အလုပ်မလုပ်ရတော့ဘဲ ယခင်က ရန်တိကိုင်တွယ်ထိန်းချုပ်သော သိုင်းပညာဆက်ခံသူခန်းမတွင် ရာထူးတစ်ခု ရှိခဲ့သည်။

လက်ရှိတွင် ရွှီဖေးသည် သိုင်းပညာဆက်ခံသူခန်းမတွင် တာဝန်ထမ်းဆောင်နေသည့် အသက်အငယ်ဆုံး မူဝါဒအကြီးအကဲ တစ်ယောက်ဖြစ်သည်။

ဝါဒတောင်မှတပည့်များ တံခါးပိတ်ကျင့်ကြံရန်အတွက် ကျောက်သားအခန်းများ ခွဲဝေရာတွင် စီမံခန့်ခွဲသောအလုပ်ကို သိုင်းပညာဆက်ခံသူခန်းမက တာဝန်ယူလုပ်ဆောင်ရသည်။

ထို့ကြောင့် သိုင်းပညာဆက်ခံသူခန်းမ၏ မူဝါဒအကြီးအကဲတစ်ယောက်ဖြစ်သော ရွှီဖေးအနေဖြင့် အန္တရယ်ကင်းရေးအကြောင်းပြချက်ဖြင့် လုဝမ်ကျင့်ကြံနေသည့်ကျောက်သားအခန်းကို ဖွင့်လှစ်ရန် အခွင့်အာဏာရှိသည်။

ယခင်က တံခါးပိတ်ကျင့်ကြံရင်း လမ်းမှားရောက်သွားသည့်တပည့်တစ်ယောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အလုံပိတ်ကျောက်ခန်းထဲတွင် မည်သူမှ လာရောက်ကြည့်ရှုခြင်း မရှိကြသည့်အတွက် အချိန်အတန်ကြာပိတ်မိနေပြီး အသက်ဆုံးခဲ့ရသည်။

ထို့ကြောင့် အလားတူအခြေအနေများ မဖြစ်ပွားစေရန် သိုင်းပညာဆက်ခံသူခန်းမမှ အထူးအစီအစဉ်များ ပြုလုပ်ထားခဲ့သည်။

သို့ပေသိ တံခါးပိတ်ကျင့်ကြံရာနေရာများသို့ ဝင်ရောက်ခြင်းမှာ အလွန်တရာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပင် ဖြစ်သည်။ မလိုအပ်ပါက သိုင်းပညာဆက်ခံသူခန်းမမှ အကြီးအကဲများသည် အခြားသူများ တံခါးပိတ်ကျင့်ကြံရာသို့ ဝင်ရောက်ကျူးကျော်ခြင်း မရှိကြပေ။

ယခုလည်း လုဝမ် တံခါးပိတ်ကျင့်ကြံရာနေရာသို့ ဝင်ရောက်ရန် အနည်းငယ်မသင့်တော်ဟု ခံစားနေရသောကြောင့် အတန်ကြာ တုံ့ဆိုင်နေမိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏လက်ဖဝါးကို ကျောက်တုံးတံခါးထက်သို့ ဖိနှိပ်ချလိုက်သည်။

ခဏအကြာတွင် ကျောက်တုံးတံခါးကြီးပွင့်သွားပြီး ရွှီဖေးက အတွင်းသို့ ဂရုတစိုက်ဖြင့် ဝင်ရောက်လာသည်။

စင်္ကြံလမ်းကိုဖြတ်သွားပြီးနောက် အနောက်ဘက်ရှိ အခန်းတစ်ခန်းသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက်ကို တွေ့မြင်ရ၏။

ထိုသူမှာ မုတ်ဆိတ်မွေး ပါးသိုင်းမွှေးများရှည်လျားနေပြီး ဆံပင်များက ဖရိုဖရဲဖြစ်ကာ လူရိုင်းတစ်ယောက်နှင့်ပင် ဆင်တူသည်။

ထိုသူကို ပထမတစ်ကြိမ်တွေ့ရုံမျှဖြင့် ယခင်က ကျက်သရေရှိစွာ ချောမောခန့်ညားသော လုဝမ်ဟု မည်သူမှ မှတ်မိကြမည် မဟုတ်ပေ။

သို့သော် ရွှီဖေးကတော့ လုဝမ်ကို ချက်ချင်းပင်မှတ်မိသည်။ သူ့ကို ပိုမိုသတိထားမိစေသည့်အချက်မှာ လုဝမ်၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခြင်း ဖြစ်သည်။ သူဝင်လာပြီးနောက် ပို၍ပင် သိသိသာသာ တုန်လှုပ်လာ၏။

လုဝမ်၏ ချီစွမ်းအားများ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ကို မခံစားရလေရာ ထိုသို့  ခန္ဓာကိုယ်တုန်လှုပ်နေခြင်းမှာ ကျင့်ကြံခြင်းကြောင့်မဟုတ်ဘဲ ပြင်းထန်သောခံစားချက်များကြောင့်ဖြစ်ကြောင်း ရွှီဖေး ရိပ်မိလိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ”

ရွှီဖေးစိတ်ထဲ ထင့်ကနဲဖြစ်သွားပြီး လုဝမ်အနားသို့ အလျှင်အမြန်ရောက်လာသည်။

ရွှီဖေးက သူရောက်လာကြောင်းကို ဖုံးကွယ်မထားသည့်တိုင် လုဝမ်ကတော့ ရိပ်မိဟန်မရှိဘဲ နေရာမှာပင် တင်ပျဉ်ခွေထိုင်ရင်း သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မရှိ တုန်လှုပ်နေသည်။

လုဝမ်မျက်နှာကို ရွှီဖေးက သေသေချာချာ အကဲခတ်လိုက်သည်။ သူက မျက်လုံးများကို တင်းကျပ်စွာမှိတ်ထားပြီး အဖျားတက်နေသည့်အလား မျက်နှာတစ်ခုလုံး ချွေးများစိုရွှဲနေသည်ကိုတွေ့လိုက်ရသဖြင့် ရွှီဖေး အနည်းငယ် အံ့အားသင့်သွားသည်။

ရွှီ‌ဖေးက...

“ဂိုဏ်းတူညီလေး’လုဝမ်’”

ခေါ်သံကြောင့် လုဝမ် မျက်လုံးများဖွင့်ကြည့်လာသည်။ သူ့ပုံစံက ရုတ်တရက် အိပ်ယာမှနိုးလာသည့်ပမာဖြစ်သော်လည်း အရှေ့သို့ကြည့်နေသော မျက်ဝန်းများက အာရုံမစိုက်နိုင်ဘဲ ဆုံချက်မဲ့နေသည်။

လုဝမ်၏ မျက်လုံးများကို သေသေချာချာကြည့်လိုက်တော့ သွေးရောင်များ တဖျတ်ဖျတ်လင်းလက်နေသည်ကို ရွှီဖေး ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။

ထိုမျက်ဝန်းထဲတွင် နာကျည်းမှုနှင့် မကျေနပ်မှုများ ပြည့်နက်နေ၏။

ထိုခံစားချက်များက လူသားတစ်ယောက်တွင် ရှိတတ်သည့် ခံစားချက်များဖြစ်သော်လည် ယခုတော့ လုဝမ်ထံတွင် အတော်လေး ထင်သာမြင်သာ ရှိနေသည်။

ရွှီ‌ဖေး၏မျက်နှာက တည်ကြည်လေးနက်သွားသည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ မိစ္ဆာရောင်ဝါနှင့်နှောက်ယှက်ခံရသူများကို စစ်ဆေးမေးမြန်းမှုပြုလုပ်ရင်း အချို့သောအကြောင်းအရာများကို သူ နားလည်ခဲ့ရသည်။

အမှောင်ဘက်ခြမ်းသို့ အဆင့်ဆင့် ကျရောက်သွားခြင်း ပုံစံမျိုးကဲ့သို့ အခြေအနေများပင် ဖြစ်သည်။

ယုတ်မာသောစိတ် ၊ မာန်မာန ၊ အဆိပ်သင့်သောစိတ် ၊ စွဲလန်းတတ်သောစိတ် - ဤ စိတ်နေစိတ်ထားများက လူအများစုတွင် ရှိတတ်ကြသည်။ လူအများစုဟု မဆိုဘဲ လူတိုင်းတွင်ရှိသည်ဟုဆိုလျှင် ပိုမှန်သည်။ သို့ပေသိ လူအများစုက ထိုမကောင်းစိတ်များ၏ထိန်းချုပ်မှုမခံရအောင် ထိုစိတ်နေစိတ်ထားများကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။

သို့သော် ထိုမကောင်းစိတ်များထဲမှ တစ်ခုခုကို ငရဲကိုးထပ်က နှိုးဆွလိုက်သည့်အခါ သတ်မှတ်ထားသောအဆင့်တစ်ခု ကျော်လွန်သွားသည်နှင့် ထိုမကောင်းစိတ်များက မိစ္ဆာစိတ်အဖြစ် ပြောင်းလဲသွားသည်။

ထိုအဆင့်သို့ရောက်လျှင် နောက်ကြောင်းပြန်လှည့်ရန် ခဲယဉ်းသွားပြီး မိစ္ဆာစိတ်ပိုမိုအားကောင်းလာသည်နှင့်အမျှ အဆုံးသတ်တွင် ငရဲကိုးထပ်မှ မိစ္ဆာရောင်ဝါနှင့်  ပဲ့တင်ထပ်ချိတ်ဆက်သွားသည်။ ထို့နောက် စိတ်ထဲမှထင်ယောင်ထင်မှားဖြစ်မှုများက အပြင်သို့အမှန်တကယ်ထွက်ပေါ်လာပြီး အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားရတော့သည်။

အမှောင်ဘက်ခြမ်းကျရောက်သွားသူများ၏ လက္ခဏာများကတော့ အလွန်ထင်ရှားသည်။ သူတို့မျက်လုံးများက အဝါရောင်ပြောင်းလဲသွားပြီး ထင်ရှားသောသွေးနီရောင်များ တောက်ပနေသည်။

သို့သော် အမှောင်ဘက်ခြမ်းသို့ မကျရောက်သေးဘဲ မိစ္ဆာစိတ်အားကောင်းလာသည့်အဆင့်မှာပင် ရှိနေသူများကတော့ သာမန်လူကောင်းများနှင့်မခြား အတူတူပင် ဖြစ်၏။

ခြွင်းချက်တစ်ခုတော့ရှိ၏။ အကယ်၍ လူတစ်ယောက် ထိန်းချုပ်မှုလွတ်သွားပြီး မိစ္ဆာစိတ်ပြင်းထန်လာချိန်တွင် အချို့သော ထင်ရှားသည့်လက္ခဏာအချို့ကို တွေ့မြင်နိုင်သည်။

ယခု လုဝမ်ဖြစ်ပေါ်နေသည့်လက္ခဏားများမှာ ထိုလက္ခဏာများနှင့် သွားရောက်ဆင်တူသည်။

လုဝမ်၏ မာနကြီးလွန်းသည့်စိတ်က ထိတ်လန့်စရာကောင်းလောက်အောင် မိစ္ဆာစိတ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။

လုဝမ်၏ မျက်ဝန်းများက သူ့ရှေ့တွင်ရှိနေသည့် ရွှီဖေးကို လုံးဝမတွေ့မြင်သည့်အလား ဖြစ်သည်။

သူက ခပ်တိုးတိုးလေသံဖြင့်...

“ရန်... ကျောက်... ကဲ... ရန်... ကျောက်... ကဲ... ရန်... ကျောက်... ကဲ...”

ဒါကိုမြင်တော့ ရွှီဖေး သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် တုံ့ဆိုင်မနေဘဲ လုဝမ်ပခုံးကို လက်တစ်ဖက်ဖြင့် ထိကိုင်လိုက်ရင်း...

“ဂိုဏ်းတူညီလေး’လုဝမ်’”

မိစ္ဆာစိတ်၏လှည့်ဖြားခြင်းခံနေရသော လုဝမ်က လုံးဝတုံ့ပြန်ခြင်း မရှိပေ။

ရွှီဖေးက လေးနက်သည့်လေသံဖြင့်...

“ဂိုဏ်းတူညီလေး’လု’ ၊ မင်းက ဂိုဏ်းတူညီလေး’ရန်’ ထက် ပိုပြီးအစွမ်းထက်ဖို့ ကျင့်ကြံနေတာလား”

ထိုစကားကိုကြားတော့ လုဝမ်၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ယင်သွားသော်လည်း မျက်ဝန်းများကတော့ အသက်မဲ့နေဆဲပင်။

ရွှီဖေးက ဆက်ပြောသည်။

“ဒါဖြင့်.. မင်း ဂိုဏ်းထဲဝင်ပြီး နှစ်ပေါင်းများစွာ ဇွဲရှိရှိနဲ့ ကျင့်ကြံလာတာ ဘာအတွက်လဲ ၊ မင်း သိုင်းပညာသင်ယူခဲ့တဲ့ အစပိုင်း ရည်ရွယ်ချက်ကဘာလဲ”

ထိုစကားကိုကြားတော့ လုဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သူ့မျက်နှာထက်တွင် နာကျင်မှုနှင့် ရူးသွပ်မှုများက တစ်လှည့်စီ ပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်နေပြီး တုန်ခါလျှက်ရှိသည်။

ရွှီဖေးက သူ့လေသံကို ဖြေလျှော့လိုက်ရင်း...

“ညီလေး’လု’ ၊ အဲဒီအကြောင်းတွေကို သေသေချာချာ စဉ်းစားပါ ၊ မင်းတကယ်လိုချင်တာဘာလဲ ၊ မင်းဒီနေ့ ဒီနေရာကိုရောက်နေရတာ ဘာအတွက်ကြောင့်လဲ”

လုဝမ်၏ခန္ဓာကိုယ် တဖြည်းဖြည်းပြန်လည်ငြိမ်သက်သွားပြီး သူ့မျက်ဝန်းများထဲမှ သွေးနီရောင်အလင်းတန်းများ တဖြည်းဖြည်းပြန်လည်မှေးမှိန်သွားသည်။

ထိုအခါမှ ရွှီဖေး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။

ခဏကြာမှ လုဝမ်မျက်လုံးများ ပုံမှန်အတိုင်း အသက်ဝင်လာပြီး...

“ဂိုဏ်းတူအစ်ကို’ရွှီ’”

ဟု ခေါ်လိုက်သည်။

ရွှီဖေးက...

“အရင်ဆုံး စိတ်တည်ငြိမ်အောင်ကြိုးစားပါ”

လုဝမ် ဖြည်းညင်းစွာခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို နောက်တစ်ကြိမ် မှေးမှိတ်လိုက်သည်။ သူ့မျက်နှာက နွမ်းနယ်နေပြီး စက္ကူဖြူတစ်စပမာ ဖြူဖျော့နေသည်။ ချွေးစက်များကလည်း မိုးရေစက်များပမာ ကျဆင်းနေသေးသော်လည်း ခန္ဓာကိုယ်က တုန်လှုပ်ခြင်းမရှိတော့ဘဲ အမူအရာကငြိမ်သက်သွားသည်။

အတန်ကြာမှ ရွှီဖေးက သူ့ကိုကြည့်ရင်း...

"ဂိုဏ်းတူညီလေး ‘လုဝမ်’ ၊ မင်းရဲ့စိတ်ခံစားချက်တွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီ မဟုတ်လား ၊ ဒီကိစ္စတွေက ပြန်တွေးလို့ကောင်းတဲ့အရာမဟုတ်ပေမယ့် ငါတို့ဂိုဏ်းအတွက် စိုးရိမ်ရတဲ့အခြေအနေမျိုးပဲ ၊ တစ်ချက်မနှောင့်နှေးဘဲ အောက်ခြေကကိစ္စတွေကို မြန်မြန်ဖော်ထုတ်ရမယ်”

သူက ဆက်ပြောသည်။

“ဆိုတော့... အရင်တုန်းက တစ်ယောက်ယောက်က မင်းကိုထိတွေ့လာတာမျိုးရှိလား ၊ မင်းရဲ့စိတ်ထဲက မကောင်းတဲ့အရာတွေကို နှိုးစွပြီး ငရဲကိုးထပ်နဲ့ချိတ်ဆက်မိအောင်လုပ်ခဲ့တာမျိုး ရှိသလား”

လုဝမ်က မျက်လုံးများကို ဖွင့်ကြည့်လာပြီး ဖြည်းညင်းစွာခေါင်းညိတ်သည်။

“လူတစ်ယောက်က ငါ့နားထဲမှာ တိုးတိုးလေးကပ်ပြောနေတယ် ၊ သူ့စကားသံက ငါ့နှလုံးသားတစ်ခုလုံးကို ဖုံးလွှမ်းနိုင်စွမ်းရှိပြီး စိတ်ကိုတုန်လှုပ်စေတယ်”

***

All Chapters