မောက်မာသော
Vol. 016 Ch. 1543
များစွာသော ကျင့်ကြံသူများသည် ဓားတရားတောင်တွင် စုဝေးနေကြသည်။ ဓားသမားများမှာ ထိုနေရာတွင် လေ့ကျင့်နေသူများဖြစ်ကြသော်လည်း တခြားလူများမှာကား ရှန်ကျင်းနှင့် လီတောက်စီတို့ အချိန်းအချက်ကို ကြားသိ၍ ရောက်လာကြခြင်းဖြစ်သည်။
ရှန်ကျင်းကား အထက်ကောင်းကင်ဘုံတွင် တခြားသော ပါရမီရှင်များအားလုံးကို အနိုင်ယူခဲ့သူဖြစ်သည်။ သူသည် နတ်နန်းတော်၌ နာမည်ကျော်ကြားပြီးဖြစ်သော်လည်း သူ၏လက်ရည်ကိုပြရန် ငြင်းဆိုလေလေ လူအများက ပိုမို၍ သိလိုကြလေဖြစ်သည်။
အထူးသဖြင့် လီတောက်စီကဲ့သို့သော နာမည်ကျော်ဓားသမားက ဓားတရားတောင်တွင် သူ့ကို စောင့်ဆိုင်းခြင်းသည် လူအများ၏စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေသည်။
ထိုအခိုက်တွင် ပုံရိပ်နှစ်ခုသည် ကောင်းကင်၌ ပျံသန်းနေ၏။ သူတို့ပေါ်လာသည်နှင့် လူတိုင်းက သူတို့ကို လှမ်းကြည့်ကြသည်။ နောက်ဆုံးတွင် သူတို့ ရောက်လာကြလေပြီ။
သူတို့အားလုံး တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့၏။
“အစ်ကိုကျွင်းဟုန်...” ရီဖူရှင်းဘေးမှ လူကို မြင်လျှင် နတ်နန်းတော်တပည့်များက ရေရွက်မိကြသည်။
ကျွင်းဟုန်ကား နတ်နန်းတော်၌ အလွန်နာမည်ကျော်ကြားသူဖြစ်သည်။
သိသာစွာပင် ရှန်ကျင်းသည် နတ်ဘုရားမာန်ဟုန်တောင်၌ ကျွင်းဟုန်နှင့်အတူ လေ့ကျင့်နေခဲ့သည်။
“အစ်ကိုကျွင်း...” သူတို့ရောက်လာလျှင် လူအတော်များများက ဦးညွတ်နှုတ်ဆက်ကြသည်။ ထိုအဖြစ်က ရီဖူရှင်းအား အံ့အားသင့်စေသည်။ သူက ဘေးမှ ကျွင်းဟုန်ကို ထူးဆန်းစွာ ကြည့်သည်။
ကြည့်ရသည်မှာ သည်လူသည် နတ်နန်းတော်၌ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုရှိရပေမည်။ သူတို့ပထမဆုံးတွေ့ဆုံစဉ်က အလွန်ကြီးမားသော ဖိအားများရှိနေခဲ့သည်မှာ မထူးဆန်းတော့။
ရီဖူရှင်းသည် အချို့သော ရင်းနှီးသော မျက်နှာများအား မြင်၏။ သူတို့က ရီဖူရှင်းအား တိုက်ပွဲဆာလောင်သော မျက်လုံးများဖြင့် ကြည့်ကြ၏။ သည်လူ မည်မျှ သန်မာသည်ကို သူတို့က ကိုယ်တိုင်စမ်းသပ်လိုကြသည့်အလား။
ထို့အပြင် ရီဖူရှင်းအား အံ့အားသင့်စေနိုင်အောင် ထိုနေရာ၌ နောက်တစ်ယောက် ရှိနေ၏။ သူကား ရိထျန်းယွီ။
သို့သော်လည်း ရီဖူရှင်း၏အကြည့်က ရိထျန်းယွီထံတွင် တာရှည်ရှိမနေခဲ့။ သူက တစ်ချက်မျှကြည့်ကာ တခြားနေရာများကို ကြည့်လိုက်သည်။
“ကျွင်းဟုန်...” ရိထျန်းယွီက ခေါ်သည်။
ကျွင်းဟုန်က သူ့အား လှမ်းကြည့်လိုက်ပြီးမှ ရိထျန်းယွီ၏ဘေးမှ အမျိုးသမီးကို မြင်သည် “မင်းတို့ နှစ်ယောက် တွဲနေပြီလား”
သည်မတိုင်ခင် သူတို့နှစ်ဦးသည် နီးစပ်သော ဆက်ဆံရေးများရှိနေခဲ့ကြသော်လည်း တွဲသောအဆင့်အထိတော့ မရောက်သေး။ ယခု သူတို့သည် ပုခုံးချင်းယှဉ်ကာ ရပ်နေကြ၏။
ရိထျန်းယွီက အသာအယာပြုံးလိုက်ကာ ငြင်းဆိုခြင်းမပြုပေ။ သူ၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာကာ ပြောသည် “ကျုပ်က နတ်နန်းတော်တပည့် ရိထျန်းယွီပါ”
“ကျွန်မက နတ်နန်းတော်တပည့် ရီမင်ပါ” သူမက ပြုံးနေသော်လည်း ရီဖူရှင်းသည် သူမထံမှ မောက်မာသော အငွေ့အသက်များအား ခံစားရသည်။ သူမထံတွင် မွေးရာပါ တော်ဝင်မြင့်မြတ်သော အငွေ့အသက်များရှိ၏။ သူမသည် ရိထျန်းယွီနှင့် လိုက်ဖက်ဟန်ရသည်။
ထို့အပြင် သူမ၏မျိုးရိုးနာမည်မှာလည်း ရီဖူရှင်းကဲ့သို့ ‘ရီ’ ဖြစ်သည်။
“သူတို့နှစ်ဦးက အထက်ကောင်းကင်ဘုံက မဟုတ်ဘူး။ သူတို့က အဆင့်မြင့်ဘုံကိုးခုက လာကြတာ။ ပြီးတော့ သူတို့နှစ်ယောက်လုံးက ထိပ်သီးအင်အားစုကပဲ။ တစ်ယောက်က ပြည်ထောင်တစ်ခုရဲ့မင်းသားဖြစ်ပြီးတော့ နောက်တစ်ယောက်က ရှေးဟောင်းနိုင်ငံတစ်ခုရဲ့မင်းသမီးပဲ။ သူတို့နှစ်ယောက်ဟာ အဆင့်အတန်းအရမ်းမြင့်ပြီးတော့ လိုက်ဖက်ကြတယ်” ကျွင်းဟုန်က ရီဖူရှင်းအား စိတ်ဖြင့်လှမ်းပြောသည်။
ရီဖူရှင်းသည် ရိထျန်းယွီအား သိသော်လည်း ရီမင်သည်လည်း အထက်ကောင်းကင်ဘုံမှ မဟုတ်သည်ကို ကျွင်းဟုန်ပြောမှ သိလိုက်၏။
“ကျုပ်က ထိုက်ရွှမ်တောင်က ရှန်ကျင်းပါ” ရီဖူရှင်းက သူတို့အား ခေါင်းညိတ်ကာ ပြန်လည်၍ မိတ်ဆက်သည်။
“ကျုပ်က ထိုက်ရွှမ်တောင်ဓားသမားရဲ့နာမည်ကို ကြားခဲ့ပါတယ်။ အခု နတ်နန်းတော်က တပည့်တွေ အကုန်လုံး မင်းကို တွေ့ဖူးချင်ကြတယ်။ အခု ကျုပ်လည်း အဲဒီလိုပါပဲ” ရိထျန်းယွီက ပြုံးလျှက် ယှဉ်ကျေးစွာ ပြောသည်။ ထိုအခိုက်တွင် ရိထျန်းယွီကား ကောင်းကင်အာဏာစက်ဘုံကနှင့် ဆန့်ကျင်စွာ ပြုမူနေသည်။
“အရမ်းယဉ်ကျေးနေစရာမလိုပါဘူး” ရီဖူရှင်းက ပြုံးလိုက်သည်။ ရိထျန်းယွီက ဘာမှ ထပ်မပြောတော့။ သူသည်လည်း စပ်စုလိုစိတ်တစ်ခုတည်းဖြင့် ရောက်လာခြင်းဖြစ်သည်။ လီတောက်စီကား မည်သို့ဆိုစေ သူနှင့်အဆင့်တူတစ်ဦးမဟုတ်ပါလား။ ထို့ကြောင့် ရှန်ကျင်းနှင့် လီတောက်စီတို့တိုက်ပွဲက အားလုံးစိတ်ဝင်စားသောကိစ္စဖြစ်ပေသည်။
ထိုအခိုက်တွင် အလွန်အမင်းအေးစက်သော လှိုင်းတစ်ခု ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ တစ်ဘက်ကို ကြည့်လိုက်သည်။ လူတစ်စုပေါ်လာသည်ကို သူမြင်၏။ ထိုလူများအားလုံးမှာအလွန်အေးစက်သော လှိုင်းများဖြင့် ရစ်ပတ်ထားပြီး သူတို့၏မျက်လုံးများမှာလည်း အလွန်အေးစက်၏။
ထိုအုပ်စုထဲတွင် ရီဖူရှင်း မှတ်မိသောသူတစ်ဦး ပါဝင်သည်။ မည်သို့ဆိုစေ သူသည် သူမထံမှ အသက်ဓာတ်စမ်းချောင်းကို လုယက်ခဲ့သည်မဟုတ်ပါလား။
သူမကား လုချင်းယောင်ဖြစ်သည်။ သူမဘေးတွင် လူငယ်တစ်ဦး ရှိနေသည်။ သူ၏ဆံပင်များသည် နှင်းများကဲ့သို့ ဖြူဆွတ်ကာ သူ့ကိုယ်ရောင်ကိုယ်ဝါသည် အေးစက်သည်။ ထိုအုပ်စုထဲတွင် သူ၏အရှိန်အဝါသည် အကြီးမားဆုံးဖြစ်သည်။
သူမအပေါ် ရီဖူရှင်း၏အကြည့်ကို ခံစားမိလျှင် လူငယ်က ပြန်ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် အဆုံးအစမဲ့သော ရေခဲကမ္ဘာထဲသို့ ဝင်ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏အတွေးများသည်ပင် အေးခဲသွားရသည်။
အကြည့်တစ်ချက်ဖြင့် ရီဖူရှင်းသည် ရေခဲရုပ်တုတစ်ခုဖြစ်သွား၏။
“ဟင်...” ရီဖူရှင်းက အံ့အားသင့်သွားခဲ့သည်။ လီတောက်စီက သူ့အား ဘာမှ မလုပ်ရသေးခင်တွင်ပင် နောက်တစ်ယောက်က သူ့အား တိုက်ခိုက်လိုနေသည်။
ထို့အပြင် သူကား နတ်နန်းတော်၏တိုက်ရိုက်တပည့်တစ်ဦးဖြစ်သည်။ လီချင်းယောင်ကား သူ၏သွေးသောက်ညီမဖြစ်ကာ မြေအောက်အရှင်၏တပည့်ဖြစ်သော ပိုင်ရှုသည်လည်း သူ၏သွေးသောက်ညီဖြစ်သည်။ လူငယ်ကား မြေအောက်အရှင်၏တိုက်ရိုက်တပည့်တစ်ဦးဖြစ်၏။
သူကား နတ်နန်းတော်၏အတော်ဆုံးတပည့်တစ်ဦးဖြစ်သော ကျန့်ထီး ဖြစ်သည်။
အအေးလှိုင်းများ သူ့ကိုယ်ထဲကို ဝင်လာလျှင် ရီဖူရှင်း၏သွေးများ မြန်ဆန်စွာ စီးဆင်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအသိသည် သူ့ကိုယ်တွင်းလှည့်ပတ်ကာ ဓားအားလှိုင်းများအား ပယ်ဖျက်သည်။ သူ့မျက်လုံးများသည် ဓားအသိများဖြင့် တဖျတ်ဖျတ်လက်သွားကာ တစ်ဘက်လူအား ပြန်ကြည့်လိုက်သည်။ ချက်ချင်းပင် နှစ်ဦးလုံးသည် ကြီးမားသော ဖိအားများဖြင့် ဖုံးလွှမ်းသွား၏။
နှင်းဖွေးများသည် ကောင်းကင်တခွင်ပြည့်နှက်လာခဲ့ပြီး ထိုအထဲ၌ အလွန်တရာ ထက်ရှသော ဓားများသည်လည်း နှင်းဖွေးများနှင့်အတူ ပျံသန်းနေခဲ့၏။
သူတို့နှစ်ဦးလုံး မလှုပ်ရှားကြသော်လည်း သူတို့သည် တခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားဟန်ရသည်။ ထိုကမ္ဘာကား နှင်းများနှင့် ဓားတို့၏ကမ္ဘာဖြစ်သည်။ ရီဖူရှင်းသည် တစ်ဘက်လူနှင့် မျက်နှာချင်းဆိုင်၌ ရပ်နေသည်။ ကျန့်ထီးကား လမ်းစဉ်ဝိညာဉ်ကို တည်ဆောက်ထားပြီးဖြစ်ကာ သူ၏နတ်ဝိညာဉ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၏။
ကျန့်ထီးသည် သူ၏စိတ်ဝိညာဉ်ကို အေးခဲအောင် ကြိုးစားနေခြင်းဖြစ်သည်။
“သူတို့ ဘာလုပ်နေတာလဲ” ဓားတရားတောင်မှ လူအများအပြားက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့အနီးမှ အပူရှိန်သည် အဆက်မပြတ် ကျဆင်းနေခဲ့ကာ ဓားအသိသည် အဝေးသို့အထိပင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ သို့သော် သူတို့နှစ်ဦးကား လှုပ်ရှားခြင်းမရှိသေးပေ။
“သူတို့က စိတ်ချင်းတိုက်ခိုက်နေကြတာ” တစ်ယောက်က ပြောသည်။
ဟူး...
အအေးလှိုင်းမုန်တိုင်းသည် ရီဖူရှင်းနှင့် တခြားလူများကို ဝါးမျိုလာနေသည်။ သို့သော် ပြင်းထန်သော ဓားအသိသည်လည်း ပျောက်ကွယ်သွားခြင်းမရှိပေ။
ရိဖူရှင်းထံမှ မဟာလမ်းစဉ်၏ဟိန်းဟောက်သံတစ်ခုနှင့်အတူ ဖျက်ဆီးခြင်းစွမ်းအားသည် အရာအားလုံးကို တိုက်စားသွား၏။ အက်ကွဲသံတစ်ခု ကြည်လင်ပြတ်သားစွာ ကြားလိုက်ရကာ ချက်ချင်းပင် ရေခဲမုန်တိုင်းသည် ဆက်တက်အားနည်းသွား၏။ ဓားအသိသည်လည်း ပျောက်ကွယ်သွားသည်။
ရီဖူရှင်းကိုယ်ပေါ်မှ ရေခဲများအားလုံး အရည်ပျော်သွားကာ ကျန့်ထီး၏မျက်လုံးများသည်လည်း ပုံမှန်ဖြစ်သွားသည်။
သူက ရီဖူရှင်းအား သေသေချာချာတစ်ချက်ကြည့်ကာ ပြောသည် “ကြည့်ရတာ ညီမလု ရှုံးတာ အလကားမဟုတ်ဘူးပဲ”
သူ့ဘေးမှ လုချင်းယောင်က သူ့အား ကြည့်သည်။ သူမကား ဆွံ့အရသည်။ ကြည့်ရသည်မှာ အစ်ကိုကျန့်ထီးသည်ပင် သည်လူမည်မျှ သန်မာသည်ကို ဝန်ခံနေဟန်ရသည်။
“ခင်ဗျား ကျုပ်ကို ဆက်ပြီး စမ်းသပ်ချင်သေးလား” ရီဖူရှင်းက ကျန့်ထီးကို မေးသည်။
“လီတောက်စီက မင်းကို တစ်ချိန်လုံး စောင့်နေခဲ့တယ်။ ဒီကိစ္စက မင်းတို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တော့တယ်” ကျန့်ထီးက ပြောသည်။ ရေခဲနှင့်နှင်းမြူများ ပျောက်ကွယ်သွားသည်။
ရီဖူရှင်းက နောက်လှည့်ကာ ဓားတရားတောင်၏တောင်ကုန်း၈၁ခုအား ကြည့်လိုက်သည်။ တောင်ထွတ်တစ်ခုစီသည် ကောင်းကင်သို့ ထိုးတက်နေသော ဓားတစ်လက်စီနှင့်တူညီသည်။
သူ၏မျက်လုံးများသည် အဝေးသို့အထိ ထွင်းဖောက်သွားဟန်ရသည်။ ဓားတောင်ထွတ်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီးနောက်တွင် နောက်ဆုံးတောင်ထွတ်သို့အလို ဒုတိယမြောက်တောင်ထွတ်၌ ပုံရိပ်တစ်ခု ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်၏။ သူကား ရီဖူရှင်းရောက်လာသည်ကို သိဟန်လည်းမတူ၊ ဂရုလည်းစိုက်ဟန်မတူ။
ရီဖူရှင်းသည် ရှေ့ကို စတင်၍ လှမ်းသွားလိုက်သည်။ ထိုအခိုက်တွင် တစ်စုံတစ်ယောက်သည် လေထဲကို တက်သွားကာ လီတောက်စီရှိရာသို့ လှမ်းအော်လိုက်သည် “အစ်ကိုလီ … ရှန်ကျင်းရောက်လာပြီ”
လီတောက်စီကား သူ့ကို ကြားဟန်မတူ။ သူကား ထိုနေရာတွင်ပင် ထိုင်နေသည်။ သို့သော်လည်း ထိုအခိုက်တွင် ဓားတောင်ထွတ်များထံမှ ဓားအလင်းများ ဖြာထွက်လာခဲ့၏။ ထိုနေရာတွင် ဓားအသိများသည် အဆုံးမရှိဟန်ဖြင့် စီးဆင်းနေကြသည်။ ထိုစွမ်းအားများကို ခေါ်ဆောင်လိုက်သူကား ထိုနေရာတွင်ပင် ငြိမ်သက်စွာထိုင်နေသူဖြစ်ရပေမည်။
“မင်းက ငါစောင့်နေတဲ့သူပဲ။ အခု ငါတို့ နောက်ထပ် ဓားချက်တွေကို လေ့လာကြရအောင်” လေထုကိုဖြတ်ကာ လွင့်ပျံ့လာသော အသံတစ်သံကို ကြားကြရသည်။ အားလုံးကလည်း ထိုအသံကို ကြားကြရ၏။
သူကား ရှန်ကျင်းကို တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သည်။ အကယ်၍ ရှန်ကျင်းသာ သည်နေရာမှ ဓားချက်များကို နားလည်နိုင်စွမ်းမရှိပါက သူ့အနေဖြင့် စောင့်ဆိုင်းရကျိုးနပ်မည်မဟုတ်ပေ။ သူ၏ဓားကို ထုတ်ရန်လည်း မထိုက်တန်ပေ။
လီတောက်စီသည် ဤတိုက်ပွဲကို တိုက်ခိုက်လိုခြင်းမှာ သူ၏ညီလီစွမ်း ရှုံးနိမ့်သွားခဲ့ခြင်းနှင့် မသက်ဆိုင်ပေ။
သူလိုအပ်သည်ကား သူနှင့်လက်ရည်တူယှဉ်နိုင်သည့် ဓားသမားတစ်ဦးဖြစ်သည်။
အားလုံး၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်နေသည်။ တစ်ယောက်က ပြောသည် “ကောင်းပြီ … ရှန်ကျင်း.. ဓားချက်တွေကို လေ့လာဆင်ခြင်ပါ”
ရီဖူရှင်း၏မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များဖြစ်ပေါ်လာသည်။ သူက ပြုံးလျှက်သားပင် တောင်ထွတ်များထံသို့ လျှောက်သွားလိုက်၏။ တောင်ထွတ်များဆီ၌ စီးဆင်းနေသော ဓားအသိများကို သူ သိရှိခံစားနေရသည်။
“ကျုပ်က ဓားတရားတောင်ကို လာတာ ဘယ်သူ့ကိုမှ စိန်ခေါ်ဖို့မဟုတ်သလို တစ်စုံတစ်ခုကို သက်သေပြချင်လို့လည်း မဟုတ်ဘူး။ ကျုပ်က ဓားချက်တွေကို လေ့လာတယ်ဆိုရင် ဒါက ကျုပ်ဟာ ဓားပညာကို လေ့ကျင့်ရုံသက်သက်ပဲ”
ရီဖူရှင်းက ထိုသို့ပြောကာ ရှေ့ကို တက်သွားသည်။ သူ၏အတွေးများကို ဖြန့်ကျက်လိုက်လျှင် အဆုံးအစမဲ့သော ဓားအသိများသည် ကောင်းကင်ယံသို့ တက်သွားကာ ဓားတစ်ဘက်အဖြစ်ပြောင်းလဲလျှက် တောင်ကုန်းတစ်ခုပေါ်သို့ ရောက်သွားသည်။
ထို့နောက် နောက်ထပ်ဓားတစ်လက်သည် နောက်တောင်ကုန်းတစ်လုံးပေါ်သို့ သွားစိုက်၏။ ထို့နောက် တတိယတောင်ကုန်း...။ ဓားများ တစ်လက်ပြီးတစ်လက် တောင်ထွတ်များပေါ်သို့ သွားစိုက်သည်။
သူက ဓားချက်များအား ဆင်ခြင်နေသည်လား။
သူက အဘယ့်ကြောင့် ထိုမျှ မြန်ဆန်နေပါသနည်း။
လီတောက်စီတွင် သူ၏မာနရှိသည်။ ရီဖူရှင်းသာ ထိုဓားများကို နားမလည်နိုင်ပါက သူနှင့်တိုက်ခိုက်ရန် မထိုက်တန်။
ရီဖူရှင်းလည်း ထိုနည်းတူ။ သူ သည်နေရာသို့ လာရောက်ခြင်းမှာ လီတောက်စီ သူ့အား စောင့်ဆိုင်းနေခြင်းကြောင့်မဟုတ်ပေ။ သည်နေရာမှာ ဓားပညာလေ့ကျင့်ရန် သင့်တော်သော နေရာဖြစ်သောကြောင့်သာ။
ရီဖူရှင်း ရှေ့ကို တက်သွားသည်ကို အားလုံးက ကြည့်နေကြသည်။ ခြေတစ်လှမ်းစီတိုင်း၌ ဓားများ တောင်ထွတ်များတွင် ဖြစ်ပေါ်လာ၏။ မဟာလမ်းစဉ်၏ဓားအသိများသည် မွေးဖွားလာခဲ့ကာ သူ့ထံသို့ စီးဆင်းလာပြီး စူးရှစွာ လင်းလက်စေသည်။
“ဒါ...”
ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းမှာ ဆွံ့အရသည်။
***