← Chapters

မိစ္ဆာသူတော်စင်၏တိုက်ခိုက်မှု

Vol. 20 Ch. 273

မိစ္ဆာသူတော်စင်၏တိုက်ခိုက်မှု

Vol. 20 Ch. 273

လုဝမ်၏အဖြေစကားကိုကြားတော့ ရွှီဖေးက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အဲဒီလူက ဘယ်သူလဲ”

ဟုမေးလိုက်သည်။

သူ့စိတ်ထဲတွင်လည်း မသက်မသာ ခံစားနေရသည်။

လုဝမ်က ခေါင်းခါယမ်းရင်း...

“အဲဒီလူ ဘယ်သူမှန်း ငါမသိဘူး ၊ သူက အသံဖျက်ပြီးပြောနေတာဆိုတော့ ဘယ်သူမှန်း ခွဲခြားလို့မရဘူး ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ အရမ်းမြင့်မားတယ်”

လုဝမ်၏စကားကိုကြားတော့ ရွှီဖေး စိတ်မအေးနိုင်တော့ပေ။

လုဝမ်က ကြောက်မက်ဖွယ်ရာထိုလူသား၏နာမည်ကို မပြောနိုင်ခဲ့သော်လည်း သူတံခါးပိတ်ကျင့်ကြံရာနေရာအထိ လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဂိုဏ်းထဲမှ အရေးပါသူတစ်ယောက် သေချာပေါက် ဖြစ်နိုင်သည်။

လုဝမ်၏ဆရာြဖစ်သူ ဖန်ကျွင်းသည်လည်း ဤနေရာသို့ လွတ်လပ်စွာဝင်ထွက်နိုင်၏။ သို့ရာတွင် ထူးခြားဖြစ်စဉ်မရှိပါဘဲ ဖန်ကျွင်းက လုဝမ်ကို အနှောက်အယှက်ပေးမည် မဟုတ်ပေ။

ဖန်ကျွင်းသာမက အခြားသော အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များသည်လည်း သူတို့၏တည်ရှိမှုကိုဖုံးကွယ်ကာ သဲလွန်စမကျန် ဤနေရာကို ဝင်ရောက်နိုင်ကြသည်ပဲ ဖြစ်သည်။

ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများတွင် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ဆိုသည်က အများအပြားမရှိလှပေ။ ထိုသူများအားလုံးက ဂိုဏ်း၏ကြီးမားလှသောတောင်ပံများသဖွယ် အားထားရသူများ ဖြစ်ကြသည်။

နောက်ဆုံးဖြစ်နိုင်ခြေကို နှိုင်းယှဉ်ကြည့်လျှင် သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲသည်ပင် လက်သည်တရားခံ ဖြစ်နေနိုင်သည်။

ရွှီဖေးက...

“အဲဒီလူ မင်းဆီရောက်လာတာ ဘယ်လောက်ကြာပြီလဲ”

လုဝမ်က ခဏမျှတိတ်ဆိတ်ကာ အချိန်တွက်ချက်နေပြီးမှ...

“လွန်ခဲ့တဲ့ (၁၀)ရက်လောက်က...”

ရွှီဖေးက မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲတွင်တော့ လေးလံလျှက်ပင်။

လွန်ခဲ့သည့် (၁၀)ရက်ဆိုသည်က မကြာသေးခင်က ကိစ္စဖြစ်သည်။

အကြီးအကဲ’လျို’ နှင့်အခြားသူများကို ဖမ်းဆီးပြီးနောက် အချိန်အတန်ကြာပြီဆိုနိုင်လေရာ ဖမ်းမိပြီးသား ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုများက လုဝမ်ကို သွေးဆောင်ခဲ့ခြင်းမျိုး မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် ဝါဒတောင်တွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုများ ဆက်လက်ရှိနေပြီး ရာထူးအနေအထား နိမ့်ပါးသူများလည်းမဟုတ်ကြောင်း သက်သေပြနေသည်။

လုဝမ် သူ့အခြေအနေကို ထိန်းညှိပြီးနောက် အတော်လေးတည်ငြိမ်သွားသည့်အခါ ရွှီဖေးက စကားဆိုသည်။

“ဂိုဏ်းတူညီလေး ’လု’ ၊ မင်း အခြေအနေကောင်းရင် ဂိုဏ်းကအကြီးအကဲတွေကို အတူတူသွားတွေ့ရအောင်”

လုဝမ်မှာ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးအခြေအနေမဟုတ်သေးသော်လည်း မတ်တတ်ထရပ်ရင်း...

“ကောင်းပြီ”

သူတို့ (၂)ယောက် ပထမဆုံးသွားရောက်တွေ့ဆုံသူမှာ ရွှီဖေး၏ဆရာ ရှီတိဖြစ်သည်။

ရွှီဖေးက မျက်နှာတစ်ချက်မပျက် တည်ငြိမ်စွာဖြင့် သူတို့ (၂)ယောက်ထံမှ အဖြစ်အပျက်များကို သေသေချာချာ မေးမြန်းသည်။

ပြီးမှ သူက ခဏမျှစဉ်းစားရင်း...

“ငါတို့တွေ ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ကို အရင်ဆုံးသွားတွေ့ရအောင်”

သူတို့အားလုံး တာဝန်ခန်းမသို့ သွားခဲ့ကြသော်လည်း မကြာသေးခင်ကပင် ဖန်ကျွင်း ပြန်သွားပြီဖြစ်ကြောင်း ကြားသိရသည်။

ဖန်ကျွင်းနေထိုင်ရာနေရာသို့ လိုက်သွားပြန်တော့လည်း ဖန်ကျွင်းက ပြန်မရောက်သေးပေ။

တာဝန်ခန်းမနှင့် အိမ်အပြန်လမ်းတွင် ဖန်ကျွင်းတစ်ယောက် သဲလွန်စမကျ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဖန်ကျွင်း၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ့ကိုယ်သူ ဖုံးကွယ်ထားမည်ဆိုပါက ဝါဒတောင်တွင် သူ့ကို ရှာဖွေနိုင်သူ အညနည်းငယ်သာရှိသည်။ သို့သော် ထူးခြားဖြစ်စဉ်မရှိဘဲ ဖန်ကျွင်းက ထိုသို့လုပ်ဆောင်မည် မဟုတ်ပေ။

ယခုလို ထိလွယ်ရှလွယ် မငြိမ်သက်ဖြစ်နေသောကာလတွင် ဤသို့ဖြစ်ရခြင်းက အကြောင်းအရာများ ဆက်စပ်နေနိုင်သည်။

ရွှီဖေးနှင့် လုဝမ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ လုဝမ်၏မျက်နှာမှာ သနားစရာကောင်းလောက်အောင် ဖြူဖျော့လျှက် ရှိ၏။

ရှီတိက အေးဆေးတည်ငြိမ်စွာဖြင့်...

“ဒီကိစ္စက သာမန်မဟုတ်ပေမယ့် အခြေအနေတွေဘာမှန်းမသိရခင် အများကြီးလျှောက်တွေးမနေကြနဲ့”

သူကဆက်ပြောသည်။

“ဖန်ကျွင်းကို အရင်ရှာကြမယ် ၊ ဒါပေမဲ့ သတင်းပျံ့မသွားစေနဲ့ ၊ ဂိုဏ်းတူညီလေး’ရန်တိ’ ၊ ဆရာဒေါ်လေး’ဟယ်’ နဲ့ တခြားအကြီးအကဲတွေကိုတော့ ဒီကိစ္စ အသိအပေးလိုက်”

ထို့နောက် ရှီတိက ရွှီဖေးနှင့် လုဝမ်တို့ကိုဖြတ်ကျော်ထွက်သွားရင်း စကားဆက်ပြောသည်။

“ငါ... ပုဂ္ဂိုလ်ရေးအရပြောရရင်တော့... ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ အပေါ် ယုံကြည်ပါတယ်”

ရွှီဖေးနှင့်လုဝမ်တို့ ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေသည်။

ဖန်ကျွင်းက ချောက်နက်ဖျက်ဆီး‌ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းခြင်းမဟုတ်ပါက ယခု သူ ပျောက်ကွယ်သွားခြင်းမှာ အလွန်အန္တရယ်များသည်။ သူက လျှို့ဝှက်ကိစ္စတစ်ခုခုကို သတိထားမိပြီး ထိုအခြေအနေတွင် ပါဝင်ပတ်သက်မိကာ ရုန်းမထွက်နိုင်တော့ခြင်း ဖြစ်နိုင်သည်။

သူက စွမ်းအားမြင့်မားသူဖြစ်သည့်တိုင် အန္တရယ်ထဲ ပိတ်မိနေခြင်း ဖြစ်နိုင်သည်။

ဖန်ကျွင်းပင်လျှင် ထိုအန္တရယ်ကို ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ပါက ယခုတစ်ကြိမ် ရန်သူ၏တိုက်ခိုက်ခြင်းက အဘယ်မျှကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သည်ကို မှန်းဆကြည့်နိုင်သည်။

ဤသည်က တကယ့်ကို အကောင်းမြင်သည့်ဘက်ခြမ်းမှ တွေးတာခြင်းဖြစ်သည်။

အကယ်၍ ဖန်ကျွင်းက ငရဲကိုးထပ်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ပတ်သက်နေမည်ဆိုလျှင်...

ရွှီဖေးနှင့် လုဝမ်တို့ (၂)ယောက်လုံး နှုတ်ဆိတ်နေကြသည်။ ထိုအကြောင်းကို ဆက်လက်တွေးတောရန် သူတို့ သတ္တိမရှိကြပေ။

ရှီတိက...

“အခု ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ က လောလောဆယ် ဘာြဖစ်မှန်း မသိသေးဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး’ရန်တိ’ရဲ့ အိမ်တော်မှာဖြစ်တဲ့ပြဿနာ ၊ လုဝမ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ ၊ ဖန်ကျွင်း ပုံမှန်မဟုတ်ဘဲ ပျောက်ဆုံးသွားတာတွေ... ဒါတွေကိုကြည့်လိုက်ရင် ရန်သူကလှုပ်ရှားနေပြီဆိုတာ သိသာတယ်၊ သူတို့ဘက်က အင်အားတွေစုပြီး လှုပ်ရှားဖို့အသင့်ဖြစ်နေပြီဆိုတာကို ပြသတာပဲ”

သူက ဆက်ပြောသည်။

“ဒီတော့ ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ကို ရှာမယ့်ကိစ္စ သတင်းမပြန့်စေနဲ့ဦး ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းအနေနဲ့ ပြင်ပရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုပြီးသတိထားရမယ် ၊ ဂိုဏ်းထဲဝင်ပြီး ခြေလှမ်းဖို့ပြင်ဆင်နေတဲ့ သူလျိုတွေကိုလည်း သတိထားရမယ် ၊ ရန်သူက လှုပ်ရှားတော့မယ်”

ရွှီဖေးက လုဝမ်ကို ရှီတိဆီသို့ခေါ်လာစဉ် သူတံခါးပိတ်ကျင့်ကြံနေစဉ်အချိန်အတွင်း ပြင်ပလောကတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်း ပြောပြခဲ့သည်။ ထို့ကြေင့် အဖြစ်အပျက်များအားလုံးကို လုဝမ် သိရှိပြီး ဖြစ်သည်။

လုဝမ်နှင့် ရွှီဖေးက...

“ဟုတ်ကဲ့ ၊ တပည့်နားလည်ပါပြီ ၊ အခုပဲ တခြားအကြီးအကဲတွေကို အကြောင်းကြားလိုက်ပါ့မယ်”

ညို့မှိုင်းနေသောတိမ်များထူထပ်ရာ‌ ကောင်းကင်ပြင်ကို ခေါင်းမော့ကြည့်ရင်း ရွှီဖေးအကြည့်များ လေးနက်လျှက်ရှိသည်။

“ဒီတစ်ခေါက်မုန်တိုင်းကတော့ သေးငယ်တဲ့မုန်တိုင်းတစ်ခု မဟုတ်လောက်ဘူး”

***

ဝါဒတောင်တွင် ထိုသို့သောအဖြစ်အပျက်များ ဖြစ်ပျက်နေစဉ် ကောင်းကင်နယ်မြေ ၊ ယွင်ကျန်းစီရင်စု ၊ ‘ရန်’ အိမ်တော်၏ ခြံဝင်းတစ်ခုထဲတွင် ရန်ကျောက်ကဲ ရှိနေသည်။

သူသည်လည်း ရွှီ‌ဖေးကဲ့သို့ပင် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။

ဤနေရာတွင်တော့ ကောင်းကင်ပြင်က ကြည်လင်နေပြီး နေရောင်ခြည် ထွန်းလင်းတောက်ပလျှက်ရှိ၏။

သို့ပေသိ ရန်ကျောက်ကဲ၏အတွေးများကတော့ မရပ်မနားပြေးလွှားလို့နေသည်။

“ငါသာ တစ်ဖက်လူဆိုရင် ဘာလုပ်ဖို့စဉ်းစားမလဲ”

“ဆရာဘိုးဘိုးက အောင်အောင်မြင်မြင်နဲ့ သိုင်းသူတော်စင်အဆင့်ရောက်သွားမယ်ဆိုရင် အချိန်တိုအတွင်း ငါတို့ဂိုဏ်း ပိုမိုတိုးတက်ကောင်းမွန်လာဖို့ အာမခံချက်ရှိတယ် ၊ ဒါပေမဲ့  အခု ဆရာဘိုးဘိုးက အားအနည်းဆုံး အခြေအနေမှာ ရှိနေတယ် ၊ ဒီတော့ အတွင်းအပြင်ရန်သူတွေ ပူးပေါင်းတိုက်ခိုက်ကြမယ်ဆိုရင် သူ့ကို အဓိကပစ်မှတ်ထားဖို့များတယ် ၊ တစ်ခါတည်းမီးငြိမ်းသွားအောင် မီးဖိုထဲက ထင်းချောင်းကို ဆွဲထုတ်လိုက်တဲ့သဘောပဲ”

“အဖေက ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်ထားတယ် ၊ သူက လက်ရှိယာယီဂိုဏ်းချုပ်ဆိုတော့ အာဏာအကြီးဆုံးပုဂ္ဂိုလ်ပဲ ၊ ဒါပေမဲ့ အဲဒါကို ခဏဖယ်ထား... ၊ တကယ်လို့ အဖေသာကျရှုံးခဲ့ရင် ငါတို့ဂိုဏ်းတစ်ခုလုံး ချက်ချင်းပြိုလဲသွားလိမ့်မယ်”

“ပထမဆရာဦးလေးနဲ့ ငါနဲ့ကလည်း နှစ်ယောက်လုံးမှာ မိစ္ဆာသင်္ကေတတွေ ရှိနေတယ် ၊ တကယ်လို့ ငါတို့နှစ်ယောက်လုံးသာ တစ်ခုခုဖြစ်သွားရင် ကန္တာဒေသက မဟာငရဲကိုးထပ်တံခါး နောက်တစ်ကြိမ်ပွင့်လာနိုင်ခြေရှိတယ် ၊ အဲဒီလိုဖြစ်လာရင် ငါတို့ဂိုဏ်းကလည်း ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး ၊ ပထမဆရာဦးလေးက ကျင့်ကြံခြင်းအဆင့်မြင့်မားပေမယ့် ငါနဲ့အတူတူ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖျက်ဆီးခဲ့တာကြောင့် ရန်သူ့ဘက်က သူ့ကိုပစ်မှတ်ထားနိုင်ခြေ ရှိတယ်”

ရန်ကျောက်ကဲက  သူ၏ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ရင်း...

“အရေးကြီးဆုံးကိစ္စကတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကလူတွေ ငါတို့ဂိုဏ်းကအကြီးအကဲတွေကြားထဲ စိမ့်ဝင်နေသေးလားဆိုတာပဲ ၊ သူလျှိုတွေရှိနေသရွေ့ ငါတို့လုပ်သမျှ အကုန်ပေါက်ကြားပြီး  ဘာအစီအစဉ်မှ အကောင်အထည်မဖော်နိုင်ပဲဖြစ်ရလိမ့်မယ် ၊ ရန်သူ့ဘက်က တိုက်ခိုက်လာရင်တော့ ပြောနေစရာတောင်မလိုဘူး ၊ အခြေအနေ ပိုဆိုးသွားနိုင်တယ်”

“အဲဒီသူလျိုတွေကိုလည်း နေ့ရောညပါ စောင့်ကြည့်နေရတာ အိမ်တွင်းသူခိုးစောင့်ဖမ်းရတာကျနေတာပဲ... ဟင်း...”

ရန်ကျောက်ကဲတွေးတောနေစဉ် အားဟူက အလျင်အမြန်ပြေးလာရင်း...

“သခင်လေး... လျန်ဟူစီရင်စုက မူဝါဒအကြီးအကဲက အရေးတကြီးစာပေးပို့လာပါတယ် ၊ အဲဒီမှာ တစ်ယောက်ယောက်က အစီအရင်တည်ဆောက်ပြီး ငရဲကိုးထပ်ကို ဒီကမ္ဘာထဲ ဆွဲခေါ်နေတယ်တဲ့”

ရန်ကျောက်ကဲက...

“အဟက်... သူလျှိုတွေ ရှိ မရှိ ခန့်မှန်းနေဖို့မလိုတော့ဘူး ၊ ဘယ်ကောင်တွေသူလျှိုလုပ်နေလဲဆိုတာပဲ စုံစမ်းရတော့မယ်”

လျန်ဟူစီရင်စုဆိုသည်က ယွင်ကျန်းစီရင်စုကဲ့သို့ပင် အလယ်ပိုင်းကောင်းကင်ဒေသတွင်တည်ရှိပြီး ဝါဒတောင်အတွက် အရေးပါသောဒေသတစ်ခု ဖြစ်သည်။

ထိုသို့သောနေရာမျိုးသို့ ရအောက်ဝင်ပြီး မဟာငရဲကိုးထပ်တံခါးကို ဖွင့်လှစ်ရန် အစီအရင်တည်ဆောက်ခြင်းသည် အတွင်းမှသူလျှိုများ ကူညီပေးခြင်းမရှိဘဲ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ပြီးတော့ ကူညီပေးနေသည့်သူလျှိုကလည်း ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသူ မဟုတ်သည်မှာ သေချာသည်။

ရန်ဝမ်ကျန်းနှင့် အခြားသူများမှာ ထိုသတင်းကိုကြားပြီးနောက် အားလုံးစိတ်ထဲလေးလံသွားကြသည်။

ရန်ကျောက်ကဲက...

“ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူး ၊ ရန်သူက ကျွန်တော်တို့ဂိုဏ်းရဲ့ တံခါးဝမှာ မီးလာရှို့တာပဲ ၊ အဲဒါကို ရေတစ်ဇလုံလောက်ယူပြီး ငြိမ်းလိုက်ရင် ရတယ် ၊ ဒါပေမဲ့ မီးကို အမှန်တကယ်မငြိမ်းစေချင်ဘူးဆိုရင်တော့် သူတို့က ကျွန်တော်တို့ကို နည်းလမ်းပေါင်းစုံသုံးပြီး ဟန့်တားမှာပဲ”

သူ့စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲစိတ်အစဉ်ကို တုန်လှုပ်သွားစေသည့် ကြီးမားသောဖိအားတစ်ခု အဝေးတစ်နေရာမှ ထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံးအား လွှမ်းခြုံသွားလေ၏။

“ချီးပဲ...”

အားဟူ ဆဲရေးလိုက်သည်။

“အဲဒါ သိုင်းသူ‌တော်စင်တစ်ယောက်ပဲ”

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း...

“မိစ္ဆာသူတော်စင် ယွမ်ထျန်း ၊ သူ တကယ်ရောက်လာတာပဲ”

***

All Chapters