အားလုံးပြင်ဆင်ပြီးပြီ
Vol. 20 Ch. 276
ကောင်းကင်ကိုလွှမ်းခြုံကာ နေမင်းကိုကာဆီးထားသည့် မီးခိုးရောင်တိမ်တိုက်များနှင့် ရင်ဆိုင်ရသည့်တိုင် ရန်တိက မျက်နှာတစ်ချက်ပျက်သွားခြင်းမရှိပေ။ သူက တစ်ဖက်သွားဓားဖြင့် တိမ်တိုက်များကို ခုတ်ပိုင်းချလိုက်သည်။
ခမ်းနားပြီးအဆုံးမရှိသောဓားဝိညာဉ်က ပြင်းထန်လှသောဖိအားနှင့်အတူ မီးခိုးရောင်တိမ်တိုက်များဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ကောင်းကင်ယံတွင် လွင့်မျောနေသော အမှောင်တိမ်တိုက်များသည် ရန်တိ၏ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားကို ဆန့်ကျင်နိုင်စွမ်းမရှိဘဲ ၎င်းတို့၏ မှန်းဆမရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ထိန်းမထားနိုင်ကြတော့ပေ။
ထိတွေ့မရနိုင်သည့် တိမ်တိုက်များအားလုံးမှာ ရန်တိ၏ဓားချက်ကြောင့် သေမျိုးလောကသို့ ရောက်ရှိသွားပြီး သေမျိုးလူသားများထိတွေ့နိုင်သည့်အဆင့်တစ်ခုသို့ ကျရောက်သွားသည်။
ရန်တိ၏ ကြောက်မက်ဖွယ်ရာလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ရင်ဆိုင်လိုက်ရသည့်အခါ ယွမ်ထျန်းက အေးစက်သည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်ပြီး သူ့လက်ထဲတွင် မီးခိုးရောင်ကျာပွတ်ရှည်တစ်လက် ပေါ်လာသည်။
ရှည်လျားသည့်ကျာပွတ်က အမှောင်တိမ်တိုက်များဖြင့် ပေါင်းစပ်သွားပြီး ပုံသဏ္ဌန်ကို ခန့်မှန်းမရနိုင်ပေ။ ထိုလက်နက်က အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု ဖြစ်သည်။
ကျာပွတ်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်သော်လည်း ထိုလက်နက်ကိုကိုင်ဆောင်လိုက်သည်နှင့် ယွမ်ထျန်း၏ရောင်ဝါက ပြောင်းလဲသွားသည်။ သူ၏စစ်မှန်သောသိုင်းဝိညာဉ်သည် မှော်ဝင်ပစ္စည်းမှ ဝိညာဉ်စွမ်းအားနှင့်ပေါင်းစပ်ကာ တုန်လှုပ်ဖွယ်ရာ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ရန်တိက ပြတ်သားသောကြုံးဝါးသံတစ်ခုထုတ်လွှတ်လိုက်ပြီး လေထဲတွင်လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ခရမ်းရောင်ဓားတစ်လက်က သူ့လက်ဖဝါးထက် ကျရောက်လာပြီး ရန်တိက လက်ကောက်ဝတ်ကိုလှန်ကာ ဓားသွားဖြင့် ခုတ်ပိုင်းချလိုက်သည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ကြယ်တာရာသန့်စင်ချီဝတ်ရုံ၏စွမ်းအားက ရန်တိ၏လက်ထဲမှ ကောင်းကင်နဂါးဓားနှင့် ပေါင်းစပ်သွားသည်။
ရန်တိ၏ဓားချက်အောက်တွင် အနက်ရောင်တိမ်တိုက်များ ဆုတ်ခွာသွားပြီး ယွမ်ထျန်းလက်ထဲမှ ရှည်လျားသောကျာပွတ်က သက်ရှိလူသားတစ်ယောက်ပမာ နာကျင်စွာအော်ညည်းသံတစ်သံ ထုတ်လွှတ်လိုက်သည်။
အရှက်ကွဲသွားသည့်တိုင် ယွမ်ထျန်း၏မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူ့လက်ထဲမှ ရှည်လျားသောကျာပွတ်က ကျယ်ပြောသောကောင်းကင်ပြင်ကြီးထဲတွင် လီပေါင်းတစ်သောင်းရှည်လျားသော နဂါးကြီးတစ်ကောင်ပမာ ရစ်ခွေနေသည်။
အနက်ရောင်တိမ်တိုက်များက တိမ်ပင်လယ်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးကွယ်ထားရုံသာမက ယွမ်ထျန်း၏ရုပ်သွင်ကိုပါ ဖုံးလွှမ်းပျောက်ကွယ်သွားစေသည်။
မီးခိုးရောင်နဂါးကြီးက တိမ်လွှာများကို ဖြတ်ကျော်ကာ ရန်တိကို လိုက်လံရှာဖွေနေသည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သည့် နက်ဆွေးသော မိုးကြိုးသွားများက မိုးစက်များအလား ကောင်းကင်ထက်မှ သည်းထန်စွာကျဆင်းလာသည်။
မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို ပိတ်ဆို့ထားပြီး ကျယ်ပြောလှသောဧရိယာကို ဝန်းရံထားသော မှောင်မိုက်သောတိမ်တိုက်များ၏အလယ်ဗဟိုတွင် ဧရာမဝဲဂယက်ကြီးတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
မြေပြင်ထက်တွင်တော့ ‘ရန်’ အိမ်တော်ခြံဝင်းထဲတွင် မတ်တတ်ရပ်နေကြသည့် ရန်ကျောက်ကဲနှင့် အခြားသူများ ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့ဦးခေါင်းထက်မှစပြီး အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီထိ ကောင်ကင်တစ်ခုလုံး အနက်ရောင်ဝဲဂယက်ကြီးက ဖုံးလွှမ်းထားပြီး အဆက်မပြတ်လှည့်ပတ်နေသည်။
မြေပြင်ထက်မှ ကွဲအက်နေသောကျောက်တုံးများ ၊ ရွှံနွံဖုံမှုန့်များအားလုံး ကောင်းကင်ထက်သို့ လွင့်ပျံတက်သွားပြီး ဝဲဂယက်ကြီး၏ စုပ်ယူသွားခြင်းကို ခံလိုက်ရသည်။
ယွင်ကျန်းစီရင်စုတစ်ခုလုံးကို ယွမ်ထျန်းက မှောက်လှန်ပစ်တော့မည့်အလား ထင်မှတ်ရ၏။
လက်ရှိ ‘ရန်’ အိမ်တော်ကတော့ အန္တရယ်ကင်းနေဆဲ ဖြစ်သည်။
အလယ်ပိုင်းကောင်းကင်ဒေသ နယ်မြေများတွင် ယွမ်ထျန်း သောင်းကြမ်းချင်တိုင်းသောင်းကြမ်းမည်ကို ရန်တိက ဒီအတိုင်းထိုင်ကြည့်နေမည် မဟုတ်ပေ။ ယွင်ကျန်းစီရင်စုတွင် ‘ရန်’ အိမ်တော်အပြင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ကြသည်။
သူ၏ညာဘက်လက်ထဲတွင် ကောင်းကင်နဂါးဓားကိုကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်ဖြင့် အောက်ဘက်မြေပြင်ဆီသို့ ဖိနှိပ်တွန်းချလိုက်သည်။
တောက်ပသည့် ရွှေခန္ဓာအလင်းရောင်သည် ရန်တိ၏ ဘယ်ဘက်လက်ပေါ်တွင် နောက်တစ်ကြိမ် ပေါ်လာသည်။
ပြင်းထန်ပြီးမတုန်လှုပ်သော စိတ်စွမ်းအားက ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်ပေါင်းစပ်သွားပြီး အနက်ရောင်နှင့်အဝါရောင် ရောင်ခြည်များထွက်ပေါ်လာကာ ထူထပ်လေးလံသည့်စွမ်းအားတစ်ခုက အောက်ဘက်ရှိကမ္ဘာမြေကြီးကို ဖိနှိပ်ထားလိုက်သည်။
မရေမတွက်နိုင်သော ကြည်လင်သည့်ချီစွမ်းအားစီးကြောင်းများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး လေထုတစ်ခုကဲ့သို့ ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးကို တည်ငြိမ်သွားစေသည်။
တစ်ချိန်တည်းပင် ရန်တိက ညာဘက်လက်မှဓားရှည်အား ခုတ်ပိုင်းချလိုက်ရာ ဓားအလင်းရောင်က ကောင်းကင်ကိုထိုးဖောက်ဝင်ရောက်သွားပြီး တိမ်တိုက်များအတွင်းသို့ တည့်တည့်မတ်မတ်ဝင်ရောက်သွားကာ ကမ္ဘာမြေကြီးကို ကွဲအက်သွားစေသည်။
အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းဖြင့် ရန်တိက လေထုအတွင်းရှိ ကြီးမားသောဝဲဂယက်ကြီးကို ထိုးဖောက်ပစ်လိုက်သည်။
ကြီးမားသောဝဲဂယက်ကြီးက လှည့်ပတ်လျှက်ရှိပြီး အတွင်းထဲမှ မီးခိုးရောင်နဂါးကြီးက ရန်တိ၏ဓားအလင်းရောင်ကို ကွဲကြေသွာအောင်ရိုက်နှက်ပစ်ရန် စောင့်ဆိုင်းနေသည်။
သို့ရာတွင် အဆုံးမရှိသောဓားအလင်းရောင်သည် ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးကို ဆွဲငင်လျှက် ခိုင်ခန့်စွာ ရပ်တည်နေသည်။
တောက်ပသောဓားအလင်းရောင်က ကွဲပြိုမသွားဘဲ အနက်ရောင်တိမ်တိုက်များနှင့်ဖြစ်တည်နေသည့် ဝဲဂယက်ကြီးသည်သာ မရပ်မနားလှုပ်ခါသွားပြီး ပြိုကျလုမတတ် ဖြစ်ရသည်။
တိုက်ပွဲတွင် အသာစီးမရသည့်တိုင် ယွမ်ထျန်းက အနည်းငယ်မျှ မတုန်လှုပ်ဘဲ ရန်တိနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲ ဖြစ်သည်။
သူက ရန်တိ၏ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းနှင့် အတင်းအကျပ် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ အချိန်ကုန်သွားစေရန် တမင်သက်သက် ရန်တိကို အနှောက်အယှက်ပေးသည့်နည်းလမ်းကို အသုံးပြုတိုက်ခိုက်နေသည်။
တကယ်တော့ သိုင်းသူတော်စင်တစ်ယောက်အနေဖြင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံဝတ်ဆင်ထားသောရန်တိကို ဤသို့သောနည်းလမ်းဖြင့် တိုက်ခိုက်သည်မှာ ရှက်ဖွယ်လိလိ ကိစ္စတစ်ခု ဖြစ်သည်။
သို့ပေသိ ယွမ်ထျန်းက အရှက်ကွဲခြင်းကို စိတ်မဝင်စားပေ။ သူက ထူးဆန်းသည့်သိုင်းပညာကို ပိုင်ဆိုင်ထားသော်လည်း အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုစိတ် မရှိပေ။
ရန်တိ၏ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားက လွှမ်းမိုးချုပ်ကိုင်နိုင်မှုအရှိန်အဟုန်ပြင်းထန်လေရာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ယွမ်ထျန်းအတွက် အလွန်ပညာမဲ့သောလုပ်ရပ် ဖြစ်ပေလိမ့်မည်။
ထို့ပြင် ရန်တိက သိုင်းသူတော်စင်တစ်ယောက်မဟုတ်သည့်တိုင် ကြယ်တာရာသန့်စင်ချီဝတ်ရုံ၏အကူအညီဖြင့် စွမ်းအားများ တဟုန်ထိုးမြင့်တက်နေသူဖြစ်သည်။
သို့ဖြစ်ရာ ယွမ်ထျန်းအနေဖြင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် ရန်တိကိုယ်တိုင်အား ဝါဒတောင်သို့မပြန်နိုင်ရန် အချိန်ဆွဲထားနိုင်မည်ဆိုလျှင် သူ့အစီအစဉ်အောင်မြင်ပြီဟု ဆိုနိုင်သည်။
အနက်ရောင်တိမ်တိုက်များအလယ်မှ ယွမ်ထျန်းက ရန်တိကို အေးဆေးတည်ငြိမ်သည့်အကြည့်ဖြင့် ကြည့်နေသည်။ သူ၏မျက်ဝန်းများက အေးစက်နေသည့်တိုင် အရှက်မဲ့ခြင်း ၊ ဒေါသတရားနှင့် စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းများ မတွေ့မြင်ရပေ။
ရန်တိကို အကဲခတ်နေသည့် ယွမ်ထျန်း၏အသွင်က ထိုက်စန်းတောင်အလား အနည်းငယ်ပင် တုန်လှုပ်နေခြင်း မရှိပေ။
ရန်တိကလည်း အလျင်လိုခြင်းမရှိဘဲ ဓားကိုဝှေ့ယမ်းရင်း အနက်ရောင်တိမ်တိုက်ဝဲဂယက်ကြီးကို အပြည့်အဝပြိုကျသွားအောင် ခုတ်ပိုင်းချလိုက်သည်။
ထို့နောက် ‘ရန်’ အိမ်တော် ဘိုးဘေးဝတ်ကျောင်းတော်ထဲဝင်ရောက်သွားသည့် ရန်ကျောက်ကဲကိုကြည့်ရင်း ခပ်တိုးတိုးလေသံဖြင့် မေးလိုက်သည်။
“ကျောက်ကဲ... ပြင်ဆင်မှုတွေ အခြေအနေဘယ်လိုလဲ”
ရန်ကျောက်ကဲက ‘ရန်’ အိမ်တော် ပင်မအဆောက်အဦကြီးနောက်တွင်ရှိသော ဘိုးဘေးဝတ်ကျောင်းတော်ထဲတွင် ရှိနေသည်။ ထိုနေရာက လွန်လေပြီးသောဘိုးဘေးများကို ဝတ်ပြုဆုတောင်းရာ နေရာဖြစ်ပြီး ‘ရန်’ အိမ်တော်ပင်မအစီအရင် ဗဟိုချက်တည်ရှိရာနေရာလည်း ဖြစ်သည်။ ရန်ကျောက်ကဲက ထိုနေရာတွင် ‘ရန်’ အိမ်တော်ပင်မအစီအရင်ကို အမြင့်ဆုံးအဆင့်ထိ ထုတ်ဖော်မြှင့်တင်ထားသည်။
သူက အစီအရင်ဗဟိုချက်တွင် မတ်တတ်ရပ်လျှက် သူ့နံဘေးတွင်တော့ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို စိုက်ထူထားသည်။
ထိုကျောက်တိုင်ကြီး၏ မူလအရွယ်အစားအတိုင်းဆိုပါက ဘိုးဘေးဝတ်ကျောင်းတော်ခေါင်မိုးကို ဖောက်ထွက်သွားနိုင်သဖြင့် ရန်ကျောက်ကဲက ထိုကျောက်တိုင်ကြီး၏အရှည်ကို (၆)ပေဝန်းကျင်ခန့်သာ ထိန်းချုပ်ထားပြီး ဘိုးဘေးဝတ်ကျောင်းတော်ထဲတွင် ထောင်ထားခြင်းဖြစ်၏။
ရန်ကျောက်ကဲက ပြုံးရင်း...
“အားလုံးပြင်ဆင်ပြီးပြီ”
ယွမ်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
စောစောကပင် သူက ‘ရန်’ အိမ်တော်ပင်မအစီအရင်၏စွမ်းအားကို တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သည်။
သူကဲ့သို့သိုင်းသူတော်စင်တစ်ယောက်မပြောနှင့် အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင် အများစုကိုပင် ထိုအစီအရင်က တားဆီးနိုင်စွမ်း မရှိပေ။
ရန်ကျောက်ကဲက ကောင်းကင်ဘုံကိုအံတုနိုင်သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်ဆိုဦးတော့ သူတို့ကြားမှကွာဟချက်က ကြီးမားလွန်းသည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤအစီအရင်သည် ရန်တိကိုသေချာပေါက် ကူညီပေးနိုင်မည်ဟုဆိုလာလျှင် မဖြစ်နိုင်သည့်ကိစ္စကိုပြောခြင်းဟုပင် ယွမ်ထျန်းကမှတ်ယူပေမည်။ လက်ရှိတိုက်ပွဲကို ရင်ဆိုင်ရန် ထိုအစီအရင်က စွမ်းအားလုံလောက်မှု မရှိပေ။
လက်ရှိဖြစ်ပွားနေသည့် သိုင်းသူတော်စင်အဆင့်တိုက်ပွဲသည် ရန်ကျောက်ကဲနှင့် ‘ရန်’ အိမ်တော်မှ အခြားသူများ ပါဝင်ပတ်သက်နိုင်သည့်အရာ မဟုတ်ပေ။ အမှန်တော့ ရန်တိ၏ ကာကွယ်ပေးမှုကြောင့်သာမဟုတ်ပါက တိုက်ပွဲ၏နောက်ဆက်တွဲငလျင်များသည်ပင် ယွင်ကျန်းစီရင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငလျင်များလှုပ်ခတ်ကာ ပရမ်းပတာအခြေအနေ ဖြစ်သွားနိုင်သည်။
သို့သော် နှစ်ပေါင်းများစွာ အတွေ့အကြုံများပြားခဲ့သော ယွမ်ထျန်း၏ထက်မြက်သောစိတ်အာရုံထဲတွင် အန္တရယ်အငွေ့အသက်များကို စတင်ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာလျှပ်စီးလက်သလို ဖြတ်သန်းသွားပြီး ချက်ချင်းပင် နောက်ပြတ်ဆုတ်ရင် ကြံည်လိုက်သည်။
ထိုအချိန် ရန်တိက သူ၏ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ခမ်းနားသည့်ဓားအလင်းရောင်က နှိုင်းယှဉ်မရအောင် မာကျောပြင်းထန်လွန်းရာမှ ချက်ချင်းပင် နူးညံ့ပျော့ပြောင်းသွားသည်။ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းတွင် ပြင်းန်ထက်ရှမှုများ ပျောက်ကွယ်သွားသည်။
ညင်သာသည့်ဓားအလင်းတန်းက ရှည်လျားကွေ့ကောက်သောမြစ်တစ်စင်းပမာ ကောင်းက်ငထက်မှ အနက်ရောင်တိမ်တိုက်များအားလုံးကို စုပ်ယူပစ်လိုက်သဖြင့် ယွမ်ထျန်း ချက်ချင်းနောက်ပြန်မဆုတ်နိုင် ဖြစ်သွားရသည်။
တစ်ချိန်တည်းမှာပင် တစ်ခုခုမှားယွင်းနေပြီကို ယွမ်ထျန်းနားလည်သွားပြီး အခြားအစီအစဉ်များ မစဉ်းစားခင် ပြန်လည်ဆုတ်ခွာရန် စိတ်ပိုင်းဖြတ်လိုက်သည်။
ရန်ကျောက်ကဲက ‘ရန်’အိမ်တော်ဘိုးဘေးဝတ်ကျောင်းတော်အတွင်းမှ ကဗ္မျည်းကျောက်စာတိုင်များကို ဦးညွှတ်အရိုအသေပြုလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဌန်လမ်းလျှောက်ရွေ့လျားရှင်း ခြေတစ်လှမ်း လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ခြေလှမ်း (၉)လှမ်း ၊ လက်သီး (၉)ချက်။
ရန်ကျောက်ကဲ၏ လက်သီးချက်က ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို နှိုးဆွပေးသည့်အလားဖြစ်သွားပြီး တိုင်လုံးကြီးမှ အလင်းရောင်များ တဖျတ်ဖျတ်တောက်ပလာသည်။
ရန်ကျောက်ကဲ၏ နဖူးပြင်ထက် ချွေးများ ရွှဲရွှဲစိုလျှက်ရှိသည်။
‘ရန်’ အိမ်တော်ပင်မအစီအရင်က ခန့်မှန်းမရနိုင်အောင် အလင်းရောင်များတောက်ပလာသည်။
တစ်ချိန်တည်းပင် ဝေဟင်ထက်တွင် ယွမ်ထျန်းနှင့် တိုက်ခိုက်နေသော ရန်တိ၏နဖူးထက်တွင် ဝိညာဉ်သင်္ကေတတစ်ခု လင်းလက်တောက်ပလာသည်။
၎င်းဝိညာဉ်သင်္ကေတသည်ပင် မဟာကမ္ဘာမြေကြီးထက်တွင် တောက်ပလာပြီး ဝါဒတောင်တည်ရှိရာ အရှေ့မြောက်ဘက်ဆီသို့ အလင်းရောင်များ လျှင်မြန်စွာဖြန့်ကျက်သွားလေရာ ပတ်ဝန်းကျင်တစ်ခုလုံးသည်ပင် ဝေဝါးသွားရသည်။
ရန်တိ၏ဓားအလင်းရောင်က ယွမ်ထျန်းကို ဆုတ်ခွာမသွားနိုင်စေရန် ပိတ်ဆို့ထားဆဲဖြစ်ပြီး လေထုထဲမှ သူတို့ (၂)ယောက်လုံး၏ ပုံရိပ်များသည် တဖြည်းဖြည်းမှုံဝါးပျောက်ကွယ်သွားလေတော့၏။
***