← Chapters

#‌ဗဟိုချက်ပစ္စည်း၊ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်#

Vol. 68 Ch. 965

#‌ဗဟိုချက်ပစ္စည်း၊ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်#

Vol. 68 Ch. 965

အကြီးအကဲကျုံ့၏ ဝိဉာဉ်တုံကင်က ပြိုကွဲသွားခဲ့သည်။ 

နတ်ဆိုးနက်ချီအပိုင်းအခြားအပြင်ဘက်က ကျုံ့ချန်ကောင်း၊ လန်ဟိုင်နှင့် ကျန်သောသူများ ထိတ်လန့်နေသည့် အမူအရာများကို ထုတ်ဖော်ပြသသည်။ 

သူတို့၏မျက်လုံးများက နတ်ဆိုးနက်ချီအား အမှောင်ထုကို အစွမ်းကုန်ချိုးဖျက်ပြီး အထဲကမြင်ကွင်းကို မြင်ချင်နေသည့်အလား စိုက်ကြည့်ရင်း သူတို့၏ မျက်သူငယ်အိမ်များက ကျုံ့ကာ တုန်ယင်နေကြ၏။ 

သူတို့ဒီသတင်းကို ကြားသောအခါ သူတို့နှလုံးသားထဲက တစ်ခုတည်းသောအတွေးက မယုံနိုင်မှုပင်။ 

မည်သို့ပင်ဆိုစေကာမူ အကြီးအကဲကျုံ့က နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။ 

ယဲ့ချိုးပိုင်တို့ကရော!

သူတို့ထဲတွင် နတ်ဗိုလ်ချုပ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးပင် မရှိပါ။ သူတို့အကြား၌ အဓိကနယ်ပယ်ကြီးနှစ်ခု ခြားနားနေသည်။ ခြားနားချက်က မိုးနှင့်မြေပမာဟု ဆိုနိုင်သည်။ 

သူတို့ဘယ်လိုလုပ် အကြီးအကဲကျုံ့ကို သတ်နိုင်ရလေသနည်း။ 

တစ်ယောက်မျက်မှောင်ကြုတ်သည်။ 

"နတ်ဆိုးနက်ချီထဲမှာ ပုံမှန်မဟုတ်တာ တစ်ခုခုများရှိနေလို့လား"

"ဒါပေမယ့် နတ်ဆိုးနက်ချီထဲမှာ တကယ်ပဲ မူမမှန်တာတခုခုရှိနေမယ်ဆိုရင် အဲဒီဂျူနီယာလေးယောက်ကရော၊ သူတို့လည်း အထဲမှာ သေသွားသင့်တယ်လေ"

ဒီအခိုက်အတန့်၌ ကျုံ့ချန်ကောင်း အလွန်အမင်း ကြည့်ရဆိုးနေသည့် အမူအရာဖြင့်ပြောသည်။ 

"သူတို့လေးယောက်မသေခဲ့ဘူး၊ ဝိဉာဉ်တုံကင်ပြိုကွဲသွားပြီးနောက်မှာ အထဲကအော်ရာက သူတို့ထဲကတစ်ယောက်ပဲ"

ဝိဉာဉ်တုံကင်တွင် အသုံး၀င်မှုများစွာရှိသည်။ 

မည်သည့်အတွက်ကြောင့် ဂိုဏ်းတိုင်းတွင် ဝိဉာဉ်တုံကင်များ ရှိရလေသနည်း။ 

တစ်ခုက ဝိဉာဉ်တုံကင်ပြိုကွဲသွားသောအခါ အထဲတွင် လူသတ်သမား၏ အော်ရာအမျှင်စလေးကို ထိန်းထားနိုင်သောကြောင့်ပင်။ 

တစ်ချိန်တည်းမှာပင် ဝိဉာဉ်က လုံး၀ဖျက်ဆီးမခံရပါက ဝိဉာဉ်တုံကင်ထဲကို ပြန်လာနိုင်ပြီး ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ရန်အတွက် ငွေအများအပြား သုံးနိုင်ပြီး ပြန်လည်မွေးဖွားလာနိုင်သေးသည်။ 

ဖန်ချန်း အကြီးအကဲကျုံ့ကို သတ်လိုက်သည့် အခိုက်အတန့်၌ သူ့အော်ရာကို ပြိုကွဲသွားသည့် ဝိဉာဉ်တုံကင်က လက်ခံရရှိပြီးဖြစ်သည်။ 

လူတိုင်း ကျုံ့ချန်ကောင်း၏ စကားလုံးများကို ကြားသောအခါ အားလုံးထိတ်လန့်တုန်လှုပ်သွားကြ၏။ 

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"နတ်စစ်သည်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ပစ်ခဲ့တာလား"

"ဒါ့အပြင် အကြီးအကဲကျုံ့က သွေးကန့်သတ်လျှို့ဝှက်ကျင့်စဉ်ကိုလည်း သိတယ်၊ သေခြင်းရှင်ခြင်းအခိုက်အတန့်မှာ သူက သွေးကန့်သတ်လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းပြီးနဲ့နောက်မှာတောင် တစ်ဘက်လူရဲ့ ပြိုင်ဘက်မဟုတ်ခဲ့တာလား"

ကျုံ့ချန်ကောင်းအံကြိတ်သည်။ 

"ကျွန်တော် သွားပြီးတစ်ချက်ကြည့်လိုက်မယ်"

ထို့နောက် သူနတ်ဆိုးနက်ချီအပိုင်းအခြားထဲသို့ ပြေး၀င်ချင်သွားနေသည်။ 

သို့စေကာမူ နတ်ခန္ဓာဂိုဏ်းမှ တခြားအကြီးအကဲများက သူ့ကို တားဆီးလိုက်ကြ၏။ 

"အကြီးအကဲကျုံ့က သေသွားပြီ၊ မင်း၀င်သွားမယ်ဆိုရင် သေခြင်းတရားကို စောင့်ဆိုင်းနေတာနဲ့ မတူသွားဘူးလား၊ ဒါ့အပြင် နတ်ဆိုးနက်ချီထဲမှာ မင်းဘယ်လောက်ကြာကြာ နေနိုင်မှာမို့လဲ"

"ငါတို့ အခုတစ်ဘက်က ထွက်လာတာကို စောင့်နိုင်ရုံပဲ တတ်နိုင်တယ်၊ အကြီးအကဲကျုံ့နဲ့ တိုက်ခိုက်ပြီးနောက်မှာ သူတို့သေချာပေါက် ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရလိမ့်မယ်၊ ဒီတော့ နတ်ဆိုးနက်ချီထဲမှာ သူတို့ကြာကြာနေနိုင်မှာမဟုတ်ဘူး"

ကျုံ့ချန်ကောင်း၏ မျက်နှာက နီရဲနေပြီး အံကြိတ်ထားသည်။ 

"ကျွန်တော့်အဖေက အဲမှာသေသွားရတယ်လေ၊ ကျွန်တော်ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ ထိုင်နေနိုင်မှာလဲ"

လန်ဟိုင်နှင့် ကျုံ့ချန်ကောင်းတို့က ကျမ်းကျိန်ထားသည့် ရန်သူများပမာ ဖြစ်သော်လည်း ဒီအခြေအနေတွင် သူကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ 

"သေတဲ့လူကို ပြန်ရှင်အောင်လုပ်လို့ မရတော့ဘူး၊ အကြီးအကဲကျုံ့လိုမျိုး အစွမ်းထက်ကျင့်ကြံသူတစ်ယောက်တောင် သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ အဲတော့ မင်း၀င်သွားတော့ရော ဘာဖြစ်မှာမို့လဲ"

"ငါတို့ခွန်အားကို ခိုင်မာအောင်လုပ်ပြီး သူတို့ကို ဒီနေရာမှာ ၀န်းရံဖို့အတွက် တန်ပြန်ဆောင်ရွက်မှုတစ်ခုကို တွေးတာက အခု ငါတို့လုပ်သင့်တဲ့အရာပဲ"

အနီးအနားကလူများ ခေါင်းညိတ်ကြသည်။ 

ကျုံ့ချန်ကောင်းကလည်း အနည်းငယ် တည်ငြိမ်သွား၏။ 

သို့စေကာမူ လူများကို ဝါးမြိုပစ်ချင်နေပုံရသည့် သူ့မျက်လုံးများက နတ်ဆိုးနက်ချီကို စူးစိုက်စွာကြည့်နေသည်။ 

ဒီတဒင်္ဂမှာပင် နတ်ခန္ဓာဂိုဏ်းက အကူအညီများကလည်း ဒီနေရာသို့ ချဉ်းကပ်လာနေသည်။ 

.....

နတ်ဆိုးနက်ချီအပြင်ဘက်တွင် အဖိုးအိုတစ်ဦး ဒီမြင်ကွင်းကိုမြင်ခဲ့သည်။ 

"ငါတကယ်မျှော်လင့်မထားခဲ့မိဘူး...၊ အဲဒီလူရဲ့တပည့်ဆိုတဲ့အတိုင်းပါပဲ"

ဒီအဖိုးအိုက ဟောင်တျန်းနတ်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ နတ်ဆိုးနက်ချီထဲသို့ ၀င်သွားတာကို မြင်သည်နှင့်တစ်ပြိုင်နက် မဟာအကြီးအကဲ အထိတ်တလန့် ချက်ချင်းပြေးသွားခဲ့သည်။ 

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသတွင် ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို သူကြားခဲ့သည် မဟုတ်ပေလော။ 

နတ်ဆိုးနက်ချီ၏ ကြောက်စရာကောင်းမှုကို သူလည်းနားလည်သည်။ 

ထို့ကြောင့်လည်း သူအနီးကပ်လိုက်ပါခဲ့ခြင်းပင်။ အကယ်၍ ယဲ့ချိုးပိုင်တို့သာ တစ်ခုခုဖြစ်ပျက်သွားပါက သူတို့ကို သူချက်ချင်း ကယ်တင်ရပေမည်။ 

သို့စေကာမူ ဒါကိုတော့ မဟာအကြီးအကဲ မျှော်လင့်မထားခဲ့ပါ။ 

ဖန်ချန်း နတ်ဆိုးနက်ချီ၏ သက်ရောက်ခြင်းကို မခံရသည်သာမက နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးကို သူတစ်ယောက်တည်း သတ်ပစ်ခဲ့သည်။ 

ဒါကိုတွေးမိသောအခါ မဟာအကြီးအကဲ သက်ပြင်းချလိုက်မိသည်။ 

နတ်သခင်ဟောင်တျန်းကိုပင် လမ်းညွှန်ပေးနိုင်သည့် လူတစ်ယောက်၏ တပည့်က ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မည်နည်း။ 

သူခေါင်းခါယမ်းကာ ရယ်လိုက်မိသည်။ 

.....

တခြားတစ်ဘက်တွင် မိုလီနှင့် မိုကောတို့က လက်ထဲတွင် ရွှေနက်သစ်သားသေတ္တာကို သယ်ဆောင်ကာ နတ်ဆိုးနက်ချီထဲသို့ လျှောက်လာကြသည်။ 

သစ်သားသေတ္တာက ထုတ်လွှတ်သည့်အော်ရာက အတော်လေးကြောက်စရာကောင်းသည်။ ပတ်ပတ်လည်က နတ်ဆိုးနက်ချီများက မချဉ်းကပ်နိုင်ပေ။ 

ဒီတဒင်္ဂတွင် နှစ်ယောက်စလုံး ဗဟိုချက်ကို ရောက်လာကြသည်။ 

ဒီနေရာ၌ အနက်ရောင်ချပ်၀တ်တစ်ခုက မြေကြီးထဲတွင် နက်ရှိုင်းစွာ မြှုပ်၀င်နေပြီး ပတ်၀န်းကျင်ကမြေကြီးက မရေမတွက်နိုင်လောက်သည့် အက်ကြောင်းများနှင့် ပြည့်နှက်နေကာ နတ်ဆိုးနက်ချီက ဒီအက်ကြောင်းများကနေ ထွက်လာနေသည်။ 

ချပ်၀တ်ကို မြင်သောအခါ မိုကောရော မိုလီပါ ထိတ်လန့်သွားကြပြီးနောက် ပီတိဖြာသွားသည့် အမူအရာများကို ပြသလိုက်ကြ၏။ 

"နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၊ ဒါက ဒီနေရာကို ရောက်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့မိဘူး"

နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က အရင်က ရှောင်ဟိုင်၀တ်ဆင်ခဲ့သည့် ချပ်၀တ်ဖြစ်သည်။ 

ရှောင်ဟိုင်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်တွင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်နှင့်ပတ်သက်၍ ဘာသတင်းအချက်အလက်မှ မရှိတော့ပါ။ 

မိုလီကလည်းစိတ်လှုပ်ရှားနေသည်။ 

"ငါတို့သာ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို ရနိုင်မယ်ဆိုရင် အစ်ကိုကြီးရဲ့ ခွန်အားက ထပ်ပြီးတိုးတက်သွားလိမ့်မယ်၊ တချိန်တည်းမှာပဲ ဒါက နတ်ဆိုးသခင်ရာထူးကိုလည်း ခိုင်မာစေလိမ့်မယ်"

နတ်ဆိုးဘုရင်ပိုင်နက်တွင် ဆိုရိုးစကားတစ်ခု အမြဲရှိခဲ့သည်။ 

အကယ်၍ နတ်ဆိုးသခင်ဖြစ်လိုပါက ခွန်အားအရာ၌ အဆင့်တူကို ရောက်ရမည်သာမက နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်၏ အသိအမှတ်ပြုမှုကိုပါ ရယူရန် လိုအပ်သည်။ 

မိုဂျီ ဒီပစ္စည်းကို ဒီနှစ်များအတွင်း အရူးအမူး ရှာဖွေနေခဲ့ခြင်းပင်။ မျှော်လင့်မထားစွာပင် ဒီပစ္စည်းက ဒီနေရာတွင် အဆုံးသတ်သွားရသည်။ 

မိုကော မိုလီကိုကြည့်ပြီး မေးသည်။ 

"ငါတို့အစ်ကိုကြီးကို ဒီအကြောင်းပြောသင့်လား"

မိုလီခေါင်းခါယမ်းသည်။ 

"ငါတို့ဒီနေရာမှာ အသံပို့လို့မရဘူး၊ ငါတို့ဒါကို ယူနိုင်မလားဆိုတာ ကြိုးစားကြည့်ကြတာပေါ့"

မိုကောခေါင်းညိတ်ကာ လက်ထဲတွင် ရွှေနက်သစ်သားသေတ္တာကို ကိုင်ရင်း ရှေ့သို့ လျှောက်သွားသည်။ 

သို့စေကာမူ သူမြေကြီးထဲက အက်ကြောင်းတစ်ခြကို တက်နင်းလိုက်စဉ် ရုတ်တရက် နတ်ဆိုးနက်ချီက အရူးအမူးထိုးထွက်လာသည်။ 

ဒါက မြေအောက်ကရေတွင်းတစ်ခုပမာ မီးတောက်ပေါက်ကွဲသွားသည့်အလား ထိုးထွက်လာခြင်းပင်။ 

အပြင်ပကမ္ဘာတွင် ကောင်းကင်ထဲမှ နတ်ဆိုးချီက ရုတ်တရက်ပေါက်ကွဲသွား၏။ 

မရေမတွက်နိုင်လောက်သောလူများက ကောင်းကင်အား ထိတ်လန့်နေသည့် အမူအရာများဖြင့် မော့ကြည့်လိုက်ကြသည်။ 

ဒီအချိန်မှာပင် သားရဲအုပ်ကလည်း ပတ်၀န်းကျင်က မြို့များဆီသို့ အရူးအမူးပြေး၀င်သွားကြ၏။ 

အဆုံးမဲ့နတ်ဆိုးနက်ချီက ချက်ချင်းဆိုသလို မိုကောကို လွှမ်းခြုံပစ်သည်။ 

ဒါကိုမြင်သောအခါ မိုလီ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ 

"မြန်မြန်တုံကင်ကို ထုတ်လိုက်"

နတ်ဆိုးနက်ချီထဲတွင်ရှိနေသည့် မိုကောတွင် နာကျင်နေသည့် အမူအရာတစ်ခုရှိနေပြီး နာကျင်စွာအော်ဟစ်နေသည်။ သူ့ကိုယ်ခန္ဓာမျက်နှာပြင်၌ အနက်ရောင်မျဉ်းများက သူ့မျက်ခုံးကြားဆီသို့ပင် လိမ့်တက်လာသည်။ 

မိုလီ၏ သတိပေးချက်ကို ကြားပြီးနောက် သူတုန်ယင်နေသည့် လက်အစုံဖြင့် ရွှေနက်သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာကြီးထဲတွင် အနက်ရောင်တုံကင်လေးတစ်ခုရှိသည်။ 

တုံကင်ပေါ်၌ မည်သည့်စကားလုံးမှ ထွင်းထုထားခြင်းမရှိဘဲ သာမန်ပုံပေါ်သည်။ 

သို့စေကာမူ မိုကော တုံကင်ကို လက်ထဲတွင် ကိုင်လိုက်သောအခါ သူ့ကိုယ်ပေါ်က အနက်ရောင်မျဉ်းများက တုံ့ဆိုင်းနေသည့်အလား တွားတွားနေတာ ရပ်သွားသည်။ 

မိုကော ဒီဟာကွက်ကို အသုံးချပြီး ခွန်အားအပြည့်ကို ထုတ်သုံးရင်း နတ်ဆိုးနက်ချီ၏ ဝိုင်းရံမှုကနေ လွတ်မြောက်လာခဲ့သည်။ 

လွတ်မြောက်လာပြီးနောက် မိုကော လက်နှစ်ဖက်ကို မြေပေါ်ထောက်လျက် ဒူးထောက်နေသည်။ သူ့ကိုယ်ခန္ဓာက ချွေးများနှင့် ဖုံးနေပြီး သွေးကြောများကမူ ဖောင်းနေသည်။ 

သူ့မျက်လုံးများက ကြောက်စိတ်ဖြင့် ပြည့်နှက်နေသည်။ 

မိုလီလေးနက်စွာမေးသည်။ 

"ဘယ်လိုလဲ"

မိုကော လေးလံစွာအသက်ရှုရင်း ကြောက်စိတ်ဖြင့်ပြောသည်။ 

"အဲဒီမှာ အော်ရာဖိနှိပ်မှုတင်မဟုတ်ဘဲ သွေးကြောဖိနှိပ်မှုပါရှိနေတယ်၊ ဒီထဲကို ခြေချလိုက်တာနဲ့ ကိုယ်ခန္ဓာက ပေါက်ကွဲတော့မတတ်ပဲ"

"ငါတို့ခွန်အားနဲ့ဆိုရင် သာမန်နည်းလမ်းတွေနဲ့ နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို ယူနိုင်မှာမဟုတ်ဘူး"

အပိုင်း(966) coming။ 

All Chapters