ကျင့်ကြံခြင်းအဆင့်သိပ်မကွာရင်... ငါကသာတယ်
Vol. 20 Ch. 275
ယွမ်ထျန်း၏လက်သီးချက် ထိုးစိုက်ချလိုက်သည်နှင့် အနက်ရောင်တိမ်တိုက်များက မိုးမြေတစ်ခွင် မြင့်တက်လာသည်။ တိမ်တိုက်များအလယ်တွင် ကြီးမားသည့် ရေဝဲကန်တော့ကြီးတစ်ခု ဖြစ်တည်လာပြီး မိစ္ဆာသူတော်စင်က ရန်တိကိုကြည့်ရင်း တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။
တိမ်တိုက်ဝဲကန်တော့ကြီးထဲတွင် များပြားလှစွာသောမျက်နှာပုံသဏ္ဌန်များရှိနေပြီး နာကျင်ဟန်ဖြင့်ညည်းညူသံများ ထွက်ပေါ်နေသည်။
ထိုအနက်ရောင်တိမ်တိုက်များသည် ကမ္ဘာပေါ်သို့ ငရဲစခန်းတစ်ခု ရောက်ရှိလာသည့်အလား ပတ်ဝန်းကျင်မှ သက်ရှိအားလုံးကို စုပ်ယူရန် ကြိုးစားနေသည်။
ရန်တိက မျက်ခုံးတစ်ချက်ပင့်ရင်း ကြယ်တာရာသန့်စင်ချီဝတ်ရုံလက်များကို ဖြန့်ကားလိုက်ရာ ကြည်လင်တောက်ပသော မရေမတွက်နိုင်သည့် ချီစွမ်းအားစီးကြောင်းများက ကောင်းကင်ထက်သို့ လင်းဖြာထွက်ပေါ်လာသည်။
ယွမ်ထျန်း၏လက်သီးချက်က ထင်သာမြင်သာရှိပြီး ရန်တိကို ပိတ်ဆို့ထားသည့်တိုင် ရန်တိက ချက်ချင်းပင်တုံ့ပြန်တိုက်ခိုက်လိုက်သည်။
သူက သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး ရန်တိက သိုင်းဆရာသခင်တစ်ယောက်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိထားသော်လည်း ရန်တိသည် သူ့အထက်တွင်မြင့်မားစွာရပ်လျှက် သူ့ကို ကောင်းကင်ထက်မှ ငုံ့ကြည်နေသည်ဟု ခံစားရသည်။
ယွမ်ထျန်း မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး ကွေးဆုပ်ထားသည့်လက်သီးမှ လက်ချောင်းများကို ပြန်ဖြည်လိုက်သည်။
သူက လက်သီးချက်ကို လက်သည်းကုတ်ချက်အဖြစ် ပြောင်းလဲလိုက်ပြီး ပြင်းထန်စွာ ကုတ်ဆွဲချလိုက်သည်။
ကြောက်မက်ဖွယ်ရာ လက်သည်းကုတ်ချက်တစ်ချက်ထွက်ပေါ်လာကာ မီးခိုးရောင်တိမ်တိုက်များသည်လည်း ရုတ်ချည်းထူထပ်လာသည်။ မိစ္ဆာသူတော်စင်၏ပုံစံမှာ နတ်ဆိုးဘုရင်တစ်ပါးအလားထင်မှတ်ရပြီး သူ၏လက်သည်းချက်က ကောင်းကင်တစ်ခုလုံးကို ထိုးခွင်းပစ်တော့မည့်အလားပင်။
ဝူချန်နတ်ဆိုးလက်သည်းသိုင်း။
ထိုသိုင်းကွက်ကိုရင်ဆိုင်ရသည်နှင့် ရန်တိ၏ အဖြူရောင်ဝတ်ရုံက ရောင်ခြည်တန်းအချို့ ထုတ်လွှတ်လိုက်သည်။
ရောင်ခြည်တန်းများက ပုတီးစေ့ပမာဖြစ်ပြီး ပြောင်းဖူးစေ့များကဲ့သို့ အစီအရီဖြစ်သည်။
အလင်းရောင်က အနက်တစ်ဝက် အဝါတ်ဝက်ဖြင့် အလွန်တရာတောက်ပခြင်းလည်းမရှိသလို မှေးမှိန်ခြင်းလည်း မရှိပေ။ သို့ပေသိ ကောင်းကင်ပမာကျယ်ပြောပြီး မည်သူမှခံနိုင်ရည်စွမ်းမရှိသော လေးလံမှုတစ်ခုကို ပေးစွမ်းသည်။
ရန်တိ၏ ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ရောင်ဝါက အကန့်အသတ်မဲ့စွာ အဆက်မပြတ် အရှိန်အဟုန်မြင့်တက်လာသည်။
ယွမ်ထျန်း၏ ဝူချန်လက်သည်းသိုင်းကိုရင်ဆိုင်ရန်အတွက် ဝတ်ရုံအတွင်းထဲမှ ကြည်လင်တောက်ပပြီး ရွှေခန္ဓာနှင့်ဆင်တူသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ရန်တိ၏ ရွှေခန္ဓာစွမ်းအားက ရှီတိထက်နိမ့်ကျသော်သည်း ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့်ပေါင်းစပ်လိုက်သည့်အခါ သိုင်းသူတော်စင်တစ်ယောက်က ရွှေခန္ဓာစွမ်းအားထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သည်။
ရန်တိက ရွှေခန္ဓာစွမ်းအားနှင့်အတူ ကြောက်မက်ဖွယ်ရာလက်ဝါးရိုက်ချက်တစ်ခုထုတ်ဖော်ပြီး ဝူချန်နတ်ဆိုးလက်သည်းသိုင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက ယွမ်ထျန်းကို တစ်ချက်ပင် အလွတ်မပေးခဲ့ပေ။
လက်ဝါးရိုက်ချက်နှင့် လက်သည်းကုတ်ချက်တို့ ဆုံတွေ့သည်နှင့် ယွမ်ထျန်း၏ မျက်ဝန်းများထဲမှ အေးစက်သောအလင်းရောင်တစ်ချက် ရုတ်ချည်းလင်းလက်သွားသည်။
ရန်တိ၏လက်ဖဝါးတွင် နီရဲသောမီးတောက်များတောက်လောင်လာသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။
ရန်တိလက်လက်ဖဝါးမှ ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ်ရာကောင်းသော တုရှိတမီးတောက်များသည် မှော်ဝင်ပစ္စည်းများကိုပင်သန့်စင်နိုင်ပြီး အရာအားလုံးကို လောင်ကျွမ်းတော့မည့်ပမာ မထင်မှတ်လောက်အောင် စွမ်းအားပြင်းထန်သည့် ပေါက်ကွဲနိုင်စွမ်းတစ်ခု မွေးဖွားလာသည်။
ရန်တိ၏တိုက်ကွက်မှာ ဝါဒတောင်၏ သိုင်းပညာ (၂)ခုဖြစ်သော ရွှေခန္ဓာနှင့် တုရှိတလက်ဝါးသိုင်းကို တစ်ပြိုင်နက်ထဲ ပေါင်းစပ်အသုံးပြုလိုက်ခြင်းဖစ်ကြောင်း ယွမ်ထျန်းသတိထားလိုက်မိသည်။ တိုက်ကွက် (၂)ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ခရမ်းနီရောင်တုရှိတမီးတောက်များ တောက်လောင်နေစဉ် ရွှေခန္ဓာစွမ်းအားကလည်း ဘယ်တော့မှမပျက်ဆီးသည့်ပမာ ထာဝရတည်ရှိနေသည်။
ရွှေခန္ဓာစွမ်းအားသည် တုရှိတလက်ဝါးသိုင်းကို အနည်းငယ်ပင် အဟန့်အတားမဖြစ်သလို တံဆိပ်ခတ်တားဆီးထားခြင်းလည်း မရှိပေ။
ထိပ်တန်း ကိုယ်ခံပညာနှစ်ခုသည် ပေါင်းစပ်ကာ အချင်းချင်း ပြီးပြည့်စုံစွာဖြည့်စွက်ပေးနေပြီး ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဝူချန်နတ်ဆိုးလက်သည်းသိုင်းကလည်း နေမင်းကိုဖုံးကွယ် ကောင်းကင်ကို လွှမ်းခြုံပြီး ကြယ်များကိုဆွတ်ယူကာ လမင်းကို ဖမ်းဆီးနိုင်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။
ကြီးမားသည့်လက်သည်းကုတ်ချက်မှ မီးခိုးရောင်မြူခိုးမျှင်များ အဆက်မပြတ်ထွက်ပေါ်နေပြီး အနက်ရောင်တိမ်တိုက်များမှာ ပြိုကျတော့မလို ပျောက်ကွယ်တော့မလိုဖြင့် တစ်ဖက်လူကို လှည့်စားလျှက်ရှိသည်။
ယွမ်ထျန်းက တည်ငြိမ်စွာခေါင်းတစ်ချက်ညိတ်ရင်း...
“မျိုးဆက်တူတွေထဲမှာ ပြိုင်ဘက်ကင်းနံပါတ် (၁)လို့ ကျော်ကြားတာ မအံ့သြတော့ပါဘူး ၊ မင်းက ကျော်ကြားထိုက်ပါတယ်”
ထို့နောက် သူက လက်သည်းသိုင်းကွက်ကို ပြောင်းလဲရန်ဟန်ပြင်လိုက်သော်လည်း ရန်တိ၏လက်ဝါးရိုက်ချက်က ထိန်းချုပ်ထားသဖြင့် အလွယ်တကူလှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ရန်တိ၏လက်ဖဝါးထက်တွင် အလင်းတန်းများပိုမိုတောက်ပလာပြီး မရေမတွက်နိုင်သော ရွှေရောင်ကြိုးမျှင်များ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော ရွှေရောင်ကြိုးမျှင်များက ဝူချန်နတ်ဆိုးလက်သည်းသိုင်းကို ချည်နှောင်ထားသောကြောင့် ယွမ်ထျန်းမှာ သိုင်းကွက်ကို အလွယ်တကူမပြောင်းလဲနိုင်တော့ပေ။ ရုန်းထွက်ရန် ခက်ခက်ခဲခဲကြိုးစားသည့်တိုင် ရွှေခန္ဓာစွမ်းအားနှင့် တုရှိတလက်ဝါးသိုင်းတို့ပေါင်းစပ်ထားသည့်စွမ်းအားက သူ့ကို တားဆီးထားပြန်သည်။
ရန်တိက ရွှေခန္ဓာနှင့် တုရှိတလက်ဝါးသိုင်းအပြင် ဝါဒတောင်၏အစွန်းရောက်ရှစ်ပါးသိုင်းပညာ(၈)ရပ်မှ သိုင်းကွက်တစ်ခုကို ထပ်မံပေါင်းစပ်အသုံးပြုထားခြင်းပင်။
ရွှေကုလားကာလက်ဝါးသိုင်း။
ထိပ်တန်းအဆင့်သိုင်းပညာ (၃)ရပ်ကို ပေါင်းစပ်ထားသဖြင့် ရန်တိ၏လက်ဖဝါးမှ ပြင်းထန်သော ခရမ်းရောင်တုရှိတမီးတောက်များ ပေါက်ကွဲထွက်သွားပြီး ယွမ်ထျန်း၏အနက်ရောင်တိမ်တိုက်လွင်ပြင်ကြီးကို လောင်ကျွမ်းပစ်လိုက်သည်။
ယွမ်ထျန်းက ထိုမြင်ကွင်းကို အေးစက်စွာကြည့်ရင်း...
“ကြယ်တာရာသန့်စင်ချီဝတ်ရုံ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်း... တကယ်ကောင်းတဲ့ပစ္စည်းတစ်ခုပဲ”
သူ၏ဝူချန်နတ်ဆိုးလက်သည်းသိုင်း ချိုးဖျက်ခံလိုက်သော်လည်း ယွမ်ထျန်းက မျက်နှာပျက်သွားခြင်း မရှိပေ။
“စိတ်မကောင်းစရာအချက်က မင်းက သိုင်းသူတော်စင်တစ်ယောက်မဟုတ်ဘူးလေ”
ပြောပြီးသည်နှင့် ယွမ်ထျန်းက ဖြန့်ထားသောလက်ဖဝါးကို လက်သီးချက်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထိုအခါ ခရမ်းရောင်တုရှိတမီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရသော အနက်ရောင်တိမ်တိုက်များက ကောင်းကင်ထက်တွင်အဆုံးမရှိလွင့်မျောလျှက် ချက်ချင်းပြန်လည်ထွက်ပေါ်လာသည်။
စောစောက တိမ်တိုက်များပျောက်ကွယ်သွားသည်မှာ ထင်ယောင်ထင်မှားဖြစ်ရပ်ပမာပင်။
ပြင်းထန်သော တုရှိတမီးတောက်များ တစ်ဖန်ပြန်လည်မြင့်တက်လာပြီး အနက်ရောင်တိမ်တိုက်များကို လောင်ကျွမ်းလိုက်သော်လည်း တိမ်တိုက်များက ပျက်ဆီးသွားခြင်း မရှိတော့ပေ။
တိမ်တိုက်များက နေမင်းကိုဖုံးကွယ်ထားပြီး ကောင်းကင်တစ်ခွင်လုံးကို အဆုံးမရှိလွှမ်းခြုံထားပြီး အခြားသူများထိတွေ့မရနိုင်သည့် နယ်ပယ်တစ်ခုအလား ထင်မှတ်ရသည်။
အနက်ရောင်တိမ်တိုက်များကို ခရမ်းရောင်တုရှိတမီးတာက်များက ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေပြီး ရွှေခန္ဓာစွမ်းအားက မကြောက်မရွံ့တွန်းလှန်ထားကာ ရွှေကုလားကာလက်ဝါးသိုင်းကတော့ တိမ်တိုက်များ ၊ လေ ၊ နေနှင့် လအကြားသို့ ထိုးဖောက်နေသည်။
အနက်ရောင်တိမ်တိုက်များမှာ လွင့်ပြယ်သွားလိုက် ပြန်လည်စုစည်းလာလိုက်ဖြင့် တည်ရှိနေ၏။
မြေပြင်ထက်တွင်ရှိနေသည့် ရန်ကျောက်ကဲက ခေါင်းမော့ကြည့်နေရင်း...
“သူ့ရဲ့သိုင်းပညာမှာ ဗုဒ္ဓဘာသာရဲ့ မမြဲသောတရားသဲလွန်စတွေ ရှိနေပြီပဲ”
ယွမ်ထျန်းနှင့် တိုက်ခိုက်နေသည့် ရန်တိက ပို၍ပင် အခြေအနေကို သိမြင်နိုင်ပေလိမ့်မည်။
အနက်ရောင်တိမ်တိုက်များအတွင်းဝယ် အရှိန်အဟုန်မပြတ်လည်ပတ်နေသော တိမ်တိုက်ဘီးကြီးများ ဖြစ်တည်လာသည်။
ရန်တိ၏တိုက်ခိုက်မှုက အနက်ရောင်တိမ်တိုက်များကို ဖြိုခွင်းပစ်တိုင်း ထိုတိမ်တိုက်ဘီးများ၏လည်ပတ်မှုက ပိုမိုမြန်ဆန်လာပြီး အနက်ရောင်တိမ်တိုက်များကို အဆက်မပြတ်ဖြစ်တည်လာစေသည်။
ထိုတိမ်တိုက်ဘီးများမှာ ယွမ်ထျန်း၏လက်သီးသိုင်းဝိညာဉ်ပင်မအရင်းခံရာဖြစ်ပြီး မှောင်မိုက်သည့်တိမ်တိုက်များ ပိုမိုထူထပ်လာကာ ရန်တိကို ဝန်းရံထားရင် တဖြည်းဖြည်းရွေ့လျားလျက်ရှိသည်။
“ငါ ဝတ်ဆင်ထားတဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ဆိုရင် ငါက သိုင်းသူတော်စင်တစ်ယောက်နဲ့ သိပ်ပြီး မခြားနားဘူး”
ရန်တိစကားသံက ညင်သာစွာထွက်ပေါ်လာပြီး သူ၏ ရွှေခန္ဓာစွမ်းအား ၊ ရွှေကုလားကာလက်ဝါးသိုင်းနှင့် တုရှိတလက်ဝါးသိုင်းများ ပျောက်ကွယ်သွားသည်.
သူက လက်ကိုလေထဲသို့မြှောက်လိုက်သည့်အခါ လက်ချောင်းများထဲတွင် ဓားတစ်လက် ဖြစ်တည်လာသည်။
“ပြီးတော့ ငါတို့ကျင့်ကြံခြင်းအဆင့်ကလည်း သိပ်မကွာဘူးလေ...”
ပြောပြီးသည်နှင့် ရန်တိက လက်ထဲမှဓားဖြင့် အောက်ဘက်သို့ ခုတ်ပိုင်းချလိုက်သည်။
ပြင်းထန်သောဓားဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံးကို သိမ်းပိုက်ခြုံလွှမ်းသွားသည်။
ကမ္ဘာလောကကြီး၏ မိုးမြေတစ်ခွင် ရုတ်တရက် အက်ကွဲသွားသည့်အလား ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ကောင်းကင်ယံ၌ ထွက်ပေါ်လာပြီး အတွင်းထဲတွင် ပကတိနက်မှောင်လျှက် ရှိသည်။
ထိုခဏတွင် ဗလာနယ်အာကာသ အမှန်တကယ် ပြိုကွဲသွားခဲ့သည်။
ရန်တိ၏ဓားမှ အသင်္ချေသော ၊ အဆိုင်းအဆမဲ့သော ၊ အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ဓားသွားက ဆင်းသက်လာသည်။
ရန်တိ၏ အဆုံးမဲ့ ၊ အကန့်အသတ်မဲ့သောဓားသွားက ကောင်းကင်ထက်မှ သူ၏ဦးခေါင်းထက်သို့ ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်ဟု ယွမ်ထျန်း ခံစားလိုက်ရသည်။
ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်မှ “အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်း”။
ထိုထိပ်တန်းဓားသိုင်းပညာသည် ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကျန်းဒေါင်ဂီထံမှ ဆင်းသက်လာသော အနှိုင်းမဲ့ဓားသိုင်းဖြစ်သည်။ ထိုစဉ်အချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် အကန့်အသတ်မဲ့ ၊ အဆုံးမဲ့စွမ်းအားများကို ပိုင်ဆိုင်သည့် ပြိုင်ဘက်ကင်းဓားသိုင်းတစ်ခု ဖြစ်၏။
ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့် ပေါင်းစပ်လိုက်သည့်အခါ ဓားသိုင်းကပိုမိုအားကောင်းလာပြီး ရန်တိ၏ဓားသိုင်းအရှိန်အဟုန်သည် နေသူတော်စင်ဂိုဏ်းနှင့်တိုက်ခိုက်သည့် အရှေ့ထန်တိုက်ပွဲတုန်းကထက် များစွာကျော်လွန်သွားခဲ့သည်။
ယွမ်ထျန်း သိုင်းသူတော်စင်တစ်ယောက်ဖြစ်မလာခင် အတိတ်တစ်ချိန်တုန်းက ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီကိုယ်တိုင် ထိုဓားသိုင်းထုတ်ဖော်အသုံးပုသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသည်။
ယခု ရန်တိ ထိုဓားသိုင်း ထုတ်ဖော်အသုံးပြုသည့်အခါ အတိတ်တစ်ချိန်က ပြိုင်ဘက်ကင်းကျန်းဒေါင်ဂီကိုယ်တိုင် ဤလောကတွင် အမှန်တကယ် ပြန်လည်ထွက်ပေါ်လာသည့်အလား ထင်ယောင်ထင်မှား ခံစားလိုက်ရသည်။
ရန်တိ၏ဓားချက်အောက်တွင် အနက်ရောင်တိမ်တိုက်များအပိုင်းပိုင်းကွဲပျက်သွားပြီး တိမ်တိုက်များအလယ်မှ အနက်ရောင်တိမ်တိုက်ဘီးများမှာလည်း နှစ်ခြမ်းကွဲသွားသည်။
ထက်ရှသည့်ဓားဝိညာဉ်က ကောင်းကင်တစ်ခွင်လုံးလွှမ်းခြုံသွားချိန် ရန်တိက စကားဆိုသည်။
“ကျင့်ကြံခြင်းအဆင့်သိပ်မကွာရင်... ငါကသာတယ်”
မိုးမြေတစ်ခွင်တိတ်ဆိတ်ငြိမ်သက်သွားပြီး ရန်တိကဲ့သို့ သိုင်းဆရာသခင်တစ်ယောက်က သိုင်းသူတော်စင်တစ်ယောက်ကို အနိုင်ယူလိုက်သည့် အောင်ပွဲခံကြေညာချက်ကြောင့် အားလုံးထိတ်လန့်သွားကြရသည်။
ရန်တိကိုကြည့်ရင်း ယွမ်ထျန်းက နှာတစ်ချက်မှုတ်လိုက်သည်။
“ရန်တိ... ပြိုင်ဘက်ကင်း’ရန်’... ၊ ဟွန်း... တော်လိုက်တဲ့ ပြိုင်ဘက်ကင်း’ရန်’”
သူက လက်နှစ်ဖက်ကို ဘေးဘက်သို့အလျားလိုက်ခွဲလိုက်ပြီး ဖြည်းညင်းစွာ အတူတကွ ပြန်လည်ပေါင်းစည်းလိုက်သည်။
ထိုအခါ လေပြင်းမုန်တိုင်းများတိုက်ခတ်လာပြီး မိုးမြေတစ်ခွင်တွင် တိမ်တိုက်များ တဟုန်ထိုးမြင့်တက်လာကာ အဆုံးမရှိသော မီးခိုးရောင်တိမ်ပင်လယ်ကြီးက နောက်တစ်ကြိမ် ထပ်မံဖုံးလွှမ်းလာသည်။
“ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ဆိုရင် မင်းက ဟွမ်ကွမ်လီတို့လို ပြိုင်ဘက်ကောင်းတစ်ယောက်ဆိုတာ ငါဝန်ခံပါတယ်”
ယွမ်ထျန်းမျက်နှာက ခံစားချက်ကင်းမဲ့နေပြီး ယနေ့ သူရရှိထားသည့် သိုင်းသူတော်စင်အဆင့်အား ခိုင်မာစွာယုံကြသည့်စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။
"ဒါပေမဲ့ မင်းနဲ့ငါ ဘယ်သူသာလဲဆိုတာကတော့ စကားလေးတစ်ခွန်းနဲ့ ဆုံးဖြတ်လို့မဖြစ်နိုင်သလို တိုက်ကွက် တစ်ကွက်နှစ်ကွက်လောက်နဲ့လည်း မဆုံးဖြတ်နိုင်ဘူး ၊ မင်းနဲ့ငါ တစ်ယောက်ယောက်သေသွားမှ ဆုံးဖြတ်နိုင်မှာပါ”
ယွမ်ထျန်းက အေးစက်စွာြဖင့် စကားဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့နှစ်ယောက် အခုလိုထိပ်တိုက်တွေ့နေတော့... ဝါဒတောင်ကပြဿနာကို ဘယ်လိုကျော်ဖြတ်မလဲ သိချင်လိုက်တာ ၊ အခုနေဆို အခက်တွေ့နေလောက်ပြီ”
“ဘာပဲဖြစ်ဖြစ် မင်းရော ကြယ်တာရာသန့်စင်ချီဝတ်ရုံရော ဝါဒတောင်မှာ မရှိဘူးလေ ၊ ဒီတော့ ဝါဒတောင်ပြဿနာကို ဘယ်သူမှ ကူညီပေးနိုင်မှာ မဟုတ်တော့ဘူး ၊ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာက ထွက်မလာရင်တောင် နေသူတော်စင်ဂိုဏ်းမှာ မဟာနေမင်းတိုင်းတာခြင်းပေတံနဲ့ သေချာပေါက် ဝါဒတောင်ကို လာပြီးတိုက်ခိုက်မှာပဲ”
***