← Chapters

သိုင်းသူတော်စင်အဆင့်တိုက်ပွဲ

Vol. 20 Ch. 274

သိုင်းသူတော်စင်အဆင့်တိုက်ပွဲ

Vol. 20 Ch. 274

ရန်ကျောက်ကဲက အမြဲတမ်း သူ့ကိုယ်သူ မြင့်မားသည့်အမြင်ရှိသော်လည်း စိတ်ရင်းအမှန်ဖြင့် ဝန်ခံရလျှင်တော့ သိုင်းသူတော်စင်တစ်ယောက်ကို မည်သည့်နည်းနှင့်မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

မိစ္ဆာသူတော်စင်ယွမ်ထျန်း ထွက်ပေါ်လာသည်ကိုကြည့်ခြင်းအားဖြင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဝါဒတောင်ကို ဖိအားပေးချင်သည်မှာ ထင်ရှားသည်။ သူတို့က တောင်ပေါ်မှကျားကို မျှားခေါ်ပြီး အခြားနေရာများမှလူများအတွက် အခွင့်အရေးပေးလိုခြင်း ဖြစ်သည်။

သူလျှိုတစ်ယောက်၏အဆင့်အတန်းက မည်မျှပင်မြင့်မားပါစေ ယွမ်ထျန်းကို ဝါဒတောင်ဌာနချုပ်ရှိရာသို့ မည်သူမှမသိ‌အောင် ခေါ်ဆောင်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ ထိုသို့ပြုလုပ်လိုက်လျှင် ဝါဒတောင်ကို လုံးဝ မျက်စိထဲမထားရာရောက်သွားပေမည်။

သို့သော် ယွမ်ထျန်းပေါ်လာသည့်နေရာကို လျစ်လျူမရှုနိုင်ခြင်းက ဝါဒတောင်ကို ကူရာကယ်ရာမဲ့စေသည်။

မိစ္ဆာသူတော်စင်ယွမ်ထျန်းကို စိတ်ရှိတိုင်းသောင်းကြမ်းခွင့်ပြုလိုက်ပါက အချိန်တိုအတွင်း သူ့ကြောင့်လူပေါင်းများစွာ သေကြေပျက်ဆီးကြရမည်ဖြစ်သည်။ သူ့ကြောင့်ဖြစ်ပွားရသည့် သေကြေမှုများမှာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကြောင့် သေကြေရသူများထက် လျော့နည်းမည် မဟုတ်ပေ။

ထို့ပြင် ဝါဒတောင်အုပ်ချုပ်ရာနယ်မြေမှ လူအများနေထိုင်ရာနေရာမျာစွာ ဖျက်ဆီးခံရသည့်တိုင် ဝါဒတောင်က တောင်တံခါးကိုတင်းတင်းကျပ်ကျပ်ပိတ်ထားပြီး ကူညီဖြေရှင်းခြင်းမပြုပါက မျက်နှာပျက်စရာ ဖြစ်ရမည်ပင်။

ရန်ကျောက်ကဲ ယွင်ကျန်းစီရင်စုသို့ ခရီးထွက်လာစေရန် မျှားခေါ်လာပြီးမှ ယွမ်ထျန်းက တိုက်ခိုက်ခြင်းမှာ ကြီးမားသောအစီအရင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အဓိကရည်ရွယ်ချက်မှာ ကြယ်တာရာချီသန့်စင်ဝတ်ရုံနှင့်အတူ ရန်တိကို ဝါဒတောင်မှ ဆွဲထုတ်ရန် ဖြစ်သည်။

ရန်တိနှင့် ဝါဒတောင်မှအကြီးအကဲများက သတ္တိကြောင်သူများ မဟုတ်ကြသော်လည်း လက်ရှိအချိန်က ယွမ်ကျန်းဖုန်း သိုင်းသူ‌တော်စင်အဆင့်သို့တက်ရန် အရေးကြီးသောအခိုက်အတန့်သို့ရောက်ရှိနေသလို အခြေအနေများကလည်း မတည်ငြိမ်သည့်ကာလဖြစ်သည်။ ထိုအချိန်မျိုးတွင် ဂိုဏ်းတွင်းဂိုဏ်းပြင်ပြဿနာများ တစ်ပြိုင်တည်းပေါ်ပေါက်လာပါက ဝါဒတောင်က ဂိုဏ်းအတွင်းအန္တရယ်ကင်းရေးကိုသာ ကြံ့ကြံ့ခံပြုလုပ်ရန် ရွေးချယ်မည်ဖြစ်သည်။ ဂိုဏ်းအပြင်ပြဿနာများအတွက် ပြင်ပသို့ထွက်လာနိုင်ခြေနည်းပါးသည်။ ယွမ်ထျန်းပြဿနာရှာခဲ့လျှင်လည်း နောက်မှသာ ယွမ်ထျန်းကို လက်စားချေရန် စဉ်းစားပေလိမ့်မည်။

ထို့ကြောင့် ရန်ကျောက်ကဲကို ဂိုဏ်းအပြင်ဆွဲထုတ်ပြီး ယွမ်ထျန်းက ပြဿနာရှာလိုက်ခြင်းမှာ ရန်တိ တောင်ပေါ်မှဆင်းလာစေရန် ဝှက်ဖဲတစ်ချပ်သာ ဖြစ်သည်။

ယခု ယွမ်ထျန်းရောက်လာပြီဖြစ်ရာ ရန်ကျောက်ကဲ ထွက်ပြေးချင်လျှင်ပင် ထွက်မပြေးနိုင်တော့ပေ။ သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းရင်း အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

မီးခိုးရောင်မြူခိုးများက မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်ပြီး ကောင်းကင်ံတစ်ခုလုံးကို ဖုံးလွှမ်းကာ ‘ရန်’ အိမ်တော်ဆီသို့ ပျံ့လွင့်လာသည်။ တိမ်ခိုးများကြောင့် နေရောင်ခြည်ကိုပင် တွေ့မြင်ရခြင်း မရှိတော့ပေ။

နဂိုက ကြည်လင်တောက်ပပြီး လှပနေခဲ့သော ကောင်းကင်ပြင်နှင့် နေရောင်ခြည်တို့ လုံးဝပျောက်ကွယ်သွားပြီး မိုးမြေတစ်ခွင်လုံး မီးခိုးရောင်ယှက်သန်းသွားသည်။

ကြီးမားကျယ်ပြန့်သော မီးခိုးရောင်တိမ်တိုက်များကြားတွင် များပြားလှစွာသော ပုံရိပ်ယောင်များ ထင်ထင်ရှားရှားထွက်ပေါ်နေပြီး တိမ်တိုက်များက နာကျင်ကြေကွဲနေသည့် တိမ်တိုက်မျက်နှာကြီးများအဖြစ် ပြောင်းလဲသွားကာ အဆုံးမဲ့ ညည်းတွားသံများကို ထုတ်လွှတ်လျှက်ရှိကြသည်။

ရန်ကျောက်ကဲ ၊ အားဟူနှင့် အခြားသူများအားလုံး အုံ့မှိုင်းအေးမြမှုကို သိသိသာသာ ခံစားလိုက်ကြရသည်။

ထိုအအေးဓာတ်က ခန္ဓာကိုယ်၏ အာရုံ (၅)ပါးမှတစ်ဆင့် စိမ့်ဝင်သွားခြင်းမျိုးမဟုတ်ဘဲ အကြီးကျယ်ဆုံးသော ထိတ်လန့်မှုကို ရင်ဆိုင်ရသည့်အလား လူတိုင်း၏ နှလုံးသားအတွင်းမှ ထွက်ပေါ်လာသော အအေးဓာတ်ဖြစ်သည်။

အုံ့မှိုင်းနေသည့် အနက်ရောင်တိမ်တိုက်များကို ငေးကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်သည်။

“မိစ္ဆာသူတော်စင်ရဲ့နောက်မှာ တကယ်ပဲ ဝူချန်နတ်ဆိုးဂိုဏ်းရဲ့ အရိပ်အယောင်တွေ ရှိနေတာပဲ ၊ သူ့ရဲ့ သိုင်းပညာထဲမှာ ဗုဒ္ဓရဲ့ မမြဲခြင်းတရားအယူအဆကို ထည့်သွင်းနိုင်ပြီလားတောင် မသိနိုင်ဘူး”

မဟာကပ်ဘေးကြီးမတိုင်ခင်က ဝူချန်နတ်ဆိုးဂိုဏ်းသည် ကြီးမားသောအပြောင်းအလဲကြီးတစ်ခုဖြင့် ရင်ဆိုင်ခဲ့ရသည်။ ဂိုဏ်း၏ အနှစ်သာရသိုင်ပညာများမှအစပြုကာ ဘိုးဘေးများစွာချန်ထားခဲ့သော သိုင်းအမွေအနှစ်များအထိ ပြဿနာများနှင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

ထိုစဉ်က ရန်ကျောက်ကဲသည်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းအချို့သာ ကြားသိခဲ့ရကာ တိတိကျကျ မသိရှိခဲ့ရပေ။

ထို့နောက် မဟာကပ်ဘေးကြီးကျရောက်လာပြီး ထိုပြဿနာများကို မဖြေရှင်းနိုင်ခင် ဝူချန်နတ်ဆိုးဂိုဏ်းသည်လည်း မိုးမြေတစ်ခွင်တွင် ပျောက်ကွယ်သွားခဲ့ရသည်။

ကောင်းကင်ထက်တွင် ဖုံးလွှမ်းနေသည့် အနက်ရောင်တိမ်တိုက်များကိုကြည့်ရင်း ရန်ကျောက်ကဲ၏စိတ်အစဉ် တုန်လှုပ်သွားကာ အတိတ်မှမှတ်ဉာဏ်များက ပြန်လည်မြင့်တက်လွှမ်းခြုံလာသည်။

ယွင်ကျန်းစီရင်စုတစ်ခုလုံး ညအမှောင်ကျရောက်သည့်အလား ကြီးမားသောအမှောင်ထုကြီး ဖုံးကွယ်သွားသည်။

ရောက်ရောက်ချင်းမှာပင် ယွမ်ထျန်းက စကားလုံးများဖြင့် အချိန်ဖြုန်းမနေဘဲ ပြင်းထန်သည့်လက်သီးချက်တစ်ချက်ထိုးနှက်ချလိုက်သည်။ ပုံရိပ်ယောင်များက အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

‘ရန်’ အိမ်တော်၏ ပင်မအစီအရင်သည် ယွမ်ထျန်းရှေ့တွင် ရှိသည်ဟုပင် မထင်ရတော့ပေ။

အဖြူရောင်အလင်းနဂါးများစွာသည် ကောင်းကင်ထက်တွင် ခုန်ပျံ က ခုန် နေကြဆဲ ဖြစ်သော်လည်း ယွမ်ထျန်းကို လုံးဝမတားဆီးနိုင်လေရာ စိတ်ကူးယဉ်ဆန်ဆန် အလှဆင်ထားသည့်ပမာ ထင်မှတ်ရသည်။

ထိုအချိန် ယွမ်ထျန်း၏လက်သီးချက်က ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မှာ သူ့စိတ်ဆန္ဒမပါဘဲ မည်သို့မှမလွန်ဆန်နိုင်စွာ လေထဲသို့ အလိုလို‌မြောက်တက်သွားသည်။

အားဟူနှင့် ‘ရန်’ အိမ်တော်မှလူများအားလုံးမှာ တစ်ကိုယ်လုံး ထုံကျင်သည့်ဝေဒနာကို ခံစားနေကြရသဖြင့် ရန်ကျောက်ကဲကို မည်သည့်နည်းနှင့်မှ မကူညီနိုင်ကြပေ။

မကြာမီ သူတို့ကိုယ်တွင်းအင်္ဂါများကို တစ်စုံတစ်ယော်က ဆုပ်ညှစ်ထားသည့်အလား တင်းကျပ်စွာခံစားလိုက်ရပြီး တစ်ကိုယ်လုံးမှအရိုးများပေါက်ကွဲထွက်တော့မည့်အလား ထင်မှတ်ရသည်။ သွေးကြောများအက်ကွဲပြီး မွေးညင်းပေါက်များအတွင်းမှ သွေးစများပင် စိမ့်ထွက်လာကြသည်။

‘ရန်’ အိမ်တော်၏ အိမ်တော်ထိန်း ရန်ဝမ်ကျန်းက ဤနေရာတွင် သိုင်းစွမ်းအမြင့်မားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူက သိုင်းဆရာသခင် စတုတ္ထအဆင့် ၊ အမတဝိညာဉ်ကနဦးအဆင့်ရှိသူတစ်ယောက်ပင်။

သို့တိုင် မိစ္ဆာသူတော်စင်၏လက်သီးသိုင်းဝိညာဉ်အောက်တွင် လုံးဝလှုပ်ရှားနိုင်ခြင်းမရှိခဲ့ပေ။

ယွမ်ထျန်းက လူကိုယ်တိုင်ပင် ထွက်ပေါ်မလာဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ရန်ကျောက်ကဲကို အသက်ရှင်လျှက်ဖမ်းဆီးရန် စီစဉ်လိုက်သည်။

ရန်ကျောက်ကဲကတော့ ယွမ်ထျန်း၏ ပစ်မှတ်ထားခြင်းကို ခံရသည့်တိုင် မျက်နှာတစ်ချက်မပျက်ဘဲ တည်ငြိမ်အေးဆေးနေဆဲဖြစ်သည်။ သူက ယွမ်ထျန်း၏လက်သီးချက်ကို စိတ်ဝင်စားစွာ လေ့လာရင်းခွဲခြမ်းစိတ်ဖြာကြည့်နေသည်။

ရန်ကျောက်ကဲက ပုံမှန်မဟုတ်သည်ကို  သတိထားမိသော်လည်း ယွမ်ထျန်းက မည်သည့်မေးခွန်းမှ မမေးမြန်းဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်လှုပ်ရှားနေသည်။

ဤကမ္ဘာရှိ သိုင်းသူတော်စင် (၆)ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သောကြောင့် သူ၏စွမ်းဆောင်နိုင်စွမ်းကို အပြည့်အဝယုံကြည်။

သို့သော်...

ခဏအကြာတွင် သူ၏အကြံအစည်များ မအောင်မြင်နိုင်တော့ကြောင်း စိတ်မကောင်းစရာ သိရှိလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် မရေမတွက်နိုင်သော ကြည်လင်တောက်ပသည့် ချီစွမ်းအားအလင်းတန်းများ ကောင်းကင်ယံတစ်ခုလုံးအား ခြုံလွှမ်းသွားပြီး တိမ်တိုက်များကြားပျံ့နှံ့သွားသောကြောင့်ပင်။  နေရောင်ခြည်ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးကို တစ်ဖန်ပြန်လည် အသက်ဝင်လင်းလက်လာသည်။ များပြားလှစွာသော ကြည်လင်သည့် ချီစွမ်းအားစီးကြောင်းများကြောင့် လောကတစ်ခုလုံးရုတ်ချည်းတုန်လှုပ်သွားသည့်အလား ခံစားရသည်။

ဓားဝိညာဉ်တစ်ခုက မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်ဝင်ရောက်လာပြီး ‘ရန်’ အိမ်တော်ကို ဖိနှိပ်ထားသည့် ယွမ်ထျန်း၏လက်သီးသိုင်းဝိညာဉ်အား ဖြိုခွဲပစ်လိုက်သည်။

ရန်ကျောက်ကဲ ယွမ်ထျန်းလက်မှလွတ်မြောက်သွားပြီး လေထဲတွင်ပျံသန်းရင်း ‘ရန်’ အိမ်တော်ခြံဝင်းအတွင်းသို့ ပြန်လည်ဆင်းသက်လာသည်။

အားဟူ ၊ ရန်ဝမ်ကျန်းနှင့် အခြားသူများမှာ ယခုမှအသက်ရှူချောင်သွားပြီး ခန္ဓာကိုယ်ပေါက်ကွဲလုမတတ် ဖိနှိပ်ခံထားရသည့်စွမ်းအားမှ လွတ်မြောက်သွားကြသည်။

အနက်ရောင်တိမ်တိုက်များက လေထုအတွင်းလွင့်ပြယ်သွားပြီး ဘေးတစ်ဖက်တစ်ချက်သို့ ပြန့်ကျဲသွားသည်။ တိမ်တိုက်များအတွင်းမှ လူတစ်ဘောက်ထွက်ပေါ်လာပြီး ထိုသူက စာပေပညာရှင်တစ်ယောက်အသွင် လူရွယ်တစ်ယောက်ဖြစ်ကာ မျက်နှာက တစ္ဆေတစ်ကောင်အလား ဖြူဖျော့နေသည်။

ထိုသူမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခွင်တွင်ကျော်ကြားသော “မိစ္ဆာသူတော်စင်ယွမ်ထျန်း” ပင် ဖြစ်၏။

ယွမ်ထျန်းက အနည်းငယ်မျက်မှောင်ကြုတ်ရင်း...

“ကြယ်တာရာသန့်စင်ချီဝတ်ရုံ ၊ ရန်တိ...”

မိုးမြေတစ်ခွင်တွင် တိမ်နှင့်လေများ တဟုန်ထိုးအရှိန်ပြင်းထန်စွာ မြင့်တက်လာပြီး အသက် (၃၀)ပင် ပြည့်ဟန်မရှိသေးသော ချောမောခန့်ညားသည့် လူရွယ်တစ်ယောက် ထွက်ပေါ်လာသည်။ သူ၏မျက်ခုံးမွှေးများကတော့ အနည်းငယ်အဖြူရောင်သမ်းလျှက်ရှိသည်။ ထိုသူမှာ ရန်ကျောက်ကဲ၏ဖခင် ၊ လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်အဖြစ် တာဝန်ယူထားရသော ရန်တိပင် ဖြစ်သည်။

ရန်တိကိုတွေ့တော့မှ ရန်ဝမ်ကျန်းနှင့် အခြားသူများအားလုံး စိတ်သက်သာရာရသွားကြသည်။

ယွမ်ထျန်းက ရန်တိကို စူးစိုက်ကြည့်နေသည်။ ရန်တိဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်ရုံကို စူးစိုက်ကြည့်နေခြင်းဆိုလျှင် ပို၍မှန်ပေလိမ့်မည်။

ကြီးမားသောအဖြူရောင်ဝတ်ရုံက ရန်တိတစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးကို ပုံပျက်သွားစေကာ မိုးမြေအာကာသတစ်ခွင်လုံးက ထိုဝတ်ရုံဖြင့် ပေါင်းစပ်သွားဟန် ရှိသည်။ ထိုဝတ်ရုံထဲတွင် ဗလာနယ်အာကာသ၏ နက်ရှိုင်းသော ပြောင်းလဲခြင်းတရားများ ပါဝင်နေသည်။

ကြည်လင်တောက်ပနေသော မရေမတွက်နိုင်သည့် ချီစွမ်းအားစီးကြောင်းများက ထိုအဖြူရောင်ဝတ်ရုံမှ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ကြယ်တာရာသန့်စင်ချီဝတ်ရုံ”

ယွမ်ထျန်းက ခေါင်းတစ်ချက်ညိတ်ကာ ရန်တိကိုကြည့်လိုက်သည်။

“မင်း ဘာလို့ဒီကိုရောက်နေရတာလဲ ၊ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝါဒတောင်မှာ မထားခဲ့ဘဲ ယူလာတယ်ဆိုတော့ ဒီ’ယွမ်’ မျိုးနွယ် ဒီနေရာကိုလာမယ်ဆိုတာ မင်း ကြိုသိနေတာလား”

ရန်တိက လက်နှစ်ဖက်နောက်ပစ်ရင်း ယွမ်ထျန်းကို အေးဆေးစွာ ကြည့်လိုက်သည်။

သူက ယွမ်ထျန်းမေးသည့်မေးခွန်းကို ပြန်မဖြေဘဲ...

“ယွမ်ထျန်း... မင်းရဲ့အဆင့်အတန်းနဲ့ ဘာလို့ ငရဲကိုးထပ်အတွက် အလုပ်လုပ်ပေးနေရတာလဲ ၊ သူတို့က မင်းကိုဘာတွေများ ပေးနိုင်လို့လဲ ၊ ဘာလဲ... လူသားဘဝကိုကျော်လွန်ပြီး ထာဝရအသက်ရှင်သန်ခြင်းကို သူတို့က ပေးနိုင်သတဲ့လား”

ယွမ်ထျန်းက ခေါင်းခါယမ်းရင်း...

“ဘာပဲဖြစ်ဖြစ်ပေါ့ကွာ... မင်းကို ဝါဒတောင်ကထွက်လာအောင် မျှားခေါ်ဖို့ ငါ ဒီနေရာကို ရောက်လာတာ ၊ အခု မင်း ရောက်လာတယ်ဆိုတော့ ငါ့ရည်ရွယ်ချက် အောင်မြင်တယ်လို့ ဆိုရမယ်”

သူကဆက်ပြောသည်။

“ကဲ... မင်းရဲ့အတွေးတွေကို အကြမ်းဖျင်းခန့်မှန်းကြည့်ရအောင် ၊ မင်းက ငါ့ကိုအသာစီးရအောင်တိုက်ပြီး မင်းရဲ့သားကို ချက်ချင်း ဝါဒတောင်ကို ပြန်ခေါ်သွားမယ်မဟုတ်လား ၊ ဒါဆိုရင် ငါတို့လူတွေလည်း ဝါဒတောင်မှာ အချိန်မီလှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူးလို့ မင်းတွေးတယ်မဟုတ်လား”

ထိုစကားကိုကြားတော့ မြေပြင်ထက်တွင်ရပ်နေသည့် ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

သူ့အဖေနှင့် ယွမ်ထျန်းတို့ (၂)ယောက်လုံးက တစ်ယောက်မေးသည့်မေးခွန်းကို ကျန်တစ်ယောက်က ဖြေဆိုရန် ရည်ရွယ်ချက်ရှိဟန်မတူပေ။ သူတို့က ပျော့ပြောင်းသည့်လေသံဖြင့်စကားပြောနေကြသည့်တိုင် သူတို့စိတ်ထဲတွင်တော့ ဆန့်ကျင်မှုများကို ပြင်းထန်စွာ ပြုလုပ်နေကြသည်။

စွမ်းအားမြင့်မားသူ (၂)ယောက် စတွေ့ကတည်းက တစ်ဖက်နှင့်တစ်ဖက် စကားစစ်ထိုးနေကြလေရာ ပတ်ဝန်းကျင်မိုးမြေသည်ပင် တုန်လှုပ်နေသလို ထင်မှတ်ရသည်။

ယွမ်ထျန်းက ရန်တိကို စူးစိုက်ကြည့်ရင်း...

“ဒါပေမဲ့ ငါ့ရှေ့မှာ မင်းရဲ့သားကို ခေါ်သွားနိုင်ပါ့မလား ၊ လွယ်မယ်ထင်လို့လား”

ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်သည်။

ကြောက်မက်ဖွယ်ရာ စွမ်းအားများက သူ၏လက်သီးထံသို့ ချက်ချင်းပင် စုစည်းလာသည်။

ထို့နောက် ကောင်းကင်ဘုံကိုပင် ထိတ်လန့်တုန်လှုပ်စေသော အရှိန်အဟုန်ဖြင့် လက်သီးတစ်ချက် ထိုးစိုက်ချလိုက်လေတော့၏။

***

All Chapters