← Chapters

မိစ္ဆာသူ‌တော်စင်ကိုသေတွင်းပို့ရန်

Vol. 20 Ch. 277

မိစ္ဆာသူ‌တော်စင်ကိုသေတွင်းပို့ရန်

Vol. 20 Ch. 277

ဒေါသတကြီး ကြုံးဝါးသံတစ်သံ ပြုလုပ်ရင်း ယွမ်ထျန်းစိတ်ထဲ ရှားရှားပါးပါး ခြိမ်းခြောက်ခံရသည့်ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

သို့သော် သူကိုယ်တိုင်နှင့် ရန်တိ၏ ပုံရိပ်များကတော့ ကောင်းကင်ထက်မှ မှုံဝါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းပင် မကြာမီက လောကတစ်ခုလုံးအား ဖုံးလွှမ်းနေခဲ့သော အနက်ရောင်တိမ်တိုက်များက သဲလွန်စမကျ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကြည်လင်သည့်နေရောင်ခြည် ပြန်လည်ထွက်ပေါ်လာပြီး ကမ္ဘာမြေပြင်ထက်ရှိ လူအများအပေါ်သို့ ဖြာဆင်းကျလာသည်။

ရန်တိနှင့် ယွမ်ထျန်း ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

“လုပ်ရတာ အတော်မလွယ်ဘူး ၊ ဒါပေမဲ့ ငါတို့ အောင်မြင်ခဲ့တယ်”

အားဟူ ၊ ရန်ဝမ်ကျန်းနှင့် အခြားသူများမှာ ရန်ကျောက်ကဲကိုကြည့်ရင်း ဆွံ့အလျှက်ရှိကြသည်။

အတန်ကြာမှ ရန်ဝမ်ကျန်းက...

“ကျောက်ကဲ... အိမ်တော်သခင်နဲ့ မိစ္ဆာသူတော်စင် ဘာဖြစ်သွားတာလဲ”

ရန်ကျောက်ကဲက ဝါဒတောင်တည်ရှိရာ အရှေ့မြောက်အရပ်ဆီသို့ လှမ်းမျှော်ကြည့်ရင်း...

“သူတို့ကို ဝါဒတောင်ကို ပို့လိုက်တာ”

အားဟူနှင့် အခြားသူများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ရန်ဝမ်ကျန်းနှင့် အခြားသူများမှာ ရန်ကျောက်ကဲပြောသည့်စကားကို အတိအကျ နားမလည်ကြပေ။

အားဟူက တိုက်ရိုက်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

“သခင်လေး... တကယ်တော့ ရန်သူကို ဂိုဏ်းနဲ့ဝေးဝေးပို့သင့်တာ မဟုတ်ဘူးလား ၊ အထူးသဖြင့် မိစ္ဆာသူတော်စင်လို သိုင်းသူ‌တော်စင်တစ်ယောက်သာ ကျွန်တော်တို့ဂိုဏ်းဌာနချုပ်ကိုရောက်သွားရင် ဂိုဏ်းရဲ့အခြေခံအုတ်မြစ် ပျက်ဆီးသွားနိုင်တယ်မဟုတ်ဘူးလား ၊ ဒါက အန္တရယ်ကို လက်ယပ်ခေါ်နေသလိုပဲ ၊ တော်ကြာ... ရန်သူတွေပူးပေါင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်နေမှ...”

ရန်ကျောက်ကဲက...

“စိတ်မပူနဲ့... သူတို့ကိုဝါဒတောင်ကို အတူတူပြန်ပို့လိုက်တယ်ဆိုပေမယ့် အဖေက ဝါဒတောင်ရဲ့ ခံစစ်အစီအရင်ကို ပြောင်းလဲထားတယ် ၊ အဲဒီအစီအရင်စွမ်းအားကို အသုံးပြုပြီး ငါတို့က သီးခြားနယ်မြေတစ်ခု တည်ဆောက်ထားတယ် ၊ အဖေနဲ့ မိစ္ဆာသူ‌တော်စင်က အဲဒီနယ်မြေထဲကို ရောက်သွားမှာ”

သူက ဆက်ပြောသည်။

“အဲဒီနေရာမှာ အဖေက ခံစစ်အစီအရင်စွမ်းအားကို အသုံးပြုနိုင်တယ် ၊ ဒါကြောင့် တိုက်ခိုက်တဲ့အခါ ယွမ်ထျန်းကို အသာစီးရနိုင်တယ် ၊ ပြီးတော့ အဲဒီနယ်မြေက ဝါဒတောင်နဲ့နီးကပ်တဲ့အတွက် ဂိုဏ်းကိုလည်း အနီးကပ်စောင့်ကြည့်နိုင်တယ်”

“ဂိုဏ်းက တခြားအကြီးအကဲတွေက အဖေ့ကို တိုက်ရိုက်မကူညီနိုင်ပေမယ့် ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ ခံစစ်အစီအရင်ရှိနေသရွေ့ အဖေက ယွမ်ထျန်းကို အနိုင်ယူနိုင်မှာပဲ ၊ မိစ္ဆာသူတော်စင်အနေနဲ့ အသက်ရှင်လျှက် ထွက်သွားနိုင်မှာ မဟုတ်ဘူး ၊ တခြားရန်သူတွေနဲ့ယှဉ်ရင် ယွမ်ထျန်းက အမြဲတမ်းခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့တယ် ၊ သူမရှိမှ ငါတို့လည်း ခေါင်းကိုက်စရာမလိုဘဲ အနာဂတ်မှာ အများကြီးပြေလည်သွားနိုင်တယ်”

သိုင်းသူတော်စင်တစ်ယောက် လျှောက်သောင်းကြမ်းနေမည်ဆိုပါက သူနှင့်စွမ်းအားတူညီသူတစ်ယောက်ကသာ မတားဆီးနိုင်လျှင် မရပ်တန့်နိုင်သော အဖျက်စွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။

အားဟူနှင့် အခြားသူများက ဘိုးဘေးဝတ်ကျောင်းတော်အလယ်ဗဟိုတွင်ရှိနေသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို လှမ်းကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပွတ်လိုက်သည်။ အမှန်တော့ ဤအစီအစဉ်ကို သူနှင့်ရန်တိသာလျှင် သိခဲ့ကြသည်။

ရန်တိက ခံစစ်အစီအရင်ကိုပြောင်းလဲလိုက်ပြီး ဝါဒတောင်၏တောင်ဘက်ခြမ်းတွင် ယာယီသီးခြားနယ်မြေတစ်ခုဖန်တီးထားကြောင်း ထိပ်တန်းအကြီးအကဲအချို့က ရိပ်မိကြသည်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်လာခဲ့လျှင် ဂိုဏ်းကိုပျက်ဆီးခြင်းမှကာကွယ်ရန် တိုက်ပွဲနယ်မြေတစ်ခု ဖန်တီးထားခြင်း ဖြစ်သည်။

သို့သော် ဤသီးခြားနယ်မြေသည် ယွမ်ထျန်းနှင့် ဟွမ်ကွမ်လီတို့ကို ထောင်ဖမ်းရန်အတွက် ရန်တိနှင့် ရန်ကျောက်ကဲ စီစဉ်ထားခြင်းဖြစ်ကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။

စွမ်းအားမြင့်မားသည့်သိုင်းသူတော်စင်တစ်ယောက်ကို သီးခြားနယ်မြေထဲသို့ ပို့ဆောင်ရန်မှာ အလွန်တရာခက်ခဲသော လုပ်ရပ်ဖြစ်သည်။

နှစ်ဦးနှစ်ဖက် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အေးအေးဆေးဆေး ရှိနေသည့် အခြေအနေတွင်ပင် အလွန်ခက်ခဲသည့်ကိစ္စဖြစ်သည်။ ယခု မိစ္ဆာသူတော်စင်ကို သီးခြားနယ်မြေထဲထည့်သွင်းရာတွင် အောင်မြင်ရန်အတွက် ကြိုးစားအားထုတ်မှုများစွာ ဖြည့်ဆည်းပေးဆပ်ခဲ့ရသည်။ သို့သော် နောက်တစ်ကြိမ် ထိုသို့ထပ်မံပြုလုပ်ချင်ပါက ဤပုံစံအတိုင်းလက်တွေ့ကျကျ ပုံတူကူးယူရန် မဖြစ်နိုင်တော့ပေ။

ယခုတစ်ကြိမ်ပြုလုပ်ထားသည့် အစီအစဉ်နှင့် ပြင်ဆင်မှုများအားလုံးကို ရန်တိနှင့် ရန်ကျောက်ကဲတို့သားအဖ (၂)ယောက်သာ သိရှိကြသည်။

ဖခင်ဖြစ်သူသာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုဖြစ်နေမည်ဆိုပါက ကံဆိုးကံကောင်း သူပါရောပြီး ခံရမည့်ကိန်းပင်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို လက်တစ်ဖက်ဖြင့်ထိန်းထားရင်း လက်ရှိအခြေအနေများကို ရန်ကျောက်ကဲ တွေးတောစဉ်းစားနေသည်။

ထိုစဉ် ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်တော့ ရန်ဝမ်ကျန်းကိုတွေ့ရသည်။

ရန်ကျောက်ကဲက...

“တတိယအဘိုး... အိမ်တော်ရဲ့ပင်မအစီအရင်ကတော့ လုံးဝပျက်ဆီးလုနီးပါးဖြစ်သွားပြီး ၊ အဲဒါကိုပြုပြင်ဖို့ တတိယအဘိုးကိုပဲ ဒုက္ခပေးရတော့မယ်”

ရန်ဝမ်ကျန်းက ရန်ကျောက်ကဲကိုကြည့်ရင်း...

“အဲဒါက ပြဿနာမရှိပါဘူး ၊ ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ကိစ္စပဲလေ ၊ ဝါဒတောင်တစ်ခုခုဖြစ်မသွားရင် အဆင်ပြေပါပြီ ၊ ဝါဒတောင်တစ်ခုခုဖြစ်သွားလို့ကတော့ ငါတို့ ‘ရန်’ အိမ်တော်လည်း သေချာပေါက်ထိခိုက်မှာပဲ”

ရန်ကျောက်ကဲက...

“အစီအရင်ပြန်တည်ဆောက်ဖို့ အိမ်တော်ရဲ့ဂိုထောင်မှာ ပစ္စည်းတွေအလုံလောက်ရှိတယ်မဟုတ်လား ၊ မရှိတော့ရင်လည်း တခြားပစ္စည်းတွေနဲ့ ကျွန်တော်တို့အစားထိုးပြုလုပ်ကြတာပေါ့ ၊ ကျွန်တော် ကူညီပေးမယ်လေ ၊ ပြဿနာတွေပြီးသွားတဲ့အခါတော့ အစီအရင်ကိုပြန်လည်ပြုလုပ်ဖို့ အိမ်တော်အကြီးအကဲ တစ်ခေါက်လာမယ်ထင်တာပဲ”

ကြားရသည့်သတင်းများသာမက လုပ်ရပ်များကိုပါ မျက်မြင်ကိုယ်တွေ့ကြုံဆုံရပြီဖြစ်ရာ ရန်ကျောက်ကဲသည် သူနှင့်ကျင့်ကြံခြင်းအဆင့်တူညီသူတိုင်းထက်သာလွန်သူဖြစ်ပြီး အောင်မြင်မှုများနှင့်ထိုက်တန်ကြောင်း ရန်ဝမ်ကျန်းနှင့် အခြားသူများ ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် ရန်ဝမ်ကျန်းက ရန်ကျောက်ကဲ အစီအရင်ပြုပြင်ရာတွင် လိုအပ်သမျှကူညီရန် လူတိုင်းကို အမိန့်ပေးလိုက်သည်။

ရန်ကျောက်ကဲ ပြုပြင်ပေးသည်အစီအရင်က ယခင်ကထက်အားနည်းသော်လည်း စွမ်းအားများပြန်လည်လှည့်ပတ်နိုင်ကာ ကာကွယ်မှုပြုလုပ်နိုင်စွမ်းရှိသည်။

အစီအရင်ကို ပြုပြင်ပြီးသည်နှင့် ရန်ကျောက်ကဲက ရန်ဝမ်ကျန်းကို နှုတ်ဆက်စကားဆိုသည်။

“ကျွန်တော် လျန်ဟူစီရင်စုကို အမြန်သွားရမယ် ၊ တတိယအဘိုး အစစအရာရာ ဂရုစိုက်ပါ”

ရန်ဝမ်ကျန်းနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် အားဟူတို့ ‘ရန်’ အိမ်တော်မှ ထွက်ခွာလာကြသည်။ ဝါဒတောင်သို့ မပြန်သေးဘဲ လျန်ဟူစီရင်စုသို့ အမြန်သွားကြရပေမည်။

အားဟူက...

“သခင်လေး ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက လျန်ဟူစီရင်စုမှာ ငရဲကိုးထပ်နဲ့ချိတ်ဆက်နေတာ တောင်ပေါ်က အကြီးအကဲတစ်ယောက်တော့ အလျှင်အမြန်ရောက်လာပြီး ကူညီရမှာမဟုတ်ဘူးလား”

ရန်ကျောက်ကဲက ပန်ပန်၏ကျောပေါ်တက်ထိုင်ရင်း အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။

“အကြီးအကဲ’ဟယ်’ နဲ့ အကြီးအကဲ’ကျန်း’က တောင်ပေါ်မှာရှိနေမှဖြစ်မှာ ၊ တစ်ယောက်က ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံတာကို စောင့်ရှောက်ရမယ် ၊ နောက်တစ်ယောက်က တောင်ပေါ်ကကိစ္စတွေကို စီစဉ်အုပ်ချုပ်ရမယ် ၊ ကောင်းကင်ချုပ်လှောင်ချောက်နက်ကို တာဝန်ယူထားတဲ့ ပထမအဆင့်အကြီးအကဲက ဒီလိုအချိန်မှာ ပိုပြီးသတိထားရမယ် ၊ သူ့အနေနဲ့ ဂိုဏ်းကတစ်ဖဝါးမှခွာလို့မရဘူး”

သူက ဆက်ပြောသည်။

“အဖေက မိစ္ဆာသူတော်စင်နဲ့ တခြားရန်သူတွေကို ရင်ဆိုင်လိမ့်မယ် ၊ ဒါကြောင့် လျန်ဟူစီရင်စုက အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အကြီးအကဲတစ်ယောက်လာမယ်ဆိုရင် ပထမဆရာဦးလေး ၊ ဒါမှမဟုတ် ဒုတိယဆရာဦးလေးပဲ ဖြစ်လိမ့်မယ် ၊ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ဆိုတာက တောင်ပေါ်မှာ နည်းနည်းပဲ ရှိတာလေ ၊ သူတို့ နှစ်ယောက်လာဖို့မဖြစ်နိုင်ရင် ဆရာဒေါ်လေး’ဖူ’ လာလိမ့်မယ်”

အားဟူက ခဏမျှ ငြိမ်သက်နေပြီးနောက် ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...

“သခင်လေး... သခင်လေး တစ်ယောက်ယောက်ကိုများမေ့နေသလား ၊ သိုင်းကျမ်းစာကြည့်တိုက်က ရှင်းတုန်းဖင်းလေ ၊ သူက အကြီးအကဲ’ဟယ်’တို့ အကြီးအကဲ’ကျန်း’ တို့ထက် ပိုပြီစွမ်းအားမြင့်မားတယ်မဟုတ်ဘူးလား ၊ သူက ဂိုဏ်းချုပ်နဲ့ယှဉ်ရင်တောင် သိပ်မကွာဘူးလေ”

သူက ဆက်ပြောသည်။

“အိမ်တော်သခင်နဲ့ အကြီးအကဲ’ရှင်း’ ဆိုရင် ဘယ်သူက ပိုသာသလဲ ပြောဖို့ခက်ပေမယ့် သူက ဝါဒတောင်က ထိပ်တန်းကျင့်ကြံသူ (၃)ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပဲ မဟုတ်လား”

ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ခေါင်းတစ်ချက်မော့ကာ ကြည့်လိုက်သည်။

“အခြေအနေတွေကို သုံးသပ်ကြည့်ရင်... အကြီးအကဲတွေထဲမှာ ‌ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျှိုတစ်ယောက် ကျန်နေသေးတယ်ဆိုတာ သေချာပေါက် ခန့်မှန်းနိုင်တယ်လေ”

သူက အားဟူကိုလှည့်ကြည့်ရင်း...

“အားဟူ... မင်းခန့်မှန်းကြည့်စမ်း... ဘယ်သူက သစ္စာဖောက်ဖြစ်နိုင်ခြေအရှိဆုံးလဲ”

အားဟူက ခဏမျှစဉ်းစားရင်း...

“အင်း... ခန့်မှန်းရမယ်ဆိုရင်တော့... ၊ အကြီးအကဲ’ရှင်း’ နဲ့ အကြီးအကဲ’ဖန်ကျွင်း’ တို့နှစ်ယောက်က အတူတူပဲလို့ ပြောလို့ရတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ သူတို့ (၂)ယောက်လုံးမှာ တစ်ယောက်က ဆရာဘိုးဘိုးကို ရှုံးနိမ့်ပြီး ဂိုဏ်းချုပ်ရာထူးနဲ့လွဲခဲ့တယ် ၊ နောက်တစ်ယောက်ကလည်း ငါ့အဖေကိုရှုံးနိမ့်ပြီး ဂိုဏ်းချုပ်ရာထူးနဲ့လွဲခဲ့ရပြန်တယ် ၊ အကြီးအကဲ’ရှင်း’ ဆိုရင် သူ့ရဲ့အရှုံးတရားကြောင့် စိတ်ထဲမှာအတားအဆီးဖြစ်ပေါ်သွားပြီး အခုချိန်ထိ သိုင်းသူတော်စင်အဆင့်ကို မတက်ရောက်နိုင်ခဲ့ဘူး”

သူကဆက်ပြောသည်။

“ပြီးတော့ ပုန်းနေတဲ့နဂါးလို့ ဟိုးအရင်ကတည်းက ကျော်ကြားတဲ့ အကြီးအကဲ’ဖန်ကျွင်း’ကလည်း သူ့ရဲ့အရှုံးတရားကြောင့် အခုဆိုရင် တစ်သက်လုံး ပုန်းအောင်းနေရတော့မယ် ၊ ကောင်းကင်ထက်ကို ပျံသန်းနိုင်မှာ မဟုတ်တော့ဘူး”

ရန်ကျောက်ကဲက အဝေးဆီသို့ စူးစိုက်ကြည့်နေရင်း...

“လူ့စိတ်ဆိုတာက နားလည်ရခက်လွန်းတယ် ၊ သူတို့ဘာတွေတွေးနေမလဲဆိုတာ ငါတို့မသိနိုင်ပေမယ့် သေချာတာတစ်ခုကတော့ သူတို့ စိတ်ထဲပျော်ရွှင်နေကြမှာ မဟုတ်ဘူး”

အားဟူက ပြုံးလိုက်ရင်း...

“သခင်လေး... သခင်လေးက အကြီးအကဲ’ဖန်ကျွင်း’ ထက် အကြီးအကဲ’ရှင်း’ကို ပိုပြီးတော့ သံသယထားတာလား”

ရန်ကျောက်ကဲက...

“ဒုတိယဆရာဦလေးက အဖေနဲ့ပြိုင်ဘက်ဆိုပေမယ့် ငါနဲ့က ရင်းနှီးတယ်လေ ၊ ဒီတော့ သစ္စာဖောက်က သူမဟုတ်ပါစေနဲ့လို့ ငါမျှော်လင့်မိတာပါ ၊ ပြီးတော့... ဒုတိယဆရာဦးလေးသာ သစ္စာဖောက်ဖြစ်နေခဲ့ရင် ငါတို့ဂိုဏ်းရဲ့ပျက်ဆီးဆုံးရှုံးမှု ပိုပြီးများပြားလိမ့်မယ်”

သူက ဆက်ပြောသည်။

“အကြီးအကဲ’ရှင်း’ကတော့ လောကီရေးရာတွေနဲ့ ဝေးအောင်နေတဲ့သူဖြစ်သလို ဝါဒတောင်အပေါ်မှာလည်း သူ့ရဲ့သြဇာအာဏာက သိပ်မထင်ရှားဘူး ၊ တကယ်တော့... သူ သိုင်းသူတော်စင်အဆင့်တက်ခဲ့ရင်တောင် ဂိုဏ်းချုပ်ဆရာဘိုးဘိုးအနနဲ့ အရှက်ကွဲစရာကိစ္စတစ်ခု ဖြစ်လာခဲ့မှာ”

အားဟူက...

“အကြီးအကဲ’ရှင်း’ ရဲ့ မာနတရားက မိစ္ဆာစိတ်အဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ သခင်လေးတွေးတာလား ၊ ဒါပေမဲ့ အိမ်တော်အကြီးအကဲက ဂိုဏ်းချုပ်ရာထူးရသွားတယ်ဆိုတော့ အကြီးအကဲ’ဖန်ကျွင်း’ အနေနဲ့ အာဏာရဖို့အခွင့်အရေး နည်းသွားပြီလေ ၊ အဲဒီအကြောင်းပြချက်ကိုတွေးမယ်ဆိုရင် အကြီးအကဲ’ဖန်ကျွင်း’လည်း သံသယဝင်စရာကောင်းတာပါပဲ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ ဒါလည်း ဖြစ်နိုင်ခြေရှိတယ်”

အားဟူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

“သခင်လေး... အကြီးအကဲ’ရှင်း’ရော အကြီးအကဲ’ဖန်ကျွင်း’ ရော သစ္စာဖောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

ရန်ကျောက်ကဲ မျက်လုံးများကို အသာမှေးမှိတ်လိုက်ရင်း...

“အဲဒီလိုဆိုရင်တော့ ငါတို့ဝါဒတောင် ကပ်ဘေးဆိုက်ပြီပဲ...”

***

All Chapters